Monday, October 29, 2012

နိုင်ငံရေးအကြောင်းလား၊ အဲဒီအကြောင်းတော့ မပြောချင်သေးပါဘူးဗျာ


ပြိုင်ဆိုင်မှု ပြင်းထန်လှသည့်၊ ခါးသီးလှသည့်၊ အမုန်းတရားတွေ များလွန်းလှသည့်၊ နှစ်ဘက်အကြား အာဃာတများ မနည်းမနောရှိသည့်၊ အချင်းချင်း ဝေဖန်တိုက်ခိုက်နေတတ်သည့် ပြိုင်ဘက်များ ထိပ်တိုက်တွေ့ခဲ့ကြလေပြီ။ သူတို့အကြောင်းကို နည်းနည်းလေး ပြန်စောင်းငဲ့ကြည့်ချင်သည်။

အများက သတ်မှတ်ထားကြသည့် ကာလကြာရှည် မင်းမူခဲ့သူတွေက သူတို့ပြိုင်ဘက်ကို နည်းနည်းလေးမျှ ထီမထင်သည့် ဟန်ပန်ဖြင့် တွေ့ရသည်။ ဒီလိုပြိုင်ဘက်တွေနဲ့ ပြိုင်ရမှာကိုပင် သိပ်ပြီးတော့ မကျေနပ်ချင်လှ။ ပြိုင်ဘက်ဆိုသူတွေက မနေ့တစ်နေ့ကမျှ ပိုက်ဆံတွေ ပေါပေါသီသီ ထောက်ပံ့ပေးခဲ့တဲ့ ကြိုးကိုင်သူကြီးကြောင့် နေ့ချင်းညချင်း နောက်မှပေါက်တဲ့ ရွှေကြာပင်လို ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဒီကြားထဲ ဟိုဆု၊ ဒီဆုတွေက ရလိုက်သေးတော့ အဲဒီလူတွေအဖို့ မာန်တက်တာ မဆန်းလှချေ။ အဆိုးဆုံးက သူတို့ကပဲ ဒီလိုယှဉ်ပြိုင်မှုတွေ ပြင်းထန်လာအောင် လမ်းသစ်ထွင်ခဲ့သူတွေလိုလို၊ သူတို့ကပဲ ဒီယှဉ်ပြိုင်မှုတွေရဲ့ သော့ချက်တွေလိုလို ပြောဆိုကြခြင်းပင်။ သမ္ဘာရင့်၊ ၀ါရင့်ကြီးတွေကတော့ ထိုသို့မဟုတ်ချေ။ ဘာဆုတံဆိပ်တွေမျှ မရလျှင်ပင် သူတို့အတွက် နေရာဆိုတာက အဆင်သင့်ရှိပြီးသား။ သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမျှ မေ့ဖျောက်ပစ်လို့ မရသလို၊ ပစ်ပယ်ထားလို့လည်း ရကောင်းသည့် အရာမဟုတ်။ အထူးသဖြင့် သူတို့ကို အသေးစိတ် ညွှန်ကြားနေသည့်၊ လမ်းပြနေသည့်၊ ဦးဆောင်နေသည့် ခေါင်းဆောင်ကြီးကြောင့် သူတို့ကို အားလုံးက လေးစားကြရသည်၊ အသိအမှတ်ပြုကြရသည်။ သူ့ဦးနှောက်သည် နှယ်နှယ်ရရ မဟုတ်ချေ။ အပွဲပွဲ နွှဲလာခဲ့ပြီးသား၊ အောင်ပွဲအလီလီ ရလာခဲ့ပြီးသား၊ အတွေ့အကြုံပိုင်းနှင့် ယှဉ်မလား၊ အသက်အရွယ်နှင့်ပဲ ယှဉ်မလား၊ ရခဲ့ဖူးတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ပဲ ယှဉ်မလား၊ သူ့ပြိုင်ဘက် အားလုံးထက် သူကအမြဲတမ်း သာနေခဲ့သည်။ သူ့ပြိုင်ဘက်တွေအတွက်တော့ သူသည် နတ်ဆိုးတစ်ကောင်၊ မိစ္ဆာတစ်ကောင် အသေအချာပင်။ သူ့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ပြိုင်ဘက်တွေ ကြောက်ကြသည်၊ သူ့ငယ်သားတွေ၊ သူ့တပ်သားတွေကိုလည်း သူက အလုံးစုံ လွှမ်းမိုးထားသည်။ သူတို့အဖို့ ခေါင်းဆောင်ကြီးက သေဆိုသေ၊ ရှင်ဆိုရှင်။ ဒါကလည်း မဆန်းတော့ မဆန်းချေ။ သူနှင့် အဆင်မပြေသူ၊ သူ့ကို အာခံသူ မှန်သမျှကို သူက ရှင်းပစ်လိုက်သည်ချည်းပင်။ ဘယ်လောက်ပဲ စွမ်းသူဖြစ်ပါစေ၊ ဘယ်လောက်ပဲ အများက နှစ်သက်သဘောကျသူ ဖြစ်ပါစေ၊ သူနှင့် အဆင်ပြေအောင်ပေါင်း၊ မပြေလျှင်ဂျောင်းပဲ။ ထိုကဲ့သို့ လုပ်ရဲသည်ကလည်း အကြောင်းမဲ့မဟုတ်၊ သူ့မှာက သူ့ထက်ငါ လူစွမ်းကောင်းတွေက ဒုနှင့်ဒေး မဟုတ်လား။ ပြောရလျှင် ငယ်မွေးခြံပေါက်တွေ၊ ကောင်းကောင်းလေ့ကျင့်ပေးထား၍ လေ့ကျင့်သား ပြည့်ဝနေသူတွေ၊ နောက်ဆုံး ကုန်ကုန်ပြောရလျှင် နောက်အနှစ် ၂၀ လောက်အတွက်ထိ သူက တွက်ချက်ပြီး ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတာ သူက ကြိုတင်တွက်ချက်ထားပြီးသား။ လွဲလျှင် နည်းနည်းသာ၊ အားလုံးက သူတွက်ထားသည့်အတိုင်း သူဆင်ထားသည့်အတိုင်း ဖြစ်လာသည်ချည်းပင်။ ထို့ကြောင့်လည်း သူ့ကို ပြိုင်ဘက်အားလုံးက အမြန်ဆုံး ဇာတ်သိမ်းစေချင်ကြသည်၊ အမြန်ဆုံး ပျောက်သွားစေချင်ကြသည်။ သူကလည်း သူပင်၊ ဟိုနေ့ အနားယူတော့မလိုလို၊ ဒီနေ့ အနားယူတော့မလိုလိုနှင့်၊ သတင်းတွေသာ ထွက်လာသည်၊ ထိုင်ခုံပေါ်ကတော့ လုံးဝ နေရာမရွှေ့ချေ။ နောက်ဆုံးသတင်းများအရ အနားယူခဲ့လျှင်ပင် သူ့အဖွဲ့တွေကို သူက အကြံဉာဏ်တွေ ပေးဦးမည်၊ တစ်သက်တာ ဂုဏ်ထူးဆောင်အဖြစ် ရှိနေဦးမည်တဲ့။ သူ့အဖွဲ့တွေနဲ့ သူတို့ကို အားပေးသူတွေအတွက်တော့ တကယ့်မဟာသတင်း၊ ပြိုင်ဘက်တွေအတွက်တော့ သိတဲ့အတိုင်း အမင်္ဂလာသတင်းပေါ့။ ဒီနေရာမှာ ထူးခြားတာတစ်ခုက သူနှင့် သူ့ပြိုင်ဘက်တွေရဲ့ ခံယူပုံဖြစ်သည်။ သူက သူ့ကို တစ်ခုခုဖြစ်စေချင်ကြတာ၊ သူ့ကို မုန်းတီးကြတာ၊ သူ့ကိုဝေဖန်ကြတာကို ဖြစ်မြဲဖြစ်စဉ် သဘာဝအဖြစ် လက်ခံသည်။ ကျေကျေနပ်နပ် ခံယူသည်။ သို့သော် သူ့ပြိုင်ဘက်တွေက သူ့ကိုသာ ဝေဖန်လျှင် ဝေဖန်မည်၊ သူတို့ကို ဝေဖန်လျှင်တော့ နည်းနည်းလေးမျှ မနှစ်မြို့ကြချေ။ ဒါကလည်း အကြောင်းရှိသည်၊ သူက စိတ်ဓာတ်စစ်ဆင်ရေး ကောင်းသည်ကိုး။ သူမို့ စကားတစ်ခွန်း ပြောလိုက်၊ ဝေဖန်လိုက်လျှင် ပြိုင်ဘက်တွေအဖို့ အုန်းအုန်းကြွက်ကြွက် ဖြစ်ရသည်ချည်းပင်။

