Wednesday, October 17, 2012

ဖတ်မိသမျှ သတင်းများ၊ တွေးမိသမျှ အတွေးများ၊ ရေးမိသမျှ အရေးများ


(က)

သတင်းစာမျက်နှာတွေမှာ ဒီနေ့ဖတ်ရသမျှ သတင်းတွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးကတော့ မြန်မာနိုင်ငံမှာ အိုအိုင်စီ (OIC) ရုံး ဖွင့်လှစ်ခွင့်မပြုကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ သတင်းဌာနအားလုံးနီးပါးလောက်က အဲဒီသတင်းကို ဖော်ပြကြတာဟာ သာမန်သတင်းတစ်ခုအနေနဲ့ သက်သက်လား၊ အားစမ်းမှုတစ်ခုလားဆိုတာ စိတ်ဝင်စားစရာပါ။ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ အင်တာနက်ဇာတ်လမ်းတိုကြောင့် ကမ္ဘာတစ်ဝန်းလုံးက မွတ်စလင်နိုင်ငံတွေမှာ အမေရိကန်ဆန့်ကျင်ရေး၊ ခရစ်ယာန်ဆန့်ကျင်ရေးတွေ ဖြစ်ပွားခဲ့ရတာ အားလုံးအသိပါ။ အခုလည်း မြန်မာနိုင်ငံမှာ OIC ရုံး ဖွင့်ခွင့်မရတာကို အကြောင်းပြပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ဗုဒ္ဓဘာသာဆန့်ကျင်ရေး၊ မြန်မာဆန့်ကျင်ရေးတွေ လုပ်လာဦးမလားလို့ စဉ်းစားမိတယ်။ အင်း.... ကျွန်တော်တို့နိုင်ငံကလည်း ထင်ပေါ်သည်ထက် ထင်ပေါ်ဦးမယ် ထင်ပါရဲ့။

( ခ )
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီညီလာခံမှာ လက်ရှိသမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့တဲ့သတင်းကို အင်တာနက်သတင်းတွေမှာ ဖော်ပြထားတာဖတ်ရတော့ ၀မ်းသာရပြန်တယ်။ ကိုယ့်နိုင်ငံက ခေါင်းဆောင်တစ်ဦးရဲ့ သတင်းကို ကမ္ဘာက အရေးတယူ ဖော်ပြတာကို ဖတ်ရတော့ နိုင်ငံသားတစ်ဦးအနေနဲ့ ဂုဏ်ယူမိတာ အမှန်ပါပဲ။ ကြိုက်တဲ့နာမည်သာတပ်၊ ကျွန်တော်ကိုဉာဏ်ကတော့ သမ္မတကြီးရဲ့ သတင်းတွေကို ကမ္ဘာ့သတင်းတွေမှာ ဖတ်ရတာ ဂုဏ်ယူမိသဗျ။ ဒါပေမယ့် သတင်းတွေမှာ အာဏာရပါတီ၊ အာဏာရပါတီလို့ ဖော်ပြကြတာကိုတော့ သိပ်ပြီးတော့ သဘောမတွေ့လှဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ စနစ်အရ အာဏာရပါတီဆိုတာ မရှိဘူးဆိုတာကို ကျွန်တော် ဘယ်လိုပြောပြရမလဲ။ ရွေးကောက်ပွဲမှာ အများစုအနိုင်ရတဲ့ပါတီနဲ့ အနည်းစုနိုင်တဲ့ပါတီ ဒါပဲရှိတယ်။ အများစုနိုင်တဲ့ပါတီဟာ သမ္မတရွေးတယ်၊ အစိုးရဖွဲ့တယ်မဟုတ်လားလို့ ပြောကြမယ့်လူတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်သူတွေလို့ပဲ ကျွန်တော်က တုံ့ပြန်ချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံးအပါအ၀င် နိုင်ငံအတွင်းမှာရှိတဲ့ အစိုးရဖြစ်စေ၊ သမ္မတဖြစ်စေ၊ တပ်မတော်ဖြစ်စေ၊ ပါတီတွေဖြစ်စေ အလေးအမြတ်ထား လိုက်နာရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတတွေ၊ ဒုသမ္မတွေ၊ ၀န်ကြီးတွေ၊ တရားသူကြီးချုပ်တွေကို သူတို့ရဲ့ မိခင်ပါတီတွေနဲ့ သူစိမ်းပြင်ပြင်ဖြစ်အောင် ဘယ်လိုမျိုး ကန့်သတ်ထားတယ်ဆိုတာ ကျွန်တော့်မိတ်ဆွေတွေ လေ့လာစမ်းစေချင်တယ်။ အခုတော့ အာဏာရပါတီလို့ ပြောတဲ့လူတွေက များနေတဲ့အတွက် ကျွန်တော်အသာလေး နှုတ်ဆိတ်နေလိုက်ပါဦးမယ်။ ဆရာကြီး လူထုစိန်ဝင်းကတော့ မကြာခဏ ရေးပြသွားရှာသဗျ၊ အာဏာပိုင်တို့၊ အာဏာရတို့၊ အာဏာရှိတို့ ဆိုတဲ့စကားလုံးတွေကို ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ မရေးကြပါနဲ့၊ စကားနောက်တရားပါ ဖြစ်သွားတတ်တယ်၊ အရေးခံရတဲ့သူတွေကလည်း သူတို့ကိုယ်သူတို့ အဲဒီလိုမျိုး ခံယူသွားတတ်တယ် ဆိုတာပါပဲ။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် ကိုယ်ရွှေမီဒီယာများကတော့ အာဏာရပါတီဆိုတဲ့ စကားလုံးကို အင်မတန်မှကို နှစ်ခြိုက်သဘောကျတော် မူကြတယ်ထင်ပါရဲ့ဗျာ။ ဆရာလူထုစိန်ဝင်းကိုပဲ သင်္ချိုင်းကနှိုးပြီး တိုင်ပြောချင်မိပါတော့တယ်ဗျာ။

( ဂ )
အရှေ့အလယ်ပိုင်းဒေသဟာ အင်မတန်မှကို ပြဿနာများတဲ့ အရပ်ဒေသဆိုတာ တစ်နေ့တစ်ခြား ပိုပိုသိလာရတယ်။ မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် အဲဒီဒေသမှာချည်းပဲ။ တတိယကမ္ဘာစစ်ကို ဦးတည်နေတဲ့ဒေသ၊ နျူကလီးယားစစ်ပွဲကို ဦးတည်နေတဲ့ဒေသ၊ အချိန်မရွေး ထဖြစ်နိုင်တဲ့ စစ်ပွဲချိန်ကိုက်ဗုံးတွေ ရှိတဲ့ဒေသ၊ အကြမ်းဖက်သမားတွေ မွေ့လျော်တဲ့ဒေသ၊ ပြဿနာပေါင်းစုံနဲ့ ပြည့်လျှမ်းနေတဲ့ဒေသ၊ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ဒေသမှာ လူဖြစ်ရတဲ့ လူတွေအတွက် ဘယ်လောက်များ အကုသိုလ်ကြီးလိုက်သလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် သိနိုင်တယ်ဗျာ။ ကိုယ့်အိမ်မှာ ကိုယ်နေရင်းနဲ့တောင် ဘယ်အချိန်များ ကိုယ့်ဘေးနားကို ဒုံးကျည်ကျကွဲမလဲ၊ ဘယ်အခမ်းအနားမှာများ အသေခံဗုံးခွဲခံရမလဲ၊ လေယာဉ်စီးနေရင်း ဘယ်အချိန်များ ပစ်ချခံရပြီး လေယာဉ်ပျက်ကျတာနဲ့ ကြုံရမလဲ စတဲ့စတဲ့ စိုးရိမ်စိတ်တွေနဲ့ လူဖြစ်ကြရတဲ့ဘ၀ကို စဉ်းစားသာကြည့်ပါတော့ဗျာ။ ဒေသကြောင့်လား၊ လူမျိုးကြောင့်လား၊ ငွေကြေးကြောင့်လား၊ ဘာသာရေးကြောင့်လား၊ သွေးထိုးမှုတွေကြောင့်လား ဆိုတာကတော့ သူ့အမြင်နဲ့သူ ရှိကြပါလိမ့်မယ်။ အမေရိကန်ကို ဒီမိုကရေစီတင်ပို့သူအဖြစ် တင်စားပြောဆိုတတ်ကြတယ်၊ အဲဒီလိုသာဆိုရင်တော့ အရှေ့အလယ်ပိုင်းဒေသကို အကြမ်းဖက်မှုများ တင်ပို့သူအဖြစ် ကင်ပွန်းတပ်ရလိမ့်မယ် ထင်ပါရဲ့။

(ဃ)
စကော့တလန်ကို ယူနိုက်တက်ကင်းဒမ်းကနေ ခွဲထွက်လိုခြင်း ရှိ၊ မရှိ လူထုဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်က ခွင့်ပြုလိုက်ရတဲ့ သတင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါရဲ့ဗျာ။ စကော့တလန်နိုင်ငံသားရဲ့ ဆန္ဒတွေကသာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ချင်ပါတယ်လို့ အဖြေထွက်ခဲ့ရင် ဒါဟာခေတ်သစ်သမိုင်းရဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ထို့အတူ ဗြိတိန်အစိုးရအတွက်လည်း ခေါင်းခဲစရာ ကိစ္စရပ်တွေ နောက်ထပ်ကြုံလာရမယ့် နိမိတ်လက္ခဏာလည်း ဖြစ်လာပါလိမ့်မယ်။ ကိုလိုနီနေရောင် ထွန်းပြောင်ခဲ့စဉ်အချိန်တုန်းက သူများနိုင်ငံတွေကို ကျူးလွန်ခဲ့တဲ့ ၀ဋ်ကြွေးတွေ ပြန်ဆပ်ရတော့မယ့် အချိန်တစ်ခုကို ရောက်လာခဲ့ပြီလို့ ကျွန်တော်ကတော့ တွေးနေမိတယ်။ အင်္ဂလိပ်တွေ ရှို့ခဲ့တဲ့မီးက မြန်မာပြည်မှာ အခုထိ အငွေ့တအူအူ ဖြစ်နေတုန်းမဟုတ်လား။ ကျွန်တော်တို့နိုင်ငံက အခုဆိုရင် ငြိမ်းချမ်းလုနီးပါး အခြေအနေမှာ၊ အင်္ဂလိပ်တွေကတော့ ခွဲရေးတွဲရေးတွေနဲ့ နပန်းလုံးနေရတာကို စောင့်ကြည့်ချင်ပါသေးတယ်ဗျာ။ ၂၀၁၄ ခုနှစ်မှာ စကော့တွေ ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြရမည်ပေါ့ခင်ဗျာ။ သြော်... တစ်ခုလောက် အကြံပြုချင်သေးသဗျ၊ မြန်မာနိုင်ငံအပေါ် အင်္ဂလိပ်တွေရဲ့ သွေးထိုးမှုတွေ၊ သွေးခွဲမှုတွေ ဘယ်လိုပင် ရှိခဲ့စေကာမူ ယူနိုက်တက်ကင်းဒမ်းမှာ အခုဖြစ်နေတဲ့ ခွဲထွက်ရေး ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ၀င်ရောက်သွေးထိုးခြင်း၊ ခွဲထွက်ရေးသမားများကို ထောက်ပံ့ခြင်းများမရှိကြောင်း ကြေညာချက် ထုတ်ပြန်ရင် ကောင်းမယ်ထင်တာပဲ။ မိတ်ဆွေတို့ရော.. ဘယ်လိုသဘောရသလဲခင်ဗျ။ :D

( င )
လတ်တလောအခြေအနေတွေအရ မကြာခင်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြတော့မည်ဟု မျှော်မှန်းရသည်။ ယခင်တုန်းကတော့ နိုင်ငံခြားသားတွေ မြန်မာပြည်သို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာခဲ့ကြသည်၊ တချို့က ကျွန်ပြုဖို့၊ တချို့က အလည်အပတ်၊ တချို့က အလုပ်တာဝန်၊ တချို့က စီးပွားရေးကိစ္စ၊ စသည်စသည်ဖြင့် သူ့အကြောင်းနဲ့သူ လာရောက်နေထိုင်ခဲ့ကြဖူးသည်။ သူတို့တွေ ပြန်သွားတော့ ကမ္ဘာတစ်ဝန်းလုံးကို မြန်မာပြည်အကြောင်း သူတို့သိသမျှ ပြန်လည်ဖောက်သည်ချကြသည်။ မြန်မာပြည်သည် စေတီပုထိုးများ လက်ညှိုးထိုးမလွဲ ပေါများသည့်အကြောင်း၊ ရွှေရောင်တ၀င်းဝင်းနှင့် ရွှေနိုင်ငံဟု တင်စားထိုက်ကြောင်း၊ မြန်မာလူမျိုးများသည်လည်း အင်မတန် ဖော်ရွေပျူငှာပြီး စာနာကူညီ တတ်ကြသူများဖြစ်ကြောင်း၊ အင်မတန်အေးချမ်းသည့် နိုင်ငံဖြစ်ကြောင်း၊ စသဖြင့် စသဖြင့်ပေါ့။ အင်း... အခုလာမည့် နိုင်ငံခြားသားတွေ ပြန်သွားလျှင်ရော..၊ ကျွန်တော်ကိုဉာဏ် တွေးမိသလောက်ဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည် လမ်းပေါ်ဆန္ဒပြပွဲများ အင်မတန်များပြားသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကလေးအစ ခွေးအဆုံး မကျေနပ်တာ တစ်ခုခုရှိတိုင်း လမ်းပေါ်ထွက်ပြီး တစ်ကိုယ်တော်၊ နှစ်ကိုယ်တော်၊ တစ်ရာ၊ နှစ်ရာ စသည်ဖြင့် ဆန္ဒဖော်ထုတ်ကြသည့် နိုင်ငံဖြစ်ကြောင်း၊ သင်္ကန်းဝတ်များ မကြာခဏ စုပေါင်းလမ်းလျှောက်ထွက်ကြသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေးအကြံပေး ခန့်ရလောက်အောင် နိုင်ငံရေးကိစ္စများတွင် အင်မတန်တက်ကြွသည့်၊ အင်မတန်ကျွမ်းကျင်သည့် သင်္ကန်းဝတ်များ ပေါများသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတွင် အဆင်မပြေမှု တစ်ခုခုရှိတိုင်း နိုင်ငံတော်သမ္မတထံ စာရေးပြီး ရင်ဖွင့်တတ်သည့် လူမျိုးများနေထိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ စာမျက်နှာပြည့် အရက်ကြော်ငြာများကို PH7 ဟူသည့် စာလုံးသေးသေး ၃ လုံး မထင်မရှား ထည့်ရုံမျှဖြင့် တရားဝင်ကြော်ငြာခွင့်ရသော တိုင်းပြည်ဖြစ်ကြောင်း၊ မြန်မာလူမျိုးများသည် ပေါင်ပေါ်ဒူးပေါ်ချက်ပေါ် အမျိုးသမီးဓာတ်ပုံများပါသည့် ဂျာနယ်မဂ္ဂဇင်းများကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုအားပေးတတ်ကြကြောင်း၊ နိုင်ငံခြားသားများကို ကူညီပါဟူသည့် ဆိုင်းဘုတ်များထောင်ပြီး ဈေးဆိုင်များတွင် အဆမတန် ဈေးတင်ရောင်းတတ်သည့် လူမျိုးများနေထိုင်သည့် တိုင်းပြည်ဖြစ်ကြောင်း၊ တယ်လီဖုန်းပြောချင်လျှင် အခန်းပြင်၊ ၀ရန်တာ၊ ကွင်းပြင်များသို့ ထွက်၍ဆက်ရသည့် တိုင်းပြည်ဖြစ်ကြောင်း၊ စသဖြင့်ပေါ့လေ။

သူ့ကျွန်ဘ၀ ရောက်နေတုန်းက နိုင်ငံလွတ်လပ်ရေးရဖို့ လုပ်လိုက်ကြရတာ၊ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ မရေနိုင်၊ မတွက်နိုင်။ လွတ်လပ်ရေးရပြီးတော့ နယ်ချဲ့အမွေပေးခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ခွဲလိုက်၊ တွဲလိုက်၊ သန့်ရှင်းလိုက်၊ တည်မြဲလိုက်၊ နီလိုက်၊ ဖြူလိုက်၊ တိုင်းပြည်ခမျာ ဖွတ်ဖွတ်ကိုကျေလို့။ စစ်တပ်အငွေ့အသက် မကင်းခဲ့တဲ့ အနှစ်ငါးဆယ် ကာလကျတော့ ဗကပကိုတိုက်လိုက်၊ ကိုယ့်ညီအစ်ကို အချင်းချင်းတိုက်လိုက်၊ သူများတွေနောက်မှာ အနှစ်ငါးဆယ်လောက် ကျန်ခဲ့သတဲ့။ ဟောအခု... မြန်မာ့နွေဦးတဲ့၊ ဒီမိုကရေစီခေတ်ဦးတဲ့၊ ဆန္ဒဖော်ထုတ်လိုက်၊ ဆန္ဒပြလိုက်၊ စုဝေးလိုက်၊ တိုင်စာရေးလိုက်နဲ့ လူတိုင်းက ကိုယ့်ဆန္ဒတွေအတိုင်း ဖြစ်ချင်နေလိုက်ကြတာများ အသွေးအရောင် စုံပါတယ်ဆိုတဲ့ အိန္ဒိယကတောင် အဖေမဟုတ်ဘူး၊ အဘိုးခေါ်ရလောက်တယ်။ ဘာလုပ်လုပ် ဆန္ဒဖော်ထုတ်ပြီး ကန့်ကွက်နေကြတာဆိုတော့ အင်း... နောက်ဆိုရင် လမ်းပေါ်မှာ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ တစ်ဖက်နဲ့တစ်ဖက် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ သတ်ပုတ်ခွင့်တို့၊ ဆဲဆိုခွင့်တို့ တောင်းဆိုလာကြဦးမလား မသိဘူး။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံ၊ အခု ၂၀၁၂ ခုနှစ်ကုန်တော့မယ်။ ဘယ်ကာလမှာများ နိုင်ငံတည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံး တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြတာ ရှိသလဲ။ လမ်းပေါ်နိုင်ငံရေးသမားတွေကိုပဲ ဘုရားလို ကိုးကွယ်နေကြတဲ့ နိုင်ငံမှာ ပညာရှင်တွေ မနေချင်တာ အဆန်းတော့ မဟုတ်ဘူး။ ကျွန်တော်တို့လိုနေတာ နိုင်ငံတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြပေးမယ့် ပညာရှင်တွေ၊ နည်းပညာတွေ အကူအညီပေးမယ့် အလှူရှင်တွေ၊ လက်တွဲခေါ်မယ့် မိတ်ဆွေနိုင်ငံတွေ၊ လူထုကို လမ်းပေါ်ရောက်အောင် ဆွဲခေါ်မယ့် ခေါင်းဆောင်တွေ မလိုချင်တော့ဘူး၊ ကူညီသလိုလိုနဲ့ အိတ်ကပ်ထဲက နှိုက်သွားမယ့်လူတွေကို မလိုချင်တော့ဘူး၊ လူတွေကို ဆုအမျိုးမျိုးပေးပြီး ကြိုးကိုင်ချင်တဲ့ ဇာတ်ဆရာတွေကို မလိုချင်တော့ဘူး၊ လမ်းပေါ်ထွက်ပြီး လက်သီးလက်မောင်းတန်းရင် ရှေ့ဆုံးကပါပြီး တိုင်းပြည်အတွက် တိုးတက်အောင်လုပ်ဖို့ကြတော့ ဆယ်တန်းတောင် မအောင်တဲ့ကောင်တွေကို မလိုချင်တော့ဘူး၊ ကျွန်တော်တို့လိုချင်တာ ထောင်ထွက်တွေ မဟုတ်ဘူး၊ နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာတွေသင်လာခဲ့တဲ့ ပညာရှင်တွေ၊ ကျွန်တော်တို့လိုချင်တာ နိုင်ငံရေးမျက်လှည့်သမားတွေ မဟုတ်ဘူး၊ သမ္မတကြီးကို ၀န်းရံပြီး တိုင်းပြည်ကို ထူထောင်မယ့်လူတွေကို လိုချင်တာ။ ကျုပ်ကတော့ရှင်းတယ်... ဒီကနေ့ လမ်းပေါ်ထွက်ပြီး လတ်လျားလတ်လျား လုပ်နေတဲ့သူတွေ အားလုံးဟာ မြန်မာ့နိုင်ငံရေးကို နောက်ပြန်ဆွဲနေကြသူတွေပဲ။ အစိုးရပိုင်းကလူတွေ ဘယ်လိုရှိသလဲဆိုတာ ခန့်မှန်းလို့ကို မရတော့ဘူး။ တိုင်းပြည်ရဲ့ အရှိန်တန့်နေမှုဟာ အစိုးရကြောင့်လား၊ ဘာကြောင့်လားဆိုတာ ဝေခွဲရခက်စေတယ်။ မှောင်ရီဝိုးတ၀ါးထဲမှာ နာရီသွားနေလား၊ ရပ်နေသလားသိချင်ရင်တော့ ပတ်ဝန်းကျင်ဟာ ဆိတ်ငြိမ်တိတ်ဆိတ်ဖို့လိုတယ်။ ဒါမှ ချက်ချက်မြည်နေသလား၊ တိတ်နေသလားဆိုတာ သိရမှာ။ ကျွန်တော်သာ ဘီလ်ဂိတ်လောက် ချမ်းသာမယ်ဆိုရင် လမ်းပေါ်ထွက်လာတဲ့လူတွေ အားလုံးကို နာမည်စာရင်းကောက်ပြီး အရှေ့အလယ်ပိုင်းဒေသကို တစ်နှစ်လောက် လေ့လာရေးခရီး ပို့ပစ်မယ်။ သီးသန့်လိုက်ချင်တဲ့လူတွေ ရှိရင်လည်း ကွန်းမန့်မှာ စာရင်းပေးခဲ့လို့ရကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၅ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics