Wednesday, December 26, 2012

သမ္မတ ဦးသိန်းစိန် မိန့်ခွန်း (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်)



အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ပြောကြားသည့် မိန့်ခွန်း


ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင်တည်ဆောက်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ  ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက်ခဲ့ပြီး ခေတ်စနစ်သစ်အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန် ပြင်ဆင်ဆဲဖြစ်ပါတယ်။ ခေတ်ဟောင်းစနစ်ဟောင်းက ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းရာမှာ တွေ့ကြုံရလေ့ရှိတဲ့ အတွေ့အကြုံနည်းပါးမှု၊ အပြောင်းအလဲ အတွက် ပြင်ဆင်ချိန်လိုအပ်မှုနဲ့ အခြားရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲတွေ မည်သို့ပင်ရှိစေကာမူ ယခုထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ညင်သာချောမွေ့အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ လွှတ်တော်၊ အစိုးရ၊  တရားလွှတ်တော်၊ တပ်မတော်နဲ့ ပြည်သူတစ်ရပ်လုံးကိုရော၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း အသီးသီးကို အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ယခင်အစိုးရက ပြည်သူများရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်တို့ကို ထူထောင်နိုင်ရန် လွှဲပြောင်းပေးခဲ့မှုအပေါ် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ တစ်နည်းအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတာဝန်ကြီးကို ပထမအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်တဲ့အတွက်၊ ပါတီအသီးသီးနဲ့ရော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ၊ မတူတာတွေ ဘေးမှာထားပြီး၊ တူညီတဲ့ သဘောထားတွေနဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာကြောင့်၊ အထိုက်အလျောက် အောင်မြင်မှုရရှိနေသော်လည်း၊ အချို့နေရာတွင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပါတယ်။ ကျန်ရှိတဲ့လုပ်ငန်းတွေ အောင်မြင်ရေးနဲ့ ကျွန်တော်တို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၊ ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ပေးကြပါလို့ နှိုးဆော်ပန်ကြားလိုပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေဟာ ဒေသတွင်း အခြားနိုင်ငံများထက် နောက်ကျကျန်နေပြီး၊ ဆောင်ရွက်ရမယ့် လုပ်ငန်းပမာဏဟာ ကြီးမားကျယ်ပြန့်တဲ့အတွက်၊ ကာလတို၊ ကာလရှည် ဦးစားပေး အစီအမံတွေကို စနစ်တကျ ရေးဆွဲစီမံမှသာ၊ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး “စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်”  ရေးဆွဲပြီးဖြစ်တဲ့အတွက် ဒီနေ့ကျင်းပမယ့် စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုကြမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် ညှိနှိုင်းရေးဆွဲနေစဉ် တစ်ပြိုင်တည်းမှာ စီးပွားရေးကဏ္ဍအလိုက် ပြုပြင်ရမယ့် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးကလည်းကောင်း၊ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊  ပြည်သူများအပါအဝင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး သဘောထားအကြံဉာဏ်များ ရယူခဲ့ကြပါတယ်။

အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာပဲ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲခဲ့ကြပါတယ်။

ဒီလိုအချိန်တိုအတွင်း တစ်ခုပြီးမှတစ်ခု လုပ်ခြင်းမျိုးမဟုတ်ဘဲ ဆောင်ရွက်ရန်ရှိတဲ့ အလုပ်တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နေသလို၊ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့နဲ့ လူမှုစီးပွားရေးမှာ တိုးတက်စေမယ့် လုပ်ငန်းတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့  ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ငွေလဲနှုန်းနဲ့ ငွေကြေးကဏ္ဍ အပြောင်းအလဲမှာ မက်ခရိုစီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရင်း တစ်ဖက်က တိုင်းပြည်စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက် ရရှိရေးအတွက် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဇုန်နဲ့ စက်ရုံစုစီမံကိန်းများ၊ မြို့ပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းများကို အကောင်အထည်ဖော်ဖို့      ကြိုးစားခဲ့ပါတယ်။ သို့ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမှုနဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှု အပြီးတိုင်ရုပ်သိမ်းရန် လိုအပ်နေခြင်း၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရခြင်း၊ စတဲ့ အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့အတွက် လက်ရှိအခြေအနေကနေပြီး ပြည်သူတို့ရဲ့ လက်ရှိစီးပွားရေး သိသာထင်ရှားစွာ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ သာမန်စီမံရုံဖြင့် အလိုအလျောက် ဖြစ်ထွန်းတိုးတက်လာမှာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်မှသာ အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။

လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု ထိရောက်အောင်မြင်ဖို့ အစိုးရအုပ်ချုပ်မှုယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ဖို့ လိုအပ်ပါတယ်။

နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်အောင် ကြိုးပမ်းရာမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ အစိုးရအုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ထိရောက်ထက်မြက်မှုအပေါ်မှာ မူတည်ပါတယ်။ ခေတ်စနစ်သစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ရာမှာလည်း ရှေးယခင် အတွေးအမြင် လုပ်နည်းအတိုင်း ဆောင်ရွက်လို့မရတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေရှိမယ့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်များနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်း အနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ( Good Governance, Clean Government ) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထုအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြားတိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။

သို့ရာတွင် ပြည်သူလူထုနဲ့ ထိတွေ့နေတဲ့ ဌာနဆိုင်ရာနဲ့ မြို့နယ်၊ ရပ်ကျေး အဆင့်အထိ အဆင်မပြေမှုများစွာ ရှိနေတဲ့အပြင် အချို့နေရာဒေသ၊ ဌာနတွေမှာ -
  • ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ မတိုင်ပင်ဘဲ မိမိတို့သဘောအလျောက် ဆောင်ရွက်နေခြင်း၊
  • မိမိတို့လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှုမရှိခြင်း၊
  • ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများအပေါ် တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်း၊
  • ကဏ္ဍအလိုက်၊ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ဒေသန္တရအလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံအုပ်ချုပ်လုပ်ကိုင်မှု မရှိခြင်း၊
  • ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊
  • အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျင်မြန်ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက်အခဲများ တွေ့ရှိနေခြင်း၊
  • စီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊

စတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသောအစိုးရရဲ့ အင်္ဂါရပ်များ၊ အရည်အသွေးများ ချို့ယွင်းအားနည်းနေတာကို တွေ့ရှိရပါတယ်။ ထိုသို့ အားနည်းမှုများကြောင့် မြို့နယ်အဆင့်တွင် ပြည်သူနှင့် ထိတွေ့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများ၊ အချို့ဒေသတွင် ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်မှုကို ပြည်သူများက လိုလားနှစ်သက်ခြင်းမရှိသည့် အခြေအနေများ ပေါ်ပေါက်တာကို တွေ့ရှိရတဲ့အတွက် အောက်ခြေ ရပ်ကျေးအဆင့်မှ အထက် ပြည်ထောင်စုအဆင့်အထိ ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်လာပါတယ်။

ဒါကြောင့် အစိုးရဌာနအဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက်  ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့် လုပ်ငန်းအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကိုဆောင်သော ပြည်သူ့ဝန်ထမ်းများဖြစ်အောင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပြည်ထောင်စုအဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရအဖွဲ့အစည်းယန္တရားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်းကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင်ရာမှာ ခေါင်းဆောင်မှုနေရာတွေမှာ တာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်ကအစ ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်းအင်္ဂါရပ်နဲ့ ညီညွတ်အောင် ပြုမူကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုးယုံကြည် စိတ်ချရအောင် ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။

ယခုပြုလုပ်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများကို မိမိတို့ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန် လိုအပ်သကဲ့သို့ မိမိတို့ ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲဆောင်ရွက်ရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ရပ်တွင် အစိုးရနဲ့ပြည်သူ အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုရေး စီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်ပါဝင်တဲ့ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီး မြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စ အရပ်ရပ်အတွက် မြို့နယ်ကော်မတီ အောက်မှာ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်ရဲ့ အရေးအရာ ကိစ္စအားလုံးကို မြို့နယ် ကော်မတီ အစည်းအဝေးဖြင့် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စနစ်ဖြင့် ဖွဲ့စည်းပြင်ဆင် ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ခရိုင်ကော်မတီ အဆင့်မှာလည်း အလားတူ ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အဆင့်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားပြီးလျှင် အခြားရပ်ကွက် ကျေးရွာလူကြီးများ ရွေးချယ်ပူးပေါင်းပါဝင်တဲ့ ရပ်ကွက်ကျေးရွာကော်မတီ ဖွဲ့စည်းပြီး စုပေါင်းဆွေးနွေး တိုင်ပင်ဆုံးဖြတ်၊ အကောင်အထည်ဖော် ဆောင်ရွက်တဲ့စနစ် ဆက်လက် ဖွဲ့စည်းဆောင်ရွက်မှသာ ရှေးယခင် တစ်ဦးတစ်ယောက်တည်း အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု မလိုလားတဲ့ ပြဿနာတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများအနေနဲ့ ကော်မတီဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာကောင်းမွန်အောင် ဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်မှုကိစ္စများမှာ ဥပဒေနဲ့အညီဖြစ်ရေး စီမံဆောင်ရွက်သွားရန် မှာကြားလိုပါတယ်။

ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့နယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းဟာ အထူးအရေးကြီးတဲ့အတွက် အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များသက်သက်ဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အားနည်းချက်များ ရှိနိုင်ပါတယ်။ ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် (၃) အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ်အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ ပြည်သူလူထုအတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊ မြို့နယ်များမှာ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများအနေနဲ့လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပြီး ရုံးလုပ်ငန်းစနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်းတို့အပြင် ဘတ်ဂျက်လိုငွေ လျော့နည်းသက်သာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေးရှင်း ဖွဲ့စည်းမှု၊ ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို အစိုးရအဖွဲ့ ကဏ္ဍအလိုက် ကော်မတီ (Cabinet Committee) များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ ခွဲဝေအပ်နှင်းမှုကို ဆောင်ရွက်ရာ၌ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများနဲ့ တိုင်းဒေသကြီး ပြည်နယ်များက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများကို စနစ်တကျ ပိုင်းခြားသတ်မှတ်ခြင်းများကိုလည်း ပိုမိုထိရောက်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။ အလားတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအာဏာ ခွဲဝေပိုင်းခြားမှုကို သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းမူဘောင်များ စီမံထိန်းသိမ်းမှုကို အဓိကထား၍ တာဝန်ခံဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကတော့ ဒေသမှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကို ကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စအဝဝအတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်ကြောင်း ဖော်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။

အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် ယနေ့ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်လာရေးအတွက် အဓိကအခန်းကဏ္ဍမှနေ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဌာနအသီးသီးတွင် ပါဝင်တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းအသီးသီးတို့၏ နိုင်ငံရေးစေတနာ မှန်ကန်စွာနှင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြရန် အလေးအနက် တိုက်တွန်းလိုပါတယ်။ ယနေ့အချိန်အခါဟာ နိုင်ငံသား တစ်ဦးချင်းစီအနေနဲ့လည်းကောင်း၊ အစိုးရအဖွဲ့အစည်း အသီးသီးအနေနဲ့လည်းကောင်း၊ နိုင်ငံရေးပါတီအားလုံး အနေနဲ့လည်းကောင်း ကျရာကဏ္ဍမှ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်နိုင်မယ်ဆိုရင် မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ အနာဂတ် မြန်မာနိုင်ငံသစ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် -
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိ မရှိ တိုင်းတာချက်စံများအရ များစွာအားနည်းနေတာ တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြပါလို့ မှာကြားလိုပါတယ်။ တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့်စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်း ပေးကြပါလို့ ပန်ကြားလိုပါတယ်။ ပြည်သူ့ဘဏ္ဍာ၊ လစာရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့သားကောင်းများအနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ တစ်ဦးချင်း၊ တစ်ဌာနချင်းကောင်းအောင် ပြုပြင်ကြ ဆောင်ရွက်ကြပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည်ကောင်းမွန်အောင် စိတ်ဓါတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

(စာလုံးပေါင်းသတ်ပုံအချို့ ပြင်ဆင်ထားသည်မှလွဲ၍ သမ္မရုံးစာမျက်နှာတွင် ဖော်ပြထားသည့်အတိုင်း ပြန်လည်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်) 

1 comment:

 
Web Statistics