ကဲ.. ထားတော့။ ပြိုင်ဘက်အကြောင်း ပြောကြဦးမည်။ အထက်မှာ ပြောခဲ့သလိုပင် နောက်မှပေါက်သည့် ရွှေကြာပင်များ ဖြစ်ကြသည်။ အဓိကကတော့ ထောက်ပံ့ပေးမှုတွေကောင်း၊ ပိုက်ဆံတွေ ပေါပေါများများ ရနေ၍ သူတို့လုပ်ချင်တိုင်း လုပ်လို့ရနေသည်။ သူတို့ကို ထောက်ပံ့ပေးနေသည့် ပိုက်ဆံတွေနှင့် ပတ်သက်၍၊ သူတို့ကို ထောက်ပံ့နေသူနှင့် ပတ်သက်၍ အမြဲတစေ အငြင်းပွားရသည်။ ပိုက်ဆံရှိသူဆိုတော့ အားလုံးကို ပိုက်ဆံနှင့် မြူဆွယ်သည်ပေါ့။ ဟိုလူကလည်း သူတို့ဆီဝင်၊ ဒီလူကလည်း သူတို့နဲ့ပူးပေါင်း၊ သိတဲ့အတိုင်း ပိုက်ဆံမက်သူတွေပေါ့။ အထူးသဖြင့် သူတို့က နေရာလိုချင်ကြသည်။ ဒီအထဲကိုဝင်လျှင် ဒီနေရာကို ရမှဖြစ်မည်ဟု သူတို့က သန္နိဋ္ဌာန်ချထားကြပြီးသား။ နေရာမရလျှင်တော့ သူတို့တွေ ပူညံပူညံ လုပ်ကြသည်၊ ဟိုနေ့ထွက်မယ် ဒီနေ့ထွက်မယ်ဟု ခြိမ်းခြောက်ကြမည်၊ နုတ်ထွက်ကြမည်။ အခြားတစ်ဖက်ဖက်သို့ ကူးပြောင်းကြမည်။ သူ့ကိုယ်သူ အကောင်းဆုံးလူ၊ အတော်ဆုံးလူက ထင်နေသည့် လူတစ်ယောက် သူတို့ကို ဦးဆောင်ခဲ့သည်။ ထိုကာလများသည် သူတို့အတွက် ရွှေရောင်နေ့များ ဖြစ်ခဲ့သည်။ အောင်မြင်မှုတစ်ချို့ သူတို့ရရှိခဲ့သည်။ ပေါက်ကရ ပြောတတ်သော်လည်း သူ့ကို ပုဂ္ဂိုလ်ခင်နေသည့်အတွက် ဘယ်သူကမျှ အပြစ်မမြင်ခဲ့ကြ။ နောက်ဆုံးတော့ သူက အာဏာရှင်ဆန်ဆန် ဖြစ်လာခဲ့သည်။ ထောက်ခံသူတွေများလာ၊ အားပေးသူတွေများလာ၊ မြောက်ပေးသူတွေ များလာချေတော့ သူလည်း အနည်းငယ်တော့ ဘ၀င်မြင့်ချေမည်။ သူ့ကံကလည်း ကောင်းသည်ဟု ဆိုရမည်၊ သူလုပ်သမျှက ဖြစ်လာသည်၊ သူ့ပြိုင်ဘက်တွေအတွက် သူက ဦးစားပေးဖြစ်လာခဲ့သည်။ အထူးသဖြင့် ကာလရှည်ကြာ သက်တော်ရှည်ဂုရုကြီးကိုပင် သူက ထီမထင်သလို လုပ်လာသည်။ တချို့နေရာတွေမှာဆိုလျှင် သူကပင် အနိုင်ယူလိုက်သေးသည်။ နောက်ဆုံးတော့ သူ့အောင်မြင်မှုတွေကို သူကိုယ်တိုင် ယုံကြည်မှု လွန်ကဲတာလား၊ သူ့ကံကြမ္မာကပဲ အနိမ့်ပိုင်းကို ရောက်သွားတာလားမသိ သူလုပ်သမျှ အမှားအယွင်းတွေ ဖြစ်လာသည်။ အထူးသဖြင့် အခွင့်အရေး ရနိုင်ခဲသည့် ပွဲကြီးပွဲကောင်းတစ်ခုမှာ သူ့ကြိုးကိုင်သူအလိုကျ သူမလုပ်ပေးနိုင်ခဲ့။ အဲဒီအတွက် သူက ဘာမျှမဖြစ်သလို နေပြသည်။ သူ့ငယ်သားတွေက သူ့ကို ကွန်ပလိန်းတွေ တက်လာကြသည်။ သူ့အဖွဲ့ထဲမှာ ဟိုအုပ်စု၊ ဒီအုပ်စုဆိုတာတွေ အကွဲကွဲ ဖြစ်လာကြသည်။ နောက်ဆုံးတော့ မီးလောင်ရာလေပင့် ဆိုသလိုပင် သူ့ပြိုင်ဘက်တွေက သူ့ကို အလဲထိုးခဲ့ကြသည်။ သူ့ဘ၀ ခဏနားသွားရသည်။ နားတာကိုပင် အနိုင်နှင့် ပိုင်းနေသေးတော့သည်။ သူ့ရဲ့ ခါးသီးတဲ့ ပြိုင်ဘက်ကြီးကတော့ သက်တော်ရှည်နေဆဲ၊ အောင်ပွဲခံနေဆဲ၊ သူပြုစုပျိုးထောင်ထားသည်များကို ခံစားနေဆဲ၊ ပီတိဖြစ်နေဆဲ၊ ခရီးဆက်နေဆဲပင်။

အခုလည်း သူတို့တွေ ထိပ်တိုက်တွေ့ပြန်ချေပြီ။ နေရာအတွက် အပြိုင်အဆိုင်၊ အရိုးကျေကျေ၊ အရေခန်းခန်း ယှဉ်ပြိုင်ကြရမည်။ သက်တော်ရှည်ကြီးရဲ့ အဖွဲ့သားတွေအတွက်တော့ အခုအချိန်မှာ သူတို့ပြိုင်ဘက်က သူတို့ထက် သာသလိုဖြစ်နေတာကို မခံချင်ကြ၊ သူတို့မှာလည်း အစွမ်းတွေရှိတာကို ပြသချင်သည်။ သူတို့မှာ သမိုင်းကြောင်းရှိတာကို ထိန်းသိမ်းချင်သည်။ ပွဲက တကယ့်ပွဲကောင်းပင်။ တကယ်လည်း ပွဲက ကောင်းခဲ့ပါသည်။ သူတို့တွေရဲ့ ယှဉ်ပြိုင်မှုက ပညာသားပါသလို၊ သိပ်ပြီးလည်း အင်အားပါသည်။ ခက်သည်က အားပေးသူတွေက သက်တော်ရှည်ကြီးဘက်မှာ အနည်းငယ်သာ ရှိနေသည်။ သူတို့ပြိုင်ဘက်ကို အားပေးသူတွေက အဆမတန် များပြားနေသည်။ တော်ရုံတန်ရုံ စိတ်ဓာတ်နှင့်ဆိုလျှင်တော့ ဒီအားပေးသူတွေ၊ ရူးသွပ်သူတွေကြောင့် တွေဝေသွားနိုင်သည်၊ ဖျားသွားနိုင်သည်။ သို့သော် အဓိကက ရလဒ်ဖြစ်သည်၊ ဗျူဟာဖြစ်သည်။ သက်တော်ရှည်ကြီးက သိပ်ပြီးတော့ ပါးနပ်သည်။ အရင်ကလိုမျိုး အပြင်းအထန် တိုက်ခိုက်တာမျိုးတွေ မလုပ်ချေ။ စိတ်ရှည်လက်ရှည်နှင့် အများကို စောင့်ဖမ်းသည်။ အပိုင်ဆိုမှ သူက တိုက်ခိုက်သည်။ လက်ဝှေ့စကားနှင့်ဆိုလျှင် ချက်ကောင်းတွေကိုချည်း ရွေးပစ်သည်။ လက်သီးတရစပ် မထွက်ပေမယ့် ထွက်သမျှလက်သီးက ချက်ကောင်းကိုချည်းဖြစ်သည်။ အဲဒီတော့ ပြိုင်ဘက်တွေက မခံချင်တွေ ဖြစ်လာကြသည်၊ ရှူးရှူးရှဲရှဲတွေ ဖြစ်လာကြသည်။ ဥပဒေပတွေ ယှဉ်ပြိုင်လာကြသည်။ အားပေးသူတွေရဲ့ အားကိုးနဲ့ မိုက်ကြသည်ပေါ့။ သို့သော် ဥပဒေက ဥပဒေပဲဖြစ်သည် မဟုတ်လား။ ဥပဒေပတွေ လုပ်တာများလာတော့ သူတို့တွေ ဥပဒေရဲ့ စီရင်ခြင်းကို ခံကြရသည်။ တချို့တွေ သတိပေးခံရသည်၊ တချို့တွေ ခံဝန်နှင့်နေကြရသည်၊ တချို့တွေဆိုလျှင် ယှဉ်ပြိုင်ခွင့်ပင် ပိတ်ပင်ခံလိုက်ရသည်။ ထိုသို့ အလုပ်ခံရလေ သူတို့က ပိုပြီးတော့ တင်းမာလေဖြစ်သည်။ သူတို့ရဲ့ အခြေအနေမှန်ကို သူတို့တွေ မှန်အောင် မသုံးသပ်နိုင်ခဲ့၊ သူများကိုသာ တိုက်ခိုက်ဖို့ သည်းသည်းမည်းမည်း ဖြစ်နေခဲ့သည်။ ဒီအတွက် သူတို့မှာ ဟာပေါက်တွေ အများကြီး ရှိလာသည်။ ခေါင်းဆောင်လုပ်သူကလည်း အခြေအနေကို မထိန်းနိုင်သလို ဘေးကနေ ကူညီအကြံပေးသည့် လက်ထောက်တွေ၊ လူယုံတွေကလည်း ဘာအကြံတွေမျှ ထွက်မလာတော့။ သက်တော်ရှည်ကြီးကို ဝေဖန်တာ၊ မထိတထိပြောတာ၊ ပုတ်ခတ်တာတွေပဲ လုပ်လာကြသည်။ အဲဒီတော့ စကားများကြတာပဲ အဖတ်တင်သည်။ သက်တော်ရှည်ကြီးရဲ့ အဖွဲ့သားတွေ အပြင်းအထန် အလူးအလဲ ခံကြရသည်။ ဒါကိုပင် ပြိုင်ဘက်တွေက သူတို့တွေမမှားဘဲ တစ်ဖက်က မှားသလိုဖြစ်အောင် အားပေးသူတွေ၊ ပရိသတ်တွေကို တိုင်တည်ကြသေးသည်။ ပရိသတ်အားကိုးနှင့် မိုက်ပြကြသည်၊ ရမ်းပြကြသည်၊ ကြမ်းပြကြသည်။ သက်တော်ရှည်ကြီးက အကွက်စေ့သည်။ တစ်ဖက်ရဲ့ ဗျူဟာထဲကို နည်းနည်းလေးမျှ အ၀င်မခံချေ။ စိတ်ရှည်လက်ရှည်ထားသည်၊ ဇွဲကောင်းကောင်းနှင့် အခွင့်ကောင်းကို စောင့်သည်။ တစ်ဖက်က သွေးဆူတိုင်း သူ့လူတွေကို သွေးမဆူခိုင်း၊ တစ်ဖက်က ကြမ်းရမ်းတိုင်း သူလူတွေကို မရမ်းခိုင်း။ သမ္ဘာနှင့်ဝါနှင့် ထိန်းခိုင်းသည်။ လိုချင်သည့် ရလဒ်ရအောင် သူ့လူတွေကို ယှဉ်ပြိုင်ခိုင်းသည်။ သူ့လူတွေကလည်း ဒီလိုပြိုင်ဘက်တွေနှင့် ယှဉ်ပြိုင်လာတာ အံတိုနေပြီ ဆိုသည့်လူစားများဖြစ်သည်။ ထို့ကြောင့် ဘာမျှ အခက်အခဲမရှိ။ နောက်ဆုံးတော့ လိုချင်သည့် အနိုင်ရလဒ်က သူတို့လက်ထဲသို့ ရောက်လာခဲ့သည်။

သူတို့အတွက်တော့ ချိုမြိန်လှသည့် အောင်မြင်မှုပင်၊ အခြားတစ်ဖက်အတွက်တော့ ဘယ်လောက် ခါးသီးမည်ကို စာဖတ်သူတို့သာ စာနာကြည့်စေလိုပါသည်။ သေချာသည် မကြာမီ စကားသံတွေ၊ ဝေဖန်သံတွေ ထွက်လာဦးမည်။ တရားမျှတမှု မရှိဘူး၊ ဘက်လိုက်တယ်၊ သက်တော်ရှည်ကြီးကိုဆို ဆုံးဖြတ်သူတွေက အမြဲပစားပေးတယ်၊ မပြောရဲဘူး၊ မဆိုရဲဘူး၊ သူတို့ကိုတော့ နှိပ်ကွပ်တယ်၊ မလုပ်သင့်တာတွေ လုပ်တယ်၊ စသည်စသည်ဖြင့်ပေါ့။ ဒါကလည်း မထူးဆန်းပါချေ။ ဒီလောကမှာ ဒီရပ်ဝန်းမှာ ဒီလိုဖြစ်လာပြီဆိုလျှင် ဒီလိုပဲ စကားသံတွေ ထွက်လာစမြဲ ဖြစ်သည်ကိုး။ ဘယ်သူကမျှ အရှုံးကို ကျေကျေနပ်နပ် မခံယူလိုကြ။ တစ်ခုခုကိုတော့ အကြောင်းရှာလိုက်ရမှ နေသာထိုင်သာရှိသည်။ ဥပဒေအရ အရေးယူခံလိုက်ရတဲ့ လူတွေအတွက်တော့ စိတ်မကောင်းချေ။ သူတို့ခမျာ နောက်ပြိုင်ပွဲ ၂ ခုလောက်ကို လက်လွှတ်ကြရဦးမည်။ အင်း... ခက်တော့လည်း ခက်သည်။

လူတွေကလည်း သူတို့ရဲ့ ပြိုင်ဆိုင်မှုကိုပဲ စိတ်ဝင်စားသည်ကိုး။ အခုဆိုလျှင် တစ်ကမ္ဘာလုံးက သူတို့ရဲ့ ပြိုင်ဆိုင်မှုကို စောင့်ကြည့်ခဲ့ကြမှာ သေချာသည်။ အားပေးသူတွေ အသီးသီးအတွက် ၀မ်းသာမှုနှင့် ၀မ်းနည်းမှုတွေ ရရှိကြပေမည်။ သေချာသည်ကတော့ ဒီတစ်ခါပြိုင်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။ နောက်ထပ် ပြိုင်ပွဲတွေ လာဦးမည်ဆိုသည်ပင်။ မကြာသော အချိန်အတွင်းမှာပင် သူတို့ ၂ ဖွဲ့ ပွဲကြီးပွဲကောင်း ထပ်တွေ့ကြဦးမည်။ ကျွန်တော်တို့ ရင်ခုန်စွာဖြင့် စောင့်မျှော်ကြည့်ရှုရဦးမည်ပင်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၄၄ မိနစ်တွင်ပြီး၏။

ရှင်းလင်းချက်။ မနေ့ညက ကြည့်ခဲ့ရသည့် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် သို့လော၊ သို့လော မတွေးကြစေလိုပါ။ နိုင်ငံရေးအကြောင်း ပြောခြင်းမဟုတ်ပါခင်ဗျား။ ဒါနဲ့ စကားမစပ် ညက ကျွန်တော့်မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရသွားတယ်ခင်ဗျ။ ကြည့်လို့ ကောင်းသလားမမေးနဲ့၊ လွှတ်ကောင်းဗျို့။ ကျုပ်ဖြင့် အဲဒီဘောလုံးပွဲကို ကြည့်ရတာ နှလုံးရောဂါ ရမတတ်ပါပဲ။ တကယ်ကောင်းတဲ့ပွဲဗျို့။ အဲဒါကြောင့်လည်း ဒီစာတွေကို ရေးဖြစ်တာပါ။ ဘောလုံးပွဲကရတဲ့ အတွေးပေါ့ဗျာ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ မှတ်ချက်တွေ ရေးလိုကလည်း ရေးသွားနိုင်ပါတယ်ခင်ဗျ။ မရေးလိုကလည်း သဘောတော်အတိုင်းပါခင်ဗျား။

No comments:

Post a Comment

 
Web Statistics