Wednesday, December 12, 2012

နိုင်ငံရေး - အောင်ထွဋ်


နိုင်ငံတည်ဆောက်ရေးနှင့်ပတ်သက်၍ အရေးကြီးလှသော ယနေ့အခါသမယတွင် နိုင်ငံသားအများစု၏ နိုင်ငံရေးအပေါ် အဓိပ္ပာယ်ကောက်ယူပုံ၊ နားလည်ပုံ၊ တာဝန်ယူပုံတို့သည် များစွာအရေးကြီးသည်ဟု ဆိုချင်ပါသည်။ အဓိကအရေးကြီးသည်မှာ နိုင်ငံသားအများစုက နိုင်ငံရေးဟူသည် အစိုးရက သို့မဟုတ် လူတစ်စုကသာ လုပ်ဆောင်ရမည့် အရာအဖြစ် လွဲမှားစွာ မကောက်ယူမိစေရေးပင် ဖြစ်ပါသည်။ နိုင်ငံရေး ဆိုသည်မှာ နိုင်ငံတည်ဆောက်ရေးအလို့ငှာ ကွဲပြားခြားနားသောအမြင်၊ သဘောထား ရှိသူများက အမျိုးသား အကျိုးစီးပွားအလို့ငှာ ဖြစ်နိုင်ခြေရှိသည်များကို ပူးပေါင်းဆောင်ရွက်ကြခြင်းပင် ဖြစ်ပါသည်။

Politics means clash of values, interest and visions but its an art of possible not the art of ideal!

နိုင်ငံရေးဆိုသည်မှာ ကွဲပြားသောတန်ဖိုးများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များကြောင့် ဖြစ်ပေါ်လာခြင်း မှန်သော်လည်း ထိုကိစ္စများကို ဖြေရှင်းရန်အလို့ငှာ အတိုက်အခံလုပ်ရမည်ကို ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံတည်ဆောက်ရေးသည် အတိုက်အခံလုပ်ငန်းစဉ် မဟုတ်ပေ။

The art of possible ဆိုသည်မှာ ဖြစ်နိုင်ခြေများကို အကောင်အထည်ဖော်ခြင်းအနုပညာကို ရည်ညွှန်းသည်ဖြစ်ရာ နိုင်ငံရေးမှာ အန္တရာယ်များသည်၊ ၀င်မပါသင့်ဆိုသော အယူအဆများမျာလည်း ဤရှုထောင့်မှကြည့်လျှင် မမှန်သည့်အပြင် တာဝန်မဲ့ရာရောက်ပေသည်။ ဖြစ်နိုင်ခြေဟု ဆိုခြင်းကပင် ပါဝင်ပတ်သက်နေသူ Stakeholder အားလုံးက လက်ခံနိုင်သော အဖြေဖြစ်ရာ ထိုဖြစ်နိုင်ခြေများအတွက် တိုက်ပွဲဝင်စရာ မလိုပါ။ ဖြစ်နိုင်ခြေဟု သုံးနှုန်းခြင်းကပင် အပြုသဘောဆောင်သောကြောင့် အန္တရာယ်များသည်ဟု ယူဆရန် အကြောင်းမရှိပေ။

အဓိက မီးမောင်းထိုးပြလိုသောအချက်မှာ နိုင်ငံရေးသည် မိမိနှင့် မတူညီသူများကို ဆန့်ကျင်ရသည့် လုပ်ငန်းစဉ်မဟုတ်ဘဲ မတူညီသော ရပ်တည်ချက်များ၊ သဘောထားများအကြားမှာ နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေ တစ်စုံတစ်ရာကို ရှာဖွေရေးသာဖြစ်သည်ဟူသော အချက်ပင် ဖြစ်ပါသည်။ နိုင်ငံရေးအမျိုးမျိုး၏ အန္တိမ ရည်မှန်းချက်သည် နိုင်ငံတည်ဆောက်ရေးသာဖြစ်ပေရာ ဖြစ်နိုင်ခြေ တစ်စုံတစ်ရာကို မရှာဖွေနိုင်လျှင် နိုင်ငံတည်ဆောက်ရေးသည် ဖြစ်နိုင်စရာမရှိချေ။

[အောင်ထွဋ်၊ နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ၊ စာ-၅၊ ၆၊ နိုင်ငံရေး] 

No comments:

Post a Comment

 
Web Statistics