Monday, January 14, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၇ - ၁၃)



(က)
လာဘ်ပေးလာဘ်ယူကော်မတီ
ဒုတိယသမ္မတဒေါက်စိုင်းမောက်ခမ်း၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာထွန်းရှင်၊ ဦးသန်းကျော်၊ ဦးလှထွန်း တို့ ၉ ဦးပါဝင်တဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခဲ့တာဟာ ပြောစရာတွေ များလွန်းလှပါတယ်။ တစ်အချက်၊ ဒီကော်မတီဟာ တကယ်ပဲ အဲဒီကိစ္စတွေကို တိုက်ဖျက်မှာလား။ ပါဝင်ဖွဲ့စည်းထားတာတွေက သမ္မတရုံးကို မူတည်ပြီး ဖွဲ့ထားတယ်လို့ တွက်ဆရပါတယ်။ သမ္မတရုံးနဲ့ လွတ်ကင်းတယ်ပြောရမလား၊ သမ္မတရုံးက မဟုတ်သူလို့ ဆိုရမလား၊ ထားပါတော့ဗျာ၊ အဲဒီလို ပါတာဆိုလို့ ပြည်ထဲရေးဝန်ကြီး တစ်ဦးတည်းသာ ရှိပါတယ်။ နှစ်အချက်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော့်အမြင်ကတော့ ဒီကော်မတီဟာ အလုပ်ဖြစ်နိုင်စရာ မရှိဘူးလို့ ထင်မိပါတယ်။ နမူနာပြောရရင် ဒေါက်တာစိုင်းမောက်ခမ်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ အခု ဒုတိယသမ္မတသက်တမ်း ၂ နှစ်လောက်အတွင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ထပ်တိုးသွားသလဲ ကျွန်တော်တို့ မသိဘူး။ အဲဒီလိုပဲ ဦးစိုးသိန်းမှာ ဘယ်လောက်ပိုင်ဆိုင်မှု ရှိသလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ စက်မှုဝန်ကြီး ဖြစ်ခဲ့တဲ့ကာလမှာ၊ မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ကာလမှာ သူဘယ်လောက် ပိုင်ဆိုင်မှု ထပ်တိုးခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ရန်ကုန်မှာရှိတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေနဲ့ မြေဧကပေါင်းများစွာ လေလံပစ်ခဲ့တဲ့ကိစ္စတွေ၊ ကားတင်သွင်းခွင့်ကိစ္စတွေ၊ ရန်ကုန်က ခုံးကျော်တံတား ကိစ္စတွေမှာ ဦးစိုးသိန်းအနေနဲ့ ဘာအပေးအယူမှ မရှိဘဲ လုပ်ခဲ့ပါတယ်လို့ ဘယ်သူက အာမခံပေးမလဲ။ ကဲ.. အဲဒါတွေ ထားပါတော့ဗျာ... ဒီကော်မတီက ညွှန်ချုပ်တစ်ယောက်ယောက်၊ ဒါမှမဟုတ် ဒုဝန်ကြီး တစ်ယောက်ယောက်၊ ဒါမှမဟုတ် ၀န်ကြီးတစ်ယောက်ယောက်ကို လာဘ်ပေးလာဘ်ယူ လုပ်ပါတယ်ဆိုပြီး စစ်ဆေးတွေ့ရှိပါပြီတဲ့။ ဘာဆက်လုပ်မှာလဲ။ အဲဒီလူကရော အသာတကြည်ပဲ ဟုတ်ပါတယ် ကျွန်တော်အဲဒီလို လုပ်ခဲ့ပါတယ်ဆိုပြီး ထွက်သွားမှာလား။ မတော်လို့များ အဲဒီလူက ခင်ဗျားတို့ ကော်မတီထဲက ဘယ်သူဘယ်သူကတော့ ဘယ်ကိစ္စ ဘယ်ကိစ္စတွေမှာ ဘယ်လို မသမာမှုတွေ လုပ်ခဲ့ပါတယ်လို့ ပြောခဲ့ရင်ရော ဘယ်လိုဆက်ဖြစ်ကြမှာလဲ။ ကျွန်တော်အခုလို ပြောနေခြင်းသည် ပုဂ္ဂိုလ်ရေးအရ ပြောဆိုနေခြင်း လုံးဝမရှိပါ။ ကော်မတီထဲတွင် ကျွန်တော်နှင့် သက်တူရွယ်တူ ပြိုင်ဘက်တစ်ဦးမျှ မပါရှိပါ။ ထို့အတူ ၎င်းတို့ထဲမှ တစ်ဦးဦးကြောင့် ကျွန်တော့်မိသားစု ဆွေမျိုးအ၀ိုင်းအ၀န်းမှ တစ်ဦးတစ်ယောက်မျှလည်း နစ်နာခဲ့ဖူးခြင်း မရှိပါ။ ကော်မတီကို အမှန်တကယ် အသက်ဝင်စေချင်၍ ဖြစ်ပါသည်။ နောက်တစ်ချက်က လွှတ်တော်တွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရှိရပါသည်။ ထိုဥပဒေသာ အမှန်တကယ် ထွက်လာမည်ဆိုလျှင် ယခုကော်မတီသည် ထိုအချိန်တွင် အလကားသက်သက် အပိုဖြစ်သွားမည်ဖြစ်သည်။ ဒါတွေက ကျွန်တော်စဉ်းစားမိသလောက် ရေးပြမိခြင်းပါ။ ဘာပဲပြောပြော အခုဖွဲ့ထားတဲ့ကော်မတီ ဘာလုပ်မလဲဆိုတာတော့ ကျွန်တော်အင်မတန် စိတ်ဝင်စားပါသည်။ တော်တော်ကြာ ဒီကော်မတီသည် ကျွန်တော်ခေါင်းစဉ်တပ်ထားသလို ဖြစ်သွားလျှင်ဖြင့် ကျော်မကောင်း၊ ကြားမကောင်း ဖြစ်မှာကို စိုးရိမ်မိပါသည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးလိုက်ကာမှ ဆေးအတွက်ဖြင့် မလေးစေလိုပါ။ ငယ်ငယ်ကတည်းက ကြားဖူးနေကျ ဟာသတစ်ခုကို သတိရမိပါသည်။ ရပ်ကွက်ထဲမှာ စာရိတ္တမဏ္ဍိုင် မြှင့်တင်ရေး အစည်းအဝေး ပြုလုပ်သည်တဲ့။ အစည်းအဝေးအပြီး ပြန်ထွက်လာတော့ ဖိနပ် ၂ ရံ ပျောက်သွားသည်တဲ့။ ကဲ... မခက်ချေဘူးလား။ နောက်ထပ် သတိရမိပြန်ပါသည်။ ကာတွန်းတစ်ကွက် ဖြစ်ပါသည်။ အောက်တွင် ရှုစားအတွေးပွားကြပါကုန်။


( ခ )
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူခန့်အပ်၊ Eleven ၏ ဖွချက်
နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ခန့်အပ်တယ်ဆိုတာ နိုင်ငံရေးလောကမှာ ဘာမျှ ထူးဆန်းတဲ့အကြောင်းအရာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အဲဒီလိုမျိုး ခန့်အပ်ထားကြတာချည်းပါပဲ။ နိုင်ငံတကာသတင်းတွေဖတ်ရင် ပြောရေးဆိုခွင့်ရှိသူ ဆိုတဲ့အသုံးအနှုန်းဆိုတာ မမြင်ချင်အဆုံး၊ မဖတ်ချင်အဆုံး မြင်ရဖတ်ရတဲ့ စကားလုံးပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အခုလို ခန့်အပ်တာဟာ အင်မတန်မှတောင် နောက်ကျနေတယ်လို့တောင် ပြောနိုင်ပါတယ်။ တစ်ခုခုဆိုတာနဲ့ သမ္မတဆီပဲ တိုက်ရိုက်မေး၊ သမ္မတကပဲ တိုက်ရိုက်ဖြေ ဖြစ်နေတာက အတော်ကြာပါပြီ။ အားလုံးသိတဲ့အတိုင်း မကြာသေးမီ အချိန်ကာလတွေအတွင်းကတော့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူဆိုပြီး မှူးဇော်ရဲ့ ဖဘက သတင်းတွေ၊ စကားတွေ၊ ထုတ်ပြန်ချက်တွေကို ကိုးကားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင် ခန့်အပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အပြင် မှူးဇော်ဟာ ဘာလဲဆိုတာကိုတောင် ကျွန်တော်တို့ သိခွင့်မရခဲ့ကြပါဘူး။ သမ္မတကြီးကပဲ နားလည်မှုနဲ့ လွှတ်ပေးထားတာလား၊ သူ့ဟာသူပဲ ၀ါသနာအရ လုပ်ချင်ရာလုပ်နေတာလား၊ သမ္မတရုံးရဲ့ ဖွဲ့စည်းပုံအရပဲ သူ့ရဲ့ ညွှန်ကြားရေးမှူးတာဝန်ဟာ အဲဒီအလုပ် လုပ်ရမယ့် ဌာနကလားဆိုတာ ဘာဆိုဘာမျှကို မသိခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့အရေးအသားတွေ၊ ထုတ်ပြန်ချက်တွေ၊ ဖြေရှင်းချက်တွေဟာ မီဒီယာသမားတွေအတွက် အတော်ကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ အခုတော့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါပြီ။ ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဘာတွေလုပ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ သူ့မှာ ဒုဝန်ကြီးတာဝန် ရှိနေသေးတာ ဖြစ်တဲ့အတွက် ဘယ်အလုပ်ကိုမျှ ဖိဖိစီးစီး မလုပ်နိုင်မှာတော့ သေချာပါတယ်။ ပြန်ကြားရေးဘက်ကို လျှော့ပေးလိုက်ပြီး ပြောရေးဆိုခွင့်ဘက်ကို အာရုံစိုက်မလား၊ ဒါမှမဟုတ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပီပြင်အောင် ထမ်းဆောင်မလား ဆိုတာဟာ ပဟေဠိပါပဲ။ ကျွန်တော့်အမြင်ကတော့ ပြောရေးဆိုခွင့် ဆိုတဲ့ရာထူးကို သိပ်ပြီးတော့ ပီပြင်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို သီးခြားပုဂ္ဂိုလ်တစ်ဦးကိုပဲ ခန့်အပ်သင့်တယ်လို့ မြင်ပါတယ်။ သမ္မတကြီးဘေးမှာ အချိန်ပြည့်ရှိနိုင်မယ့်၊ တာဝန်ထမ်းဆောင်နိုင်မယ့်လူ ဖြစ်သင့်တယ်လို့ ထင်တာပါပဲ။ ဒါတွေကတစ်ပိုင်းပါ။ ကျွန်တော့်မှာ ပြောစရာက ရှိနေပါသေးတယ်။ ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်လိုက်တော့ မီဒီယာတွေက ထုံးစံအတိုင်း သတင်းတွေ ရေးသားဖော်ပြကြတာပေါ့လေ။ အဲဒီအထဲမှာမှ ကျေးဇူးရှင် ELEVEN မီဒီယာက သတင်းဖော်ပြပုံလေးက သိပ်သဘောကျလွန်းလို့ ဆဲချင်စရာတောင် ကောင်းသေးတော့တယ်။ ပြောရေးဆိုခွင့်ရှိသူဆိုတာ ၀န်ကြီးကိုပဲ ခန့်အပ်ရမယ်၊ ၀န်ကြီးကိုကျော်ပြီး ဒုဝန်ကြီးကို ခန့်အပ်တာဟာ ၀န်ကြီးကို စော်ကားတာ၊ ချောင်ထိုးတာ၊ သုံးမရလို့ မသုံးတာလို့ သူတို့တွေ ထင်နေရှာတယ်ထင်ပါရဲ့။ သမ္မတကြီး ပြောပြောနေတဲ့ အပြောင်းအလဲကို မလိုက်ပါဘဲ ခေတ်နောက်ပြန်ဆွဲသူတွေ ဆိုတဲ့အထဲမှာ ELEVEN က ထိပ်ဆုံးကဆိုတာ အခုမှပဲ သိခွင့်ရတော့တယ်။ အဲဒီလို အတွေးအခေါ်၊ အဲဒီလို ဖွချက်နဲ့ကတော့ ကုန်းဘောင်ခေတ်ထဲကိုသာ ပြန်သွားပါတော့လို့သာ ပြောလိုက်ပါရစေ။


( ဂ )
ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချိန်များ ပြောင်းလဲ
ပြည်တွင်းသတင်း ထုတ်လွှင့်ချိန်များ အောက်ပါအတိုင်း ဖြစ်သွားပါပြီခင်ဗျား -
(၁) ညနေ ၆း၀၀ မှ ၆း၁၅    အထိ
(၂) ည     ၇း၀၀ မှ ၇း၁၀    အထိ
(၃) ည     ၈း၀၀ မှ ၈း၁၅    အထိ
(၄) ည   ၁၀း၀၀ မှ ၁၀း၃၀  အထိ
ဇန်န၀ါရီလ ၉ ရက်နေ့ကစပြီး ပြောင်းလဲထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ သတိထားမိတာက (သတိထားမိအောင်လည်း သူတို့က သေသေချာချာ ရေးထားတာမို့ပါ) အများပြည်သူ ၀န်ဆောင်မှု အသံလွှင့်ဌာန ဆိုတဲ့စကားလုံးရယ်၊ ပြည်သူဗဟိုပြုမူဝါဒ ဆိုတဲ့စကားလုံးရယ်ပါ။ အဲဒီ စကားနှစ်လုံးဟာ ၀န်ကြီးဌာနအတွက် ပြောရတာ၊ ရေးရတာ သိပ်လှသလို၊ ဖတ်ရတာလည်း သိပ်သဘောကျစရာပါပဲ။ ဒါပေမယ့် အဲဒီလို တကယ်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အဲဒီစကားလုံး နှစ်လုံးဟာ ဘယ်လိုအဓိပ္ပါယ်ရှိတယ်၊ အဲလိုတကယ်ဖြစ်အောင် ဘယ်လိုဖြစ်လို့ လိုအပ်တယ်ဆိုတာကတော့ ပညာရှင်တွေ ပြောကြဆိုကြပါလိမ့်မယ်။ ကျွန်တော်ကိုဉာဏ်ရဲ့ အရာမဟုတ်ဘူးလို့ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းမယ်ထင်တဲ့ အစီအစဉ်တွေ ပြောင်းလဲဆောင်ရွက်နေတာကို ကြိုဆိုလိုက်ပါတယ်ဗျာ။ မကောင်းဘူးဆိုတော့လည်း ထပ်ပြင်ကြတာပေါ့ဗျာ။ အဓိကကတော့ ပြည်သူတွေ လက်ခံလာအောင်၊ ပြည်သူတွေ သဘောကျအောင် လုပ်ဖို့ပဲ မဟုတ်ပါလား။ သြော်... ဒီနေရာမှာ တစ်လက်စတည်း လျှာရှည်လိုက်ပါရစေဦး။ ရုပ်မြင်သံကြားကနေ သတင်းတွေလွှင့်၊ အကျိုးပြုသီချင်းတွေ ထပ်ခါထပ်ခါဆိုပြ၊ ကြွေးကြော်သံတွေ ခဏခဏပြ၊ အကျိုးပြုဇာတ်ကားကြီးတွေ ခဏခဏ ရိုက်ပြနေမှ ၀ါဒဖြန့်တာ မဟုတ်ဘူးဆိုတာပါ။ သိပြီးသားတွေမို့ အကျယ်မချဲ့တော့ဘဲ လိုရင်းကိုပဲ ပြောချင်တာကတော့ ဟောလီးဝုဒ်က ရိုက်နေတဲ့ ဇာတ်ကားတွေဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးချီတဲ့ ၀ါဒဖြန့်ချိရေး ယန္တယားတွေဆိုတာပါပဲ။ မြန်မာတွေက အတုံးလိုက် အတစ်လိုက် ၀ါဒဖြန့်တယ်၊ စည်းရုံးတယ်၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ အမေရိကန်တွေကတော့ ပညာနဲ့ ပါးပါးလေး၊ ပါးပါးလေး ထည့်သွားတာပါပဲ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆက်လက်အောင်မြင်ပါစေဗျာ။ ပြည်သူကြိုက် ၀န်ဆောင်မှုဌာန ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ဃ)
ညှို့မဂ္ဂဇင်း ထုတ်ဝေခွင့်ပိတ်ပင်။ အခြားဂျာနယ် ၆ စောင်အား ခေါ်ယူသတိပေး
ဒါပဲလေ... ဒီလိုပဲ ဖြစ်ရမှာပေါ့။ မြန်မာ့မီဒီယာမှာ ဒါမျိုးဖြစ်တာကတော့ ဘာမျှ မဆန်းပါဘူး။ သေချာတစ်ခုကို အရင်ပြောပါရစေ။ ညှို့မဂ္ဂဇင်း အပိတ်ခံလိုက်ရတာကို ၀မ်းနည်းကြောင်း ဖော်ပြတဲ့ဂျာနယ် တစ်ခုမျှ မရှိဘူး၊ ဘယ်စာနယ်ဇင်းသမားကမှလည်း အခုလို အပိတ်ပင်ခံရတဲ့အတွက် အရင်ကလို ဟိုလေးတကြော် ဆန္ဒဖော်ထုတ်တာ၊ အင်္ကျီဆင်တူဝတ်တာ၊ ဦးထုပ်ဆင်တူဆောင်းတာ၊ အားအားလျားလျား လမ်းလျှောက်တာ၊ လက်မှတ်လိုက်ထိုးခိုင်းတာ မရှိကြဘူး။ မြန်မာ့မီဒီယာလောက တစ်ခုလုံးသည် ညှို့မဂ္ဂဇင်းကို သဘောမကျလို့ ကျွန်တော်ကိုဉာဏ် ညီမျှခြင်း ထုတ်လိုက်ပါတယ်ခင်ဗျား။ မူလ လျှောက်ထားစဉ်တုန်းက ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျှောက်ထားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် တကယ် ထုတ်ဝေတဲ့အချိန်ကတော့ လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သတဲ့။ (ကျွန်တော့်အမြင်ကတော့ လိင်ပညာပေးမဟုတ်ပါ။ လိင်လှုံ့ဆော်ရေးပါ။) မူလလျှာက်ထားတာနဲ့ တကယ်ထုတ်တာ သိပ်တော့ မလွဲပါဘူးနော်။ တစ်ခုဘာတွေးမိလဲဆိုတော့ အဲဒီမဂ္ဂဇင်းထုတ်ဝေသူနဲ့ အယ်ဒီတာတွေဟာ ရုပ်သေးပွဲတွေမှာ "အခုရှုစားရမှာကတော့ မင်းသားကပါခင်ဗျား" ဆိုပြီး တကယ်ထွက်လာတော့ ဘီလူးရုပ်ကြီး ထွက်ကသလိုမျိုး ဖြစ်နေတယ် ဆိုတာပါပဲ။ အခုတော့လည်း သူ့လမ်းသူ သွားရှာပြီးလို့ အောက်မေ့မိပါတယ်။ ဒါ့အပြင် မူလလျှောက်ထားစဉ်က ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့ပါသတဲ့ဗျာ။ အဲဒီ ၆ စောင်ကတော့
(၁) ကြော်ငြာကမ္ဘာ
(၂) မြနန္ဒာ
(၃) သွေးသစ်
(၄) Media One
(၅) The Farmer
(၆) High Speed Car
ကျွန်တော်ကိုဉာဏ်ကလည်း အတော်ကို တုံးလွန်းပါတယ်ဗျာ။ အဲဒီဂျာနယ် ၆ စောင်ကို ဖတ်ဖူးဖို့ဝေးစွ ကျွန်တော်ကြားတောင် မကြားဖူးဘူးခင်ဗျ။ အဲဒီတော့ ဘယ်လိုတွေ မူလအကြောင်းအရာတွေနဲ့ သွေဖီပြီး ရေးသားဖော်ပြခဲ့တယ်ဆိုတာ ကျွန်တော်မပြောနိုင်တဲ့အတွက် ၀မ်းနည်းမိကြောင်းပါ။ အခုလို ခေါ်ယူသတိပေးမှပဲ အဲဒီလိုနာမည်နဲ့ ဂျာနယ်တွေ ရှိမှန်းသိရတော့တယ်။ မြန်မာ့ဂျာနယ်လောကကြီး ဒီထက် စည်ပင်ပါစေဗျာ။

( င )
ဒေါ်စုက ကချင်ကိစ္စ ၀င်ပါချင်ပြန်ပြီတဲ့
ဒေါ်အောင်ဆန်းစုကြည်က ကချင်ကိစ္စကို ၀င်ပါချင်တယ်လို့ သတင်းတွေဖတ်ရပါတယ်။ အလကားနေရင်း အဲဒီအမျိုးသမီးကို မဝေဖန်ချင်ပေမယ့် သိပ်တော့ အလုပ်မဟုတ်ဘူးလို့ ထင်မိတယ်။ ဘယ့်နှယ်ဗျာ... ဟိုနေရာလည်းပါချင်၊ ဒီနေရာလည်းပါချင်၊ ဘယ်လိုဖြစ်ပြီး ဖိုးပါချင် ဖြစ်နေရတာတုန်းဗျ။ အရင်တုန်းက အဲဒီလိုအလုပ်ကို ၈၈ မျိုးဆက်တွေပဲ လုပ်တယ်လို့ ထင်ခဲ့မိတာ။ အခုမှပဲ ဒေါ်စုကလည်း အဲဒီလို တစ်ဂိုဏ်းတည်းဆိုတာ တဖြည်းဖြည်း သိလာတော့တယ်။ ကျွန်တော်က အလကားနေရင်း တိုက်ခိုက်နေတာ မဟုတ်ဘူးဗျ။ ဆိုပါတော့ဗျာ... သူ့မှာ အခုတကယ်လုပ်နေရတဲ့ တရားဝင်အလုပ်တွေ အများကြီးရှိတယ်။ ဥပမာပြောရအောင် လွှတ်တော်ကိုယ်စားလှယ်အလုပ်၊ နောက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ လက်ပံတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ။ အဲဒီ အလုပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်တိုင်းကျလောက်တဲ့ ရလဒ်တစ်ခုခု ဘယ်နေရာကများ ပြနိုင်သလဲဗျာ။ စကားသိပ်များများ ပြောတဲ့လူတွေထဲမှာ ဒေါ်စု ထိပ်ဆုံးကပါတယ်။ စကားပြောမယ်ဆိုတာချည်းပဲ။ သူပြောသမျှထဲမှာ ဘယ်သူမှ မပြောဖူးတဲ့၊ ဘယ်သူမှ မသိသေးတဲ့စကား ဘယ်နှခွန်းများ ပါသလဲဗျာ။ ပြောတယ်ဆိုတာ သိပ်လွယ်တဲ့ အလုပ်ပါဗျာ။ ဆေးလိပ်သောက်တာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ လူတိုင်းပြောတတ်တယ်ဗျ။ ဒါပေမယ့် ဆရာဝန်တွေကိုယ်တိုင် ဆေးလိပ်သောက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ဒီမိဘနှစ်ပါးကနေ အတူတူ တစ်ဝမ်းတည်းမွေးထားတဲ့ မောင်နှမချင်းတောင် မတည့်ဘဲနဲ့ ကချင်ကိစ္စကို ၀င်ပါချင်တယ်၊ ဆောင်ရွက်ချင်တယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်ကဖြင့် မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်တယ်လို့ ပြောပါရစေခင်ဗျာ။

( စ )
ဂျီအက်စ်အမ် ဖုန်းကို ဈေးနှုန်းလျှော့ချမယ့်ကိစ္စ
စာဖတ်သူတွေက ကျွန်တော့်ထက် သိပြီးသားလူတွေမို့ ဘာမျှမပြောလိုတော့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတွေကိုသာ မေးချင်တော့တယ်။ ခင်ဗျားတို့တစ်တွေ ပြည်သူတွေဆီကနေ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး၊ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ဖုန်းကတ်ပြပြီး ဓားပြတိုက်နေတာ မရပ်ကြသေးဘူးလား။ တစ်ဘ၀ တစ်ခန္ဓာနဲ့ပဲ ပြီးသွားမှာဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဘ၀တွေ၊ သံသရာတွေ ရှိဦးမယ်ဆိုရင်တော့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ နောင်ဘ၀ကျရင် လူတောင် ဖြစ်ကြပါ့မလားလို့ တွေးမိပြီး သူတို့ကို သနားမိလိုက်ပါဘိတော့တယ်။ ဆက်သွယ်ရေး လုပ်ငန်းဆိုတာ အမြတ်တင်ရမယ့်၊ ပိုက်ဆံရှာရမယ့် လုပ်ငန်းထက်စာရင် အများပြည်သူအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးရမယ့် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဆိုတာ နားလည်သင့်ပြီ ထင်တာပဲဗျာ။ ဘယ်လောက်ပဲ ဈေးတွေလျှော့ပေးလျှော့ပေး သတ်မှတ်လိုက်တဲ့ တန်ဖိုးဟာ လူတန်းစားတစ်ရပ်ရပ်ကို လက်လှမ်းမမီ ဖြစ်မှာမျိုးကို မလိုလားတော့ဘူး။ မြန်မာနိုင်ငံသားတိုင်း ဖုန်းကိုင်ချင်တဲ့ ဆန္ဒရှိသူတိုင်း ဖုန်းကိုင်နိုင်ခွင့် ရှိကိုရှိရမယ်။ ဒါ ၂၁ ရာစုခေတ်ဗျ။ ဖုန်းကို အဆောင်အယောင် တစ်ခုအနေနဲ့ သတ်မှတ်သဘောထားပြီး ထိန်းချုပ်ရမယ့်ခေတ် မဟုတ်တော့ဘူး။ ဖုန်းကတ်ကိုတောင် အမြတ်တင်ပြီး ရောင်းနေသေးတဲ့ အစိုးရနဲ့တော့ သူများတိုင်းပြည်တွေကို အမီလိုက်ဖို့ မပြောနဲ့ မှန်ပြောင်းနဲ့ လှမ်းကြည့်ရင်တောင် မြင်ရမှာမဟုတ်ဘူး။ ကျွန်တော်သာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီမှာ ပါတယ်ဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနကို အရင်ဆုံး စစ်ဆေးရေးလုပ်မယ်။ PCO တွေ ပေးထားတဲ့ကိစ္စ၊ ဖုန်းကတ်တွေ ထုတ်ရောင်းဖို့လုပ်တိုင်း ခွဲတမ်းချတဲ့ကိစ္စ၊ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်တဲ့ကိစ္စ၊ စတဲ့စတဲ့ ကိစ္စတွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဆက်သွယ်ရေးက သန့်ရှင်းရေးဝန်ထမ်းကို မေးရင်တောင်မှ သိတဲ့ဟာတွေပါဗျာ။ အဲဒါကို နှာစေးပြနေရင်တော့ ကျွန်တော်ကိုဉာဏ် မျက်စိမှိတ်လို့ ပါးစပ်ပိတ် နေလိုက်ပါပြီဗျာ။

( ဇ )
လွှတ်တော်တွေ ပြန်စပြီ
ဟုတ်သည်... လွှတ်တော်အစည်းအဝေးတွေ ပြန်စချေပြီ။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ဆဋ္ဌမပုံမှန်အစည်းအဝေးတွေ ဖြစ်သည်။ လွှတ်တော်တွေ တစ်ကြိမ်ထက်တစ်ကြိမ် အပြောတွေ ပိုကောင်းလာတာကိုတော့ လက်ခံရမည်။ ခက်တာက လက်တွေ့ဘ၀ထဲမှာ လွှတ်တော်ကဥပဒေတွေ၊ မေးခွန်းတွေ၊ အဆိုတွေက ထင်သလောက် အကျိုးမသက်ရောက်သေးတာ ဖြစ်သည်။ အချို့နေရာတွေမှာ လိုက်လုပ်ရမယ့် ကာယကံရှင်တွေ လူးသာလွန့်သာ လုပ်နိုင်လောက်မှာကိုပဲ လွှတ်တော်တွေက တိုက်တွန်းသင့်သည်။ အခုတော့ ငါက ဥပဒေပြုအမတ်ပဲ၊ သင်းတို့က အုပ်ချုပ်ရေးကကောင်တွေ၊ ပြည်သူနဲ့ အုပ်ချုပ်ရေးနဲ့ ထိပ်တိုက်တွေ့ပစေကွ ဆိုတာမျိုးတွေ မြင်နေကြားနေရတာ သိပ်မကောင်းလှ။ နိုင်ငံတည်ဆောက်ရေးအတွက် လွှတ်တော်တစ်ခုတည်းက လုပ်နိုင်ခြင်းမရှိသည်ကို လက်ခံဖို့လိုသည်။ အားလုံး ညီညီညွတ်ညွတ်၊ တစ်စိတ်တစ်ဝမ်းတည်း (ဤနေရာတွင် တစ်ညီတစ်ညွတ်တည်းသည် တိုင်းပြည်ကောင်းကျိုး၊ ပြည်သူပြည်သားများ ကောင်းကျိုးကို ရည်ညွှန်းပါသည်။ တိုင်းပြည်ကောင်းကျိုးဟု ခုတုံးလုပ်ပြီး ပညာရှင်ဆန်ဆန် ဦးချိုအားကိုး၊ အဆိပ်အားကိုး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို မဆိုလိုပါ) တက်ညီလက်ညီ ဆောင်ရွက်ကြမှ တိုးတက်မှုတွေကို မြင်ရမှာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး အဖွဲ့အစည်း" ဆိုသည့် မဟုတ်သည့် မာနတွေ၊ အားပြိုင်မှုတွေနဲ့ ခါးတောင်းကျိုက်တစ်ခြား၊ ဖင်တစ်ခြား ဖြစ်နေဦးမည်သာ ဖြစ်ပါသည်။ အခုတော့ လွှတ်တော်သတင်းတွေ စောင့်ကြည့်၊ သတင်းစာတွေ စောင့်ဖတ်ရဦးမည်။ ထုံးစံအတိုင်း မြင်တာတွေ ထောက်ပြဝေဖန်ရဦးမည်။ လွှတ်တော်ကချည်းပဲ သူများကို ထိန်းနေတာမျိုး မဖြစ်စေချင်။ ဘေးကနေ သူတို့ကိုလည်း ၀င်ထိန်းမှရမည်။ ထိုသို့ပြောသည့်အတွက် စာဖတ်သူများ မဆိုထားနှင့် ကိုယ့်ကိုယ်ကိုယ်တောင် ရယ်ချင်မိသည်။ မတတ်နိုင်၊ သူတို့တွေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကျွန်တော်ကတော့ မြင်တာတွေကို ဝေဖန်နေဦးမည်သာ ဖြစ်သည်။ ခက်တာက ဂျာနယ်တွေက လွှတ်တော်နှင့် အုပ်ချုပ်ရေးပိုင်းကို မရမက ရန်တိုက်ပေးနေခြင်းဖြစ်သည်။ သတင်းဖန်တီးခြင်းဟု အမည်တပ်ချင်သည်။ ပြည်ထောင်စုအဆင့်ချင်း ငြိကြ၊ ကလိကြလျှင် သတင်းက ပိုထူးသည် မဟုတ်ပါလား။ သတိနှင့်စောင့်ကြည့် ဝေဖန်ပြပါဦးမည်။

( စ် )
ဗြိတိန်တွေ၊ အမေရိကန်တွေ၊ ပြီးရင်ဘာတွေ လာဦးမလဲ
ဗြိတိန်တွေ မြန်မာပြည်ကို ရောက်လာကြပြန်ပြီ။ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်နှံထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ပြန်တူးဖော်ဖို့တဲ့။ အဲဒါတွေကို ပြန်တူးဖော်ပြီးရင် ဘာလုပ်ကြမှာလဲ။ ဘယ်လို ပြန်သယ်ကြမှာလဲ။ အခုလို လာတူးဖော်တဲ့အတွက် မြန်မာအစိုးရနဲ့ ဘာသဘောတူညီမှုတွေ ရှိသလဲ။ ဘယ်နှယ့်ဗျာ... ဟုတ်တော့ မဟုတ်သေးဘူး ထင်ပါရဲ့။ တစ်ချိန်တုန်းက ကိုယ့်နိုင်ငံကိုလာပြီး ကျွန်ပြုတာ၊ ကိုယ့်ရေမြေသယံဇာတတွေ၊ အဖိုးထိုက် အဖိုးတန် ဘိုးဘွားအမွေတွေကို အပိုင်စီးတာ၊ ခိုးထုတ်တာ၊ ယူသွားတာကိုလည်း ခံခဲ့ရသေးတယ်။ အခုကျတော့ အဲဒီတုန်းက လေယာဉ်တွေကို ပြန်တူးဖော်ချင်သတဲ့။ တစ်ခါတစ်ခါကျတော့လည်း ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်တော်တို့ မြန်မာတွေကပဲ အင်မတန်ကို ခွင့်လွှတ်သည်းခံစိတ် ကြီးမားကြတာလား၊ အမှတ်သည်းခြေ မရှိကြတာလား၊ နာရကောင်းမှန်း မသိတာလားဆိုတာကိုပါ။ အခုလို ကိစ္စမျိုးဟာ တရုတ်၊ ဒါမှမဟုတ် ဂျပန်၊ ဒါမှမဟုတ် ကိုရီးယားမှာ ဆိုရင်တော့ဖြင့် ဇာတ်လမ်းက တကယ့်ကိုလှပြီ။ ဆန္ဒပြလိုက်ကြမယ့်ဖြစ်ခြင်း၊ ဆူပူလိုက်ကြမယ့်ဖြစ်ခြင်း၊ ကန့်ကွက်လိုက်ကြမယ့်ဖြစ်ခြင်း၊ ပြောကိုမပြောချင်တော့ပါဘူး။ အခုတော့ ဘယ်အဖွဲ့အစည်းကမှ ဒီလို တူးဖော်တာကို ကန့်ကွက်တယ်၊ သဘောမတူဘူး၊ စသည်ဖြင့် ကန့်ကွက်တာ၊ ဆန္ဒဖော်ထုတ်တာ၊ စီတန်းလှည့်လည်တာ မတွေ့မိဘူးခင်ဗျ။ ကျွန်တော့်စိတ်ကူးအရဖြင့် လေယာဉ်တစ်စင်းတွေ့တိုင်း ကျေးရွာတစ်ရွာမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်ပေးမယ်ဆိုရင် အတော်ကောင်းမှာပဲလို့ တွေးနေမိတယ်။ နောက်တစ်ခု စိုးရိမ်မိတာက အဲဒီ ကုလားဖြူတွေကို သိပ်မယုံတာပါပဲ။ လေယာဉ်တွေ တူးဖော်တယ်ဆိုပြီး သူတို့မြှုပ်ခဲ့တဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို တိတ်တဆိတ် လာတူးတာဆိုရင် ဘယ်နှယ့်လုပ်မလဲပေါ့။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါ။ အင်္ဂလိပ်ဆီက ဇန်န၀ါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရတယ်ဆိုတာ ကလေးကအစ သေခါနီးအဆုံး အကုန်သိတယ်။ ဒါပေမယ့် မြန်မာ့နန်းစဉ် ရတနာတွေ ဘယ်လောက်ပမာဏများများ သိမ်းယူခံခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ တစ်ချိန်က မြန်မာ့နန်းတွင်းဟာ ဘယ်လောက်ချမ်းသာ သလဲဆိုတာ ဘယ်သူမှ အတိအကျ မသိလို့ပါပဲ။ အားမနာတမ်း ပြောရမယ်ဆိုရင် အခုလက်ရှိ ကျွန်တော်တို့နိုင်ငံက ပြတိုက်တွေထဲမှာ ပြသထားတဲ့ ကုန်းဘောင်ခေတ် ပစ္စည်းတွေဆိုတာ သမိုင်းတန်ဖိုးအရလွဲရင် သောက်ဖိုးမတန်တာတွေချည်းပဲ။ သဘောမတူသူတွေ ရှိခဲ့ရင် မြန်မာ့ပြတိုက်တွေမှာရှိတဲ့ ပစ္စည်းတွေစာရင်းနဲ့ အင်္ဂလန်က ပြတိုက်တွေမှာရှိတဲ့၊ အင်္ဂလိပ် သူဌေးကြီးတွေရဲ့ အိမ်ဧည့်ခန်းတွေမှာရှိတဲ့ မြန်မာ့အမွေအနှစ်တွေ စာရင်းကို တိုက်ဆိုင်စစ်ဆေး ကြည့်စေချင်တယ်။ အခုလည်း လေယာဉ်လာတူးတဲ့ အင်္ဂလိပ်တွေကို သတိထားစောင့်ကြည့်စေချင်တယ်။ ကျွန်တော်ကတော့ မောင့်ဘတ်တန်တို့အမျိုးတွေကို သိပ်မယုံဘူးဗျို့။ နောက်တစ်ခုကတော့ အင်္ဂလန်တွေနဲ့အပြိုင် အမေရိကန်တွေကလည်း မြန်မာပြည်မြောက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်ရှာမတဲ့။ တိုက်ပဲတိုက်ဆိုင်လွန်းတယ်ဗျာ။ အင်္ဂလန်နဲ့အပြိုင် ရှာကြပေါ့ဗျာ။ ကျွန်တော်လည်း ကြံကြံဖန်ဖန် စဉ်းစားကြည့်မိတယ်။ ကင်းဝန်မင်းကြီးတို့ သွားခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ပြီး ကင်ဝန်မင်းကြီး ကျန်ရစ်ခဲ့တဲ့ ခေါင်းပေါင်းတို့၊ ရေလဲတော်တို့၊ ကွမ်းအစ်တို့၊ ဆေးလိပ်တိုတို့ သွားရှာခိုင်းရင် မကောင်းလားလို့။ အခုတော့ ကိုယ့်မြေပေါ်မှာ စိတ်ကြိုက်တူးကြ၊ ဆွကြ၊ ဖွကြ၊ ရှာကြစေဗျား။ (ဒါနဲ့ စကားမစပ်... ရခိုင်မှာရောက်နေတဲ့ ဘင်္ဂလီကုလားတွေကများ သူတို့တွေဟာ တစ်ချိန်က သူတို့ဘေးဘိုးတွေ လယ်လုပ်ခဲ့တဲ့ တူရွင်းတွေ၊ ပေါက်ပြားတွေ၊ တံစဉ်တွေကို လာရှာတာပါလို့ ပြောခဲ့ရင် ဘယ့်နှယ်လုပ်ကြမလဲဗျာ။ :D )

(ည)
Times မဂ္ဂဇင်းနှင့် ဦးသိန်းစိန်
တစ်ခါတစ်ခါတော့လည်း ခက်တယ်။ ကာယကံရှင်ကဖြင့် ဘာမျှကို မပြောရပါဘဲ ဘေးကလူတွေက ဖြစ်နေကြတာ သိပ်ရယ်ဖို့ကောင်းတယ်။ ကလေးမွေးတဲ့ မီးနေသည်က ဘာမျှမဖြစ်ဘဲ ဘေးကလူက အား... အီး... အမလေး အမေရဲ့... နာလိုက်တာတော့... လို့ အော်နေသလိုမျိုး ဖြစ်နေတယ်လို့ ခံစားရတယ်။ တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခံရတာ နိဗ္ဗာန်ရောက်တာ မှတ်လို့ဗျာ။ ဖြစ်နေလိုက်ကြတာများ...။ အန်တီရော၊ ပရိုရော နှစ်ဖက်စလုံးဟာ တကယ့်ကို သည်းသည်းလှုပ်တွေချည်းပါပဲ။ အလကားနေရင်း အရည်မရ အဖတ်မရ ဟိုဟာကို သန်းရှာသလို ဖြစ်နေကြတယ်။


( ဋ )
လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စိန်ခေါ်သူရှိပြီ
လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာက စီမံကိန်းဟာ ဆက်လုပ်သင့်ပါတယ်လို့ ဆုံးဖြတ်ခဲ့ရင် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ မီဒီယာတွေဝိုင်းဝန်ပြီး သိဒ္ဓိတင်ပေးထားတဲ့ သူရဲကောင်းမကြီး ဒေါ်သွဲ့သွဲ့ဝင်းက ပြောခဲ့သတဲ့။ ကမ္ဘာကျော် ၀က်မှေးရွာသူကြီးက အဲဒီလိုပြောနေတာကို ဒေါ်စုဂုဏော အနန္တောဆိုတဲ့ ဘယ်နောက်လိုက်နောက်ပါကမျှ နာရကောင်းမှန်းမသိ၊ တုံ့ပြန်ရကောင်းမှန်းမသိ၊ ကဲ... မကောင်းကြချေဘူးလား။ ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်ထဲမှာ ပါဝင်နေတဲ့ ရွာခံဆိုတဲ့ လူကြီးကိုယ်တိုင်က စီမံကိန်းရပ်ရမယ်ဆိုတဲ့ အဖြေမထွက်ရင် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ပြောနေတာပါပဲ။ ဘိုဖြူရဲ့ လေသံလေးနဲ့ သီချင်းလေးတောင် ညည်းလိုက်ချင်သေးရဲ့ဗျာ။ ကဲ... အခုတော့ ဘာပြောမလဲ။

( ဌ )
သတ္တုတွင်းဝန်ကြီးဌာနက The VOICE Weekly ကို ကျေအေးပေးလိုက်ပြီ
The VOICE နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ ကာလအတော်ကြာ အမှုရင်ဆိုင်နေခဲ့ကြတာကို သတ္တုတွင်း ၀န်ကြီးဌာနက ကျေအေးပေးလိုက်ပြီလို့ သိရပါတယ်။ နောက်ထပ် အမှုရင်ဆိုင်ရမယ့် အလုပ်တွေ ဆက်မလုပ်ပါနဲ့လို့ပဲ VOICE ကို တိုက်တွန်းချင်တော့တာပါပဲ။ ဆရာအောင်ထွဋ် သေဆုံးသွားခြင်းနဲ့အတူ သည်ဗွိုက်(စ်)လည်း ကျဆုံးသွားပြီလို့ ခံစားနေရပါပြီ။ ကျွန်တော့်ရဲ့ မဖတ်မဖြစ် ဂျာနယ်စာရင်းမှာ သည်ဗွိုက်(စ်) မပါတာ ရက်သတ္တပတ် အတော်ကြာခဲ့ပါပြီ။ သွားလေသူကို အသေမဖြောင့်အောင် လုပ်တဲ့လူတွေအဖြစ် ဆရာကျော်မင်းဆွေတို့ကို ကျွန်တော် မှတ်တမ်းတင်လိုက်ပါတယ်။ နိုင်ငံရေး ဂျာနယ်ကောင်းတစ်စောင် လျော့ပါးသွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိကြောင်းပါ။ အများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်မူနဲု့ကိုယ် ရပ်တည်ခဲ့တဲ့ အချိန်တုန်းက ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေကပါ ဂရုတစိုက် စောင့်ဖတ်ခဲ့ရတယ်ဆိုတာ ကိုကျော်မင်းဆွေ မေ့သွားတယ်ထင်ပါရဲ့။ အခုတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဂျာနယ်ရဲ့ မူဝါဒက ဘာမှန်းတောင် မသိတော့ဘူး။ ကေအိုင်အေဂျာနယ်လိုလို၊ အမှုပွဲစား ဂျာနယ်လိုလို၊ အယ်ဒီတာ့ထံပေးစာ ဂျာနယ်လိုလိုနဲ့ ဘာမှန်းကို မသိတော့ဘူး။ ဘောလုံးစကား၊ လက်ဝှေ့စကားနဲ့ ပြောရမယ်ဆိုရင်တော့ သည်ဗွိုက်(စ်) ပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ။

( ဍ )
ကချင်ကိစ္စ
ဒီပို့စ်ကို ရေးပြီးတဲ့အချိန်မှာ ကျွန်တော်လုပ်မယ့် အလုပ်တွေကို ပြောပါ့မယ်။ အမေရိကန်မှာ လက်နက်ကိုင်ဆောင်ခွင့်ကို အလုံးစုံပိတ်ပင်ဖို့အတွက် ကျွန်တော်ဆန္ဒပြပါ့မယ်။ ဆီးရီးယားသမ္မတ အာဆတ် ရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် ကျွန်တော်ပိုစတာတိုက်ပွဲ ဆင်နွှဲပါ့မယ်။ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု လုပ်မယ့်ကိစ္စကို ကျွန်တော်ကန့်ကွက်တဲ့အကြောင်း ကြေညာချက်ထုတ်ပါ့မယ်။ အိန္ဒိယမှာ လူမဆန်စွာ မုဒိန်းကျင့်ခံရလို့ သေဆုံးသွားရတဲ့ အမျိုးသမီးလေးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကျွန်တော့်အခန်းကို ၂ မိနစ်ကြာ မီးပိတ်ထားပါမယ်။ အီဂျစ်သမ္မတဟောင်း မူဘာရက်ကို ထောင်ဒဏ်တစ်သက် ချမှတ်ထားတာဟာ မတရားတဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပါ့မယ်။ အဲဒါတွေ အားလုံးကို ကျွန်တော်ကိုဉာဏ် ထိုင်ရာမထဘဲ ကွန်ပျူတာရှေ့မှာ လုပ်မှာဖြစ်ပါတယ်။ နောက်ပိုင်း ဒီထက်အဆင့်မြင့်လာရင် အင်တာနက်ကနေတစ်ဆင့် ဆန္ဒပြတာတို့၊ ကွန်ပျူတာမှောက်တာတို့ (သပိတ်မှောက်တာ မဟုတ်ပါ) လုပ်ပါ့မယ်။ ဒီလိုတွေ ဘာကြောင့်ရေးတယ်ဆိုတာ ကျွန်တော့်ရဲ့ စာဖတ်သူတွေက ချက်ချင်းသိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရယ်တော့ မရယ်ကြပါနဲ့ဗျာ။ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမယ့် ကျွန်တော်မှ အဲဒီနေရာတွေကို တကယ်သွားပြီး အလုပ်ဖြစ်အောင်မှ မလုပ်နိုင်တာပဲ။ အဲဒါကြောင့်ပါ။ အမယ်... အားတော့ မငယ်ရဘူးခင်ဗျ၊ အဲဒီလိုမျိုး ထိုင်ရာမထ၊ နေရပ်မခွာဘဲ လှုပ်ရှားမှုတွေလုပ်တာ ကျွန်တော်က နောက်တောင် ကျနေသေးသဗျ။ ကချင်ပြည်နယ်အရေး ဆူးလေရှေ့မှာ လမ်းလျှောက်ရတာနဲ့၊ စားသောက်ဆိုင်မှာ ဘီယာစုပ်ရင်း ဆွေးနွေးရတာနဲ့၊ ရုံးခန်းထဲမှာ လက်နှိပ်စက်စာရေး ထိုင်ရိုက်ခိုင်းပြီး ကြေညာချက် ထုတ်ရတာနဲ့၊ နိုင်ငံရေးလှုပ်ရှားမှုတွေဆိုတာ အဲဒီလိုလည်း လုပ်လို့ရတယ်ဆိုတာ ကျွန်တော်မှတ်သားမိပါတယ်။ ကဲ... စာဖတ်ပရိသတ်ကြီးရေ.. သူများတွေလိုပဲ ခေတ်မီသွားအောင် နည်းနည်းလောက် အော်လိုက်ကြရအောင်ဗျာ...
ကချင်စစ်ပွဲ အခုရပ်
ကချင်စစ်ပွဲ အခုရပ်
ကချင်စစ်ပွဲ အခုရပ်
နေဦးဗျ... အခုရပ်ဆိုတော့ ဘယ်သူ့ကို ရပ်ခိုင်းတာတုန်း။ စောစောကပဲ လူစီးရထားကို ကေအိုင်အေက ဗုံးခွဲလို့ ရထားတွဲပျက်စီးတာ၊ လူတွေထိခိုက်ဒဏ်ရာရတာ၊ ရထားခရီးစဉ်တွေ ရပ်ဆိုင်းတာ ဖြစ်ကုန်ဆိုပဲ။ နောက်တစ်ခုက စစ်တပ်ကသာ တကယ်ပဲ တစ်ဖက်သတ် စစ်တိုက်နေတာဆိုရင် မြန်မာပြည်ထဲမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်တာ ကချင်တစ်ခုတည်း ရှိသလားဗျ။ စစ်တပ်ဆိုတဲ့ဟာကြီးက ဘာဖြစ်လို့ ကရင်တွေကိုကျတော့ ခန်းမထဲခေါ်ပြီး ဖက်လဲတကင်းလုပ်၊ နွေးနွေးထွေးထွေးကြို ရှိရသလဲဆိုတာ စဉ်းစားစရာ မကောင်းဘူးလား။ တပ်မတော်က လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တဲ့ နေရာမှာ ကေအိုင်အေကို ခြွင်းချက်နဲ့ မထားခဲ့ပါဘူးဗျာ။ အားလုံးကို ကမ်းလှမ်းခဲ့တာပါ။ သူ့သဘောသူဆောင်ပြီး လုပ်ချင်ရာ လုပ်နေတာကို စစ်တပ်က ဒီအတိုင်း အလှကြည့်မနေတာ သဘာဝကျတယ်လို့ ထင်ပါတယ်ဗျာ။ နောက်တစ်ခု ပြောစရာရှိသေးသဗျ။ ကေအိုင်အေက ရထားတွေကို မိုင်းထောင်ရအောင် အဲဒီရထားတွေပေါ်မှာ စစ်သားတွေ၊ စစ်ဗိုလ်ချုပ်တွေ ပါလို့လားဗျ။ မေးကြည့်ကြစမ်းပါဦး။ နလပိန်းတုန်း ပြည်သူတွေ ရှိနေသေးတဲ့ နိုင်ငံမို့ အမှန်ကို မမြင်နိုင်တာ။ ရှင်းရှင်းပြောရရင် ဒါတွေဟာ အကြမ်းဖက်လုပ်ရပ်တွေပဲ။ ကေအိုင်အေဆိုတာ အကြမ်းဖက် အဖွဲ့အစည်းပဲ။ ပြည်သူတွေ၊ ရထားတွဲတွေ၊ တံတားတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဒါတွေကို မိုင်းထောင်ဖျက်ဆီးတဲ့ လူတွေကိုမှ အကြမ်းဖက်သမားလို့ မခေါ်ရင် ဘယ်သူ့ကို ခေါ်မှာတုန်းဗျ။ ကျုပ်က VOICE မဟုတ်လေတော့ ကေအိုင်အေကို ကချင်လွတ်မြောက်ရေး တပ်မတော်လေးဘာလေးနဲ့ လုံးဝ (လုံးဝ) မခေါ်နိုင်ဘူး။ ကျုပ်အတွက်ကတော့ ကေအိုင်အေဆိုတာ မြန်မာပြည်ရဲ့ အယ်ကေဒါပဲ။ ကျုပ်အမှန်တကယ် ရင်ထဲကနေ အော်ချင်နေတဲ့ဟာရှိတယ်။ အော်ပါရစေ...
မိုင်းထောင်လူသတ်လုပ်နေတဲ့ ကေအိုင်အေရဲ့လုပ်ရပ် ချက်ချင်းရပ်

သဘောထားမတိုက်ဆိုင်တာများ ရှိခဲ့ရင်၊ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေများ ပါသွားခဲ့ရင် ကျွန်တော်ကိုဉာဏ်က လွန်တာရှိ ၀န္ဒာမိပါနော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics