Tuesday, January 29, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၂၁ - ၂၇)



(က)
လိုင်ဇာအထိ လမ်းလျှောက်ကြသူများ
ဘယ်သူက ဘယ်လိုစိတ်ကူးပေါက်ပြီး ဉာဏ်ကွန့်မြူးလိုက်ကြတယ် မသိပါဘူး။ ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ကြမတဲ့။ သူတို့ရည်ရွယ်ချက်က ဘယ်လိုဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ ဘေးလူတစ်ယောက် အမြင်ကိုပြောရရင် အားအားလျားလျား ဟိုဒင်းကို သန်းရှာနေကြတာလို့ပဲ မြင်ပါတယ်။ အဲဒါကိုပဲ ကိုရွှေဂျာနယ်တွေက ရောင်းကောင်းရင်ပြီးရော ရေးလိုက်ကြတာများ တကယ့်ကို လွတ်လပ်ရေးတိုက်ပွဲ ၀င်ကြမယ့်အတိုင်းပါပဲ။ အစိုးရကို အတိုက်အခံတွေ အမြဲတမ်းဖိအားပေး ပြောတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ပြည်သူ့အသံကို နားထောင်ပါ၊ ပြည်သူ့လိုအင်အတိုင်း ဆောင်ရွက်ပါတဲ့။ အဲဒါဆိုရင် အခုလမ်းလျှောက်မယ် ဆိုတဲ့လူတွေကရော ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လျှောက်တာလား၊ ပြည်သူတွေက ဒီလိုလုပ်ပါလို့ ခိုင်းလို့လား။ အခုလို လျှောက်တဲ့အတွက် ပြည်သူတွေအဖို့ ဘာအကျိုးရှိမလဲ။ မြင်တဲ့အတိုင်းပြောရရင်တော့ အဲဒီလမ်းလျှောက်တဲ့လူတွေ ဖြတ်သွားတဲ့အခါတိုင်း အနေအစား ပျက်တာပါပဲ။ မြို့လယ်လမ်းမမှာ ရုံးရုံးစုစုနဲ့ သွားလာရခက်ကုန်ရော။ ပတ်ဝန်းကျင်ကိုလည်း အထိတ်တလန့် ဖြစ်စေပြန်ရော။ မြို့နယ်အသီးသီးက တာဝန်ရှိသူတွေကိုလည်း အလုပ်ရှုပ်စေ၊ စိတ်ညစ်စေပြန်ရော။ ကဲ... ဘယ်မှာလဲ အကျိုးကျေးဇူး။ သြော်... တစ်ခုတော့ ရှိသဗျ။ အဲဒီပွဲကို စီစဉ်တဲ့လူတွေကတော့ အကျိုးရှိပေမပေါ့။ ဒင်းတို့က နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်တာမို့ အမြတ်ထွက်တယ်ပဲ ပြောရမလား။ အနည်းဆုံးတော့ ပိုက်ဆံရပြီးရော ဂျာနယ်တွေမှာ ဖော်ပြခြင်း ခံကြရသကိုး။ အခုလို လမ်းလျှောက်တဲ့အတွက် နိုင်ငံအတွက် ဘယ်ကဏ္ဍတွေမှာ အကျိုးဖြစ်ထွန်းစေခဲ့သလဲ၊ နိုင်ငံ့စွမ်းအားကို ဘယ်လောက်မြင့်တက်စေခဲ့သလဲ၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်စေခဲ့သလား၊ သူတို့တွေပြောတဲ့ ကချင်ပြည်နယ်စစ်ကြီးကရော ရပ်သွားရောလား၊ သူတို့တွေ လမ်းလျှောက်လိုက်တဲ့အတွက် မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းသာယာသွားရောလား။ တကယ့်ကို ရူးတဲ့လူတွေပါပဲဗျာ။ အဲဒီလူတွေကို မြို့နယ် ၈ ခုက အမှုဖွင့်ထားတယ်လို့ သတင်းတွေးမှာ ဖတ်ရတယ်။ ကောင်းလေစွတကား။ ဥပဒေကို မလိုက်နာသူတို့အား ဥပဒေအတိုင်း ဆောင်ရွက်ခြင်းသည် ဘာမျှသနားစရာ မရှိပါချေ။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေဆိုတာ စာအုပ်စင်ပေါ်မှာ အလှပြထားလို့ရအောင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးထားတာ မဟုတ်ပါဘူးဗျ။ လိုက်နာဆောင်ရွက်နိုင်အောင် ရေးဆွဲပြဋ္ဌာန်းပေးထားတာပါ။ ငါတို့လုပ်ချင်တာကို ဥပဒေရောဘာရော နားမလည်ဘူး၊ လုပ်ချင်လို့ လုပ်တယ်ကွာဆိုရင်တော့ ဥပဒေကလည်း ကျောသားရင်သား မခွဲခြားဘဲ အရေးယူတာတွေ၊ အပြစ်ပေးတာတွေ လုပ်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင်သာ အသပြာဂျာနယ်တွေက ဟိုရေးဒီရေး၊ တောင်ဖွမြောက်ဖွ မလုပ်ကြနဲ့ပေါ့ဗျာ။ နောက်ထပ်ပြောချင်တာတစ်ခုက အဲဒီလို လမ်းလျှောက်တဲ့အထဲမှာ လူတွေကတော့ သူ့ဟာသူရူးကြတာ ထားပါတော့။ သင်္ကန်းဝတ်ထားတဲ့ ကိုယ်တော်တွေက ဘာလိုက်လုပ်ကြတာတုန်း။ ဆွမ်းခံကြွနေတယ်များ အောက်မေ့နေကြသလား မသိပါဘူးဗျာ။ နောက်ဆိုရင်တော့ မြန်မာအဘိဓာန်မှာ စကားလုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထပ်ဖြည့်ရတော့မယ်။ "ဘုန်းကြီး/ဖုန်းဂျီး/န-ရဟန်းတော်၊ သင်္ကန်းဝတ်ထားသော ပုဂ္ဂိုလ်၊ ဆန္ဒဖော်ထုတ်ပွဲ၊ စီတန်းလှည့်လည်ပွဲများတွင် အမြဲတစေ ရှေ့ဆုံးမှပါတတ်သော ဆန္ဒပြသူများ၊ ဆိုင်းဘုတ်ကိုင်၍ ဆန္ဒဖော်ထုတ်လေ့ရှိသော သင်္ကန်းဝတ်များ၊ နိုင်ငံရေးတွင် အထူးတလည် ကျွမ်းကျင်စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ" ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ သံသရာမှလွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ကိုယ်တိုင်ကျင့်ကြံသလို၊ ဒါယကာ၊ ဒါယိကာမများကိုလည်း သွန်သင်ဆုံးမ တရားပြသနေကြတဲ့ သံဃာစစ်၊ သံဃာမှန်များကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျွန်တော်ကိုဉာဏ်က ဒီနေရာကနေ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ လက်အုပ်ချီမိုး ရှိခိုးကန်တော့ တောင်းပန်အပ်ပါတယ်ဘုရား။ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် လုပ်နေတဲ့ သင်္ကန်းဝတ်များကိုတော့ ထာဝရကန်တော့ဆွမ်းပါဗျာ။ ကျွန်တော့်အယူအဆကို ထပ်ပြောပါရစေ၊ နိုင်ငံရေးလုပ်ချင်ရင် သင်္ကန်းချွတ်၊ တိုက်ပုံဝတ်၊ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်စမ်းဗျာ။ အခုတော့ ဘာသာခြား၊ လူမျိုးခြားတွေအတွက် ပြောစရာဖြစ်စမ်းလှတယ်ဗျာ။

(ခ)
ဦးသိန်းစိန်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတယ်
ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုက သမ္မတကြီး ဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပါတယ်။ မြန်မာပြည်အတွက် ဘာတွေထူးခြားသွားပါသလဲ။ ကျွန်တော့်အမြင်ကတော့ ဘာမျှမထူးခြားပါဘူး။ ထူးခြားစရာလည်း အကြောင်းမှ မရှိတာပဲဗျာ။ ဟုတ်တယ်မလား။ မြန်မာပြည်မှာ တစ်ခုခုလုပ်စေချင်လို့၊ တစ်ခုခုအတွက် ရည်ရွယ်ပြီး ပေးတာဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေ၊ အားထုတ်ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ ပေးတာလို့ပဲ ခံယူပါတယ်။ ပြောရရင်တော့ ဒီဆုကို ရတဲ့အတွက် ဘာမျှပြန်လုပ်ပေးစရာ မလိုပါဘူး။ လုပ်ခဲ့တာတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာသာဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံအတွက်ရော၊ အဖွဲ့အစည်းအတွက်ပါ အနှောင်အဖွဲ့ကင်းပါတယ်။ ဒီထက်ပြောရရင်တော့ အခုပေးတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဦးသိန်းစိန်အတွက် ဆိုတာထက် ပေးအပ်တဲ့ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာအတွက် ရည်ရွယ်တာဆို ပိုမှန်မယ်ထင်ပါတယ်။ သူတို့ပေးတဲ့ ဒေါက်တာဘွဲ့ကြောင့် ဦးသိန်းစိန် ထူးထွေပြီး ဂုဏ်တက်သွားစရာလို့ မမြင်ပါဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးက လက်ခံပြီး အလေးထားစောင့်ကြည့်နေတဲ့ သမ္မတကြီးဦးသိန်းစိန်ကို အခုလို ဒေါက်တာဘွဲ့ ပေးအပ်လိုက်တဲ့အတွက်တော့ သူတို့တက္ကသိုလ်အဖို့ ဂုဏ်တက်သွားခဲ့တာ အမှန်ပါပဲ။ အလကားနေရင်း လျှောက်ပြီးဝေဖန်နေကြတဲ့ သူတွေကိုလည်း ကျွန်တော်ကိုဉာဏ်က ဂုဏ်ထူးဆောင်ဘွဲ့ပေးရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။ သူတို့ခမျာ ဦးသိန်းစိန်အစိုးရ ဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်ဖြစ် ငုတ်တုတ်ထိုင်ပြီး မကောင်းပြောနေရတာဆိုတော့ ဂုဏ်ထူးဆောင် အတိုက်အခံဘွဲ့ ပေးလိုက်မှထင်ပါရဲ့ဗျာ။ နောက်တစ်ခုပြောစရာ ကျန်သေးသဗျ။ ဝေဖန်တဲ့လူတွေက မဆီမဆိုင် ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေပါလျက်နဲ့ ဒေါက်တာဘွဲ့ ပေးရမလားဆိုပြီး မေးငေါ့ကြတဲ့ ကိစ္စပါပဲ။ ဆိုင်တာမဆိုင်တာကတော့ စာဖတ်သူသာ စဉ်းစားကြည့်တော့ဗျို့။ မိချောင်းမင်းကို ရေခင်းမပြချင်တော့ဘူး။ :D

(ဂ)
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ
ဟားဟားဟား၊ အတော်ရယ်စရာ ကောင်းတဲ့လူတွေပဲဗျ။ အဲဒီမေးခွန်း၊ သို့မဟုတ် အဆို၊ သို့မဟုတ် လျှောက်လဲချက်ကို ဘယ်သူက ဆုံးဖြတ်ပေးမှာလဲ။ ဘာလဲ... လွှတ်တော်က ကိုယ့်ဘာသာကိုယ်မေး၊ ကိုယ့်ဘာသာကိုယဖြေ၊ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ် လုပ်ကြဦးမလို့လား။ သေချာတာကတော့ လောလောဆယ် အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေအတွက် ဆုံးဖြတ်ပေးမယ့် အခြေခံဥပဒေခုံရုံး မရှိဘူးဗျ။ လွှတ်တော်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်ပစ်လိုက်လို့ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်သွားတာကြာပေါ့။ ဥပဒေစကားနဲ့ ပြောရမယ်ဆိုရင်တော့ အခုအချိန်မှာ အခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လုပ်ချင်ရာလုပ်လို့ရတဲ့ ကာလလို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်လုပ်ချင်တာလုပ်၊ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီလိုလုပ်လို့ ရပါတယ်ဆိုပြီး လိုရာဆွဲပြောပေါ့ဗျာ။ မှန်တယ် မှားတယ်ဆိုတာကို ဆုံးဖြတ်ပေးမယ့်လူ မရှိဘူးလေ။ အဲဒီလို အခြေခံဥပဒေဆိုင်ရာ ကိစ္စတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလွဲရင် ဘယ်သူကမျှ ဆုံးဖြတ်ပေးလို့ မရဘူးဗျ။ အဲဒါတွေကို တွေးမိတိုင်း လွှတ်တော်.... လွှတ်တော်... ဆိုပြီး ကျွန်တော်ကိုဉာဏ်တော့ မေတ္တာတွေ အခါခါ ပို့သမိတယ်။ အခုလည်း ခုံရုံးကို ပြန်ဖွဲ့ဖို့အတွက် အဲဒီနေရာတွေမှာ တာဝန်ထမ်းဆောင်ချင်တဲ့ ဥပဒေပညာရှင်တွေမှ ရှိသေးရဲ့လားလို့ သံသယဖြစ်မိတယ်။ လွှတ်တော်နဲ့ မပြေလည်ရင် ခုံရုံးကနေ အချိန်မရွေး ပြုတ်သွားနိုင်တော့ ကျွန်တော်သာ ဥပဒေပညာရှင်ဆိုရင် လုံးဝ မလုပ်ဘူးဗျ။ ရုပ်သေးရုပ် ခုံရုံးမှာ တာဝန်ထမ်းဆောင်ရမှာထက် ကိုယ့်ဘာသာကိုယ် စာအုပ်ဖတ်ပြီး အိမ်မှာအိပ်နေရတာက ပိုမကောင်းဘူးလားဗျာ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နိဂုံးချုပ်ရရင်တော့ သမ္မတကြီး ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီဆိုတာ အခုလောလောဆယ်တော့ မသိချင်ပါသေးနဲ့ဦးလို့ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ပြောပါရစေခင်ဗျား။

(ဃ)
လွှတ်တော်မှာတင်တဲ့အဆိုတွေ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက အစိုးရကို ချောင်ပိတ်မိစေမယ့် မေးခွန်းတွေ၊ အဆိုတွေ မတင်ကြဖို့ လမ်းညွှန်တဲ့ကိစ္စကို ထုံးစံအတိုင်း ဖွချင်သူများ၊ ဖွလွန်းသူများ၊ မဖွရမနေနိုင်သူများက အကဲဆတ်ကြပြန်ပါရောလား။ ဆိတ်ဖွားကိစ္စတုန်းက မတားဘဲ အခုမှ ဘာလို့တားရတာလဲလို့ မေးငေါ့သူကလည်း မေးငေါ့ကြတယ်။ ကျွန်တော့်သဘောလား... အင်း... မသိဘူးဗျ။ ဦးရွှေမန်းမှာလည်း သူ့အကြောင်းနဲ့သူ ရှိလို့ဖြစ်မှာပေါ့ဗျာ။ သူက အပေါ်ကလူဆိုတော့ ကျွန်တော်တို့တွေထက် အများကြီး ပိုမြင်တယ်လေ။ မေးခွန်းတွေ၊ အဆိုတွေရဲ့ လားရာ၊ ရွယ်ရာ၊ တည်ရာကို သိနေလို့ဖြစ်မှာပေါ့။ ဒေါက်တာဆိတ်ဖွား ကိစ္စကတော့ အင်း... ဘယ်လိုပြောရမလဲပေါ့နော်... အင်း... အဲဒီလိုပါပဲ။ တင်ချင်လို့တင်တယ်၊ ခွင့်ပြုသင့်တယ်ထင်လို့ ခွင့်ပြုတယ်... စုံစမ်းသင့်တယ်ထင်လို့ စုံစမ်းတယ်... အဲဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဗျာ... သူတို့လွှတ်တော်ကို တစ်ခုခုဝေဖန်လို့ လျှာလွှဲတာဟုတ်လား... အဲဒါတော့ ကျွန်တော်မသိပါဘူးဗျာ... တကယ်ကို မသိရတာပါ။ အရပ်ထဲမှာပြောနေကြတဲ့ ကျန်တဲ့ဥပဒေတွေကိုတော့ အာပေါင်အာရင်းသန်သန် ဆွေးနွေးငြင်းခုန် ထောက်ခံကန့်ကွက် လုပ်နေကြပြီးတော့ ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေကိုတော့ အခုအချိန်အထိ လေသံတောင်မဟဘဲ အမေ့ခံနေတယ်ဆိုတာနဲ့ မဆိုင်ဘူးလို့ ထင်တာပဲခင်ဗျ။ အင်း... ဆိုင်ချင်လည်း ဆိုင်မှာပေါ့ခင်ဗျာ။ ကျွန်တော်ကိုဉာဏ်က ဘာမျှသိပ်မသိလို့ပါခင်ဗျ။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပြောတဲ့စကားကိုတော့ ကျွန်တော်ကိုဉာဏ် ထောက်ခံတယ်ခင်ဗျ။ မှန်တယ်... လွှတ်တော်ဆိုတာ အုပ်ချုပ်ရေးပိုင်းကို အပြန်အလှန် ထိန်းညှိဖို့သာဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းကို ချောင်ပိတ်ပြီး ရိုက်ဖို့မဟုတ်ဘူးဗျ။ ကျွန်တော်ကိုဉာဏ် ကလေးအတွေး တွေးမိတာတစ်ခု ရှိတယ်ဗျ။ လွှတ်တော်တွေက သူတို့လုပ်ပိုင်ခွင့်ရှိတဲ့ ဥပဒေတွေနဲ့ ပါဝါပြတယ်ဆိုတော့ သူတို့တွေလည်း ဥပဒေနဲ့အညီ အပြည့်အ၀ လိုက်နာတဲ့ နိုင်ငံသားတွေ ဟုတ်ရဲ့လားဆိုတာပါပဲ။ အရေးယူအပြစ်ပေးတာက အုပ်ချုပ်ရေးပိုင်းက လုပ်တာမဟုတ်လား။ ကိုယ်ပိုင်လုပ်ငန်းတွေမှာ အခွန်မဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးအာဏာကို အသုံးချပြီး အခွင့်ထူးခံ လုပ်နေတာတွေ၊ စတဲ့စတဲ့ ဥပဒေနဲ့ မညီတဲ့ နေထိုင်ပြုမူမှုတွေအတွက် အုပ်ချုပ်ရေးပိုင်းက မျက်စိဒေါက်ထောက်ကြည့်ပြီး အရေးယူမယ်ဆိုရင်တော့ အင်း... ပွဲကတော့ ကြည့်လှပြီ။

(င)
လစာတိုး၊ မတိုးကိစ္စ
မလုပ်ကြပါနဲ့ကွယ်ရို့။ အဲဒီကိစ္စကို သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မလုပ်ကြပါနဲ့။ ကျွန်တော်လည်း လခစား ၀န်ထမ်းပါပဲဗျာ။ ဒါပေမယ့် လစာတိုးတယ်ဆိုတဲ့ အသံကို ကြားရမှာ အတော်ကြောက်လာတယ်ဗျ။ ဘယ့်နှယ်ဗျာ လစာကဖြင့် တိုးမယ်မကြံသေးဘူး၊ ဈေးနှုန်းတွေက တက်ဖို့အသင့်၊ ခရာမှုတ်တာစောင့်နေတဲ့ အပြေးပြိုင်ပွဲဝင်တွေလိုပဲ။ အင်း အခုလို စိတ်ဓာတ်တွေ၊ အခုလို လုပ်ရပ်တွေနဲ့ဆိုရင်တော့ တာဝန်ရှိသူတွေအတွက်ကတော့ တကယ့်ကို အကျဉ်းအကြပ်ပဲဗျို့။ ပြီးခဲ့တဲ့နှစ်က လာမယ့်ဘဏ္ဍာရေးနှစ်မှာ လစာတွေ တိုးပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ကြားလိုက်မိသလိုပါပဲ။ အင်း... ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲမယ့် ဘတ်ဂျက်ဥပဒေကိုပဲ စောင့်ကြည့်ရတော့မှာပဲ။ လစာတိုးတာတော့ လိုချင်တယ်ဗျာ.. ဒါ အမှန်အတိုင်းပဲ။ ဒါပေမယ့် ကိုယ်တွေတိုးမယ့် လစာကြောင့် ကုန်ဈေးနှုန်းတွေ မတန်တဆ တက်သွားမှာကိုတော့ မလိုလားဘူး။ စိတ်ညစ်စရာကြီးဗျာ... တကယ်ပါပဲ။

(စ)
အထည်ချုပ်လုပ်ငန်းတွေ အော်ဒါရနေပြီ
အမေရိကန်က မြန်မာအထည်ချုပ်စက်ရုံတွေဆီကို အော်ဒါစတင်မှာယူနေပြီလို့ အလဲဗင်းကရေးတဲ့သတင်းကို ကြိုဆိုလိုက်ပါတယ်။ မြန်မာ့အ၀တ်အထည်တွေ နိုင်ငံတကာကို ပြန်လည်ထိုးဖောက်နိုင်ပါစေ။ အော်ဒါတွေ အများကြီးရပြီး အထည်ချုပ်စက်ရုံသစ်တွေ အများကြီး ထပ်မံတည်ထောင်နိုင်ပါစေ။ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ အများကြီးပေါ်လာပါစေ။ ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံးသော အ၀တ်အထည်တွေကို မြန်မာနိုင်ငံကနေ ထုတ်လုပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။

(ဆ)
ဦးလှဆွေ
ပုဂ္ဂိုလ်ချင်း မရင်းနှီးသလို၊ အမျိုးလည်း မတော်ပါဘူးဗျာ။ ဂုဏ်ထူးဆောင် ဝေဖန်ရေးသမားတွေကို ကြောက်တဲ့အတွက် ကျွန်တော်ကိုဉာဏ် ကြိုတင်ပြီး စကားပလ္လင် ခံထားရတာပါ။ ဒီတစ်ပတ်အတွက် Man of the Week ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးလှဆွေ ပါပဲဗျာ။ ပေါက်ဖော်လုပ်ရာ ကျနေမှာစိုးပေမယ့် တကယ်လုပ်ဖြစ်ခဲ့တာမို့ လိပ်ပြာသန့်သန့်နဲ့ ပြောပါရစေဦး။ Sky Net ရဲ့ လွှတ်တော်လိုင်းကို ဖွင့်ကြည့်နေတုန်း ကချင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတာကို ကြည့်ခွင့်ရခဲ့တယ်။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်က ဦးလှဆွေ ဆွေးနွေးနိုင်ပါပြီဆိုတော့ ကျွန်တော့်မှာ အတော်ကို အလုပ်များသွားရတယ်။ ဖုန်းကိုယူ၊ Recording စနစ်ကိုပြောင်း၊ တီဗီရှေ့မှာချ၊ တီဗီကိုအသံကျယ် တစ်ဆက်တည်း လုပ်လိုက်ရတယ်။ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို သတိမေ့သွားတယ်။ ကိုယ့်ထိုင်ခုံမှာ ကိုယ်ပြန်ထိုင်တဲ့ အချိန်ကျတော့ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက မျက်လုံးအပြူးသားနဲ့ ကြည့်နေတယ်။ မေးမလို့ ပါးစပ်ပြင်နေတာမြင်တော့ ကျွန်တော့်မှာ အလျင်အမြန် စကားမပြောဖို့ လက်ဟန်ခြေဟန်နဲ့ ရှူး... တိုးတိုး လုပ်လိုက်ရတယ်။ ဒီလူဆွေးနွေးတာ ကောင်းလိမ့်မယ်လို့ ပြောလိုက်မိတယ်။ သိပ်တော့ စိတ်မ၀င်စားကြဘူး။ ကျွန်တော့်အတွက်ကတော့ အတော်ကို တန်သွားတယ်လို့ ပြောရမယ်။ လက်ခံသင့်တာတွေပါသလို၊ ကျွန်တော်လက်သင့်မခံတာတွေလည်း ပါပါတယ်။ ဒါပေမယ့် ဦးလှဆွေရဲ့ တွေးပုံ၊ ပြောပုံ၊ ချဉ်းကပ်ပုံ၊ နားထောင်တဲ့လူကို စွဲဆောင်ပုံတွေကို ကျွန်တော်က သဘောကျမိတာပါ။ လွှတ်တော်သတင်းဆိုတာက အမှန်အတိုင်းပြောရရင် ဘောလုံးပွဲလောက်၊ တင်းနစ်ပွဲလောက် စိတ်ဝင်စားစရာ မကောင်းဘူးဗျ။ ဒါပေမယ့် ဦးလှဆွေတို့ကျတော့ အဲဒီလိုမဖြစ်အောင် ပြောတတ်တယ်။ သူဆွေးနွေးနေတဲ့အချိန်မှာ ပရိသတ်ရဲ့အာရုံဟာ သူ့ဆီမှာပဲရှိနေအောင် သူပြောတတ်တယ်။ အဲဒီ အရည်အချင်းကို ကျွန်တော်အကြိုက်ဆုံးပဲ။ နောက်ထပ်ကြိုက်တာက ဘယ်သူနဲ့မှ မတူတတ်တဲ့ သူ့ရဲ့ ချဉ်းကပ်ပုံပဲ။ သူ့အမြင်တွေဟာ အခြားလူတွေနဲ့ မတူကွဲပြားနေတတ်တာကို ကျွန်တော် သတိထားမိတယ်။ ဒီကချင်ကိစ္စ တစ်ခုတည်းတင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ သူမေးခဲ့၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေဟာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာ ဖတ်ဖူးသူတိုင်း၊ နားထောင်ဖူးသူတိုင်း သိကြပါတယ်။ အခုလိုတွေ ရေးနေလေတော့ ဦးလှဆွေကို သိဒ္ဓိတင်နေတယ်လို့ မထင်လိုက်ပါနဲ့ဗျို့။ ကြိုက်တဲ့အချက်တွေမို့ ကြိုက်တယ်လို့ ပြောရတာပါ။ သူ့မှာ ကျွန်တော်မကြိုက်တဲ့ အချက်တွေလည်း အများကြီး ရှိသေးပါသဗျ။ အခုလောလောဆယ်တော့ ဦးလှဆွေဟာ သတင်းလူသား ဖြစ်နေလေရဲ့ဗျို့။ VOA တို့၊ RFA တို့အတွက် သူပြောခဲ့တဲ့ စကားတွေက ကိုးကားစရာတွေ ဖြစ်နေတုန်းပဲ။ ကျွန်တော် အသံဖမ်းထားတဲ့ ဖိုင်ကို ပြန်တင်ပေးဖို့ စီစဉ်လျက်ရှိကြောင်းပါ။ ကြားထဲမှာ အခြားလူတွေရဲ့ စကားပြောသံတွေ ပါနေတဲ့အတွက် အဲဒီအသံတွေကို ဖယ်နိုင်တဲ့ Software တစ်ခု လိုက်ရှာနေဆဲ ရှိသေးကြောင်းပါခင်ဗျား။ "ရွှေလက်နဲ့ ခေါ်တုန်းကိုလာပါ... Bullet လွှတ်လိုက်တာကို မလိုချင်ပါနဲ့" ဆိုတာကတော့ ဒီအပတ်အတွက် လူပြောအများဆုံး စကားတစ်ခွန်းဖြစ်ကြောင်းပါခင်ဗျား။

တစ်ပတ်စာပို့စ် နောက်ကျတဲ့အတွက်နဲ့ ဒီအပတ်မှာ အခက်အခဲအချို့ကြောင့် ပြည့်ပြည့်စုံစုံ မရေးလိုက်နိုင်တာကို ခွင့်လွှတ်ပေးကြပါကုန်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်၊ အင်္ဂါနေ့။
ညနေ ၇ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics