Sunday, January 06, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ


(က)
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်ရုံတင်မဟုတ်ဘူး၊ ရပ်ကွက်ကြီးတစ်ခုပါ ဖြစ်နေပါပြီ။ ကမ္ဘာပြားဖြစ်စဉ်ရဲ့ ရိုက်ချက်တွေက ပြောရင်တောင် ကုန်နိုင်မယ်မထင်ဘူး။ ခေတ်ဟောင်းသမား (အန်းဒိတ်) တစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့ ကျွန်တော့်အတွက်ကတော့ ကမ္ဘာပြားဖြစ်စဉ်ရဲ့ ရိုက်ချက်အချို့ကို မကျေမနပ်ဖြစ်မိတာ အမှန်ပဲခင်ဗျ။ အဆိုးဆုံးကတော့ ယဉ်ကျေးမှုတွေ ထိုးမိ၊ ထိမိ၊ တိုက်မိတာပါပဲ။ အဲဒီလိုတွေ ဖြစ်တယ်ဆိုတော့ ထုံးစံအတိုင်း ပြိုလဲတာတွေ၊ နေရာရွေ့ကုန်တာတွေ၊ ဘေးကိုယိုင်ကုန်တာတွေ ရှိတာပေါ့ဗျာ။ ဥပမာပြောရမယ်ဆိုရင် နယူးရီးယားကြိုဆိုပွဲတွေ၊ ချစ်သူများနေ့တွေ စတဲ့စတဲ့ ယဉ်ကျေးမှုတွေကို ကျွန်တော့်မျက်စိထဲ သိပ်ပြီးတော့ ဘ၀င်မတွေ့လှဘူးဗျ။ နယူးရီးယားကိုကြိုချင်တာထက် အပျော်အပါးကို မက်မောကြတာလို့ ဖြေတွေးတွေးလို့ ရပေမယ့် ဒီနေ့ခေတ် လမ်းမှာတွေ့တဲ့ လူငယ် ၁၀ ယောက်ကိုမေးလို့ တစ်ယောက်တောင်မျှ ပြန်မဖြေနိုင်တဲ့ မေးခွန်းအတွက်တော့ ရင်လေးမိသားဗျ။ တခြားမဟုတ်ပါဘူးဗျာ "ဒီနေ့ဟာ မြန်မာသက္ကရာဇ် ခုနှစ်၊ လ၊ ရက် နဲ့ပြောမယ်ဆိုရင် ဘယ်နှရက်နေ့လဲ" ဆိုတဲ့ မေးခွန်းပါ။ ခရစ်သက္ကရာဇ်ဟာ ကမ္ဘာသုံးဖြစ်ရုံနဲ့ မြန်မာသက္ကရာဇ်ကို မေ့ပစ်ကြတော့မလားဆိုတာ စဉ်းစားကြစေချင်ပါတယ်။ ချစ်သူများနေ့ကို တစောင့်စောင့်၊ တသသ ဖြစ်နေကြပေမယ့် မြန်မာတွေရဲ့ "အမေများနေ့" ဟာ ဘယ်နေ့လဲဆိုတာ လူငယ်တွေ သိကြပါလေစ။ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုတွေအလယ်မှာ စီးမြောခြင်းကို ကျွန်တော်ကိုဉာဏ် အပြစ်မမြင်ပါ။ မပြစ်မတင်ပါ။ သို့သော် ကမ္ဘာ့ရေစီးကြောင်းထဲတွင် မျောပါလာသည်များထဲမှ ကောင်းတာများကိုလည်း ယူစေချင်ပါသည်၊ ဆယ်စေချင်ပါသည်။ အခြားနိုင်ငံကလူတွေ ဘယ်လို အလုပ်လုပ်ကြသလဲ၊ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြသလဲ၊ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဘယ်လိုကြိုးစားကြသလဲ၊ တီထွင်ဖန်တီးမှုတွေ ဘယ်လိုလုပ်ကြသလဲ စတာစတာတွေကိုလည်း အတုယူကြစေချင်ပါတယ်။ ရုပ်သံတွေကနေ တိုက်ရိုက်ကြည့်ရှုခွင့် ရခဲ့တဲ့ နှစ်သစ်ကြိုဆိုပွဲကြီးကဖြင့် ခမ်းနားလိုက်ပါဘိ၊ စည်းကားလိုက်ပါဘိ၊ အစီအစဉ်ကျနလိုက်ပါဘိ၊ ပျော်စရာကောင်းလိုက်ပါဘိ၊ ခေတ်မီလိုက်ပါဘိ။ သို့သော် ကျွန်တော်တို့လူတွေရဲ့ ရင်ထဲမှာ၊ ဦးနှောက်ထဲမှာရော ကမ္ဘာလုံးဆန်ပြီလား၊ ခေတ်မီပြီလား။ တွေးကြစေချင်ပါတယ်။

(ခ)
သမ္မတတစ်ယောက်က သူ့ပြည်သူတွေအတွက် နှစ်သစ်ကူးမိန့်ခွန်းပြောတာကို ကျွန်တော့်တစ်သက်မှာ ပထမဆုံးအကြိမ် နားထောင်ခွင့်ရခဲ့တယ်။ ဘာတွေပြောခဲ့တယ် ဆိုတာထက် အဲဒီလို ပြောခဲ့တဲ့ အစီအစဉ်ကို ပိုပြီးတော့ နှစ်သက်မိတယ်။ ကိုယ့်နိုင်ငံရဲ့ သမ္မတတစ်ယောက်က ကိုယ့်ပြည်သူတွေကို နှစ်သစ်ကူးမှာ ဆုမွန်ကောင်းတောင်းပေးတာ၊ ဆက်လုပ်မယ့် အလုပ်တွေအတွက် ကတိပေးပြောကြားတာတွေဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တဲ့အချက်တွေလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဝင် နှစ်သစ်ကူးဆုတောင်းစကားကို နားထောင်ခွင့် ရခဲ့တဲ့အတွက် ဒီမိုကရေစီရဲ့ အသီးအပွင့်တစ်ခုအဖြစ် ခံစားနားလည်မိပါတယ်။ သမ္မတကြီး ကျန်းမာပါစေ၊ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ယခုထက် ဆောင်ရွက်နိုင်ပါစေ။

