အမှတ်စဉ် (၂) အထိ ရေးသားခဲ့သော်လည်း ကာလအတန်ကြာ ဆက်မရေးဖြစ်ဘဲ အဆက်ပြတ်သလို ဖြစ်သွားခဲ့ရပါသည်။ အလုပ်တာဝန်များနှင့် မအားလပ်သောကြောင့်ဟု အကြောင်းပြချက် မပေးလိုသော်လည်း မအားလပ်ခဲ့သည်ကတော့ အမှန်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အစပျိုးခဲ့သော်လည်း ဆက်မရေးဖြစ်ဘဲ ပစ်ထားသလို ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ ရေးမည့်အကြောင်းအရာများ၊ ပြောလိုသည်များကို စိတ်ထဲတွင် စဉ်ထားပြီးဖြစ်သော်လည်း စိတ်အေးလက်အေးနှင့် အချိန်ယူစဉ်းစားကာ ရေးသင့်သည်ဟု ထင်မြင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အလောတကြီး ရေးသားခြင်း မပြုခဲ့ဘဲ အခြားပို့စ်များကိုသာ ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ပို့စ်တစ်ခုဖြစ်ရင်ပြီးရော မရေးသားလိုသည့်အတွက် အမှတ်စဉ် (၂) နှင့် ယခု အမှတ်စဉ် (၃) အကြားတွင် အချိန် ၂ လခန့် ကွာခြားသွားခဲ့ရခြင်းကို အားနာမိပါကြောင်းနှင့် အနူးအညွတ်တောင်းပန်ပါကြောင်း။
ယခုပို့စ်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်များကိုပင် ကျွန်တော်တို့ လေ့လာကြမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက် များစွာရှိရာ ထိုအချက်များအားလုံးကို သေသေချာချာ သဘောပေါက်မှသာလျှင် ဆက်စပ်စဉ်းစားမှုများ၌ အဆင်ပြေမည်ဟု ကျွန်တော်ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်အတွက် ဥပေဒကျောရိုးကို ရေးဆွဲခဲ့သူ(များ)၏ အတွေးအကြံများကို ထိုပေးထားချက်များမှတစ်ဆင့် မြင်တွေ့သိရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ သိရှိခြင်းဖြင့် အချို့သော ပြဋ္ဌာန်းချက်များတွင် မူရင်းရည်ရွယ်ရင်းကို မှန်းဆနိုင်ပါသည်။
ကျွန်ုပ်အနေဖြင့် ဥပဒေပညာရှင်တစ်ဦး မဟုတ်သည့်အတွက် ဥပဒေရှုထောင့်မှ မည်သို့မည်ပုံဆိုသည်ကို သေသေချာချာ ရှင်းပြနိုင်ချင်မှ ရှင်းပြနိုင်မည်ဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်များနှင့် ၎င်းပေးထားချက်များ၏ ရည်ရွယ်ရင်း၊ ဦးတည်ချက်၊ လမ်းကြောင်းကိုမူ မှန်းဆနိုင်သည်ဟုတော့ ဆိုချင်ပါသည်။ ၀တ္ထုစာအုပ်ထဲတွင် စိတ်နစ်သွားသည့်အခါ ၀တ္ထုရေးသူ၏ ခံစားချက်များ၊ အတွေးများ၊ စိတ်ကူးများသည် မိမိထံသို့ ကူးစက်လာသကဲ့သို့ဟု ဆိုချင်ပါသည်။ ထိုသို့ဆိုသည့်အတွက် ဝေဖန်စရာဖြစ်မည်ကိုလည်း ကျွန်တော်သိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၀တ္ထုစာအုပ် မဟုတ်ပါ။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ သို့သော် စာဖတ်သူများအနေဖြင့် သတိပြုမိစေချင်သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူများမှာ စက်ရုပ်များ၊ ဂြိုလ်သားများ မဟုတ်ကြပါ။ လူသားများဖြစ်ကြပါသည်။ လူသားများဖြစ်သည့်အတွက် ခံစားချက်များ ရှိကြပါသည်။ ဤနေရာတွင်လည်း ကျွန်တော်ပြောလိုရင်းကို နားလည်စေချင်ပါသည်။ ခံစားချက်အတိုင်း ရေးထားသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ လူဆိုသည်မှာ မိမိတွေ့ကြုံခဲ့ဖူးသည့် အတွေ့အကြုံများအပေါ်တွင် များစွာခံစားတတ်ကြသူများ ဖြစ်သည်ဟုဆိုလျှင် စာဖတ်သူများအနေဖြင့် အငြင်းပွားလိမ့်မည်မဟုတ်ဟု ကျွန်ုပ် ယုံကြည်ပါသည်။
အခြေခံဥပဒေကို ရေးဆွဲသွားသူများကို လှမ်းမျှော်မကြည့်ဘဲ မိမိဘာသာမိမိ ပြန်လည်ဆင်ခြင် ကြစေလိုပါသည်။ နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ ဆုံးဖြတ်လုပ်ကိုင်နေရသည်များမှာ ကျွန်တော်တို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ်တွင် အခြေပြုကာ ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ တစ်ခုသိထားသင့်သည်မှာ ထိုသို့ ဆုံးဖြတ်လုပ်ကိုင်ခြင်းများသည် မိမိအတွက် အမှန်တရားများ ဖြစ်ကောင်းဖြစ်နေမည်ဖြစ်သော်လည်း အခြားအခြားသော လူများအတွက်မူ ဟုတ်ချင်မှဟုတ်မည် ဆိုသည့်အချက် ဖြစ်ပါသည်။ သူတို့တွင်လည်း သူတို့အတွေ့အကြုံများအရ သူတို့ဘာသာ ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်အယူအဆများ၊ ခံယူချက်များ ရှိနေကြသည်ကို မမေ့ကြစေလိုပါ။ အဆိုပါ အချက်များသည် ကျွန်ုပ်တို့အနေဖြင့် ခံစားချက်များအပေါ်တွင် အခြေပြုကာ လုပ်ကိုင်ဆောင်ရွက်ကြခြင်း ရှိမရှိ ဆိုသည်ကို သိရှိနိုင်သည့် အချက်များဟု ကျွန်ုပ် ယုံကြည်ပါသည်။
မူလအကြောင်းအရာကို ပြန်ဆက်ရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားသူများသည် လူသားများဖြစ်သည့်အတွက် သူတို့ခံစားချက်များသည် အခြေခံဥပဒေထဲတွင် ပျော်ဝင်နေပါလိမ့်မည်။ ထိုအချက်များကို ရှာဖွေတွေ့ရှိနိုင်ပါလျှင် အချို့သူများ ပြောဆိုနေကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့သည် အဘယ်ကြောင့် ထိုသို့ ဖြစ်နေကြရသည်ကို နားလည်နိုင်လိမ့်မည်ဟု ဆိုချင်ပါသည်။ အနည်းဆုံးတော့ ဒီနေ့ဒီအချိန်မှာ ဒီလို အငြင်းပွားမှုတွေ၊ ဒီလို ဆုံးဖြတ်ချက်တွေ၊ ဒီလို အားပြိုင်မှုတွေ ဖြစ်လာအောင် ကြိုတင်ကြံရွယ်ခဲ့သလားဟု ထင်ရလောက်အောင် စနစ်ကျလှသည့် ပြဋ္ဌာန်းချက်များအကြောင်းကို လေ့လာခြင်းသည် စိတ်ဝင်စားစရာကောင်းနေလိမ့်မည်ဟု ယုံကြည်မိပါသည်။
ယခုပို့စ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အသက်ကန့်သတ်ချက်များနှင့် ပတ်သက်၍ ကျွန်တော်ကိုဉာဏ် လေ့လာမိသမျှကို စုစည်းဖော်ပြထားပါသည်။ မှားယွင်းချွတ်ချော်မှုများ မြင်တွေ့ခဲ့ပါလျှင်လည်း အားနာခြင်း မဖြစ်ဘဲ ကျွန်ုပ်ကိုယ်တိုင်နှင့် အခြားစာဖတ်သူများ၏ အကျိုးငှာ ထောက်ပြဝေဖန် ပြောဆိုကြစေလိုပါသည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း အသက်ကန့်သတ်ချက်များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အထွေထွေ ဟူ၍ အပိုင်း ၄ ပိုင်းခွဲ၍ တင်ပြထားပါသည်။ စာဖတ်သူများအနေဖြင့် ဖတ်ရှုဝေဖန် သုံးသပ်မှုများ ပြုလုပ်နိုင်ပါသည်။ အသက်ကန့်သတ်ချက်နှင့် ပတ်သက်၍ ကျွန်တော့်တွင် ပြောစရာများစွာ ရှိသော်လည်း ဤနေရာတွင် ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပတ်သက်၍သာ အလေးထား ပြောကြားလိုပါသည်။
စာဖတ်သူများ သတိထားမိလိမ့်မည်ဟု ယုံကြည်ပါသည်။ မဏ္ဍိုင်သုံးရပ် ရှိသည့်အနက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့တွင် တာဝန်ရှိသူ အဆင့်ဆင့်သည် အသက်ကန့်သတ်ချက်များ ရှိနေကြပါသည်။ ဤပို့စ်တွင် ကျွန်တော့်အနေဖြင့် အသက်ကန့်သတ်ချက်ကိုသာ အထူးပြုဖော်ပြခြင်း ဖြစ်သဖြင့် အခြားအကြောင်းအရာများ မပါဝင်သော်လည်း အသက်ကန့်သတ်ချက်နှင့်အတူ အခြားသော အရည်အချင်း ကန့်သတ်ချက်များ ပါရှိနေသည်ဆိုသည်ကို စာဖတ်သူများ သိရှိပြီးဖြစ်သည်ဟု ယုံကြည်ပါသည်။
ဥပဒေပြုရေးမဏ္ဍိုင်မှာမူ အင်မတန် ထူးခြားပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အသက်ကန့်သတ်ချက်နှင့် ပြည့်စုံရမည့် အရည်အချင်းများ ရှိပါသော်လည်း လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများအား အသက်ကန့်သတ်ထားခြင်း မရှိသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် အမြဲတမ်းကော်မတီများ၏ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကိုလည်း အသက်ကန့်သတ်ထားခြင်း မရှိပါ။ ဆိုလိုသည့်သဘောမှာ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သော်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ်သော်လည်းကောင်း၊ ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ အဖြစ်သော်လည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်သည် ဟူသည့်အချက် ဖြစ်ပါသည်။ စဉ်းစားဖွယ် ဖြစ်ပါသည်။
ဖြစ်နိုင်ချေ အင်မတန်မှ နည်းပါးပါသော်လည်း ပေးထားချက်အရ၊ သင်္ချာနည်းအရ ဖြစ်နိုင်သည့်အချက်မှာ အသက် ၂၅ နှစ် သို့မဟုတ် ၃၀ နှစ် ပြည့်ပြီးသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း ဖြစ်ပါသည်။ ၂၅/၃၀ နှစ်ဆိုသည်က နမူနာ ပြောလိုခြင်းသာ ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရန်အတွက် အသက် ၂၅ နှစ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရန်အတွက် အသက် ၃၀ နှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဖြစ်ရန်အတွက် အသက် ၂၅ နှစ် ပြည့်မြောက်ရန်သာ လိုအပ်ပါသည်။ အခြားကန့်သတ်ချက် အရည်အချင်းများ လုံးဝ (လုံးဝ) မလိုအပ်ပါ။ ပညာရေးဆိုင်ရာ အရည်အချင်းများ မလိုပါ၊ မည်သည့်နယ်ပယ်တွင် လုပ်သက်မည်မျှ ရှိရမည်ဟူသည့် အရည်အချင်းမလိုပါ။ တစ်ခုသာ လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန်တစ်ခုသာ ဖြစ်ပါသည်။
လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်သည့် နည်းလမ်းများအရ၊ ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ ခန့်အပ်သည့် နည်းလမ်းများအရ လွှတ်တော်အတွင်း အမတ်နေရာ အများဆုံး ရရှိသည့် ပါတီသည်လည်းကောင်း၊ ညွန့်ပေါင်းဖွဲ့နိုင်သည့် ပါတီများသည်လည်းကောင်း လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများကို ၎င်းတို့စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့် ရရှိကြလိမ့်မည် ဖြစ်ပါသည်။ (သမ္မတနှင့် အစိုးရအဖွဲ့သည်လည်း ဤလမ်းကြောင်းမှ သွားရသည်ကို သတိပြုစေလိုပါသည်) ထို့ကြောင့် အသက် ၂၅ နှစ် သို့မဟုတ် ၃၀ နှစ် ပြည့်ပြီးလျှင် လွှတ်တော်ဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကျွန်တော်ပြောခဲ့ခြင်း ဖြစ်ပါသည်။ မဏ္ဍိုင်သုံးရပ်အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများကို စာဖတ်သူများ ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်စေလိုပါသည်။ အချို့သော ပြဿနာများသည် ယခု ဖော်ပြခဲ့သည့် အသက်ကန့်သတ်ချက်များနှင့် ဆက်စပ်နေသည်ကို တွေ့ရှိနိုင်သောကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့် အခြားအရာများကို မပြောလိုသော်လည်း အသက်ကန့်သတ်ချက်များနှင့် ပတ်သက်၍ စဉ်းစားမိတိုင်း စိတ်ထဲတွင် ဖြစ်မိသည့်အရာတစ်ခု ရှိပါသည်။ အခြားမဟုတ်ပါ။ ဥပဒေပြုရေးမဏ္ဍိုင်မှ လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျောရိုးကို ရေးဆွဲခဲ့သူ(များ)ကို ကျေးဇူးတင်သင့်သည် ဟူသည့်အချက် ဖြစ်ပါသည်။ ထိုသို့ဆိုသည့်အတွက် ကျွန်တော်စိတ်ပူမိသည်မှာ စာဖတ်သူများအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများအတွက် အသက်ကန့်သတ်ချက် မထားခဲ့သောကြောင့်ဟု ယူဆသွားမည်ကို ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် ထိုအချက်ကို ပြောလိုခြင်း မဟုတ်ပါ။ အခြေခံဥပဒေကို ရေးဆွဲခဲ့သူများ၏ ပြည်သူကိုလေးစားမှု၊ ပြည်သူအပေါ် ယုံကြည်မှု၊ ဥပဒေပြုရေးမဏ္ဍိုင်အပေါ် တန်ဖိုးထားလေးစားမှုတို့ကို ဖြစ်ပါသည်။ ချက်ချင်း သဘောမပေါက်ခဲ့ပါလျှင် ခေါင်းအေးအေးထား၍ စဉ်းစားကြည့်စေလိုပါသည်။ ကျွန်တော် ဘာကိုဆိုလိုသည်ကို စေ့စေ့တွေးလျှင် ရေးရေးပေါ်လာပါလိမ့်မည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်၊ သောကြာနေ့။
နံနက် ၃ နာရီ ၅၉ မိနစ်တွင်ပြီး၏။
ဆက်စပ်ဖတ်ရှုရန်များ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
၂။ နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၁)
၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၂)
No comments:
Post a Comment