Friday, December 21, 2012

ကျွန်တော့်အတွက် နောက်ဆုံးပို့စ်


ပို့စ်ခေါင်းစဉ်ကိုဖတ်ပြီး ဟိုတွေး ဒီတွေး မတွေးပါနဲ့ဗျာ။
ကျွန်တော်ကိုဉာဏ် ဘယ်နိုင်ငံကိုမှ ထွက်သွားဖို့ အစီအစဉ်မရှိသလို၊ ဘလော့ဂ်နယ်ပယ်ကနေလည်း ရှောင်ပြေးဖို့ အစီအစဉ် လုံးဝ (လုံးဝ) မရှိပါဘူး။
ကျွန်တော်ကိုဉာဏ် စာတွေ ဖတ်နိုင်နေသေးသမျှ၊ ကွန်ပျူတာသုံးနိုင်နေသေးသမျှ၊ အင်တာနက်ကွန်နက်ရှင်း ကောင်းနေသေးသမျှ၊ တွေးစရာရေးစရာတွေ ရှိနေသေးသမျှ၊ ဂူဂဲလ်ကလည်း ဘလော့ဂ်ဂါကို အခုလို အဆင်ပြေပြေ သုံးစွဲခွင့် ပြုနေသေးသမျှ ကာလပတ်လုံး စာတွေရေးနေဦးမှာပါ။

အမှန်အတိုင်းပြောရရင်တော့ မဆီမဆိုင် တစ်ကမ္ဘာလုံး သည်းသည်းလှုပ်ဖြစ်နေကြတဲ့ ကမ္ဘာပျက်မယ့်နေ့ ဆိုတဲ့ကိစ္စကို လှောင်ချင်တဲ့အတွက် ပို့စ်ခေါင်းစဉ်ကို စာဖတ်သူများ မြင်တဲ့အတိုင်း ပေးလိုက်တာဖြစ်ပါတယ်။

အရှေ့တိုင်းကလူတွေက ဟိုဟာဆန်တယ်၊ ဒီဟာဆန်တယ်လို့ အမြဲတမ်း နှိမ်ပြောပြောခဲ့တဲ့ အနောက်နိုင်ငံသားတွေဟာ အခုဖြစ်ရပ်မှာတော့ ဘယ်လိုဖြစ်ပြီး လက်တွေ့မဆန်ဘဲ ထိတ်လန့်ကြောက်ရွံ့နေကြသလဲဆိုတာ ကျွန်တော်တော့ ဉာဏ်မမီပေါင်ဗျာ။ သိပ္ပံသမား၊ လက်တွေ့ဝါဒီ၊ ရှေးရိုးစွဲမဟုတ်သူ စတဲ့စတဲ့ ဂုဏ်ပုဒ်တွေကို ကိုယ့်ဘာသာကိုယ်တပ်ပြီး လက်မ,ထောင်ခဲ့ကြတဲ့ နှာခေါင်းချွန်ကြီးတွေ၊ အသားနီကြီးတွေ၊ ကုလားဖြူကြီးတွေက လူမျိုးစုတစ်ခုရဲ့ ပြက္ခဒိန်တစ်ခုကြောင့် ကြောက်ရွံ့ထိတ်လန့် နေကြရတယ် ဆိုတာကတော့ သိပ်မနိပ်လှဘူး ထင်ပါတယ်ဗျာ။ မြင်ရတာ ကို့ရို့ကားယားနဲ့ ဟာသများ ဖြစ်နေသလားလို့ပါ။

ကျုပ်တို့အရှေ့တိုင်းကတော့ ရှင်းတယ်ဗျာ။ တရုတ်နိုင်ငံကဆို ကမ္ဘာပျက်မယ်ဆိုပြီး ၀ါဒဖြန့်တဲ့လူတွေကို ဖမ်းဆီးပြီး ထောင်တွေတန်းတွေ ချပစ်လိုက်သေး မဟုတ်လား။ ဂျပန်တို့၊ တောင်ကိုရီးယားတို့လည်း သူတို့ရွေးကောက်ပွဲတွေကို ကမ္ဘာပျက်တော့မှာမို့ မလုပ်တော့ပါဘူးဆိုပြီး ရပ်မထားကြပါဘူး။ ကျွန်တော့်ရွာက ကြီးတော်ကြီးဆိုရင်လည်း ကမ္ဘာပျက်တာတွေဘာတွေ မစဉ်းစားနိုင်အားပါဘူး။ သူ့ခမျာ စပါးရိတ်နေတဲ့ လင်တော်မောင် ကျွန်တော့်ဘကြီးကို နေ့လည်ထမင်း အမီပို့ဖို့အရေး ချက်ပြုတ်ကြော်လှော် နေလေရဲ့။ ကျွန်တော့်တူတွေ၊ တူမတွေလည်း မိုးလင်းကတည်းက လုပ်စရာရှိတာလုပ်ပြီး ကျူရှင်သွားကြ၊ ကျောင်းသွားကြပါပဲ။ သူတို့ကတော့ ပြောရှာပါတယ်... မြန်မာနိုင်ငံကလည်း မမိုက်လိုက်တာဗျာတဲ့။ အမေရိကန်မှာတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ ကောလာဟလကြောင့် ကျောင်းတွေပိတ်ထားကြပြီတဲ့။ ကျွန်တော်တို့ကိုလည်း ကျူရှင်ပိတ်ပေးရင် ကောင်းမှာပဲတဲ့။

ဒီနေ့ဟာ....
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်၊ သောကြာနေ့။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နတ်တော်လဆန်း ၈ ရက် ဖြစ်ပါတယ်။
တကယ်လို့များ ကမ္ဘာပျက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေရဲ့ နောက်ဆုံးနေ့ပေါ့ဗျာ။
မိတ်ဆွေအခုဖတ်နေရတဲ့ စာဟာ ဘ၀မှာ နောက်ဆုံးဖတ်ခွင့်ရတဲ့စာ ဖြစ်နိုင်သလို ကျွန်တော့်အတွက်လည်း နောက်ဆုံးရေးတဲ့စာ ဖြစ်နိုင်တာပါပဲ။
လောလောဆယ်တော့ ကမ္ဘာမပျက်သေးခင်ခဏ ကျွန်တော့်မိတ်ဆွေတွေကို ဖတ်ခွင့်ရအောင် ကျွန်တော်ရေးတင်ထားတဲ့ပို့စ်ကို အားပေးလိုက်ကြပါဦးလို့ ...............။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်၊ သောကြာနေ့။
နေ့လည် ၁၂ နာရီ ၀၅ မိနစ်တွင်ပြီး၏။





 (အပေါ်က ကာတွန်းက ကျွန်တော်အကြိုက်ဆုံး ကာတွန်းပါပဲဗျာ)

No comments:

Post a Comment

 
Web Statistics