(ဂ)
ကေအိုင်အေစခန်းတစ်ခုကို မြန်မာ့တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ခဲ့ရပါတယ်။ ကျွန်တော်မကြာခဏ ပြောခဲ့သလိုပါပဲ... လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ကေအိုင်အေသည် လက်ရှိအချိန်မှာ လက်နက်ကိုင်ပြီး ပုန်ကန်နေတဲ့ သူပုန်သာ ဖြစ်ပါတယ်။ ပြည်နယ်ကိစ္စတွေ၊ လူမျိုးကိစ္စတွေ ကျွန်တော်မပြောလိုပါ။ တစ်ခုပဲမေးချင်ပါသည်။ အခုအချိန်မှာ မြန်မာပြည်ကို တရုတ်၊ သို့မဟုတ် ထိုင်းကများ စစ်ကြေညာခဲ့ရင် နိုင်ငံနဲ့လူမျိုးကို (တစ်ပြည်လုံး အတိုင်းအတာနဲ့) ကာကွယ်ပေးမှာ ဘယ်သူလဲ၊ စစ်တိုက်ပေးမှာဘယ်သူလဲ။ ဒါဆိုရင် အဖြေက ရှင်းပါတယ်။ နိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားတဲ့ စစ်တပ်မှန်သမျှဟာ နိုင်ငံတော်ကို ကာကွယ်ဖို့၊ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ်လို့ ယူဆရင်၊ ထိပါးလာတယ်ဆိုရင် ဟန့်တားကာကွယ်ဖို့ ဖြစ်ပါတယ်။ ကေအိုင်အေဟာ နိုင်ငံ့အချုပ်အခြာကို ထိပါးခြင်းမရှိဘူး၊ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ယူဆသူတွေနဲ့ ကျွန်တော်ဖက်ပြိုင် စကားနိုင်လုရန် အချိန်မပေးနိုင်ပါ။ မြန်မာ့တပ်မတော်သည် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့သည်ဟု ကျွန်တော်ယုံကြည်ပါသည်၊ လုပ်ခဲ့သည့်အတွက်လည်း ကျွန်တော်ဂုဏ်ယူပါသည်။ အင်တာနက်ပေါ်တွင် ကြည့်ရှုရသော မှတ်တမ်းဓာတ်ပုံများအရ ကေအိုင်အေတို့ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအတွက်မူ စိုးရိမ်ပူပန်မှု ဖြစ်ရပါသည်။ စာဖတ်သူများလည်း ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ မြန်မာနိုင်ငံ၏ မည်သည့်အစိတ်အပိုင်းကိုမျှ ကြားခံနယ်မြေ Buffer Zone အဖြစ် သဘောထားသည်ကို ကျွန်တော်မလိုလားပါ။ မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည်မှာ တပ်မတော်ဖြစ်ပါသည်။ ကေအိုင်အေမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသည့် ကေအိုင်အေကို အားပေးအားမြှောက် ပြုနေသူမှန်သမျှသည် ဥပဒေကို ချိုးဖောက်သူများသာ ဖြစ်ပါသည်၊ ပြတ်ပြတ်သားသား ပြောရလျှင် သူပုန်အားပေးများသာ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော် ၂ ခု မရှိပါခင်ဗျား။

(ဃ)
လွတ်လပ်ရေးနေ့အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံး မြို့ရွာအနှံ့ ကျင်းပကြသည့် သတင်းများကို ဖတ်ရ၊ မြင်ရသည့်အတွက် ၀မ်းသာကြည်နူးမိပါသည်။ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေကြသည့် ကလေးသူငယ်များကိုကြည့်ရင်း ငယ်ဘ၀ကို ပြန်သတိရမိသလို ယခုကဲ့သို့ လွတ်လွတ်လပ်လပ် နေနိုင်အောင် ကြံဆောင်ကြိုးပမ်းခဲ့ကြသည့် ရှေးဘိုးဘွားဘီဘင် မြန်မာတိုင်းရင်းသားများ အားလုံးကိုလည်း ဦးညွတ်မိပါသည်။ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ပါစေ။

(င)
အကယ်ဒမီဆုပေးပွဲဂယက်က လှိုင်းမငြိမ်သေးတာ တွေ့ရပါသည်။ တစ်ယောက်တစ်မျိုး ဝေဖန်ကြတာတွေက အကြောင်းမဟုတ်၊ တာဝန်ရှိသူတွေကပါ တစ်ယောက်တစ်မျိုး ဟိုပြောဒီပြောတွေ ပြောကုန်ကြတာက အကြောင်းဖြစ်ကုန်သည်။ လျှပ်တစ်ပြက်က အကယ်ဒမီဆုပေးပွဲ မှတ်တမ်းဓာတ်ပုံတွေကို ကြည့်မိပြန်တော့ သို့လောသို့လောတွေ ဖြစ်ရပြန်သည်။ ဓာတ်ပုံတွေက အကြောင်းမဟုတ်၊ ပုံတွေအောက်မှာ၊ ဘေးမှာ ရေးပေးထားတဲ့ မထိတထိ စာသားလေးတွေက အကြောင်းဖြစ်ရခြင်းပင်။ ဒါလည်း မြတ်ခိုင်ရဲ့ ဖွချက်တွေဖြစ်မည်။ သူ့ဟာသူ ဂျာနယ်ကို စိတ်ဝင်စားအောင် ဖွတာက အကြောင်းမဟုတ်၊ မခံမရပ်နိုင်သူတွေက ဟိုဂျာနယ် ဒီဂျာနယ်နယ်တွေကတစ်ဆင့် ဟိုပြောဒီပြောတွေ ပြောကြဦးမည်ဆိုလျှင်ဖြင့် အင်း... ပွဲကတော့လှပြီ။

(စ)
တစ်ရက်က သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သို့ သွားခဲ့သည်။ သူငယ်ချင်းတစ်ယောက်က ဒကာခံကာ ကျွေးမွေးခြင်းဖြစ်ပါသည်။ ကိုဉာဏ်ကို အသားလွတ် အထင်ကြီးနေမှာစိုး၍ ဖြစ်ပါသည်။ ကျွန်တော့်လခနှင့် စားသောက်ဆိုင်ဆိုတာက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ ဆက်ရလျှင် စားသောက်ပြီး၍ ပိုက်ဆံရှင်းသောအခါ Bill တွင် ကျွန်တော်တို့ စားသောက်ခဲ့သည့် ကျသင့်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံထားကြောင်း တွေ့ရသည်။ အခြားဆိုင်များတွင်လည်း သူငယ်ချင်းများကောင်းမှုကြောင့် စားသောက်ခဲ့ဖူးပါသည်။ သို့သော် ယခုကဲ့သို့ အခွန်ထည့်ကောက်တာ မတွေ့ခဲ့ဖူးပါ။ ယင်းအခွန်နှင့်ပတ်သက်၍ ကျွန်တော်လေ့လာပါဦးမည်။ ကိုယ်ရှင်းရတာ မဟုတ်သော်လည်း နိုင်ငံတစ်ခုတည်း၊ လမ်းတစ်လမ်းတည်း၊ ဘေးချင်းကပ်လျက် ဖွင့်လှစ်ထားသည့် ဆိုင်တန်းတွေအများကြီးထဲမှာမှ ဒီတစ်ဆိုင်တည်းက ထူးထွေဆန်းပြားစွာ အခွန်ကောက်တာကိုတော့ ကျွန်တော် စိတ်ဝင်စားပါသည်။ စားသုံးသူတွေဆီက အခွန်ကောက်ခွင့် ဆိုင်မှာရှိသလား၊ အခုကောက်ထားတဲ့ (ပိုက်ဆံထည့်တောင်းထားတဲ့) အခွန်တွေကိုရော နိုင်ငံတော်ကို သွင်းပါတယ်လို့ ကျွန်တော်တို့က ဘယ်လိုယုံကြည်ရမလဲ၊ နိုင်ငံတော်ကရော ကျွန်တော်တို့ ပေးလိုက်ရသည့် ပိုက်ဆံများကို အခွန်အဖြစ် ရရှိပါသလား၊ တကယ့်လို့သာ သူတို့လုပ်ရပ်သည် မှန်ကန်သည်ဆိုလျှင် အခြားဆိုင်တွေကရော ဘာဖြစ်လို့ အဲဒီလို အခွန်ကောက်ပြီး မဆောင်ကြသလဲ၊ ဒါမှမဟုတ် စားသုံးသူတွေကို ကျွန်တော်တို့လို မဖြစ်အောင် အခြားစားသောက်ကုန်များထဲတွင် မသိမသာ ဈေးနှုန်းတင်ထားပြီးသားလား၊ ကျွန်တော်အမေရိကန်သို့ မရောက်ဖူးပါ၊ သို့သော် ကျွန်တော်ရောက်ဖူးသည့် နိုင်ငံတွင်တော့ ထိုကဲ့သို့ အခွန်မပေးရပါ။

(ဆ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဥက္ကဋ္ဌတို့ တွေ့တဲ့သတင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။ ပြောချင်တာတွေ အများကြီးရှိပေမယ့် ဘုန်းကြီးစာချ ဖြစ်နေမှာစိုးတဲ့အတွက် ရှည်ရှည်ဝေးဝေး မပြောလိုပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ KNU ဥက္ကဋ္ဌကို ဖက်လှဲတကင်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်တာကို တွေ့မြင်ရတဲ့ မြင်ကွင်းဟာ ကျွန်တော့်ရင်ကို ဆူပွက်စေပါတယ်။ အတွေးတွေ များစေပါတယ်။ ခေါင်းမာသူတွေ၊ အသည်းနှလုံးမရှိသူတွေ၊ အကြောင်းအကျိုး နားမလည်သူတွေအဖြစ် အမြဲတစေ ကင်ပွန်းတပ်ခံရတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေဟာ ဘယ်လိုလူစားတွေလဲဆိုတာ အပြုံးတစ်ခုတည်းက ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။ မြန်မာ့တပ်မတော်နဲ့ KNU နှစ်ဖက်စလုံးကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လက်တွဲဆောင်ရွက်နိုင်ကြပါစေ။

(ဇ)
စောစောကပဲ ဆီးရီးယားသမ္မတအာဆတ် တိုင်းပြည်ကို မိန့်ခွန်းပြောတာကို တိုက်ရိုက်ကြည့်ခွင့် ရခဲ့ပါတယ်။ CNN က တိုက်ရိုက်လွှင့်တာကို ကြည့်ခဲ့တာပါ။ နောက်ခံဆီးရီးယားအလံကို ပုံဖော်ထားတာကို စိတ်ဝင်စားမိတယ်။ ဓာတ်ပုံတွေနဲ့ ပုံဖော်ထားတယ်လို့ အကြမ်းဖျင်း နားလည်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေရဲ့ ဓာတ်ပုံတွေလည်း ဆိုတာကို အခုလတ်တလော မသိသေးပါဘူး။ ဖြစ်နိုင်တာကတော့ ပြည်တွင်းစစ်မှာ သေဆုံးသွားခဲ့သူတွေ ဖြစ်မယ်ထင်တာပါပဲ။ နောက်တစ်ခု သတိထားမိတာက သမ္မတအာဆတ် မိန့်ခွန်းပြောနေစဉ်မှာကိုပဲ နားထောင်နေတဲ့လူတွေက လက်ခုပ်တွေ ပြိုင်တူတီးလိုက်၊ ကြွေးကြော်သံတွေ ပြိုင်တူအော်လိုက် လုပ်နေတာကတော့ အထူးအဆန်း ဖြစ်မိတယ်။ အပေါ်ကနေ တစ်ခုခုပြောလိုက်၊ အောက်ကလူတွေက လက်ခုပ်ပြိုင်တူတီးလိုက် ဆိုတာကတော့ ဒီမိုကရေစီ မဆန်ဘူးလားလို့ မှတ်တာပဲ။ တကယ်သဘောကျလို့ တီးချင်သပ၊ အားပေးချင်သပဆိုရင် တီးချင်သလို တီးကြပေါ့ဗျာ။ အခုဟာက လက်ခုပ်တီးတာတောင် စနစ်တကျ ညီညွတ်တာကတော့ ဘယ်နှယ့်ကြီးလဲ မသိပါဘူးဗျာ။

စာကြွင်း။ ပြီးခဲ့တဲ့အပတ်ထဲ အလုပ်တွေယာယီများခဲ့သမို့ ပို့စ်တွေတင်တာ ကျဲခဲ့သဗျ။ ပြောချင်တာတွေက မှတ်ထားမိပေမယ့် အခုလို သွေးအေးတဲ့အချိန် ပြန်စဉ်းစားမိတော့ တွေးမိတဲ့အချိန်ကလောက် ရေးချင်စိတ်က မပြင်းထန်တော့ဘူး။ ပြီးစလွယ် ပို့စ်ဖြစ်ရင်ပြီးရော မတင်ချင်တာမို့ မအားတဲ့အခါ ပို့စ်တွေ မတင်ဖြစ်ခဲ့ရင် နားလည်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်နော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၄၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics