Wednesday, January 16, 2013

ဆင်ဖြူတော်နှင့် သူ၏ ကြံများ


အခုတလော ကိုယ့်အလုပ်နဲ့ကိုယ် မအားမလပ်တာမို့ ရုပ်မြင်သံကြားသတင်း မကြည့်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ အလုပ်လည်းပါး၊ လူကလည်း နားနားနေနေနဲ့ သတင်းကြည့်ချင်စိတ် ရှိတဲ့အတွက် ရုပ်မြင်သံကြားသတင်း ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ပြီဆိုတော့လည်း ပြောစရာလေးတွေ မြင်မိတာပေါ့ခင်ဗျာ။ အဲဒီလို ပြောစရာတွေထဲက ပြောချင်တာလေးတစ်ခုကို မနေနိုင်လို့ ပြောပါရစေ။ အစကတော့ တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာထဲမှာပဲ ထည့်ရေးမလို့ တေးထားတာပါ။ ဒါပေမယ့် အခုဖြစ်နေတဲ့ ခံစားချက်နဲ့ တွေးခေါ်ပုံတွေက လာမယ့်တနင်္ဂနွေနေ့ ရေးတဲ့အချိန်မှာ အခုအချိန်မှာလို ဖြစ်နိုင်ချင်မှ ဖြစ်နိုင်တော့မှာမို့ လူငယ်စကားနဲ့ဆိုရင်တော့ သွေးပူတုန်း ရှင်းလိုက်တဲ့သဘောပါပဲ။ သွေးပူနေတဲ့အချိန်ဆိုတော့ မှားယွင်းသွားတာတွေ ပါခဲ့ရင်လည်း နားလည်ပေးကြပေါ့ဗျာ။ ပြောစရာရှိတာတော့ ပြောလိုက်ပါတယ်ဗျာ။

သတင်းမှာ ဘာကြည့်ရလဲဆိုတော့ မကြာသေးခင်ကမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ မြားပစ်ပြိုင်ပွဲမှာ အောင်ပွဲရရှိခဲ့တဲ့ မြန်မာမြားပစ်အသင်းကို ဂုဏ်ပြုပွဲလုပ်တဲ့ သတင်းပါ။ နိုင်ငံ ၆ ခုက အသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် မြန်မာနိုင်ငံက ပထမရတယ်လို့ နားထောင်လိုက်ရပါတယ်။ အဲဒီလို အောင်ပွဲရခဲ့တာကို ဂုဏ်ပြုပေးတာပါ။ ဟုတ်ကဲ့... ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုတာဟာ မင်္ဂလာပါပဲ။ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့ခင်ဗျာ။ သို့ပေမင့်လည်း... ။

သတင်းကို နားထောင်နေတဲ့အထိ ဘာပြဿနာမှ မရှိဘူး။ အစည်းအဝေး တက်လာတဲ့လူတွေကို တစ်ယောက်စီ ရိုက်ပြတယ်။ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးမြညိမ်း တက်ရောက်ချီးမြှင့်တာကို တွေ့ရတယ်။ ထူးဆန်းတာတစ်ခု ကျွန်တော်မြင်ရတာက အစည်းအဝေးတက်လာတဲ့ ဧည့်ပရိသတ်တွေ အားလုံးဟာ တိုက်ပုံအနက်တွေ ၀တ်လာတာပါပဲ။ ဘယ်လိုဖြစ်တယ် မသိပါဘူးဗျာ။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်နားမလည်တာတော့ အမှန်ပါပဲ။ အစည်းအဝေး ဖိတ်စာမှာကတည်းက တိုက်ပုံအနက် ၀တ်ဆင်လာပါရန်လို့ ပန်ကြားထားလို့လား၊ ဒါမှမဟုတ် စပွန်ဆာတစ်ယောက်ယောက်က ဖိတ်စာနဲ့အတူ တိုက်ပုံအနက် တစ်ထည်စီ တစ်ခါတည်း ထည့်ပေးလိုက်လို့လား (တိုက်ပုံတွေက ပုံစံတူနေလို့ပါ)၊ မတော်တဆ တိုက်ဆိုင်သွားတာလား ဆိုတာကတော့ ကာယကံရှင်တွေပဲ သိမှာပါပဲ။

ဆက်ပြောရရင် ဧည့်ခံပွဲကို အတော်ကို ခမ်းခမ်းနားနား လုပ်ပေးထားတာ တွေ့ရတယ်။ ကောင်းတာပေါ့လေ။ ကင်မရာက ဘာကို ဆက်ရိုက်ပြသလဲဆိုတော့ မြားပစ်အားကစားသမားတွေကို ဆက်ရိုက်ပြတယ်။ အဲဒီမှာ ကျွန်တော်ပြောချင်တာတွေ တွေ့တော့တာပါပဲ။
(တစ်) မြားပစ်အားကစားတွေ အားလုံးဟာ အားကစားဝတ်စုံတွေနဲ့ဖြစ်ပါတယ်။ တိုက်ပုံအနက်တွေ မ၀တ်ထားကြပါဘူး။ အဲဒီအတွက် သူတို့တွေဟာ သီးခြားပဲဖြစ်နေပြီး တခြားလူတွေနဲ့ ကွဲကွဲပြားပြား ရှိနေပါတယ်။
(နှစ်) အားကစားသမားတွေရဲ့ စားပွဲဝိုင်းမှာ အအေးဘူးတွေ ချထားပေးတာကို ထင်ထင်ရှားရှား မြင်ရပါတယ်။ လိမ္မော်ရောင် အချိုရည်ဘူးတွေပါ။ ပြည်တွင်းဖြစ် Max အချိုရည်ပါ။ ပလတ်စတစ်ဘူးတွေ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ ဘယ်သူဖြစ်ဖြစ် သိနိုင်တာမျိုးပါ။

ကျွန်တော်ပြောချင်တာက အဲဒီ နံပါတ် (နှစ်) ကိစ္စပါပဲ။ လုပ်တဲ့ပွဲက အောင်ပွဲရ မြားပစ်အားကစားသမားတွေကို ဂုဏ်ပြုတဲ့ပွဲ။ ဒါပေမယ့် ဂုဏ်ပြုခံရမယ့် အဲဒီအားကစားသမားတွေက ပြည်တွင်းဖြစ် မရှိသုံး အချိုရည်ဘူးတွေနဲ့ ဂုဏ်ပြုခံရတယ်။ အားကစားသမားတွေကို တက်ရောက်ချီးမြှင့် ဂုဏ်ပြုပါတယ်ဆိုတဲ့ ဧည့်သည်တော်တွေကျတော့ စားပွဲဝိုင်းတွေမှာ စားစရာတွေအပြည့်၊ ၀ိုင်ခွက်ရော၊ အရက်ခွက်ရော၊ နိုင်ငံခြားဖြစ် အချိုရည်သံဘူးတွေရော စုံလင်နေ၊ ပြည့်နှက်နေတာပါပဲ။ ဖြစ်သင့်၊ မဖြစ်သင့်ဆိုတာကို စာဖတ်သူတွေပဲ စဉ်းစားကြည့်စေချင်ပါတယ်။

ဒါဟာ အားကစားသမားတွေကို သက်သက်မဲ့ စော်ကားတာလို့ပဲ ကျွန်တော်ကိုဉာဏ်က မှတ်ယူပါတယ်။ အားကစားသမားတွေကို ခုတုံးလုပ်ပြီး စပွန်ဆာဆိုတဲ့လူတွေက သူတို့တွေ မျက်နှာလုပ်ချင်တဲ့ အကြီးအကဲတွေကိုဖိတ်ပြီး တစ်ဖက်လှည့်နဲ့ ပြုစုတဲ့ပွဲလို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ အားမနာတမ်း ပြောရမယ်ဆိုရင်တော့ ဒါဟာ လာဘ်ပေးလာဘ်ယူမှုကို အရောင်ပြောင်းထားတာ တစ်ခုပါပဲ။ တကယ်တမ်း ဖြစ်သင့်တာက အားကစားသမားတွေကို ဦးစားပေးအနေနဲ့ စားကောင်းသောက်ဖွယ်တွေ အလျှံပယ် ကျွေးမွေးပြီး လာပြီးဂုဏ်ပြုတဲ့လူတွေက ဖြစ်သလို စားသောက်ကြရမှာပါ။ ဒါမှဟုတ်ရင်လည်း အားလုံးတန်းတူ ဆိုတာမျိုးတော့ ဖြစ်သင့်ပါတယ်ဗျာ။ အခုတော့ တကယ်မြားပစ်ပြီး နိုင်ငံအတွက် ဂုဏ်ဆောင်ပေးခဲ့တာက မြားပစ်အားကစားသမားတွေ။ ဒါပေမယ့် သူတို့ကို ဘယ်သူကမှ ဂရုစိုက်ကြပုံလည်း မပေါ်ပါဘူး။ သူတို့ကို ဂုဏ်ပြုပါတယ်ဆိုတဲ့ ဧည့်သည်တော်တွေကတော့ လိုလေသေးမရှိ ဂရုစိုက်ခံနေကြရတာကို မြင်ရလေတော့ အင်း... လို့သာ ခပ်တိုးတိုးရွတ်ပြီး သက်ပြင်းချမိပါတယ်။

ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေပြီလို့ ပါးစပ်ကနေအော်၊ လက်ကနေရေး လုပ်နေကြရုံနဲ့ တကယ်ပဲ ပြောင်းလဲသွားရော့လေသလားလို့ စဉ်းစားစရာ ဖြစ်လာတယ်။ မြင်ရသမျှကတော့ ကျွန်တော်တို့တွေဟာ အခုထက်ထိ မကောင်းတဲ့ သောက်ကျင့်တွေကို မဖျောက်နိုင်သေးဘူး ဆိုတာပါပဲ။

ပေးထားတဲ့ ပို့စ်ခေါင်းစဉ်နဲ့  ပတ်သက်လို့တော့ တကူးတက ရှင်းပြမနေတော့ပါဘူး။ မြားပစ်အားကစားသမားတွေရဲ့ ဂုဏ်ပြုပွဲအခမ်းအနားနဲ့ အပ်စပ်မယ်ထင်လို့ ပေးလိုက်တာပါ။ လူတိုင်းသိတဲ့ စကားပုံကို ပြောပြ၊ ရှင်းပြ မလုပ်တော့ပါဘူး။ စာဖတ်သူတို့သာ စိတ်ကြိုက်တွေးတော ကြပါတော့ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၂၃ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics