Monday, November 26, 2012

ကိုယ့်နိုင်ငံရေး


ကျားကြီး၊ ၀က်ကြီး၊ ငှက်ကြီး၊ ရှူးပျံကြီး ဆိုတာတွေဟာ ပုံပြင်မှန်းသိတယ်။ ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ် ချစ်တဲ့လူ အရိုးဆံထိုးလုပ် ဆိုတာလည်း ဒဏ္ဍာရီမှန်း သိတယ်။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးဖူးတဲ့ ငွေတာရီ ဒွေးမယ်နော်ဆိုတဲ့ ဇာတ်တွေက မှတ်စုအရ အမဲသား မစားတဲ့လူကို "ဒီကောင် ဇာတ်တူသား မစားဘူး" လို့ သမိုင်းရဲ့ သင်ခန်းစာအနေနဲ့ ၀င်ပြောတတ်ပါတယ်။ ကံရာဇာငယ်ကို လူလိမ်လို့ သိပါတယ်။ တကောင်းက ပြေအရောက် ဧရာဝတီလမ်းကို အကန်းတောင် သွားလို့ရတဲ့ခရီးလို့ သိပါတယ်။ အစာပြတ်ပြီး မိန်းမောနေသူက "လိမ္မာရစ်ကြ" လို့ မှာနိုင်မယ် မထင်ပါ။

ဗိုလ်အောင်ကျော် (၂၇ ဒီဇင်ဘာ ၁၉၁၆ - ၂၂ ဒီဇင်ဘာ ၁၉၃၈) သေဆုံးပြီး ၂၂ ဒီဇင်ဘာ ၁၉၄၀ ပြည့်မှာ ဖွင့်ပွဲလုပ်တဲ့ ကြေးရုပ်ဟာ Bronze Paint ကြေးရည်လူးထားတဲ့ သစ်သားရုပ် (တာရာ ၁၉၆၇၊ ၂၉၉) ဖြစ်တယ်လို့ ဖွင့်ပွဲနေ့ကပဲ သိပါတယ်။ ကြေးရုပ်အတွက် ငွေကို ဟိုအတွက် ဒီအတွက် သုံးလိုက်ရတယ် ဆိုတာမျိုးပြောတယ်။ ဦးထွန်းဝင်း (၁၉၁၇ - ၂၃ မတ် ၁၉၈၃) က ရကသ ငွေထိန်း၊ သူနဲ့ခင်လို့ နည်းနည်းသိလိုက်ရပါတယ်။

အရင်းရှင်စနစ်ရဲ့ နောက်ဆုံးအဆင့်ဟာ ဖက်ဆစ်ဖြစ်လေတော့ အင်္ဂလိပ်ကို မုန်းလို့ ဂျပန်နဲ့ ပြေးပေါင်းတာ လမ်းမှန်မဟုတ်ဘူးလို့ အဲဒီအခါကပဲ သိတယ်။ ဒါပေမယ့် Browderism ကိုတော့ လက်ခံလိုက်မိပါတယ်။ ကင်ပေတိုင်က ငါတို့ အာရှလူငယ်တွေကို ဖမ်းမယ်လုပ်တော့ အနောက်ရိုးမဘက်က ရွာတွေမှာ ပုန်းရပါတယ်။ အနောက်ရိုးမမှာ တို့ပြေတာနဲ့ ဖုန်းတထောင်းထောင်း ထသွားတယ်လို့ အပြောခံရပါတယ်။ ဆိုရှယ်လစ်နိုင်ငံ၊ ဆိုရှယ်လစ်စီးပွားရေးမှာ ကုန်ဈေးနှုန်း ညှိမယ်၊ တောင်ပေါ်တောင်အောက် တစ်ဈေးတည်း ဖြစ်ရမယ်ဆိုတုန်းကလည်း တောင်ပေါ်ကဈေး တောင်အောက်ရောက်မယ်ဆိုတာ သိလိုက်ပါတယ်။


[သန်းထွန်း၊ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics