Thursday, January 24, 2013

Dr.Sate Phwar (ဒေါက်တာဆိတ်ဖွားအကြောင်း ရေးသမျှ ပြောသမျှ)


ဒေါက်တာဆိတ်ဖွားရဲ့ Voice of Myanmar ဘလော့ဂ်နဲ့ပတ်သက်ပြီး မကြာသေးခင်ကပဲ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာ အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တာ အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ဘာဝေဖန်ချက်မျှ မပေးလိုတော့ပါ။ အင်တာနက်ပေါ်တွက် ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်သမျှ တင်ပေးထားသည်များကို ကျွန်တော်ကိုဉာဏ် ပြန်လည်စုစည်း၍ တစ်ပေါင်းတစ်စည်းတည်း ဖော်ပြပေးလိုက်ပါသည်။ ဟိုးလေးတကြော်နှင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည့် ကိစ္စဖြစ်သည့်အားလျော်စွာ စုစည်းထားသည့် စာတွေကလည်း များမှများဖြစ်ပါသည်။ သို့သော် စိတ်ဝင်စားဖို့တော့ ကောင်းပါသည်။ တစ်ယောက်စီ၏ အမြင်များသည် တစ်မျိုးစီ တွေးစရာ၊ ကျေနပ်စရာ၊ ပြုံးစရာ၊ ရယ်စရာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ရသစုံကို တစ်ထိုင်တည်းနှင့် ခံစားခွင့်ရသည်ဟုပင် ဆိုချင်ပါသေးသည်။ အောက်တွင် စုစည်းဖော်ပြထားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ Facebook ပေါ်မှ အများဆုံး ယူထားတာ ဖြစ်ပါသည်။ အချို့စာသားများတွင် မည်သူရေးထားမှန်း မသိသဖြင့် ဘယ်ကရသည်၊ ဘယ်သူ့ဆီက ကူးယူထားသည်ကို မဖော်ပြနိုင်ခြင်းအတွက် စိတ်မကောင်းပါ။ သေချာသည်ကတော့ အောက်တွင် စုစည်းပေးထားသမျှတွင် ကျွန်တော်ရေးထားတာ တစ်ခုမျှ မပါပါ။ စာလုံးပေါင်းအချို့ (တကယ့်ကို အချို့) ပြုပြင်ထားသည်မှလွဲ၍ သူများရေးထားသမျှတွေချည်း ဖြစ်ပါသည်။ ထို့အတွက် အဆိုပါစာများနှင့် ပတ်သက်၍ နစ်နာသူ၊ ထိခိုက်သူ၊ မနှစ်မြို့သူ၊ မကျေနပ်သူများ ရှိခဲ့ပါက အဆိုပါစာများသည် မူလရေးသားသူများ၏ အာဘော်သာ ဖြစ်ပါကြောင်းနှင့် မြန်မာ့သွေးဘလော့ဂ်နှင့်လည်းကောင်း၊ ကိုဉာဏ်နှင့်လည်းကောင်း မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါကြောင်း။ မှတ်တမ်းမှတ်ရာ တစ်ခုအနေဖြင့် တစ်စုတစ်စည်းတည်း စုစည်းဖော်ပြခြင်း သက်သက်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၅ နာရီ ၅၈ မိနစ်။

ကမာရွတ်မဲဆန္ဒနယ် ဒေါက်တာစိုးရင်မှ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆ (က)နှင့်အညီ အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သတ်၍ ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေး ဆောင်ရွက်ပေးနိုင်ရန် အရေးကြီး အဆိုတစ်ရပ်တင်သွင်း

ဒေါက်တာဆိတ်ဖွား၏ ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား မူရင်းပို့စ်

ဒေါက်တာစိုးရင်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၆၆ နည်းဥပဒေခွဲ(က)အရ အရေးကြီးအဆို တင်သွင်းရန် တင်ပြမည်ဖြစ်ကြောင်း၊ တင်သွင်းရသည့်အကြောင်းရင်းမှာ ယနေ့အင်တာနက်ဝဘ်ဆိုဒ်တွင် ရေးသားထားသော ဒေါက်တာဆိတ်ဖွား၏ “Above the Law” ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား ဆိုသည့် ဆောင်းပါးပါ ဝေဖန်ချက်များကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ၁၄-၁-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်လိုက်သော ပြင်ဆင်သည့်ဥပဒေကြမ်း ၂ခုဖြစ်သည့် ၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ၂။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ဆက်စပ်၍ ပြည်ထောင်စုလွှတ်တော်မှ အများသဘောတူ မဲဆန္ဒနှင့် ဆွေးနွေးဆုံးဖြတ်ခဲ့သော လုပ်ငန်းစဉ် အပေါ်တွင် ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လွှတ်တော်၏ လုပ်ဆောင်ချက်များအား ထင်ယောင်ထင်မှား ဖြစ်စေရန်၊ အထင်လွဲစေရန် ရည်ရွယ်ချက်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်မှု မရှိသေးဟုဆို၍ ပါရှိကြောင်း မိမိအနေနှင့် သိရသောကြောင့် အရေးကြီးအဆို တင်သွင်းရခြင်းဖြစ်ကြောင်း၊ မိမိတို့  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပုဒ်မ ၉၂ အရ လွှတ်တော်အတွင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် မဲဆန္ဒပေးနိုင်ခွင့် ရှိကြကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များရသည့် အခွင့်အရေး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၆ အရ ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ် ပြုရမည့် ဥပဒေကြမ်းများ၊ အကြောင်းအရာများနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်သည့် နေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြားနည်းလမ်းဖြင့် ပြဋ္ဌာန်းထားခြင်း မရှိခင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ များရာဆန္ဒဖြင့် ဆုံးဖြတ်ရမည်ဟု ပြဌာန်းထားကြောင်း၊ ယင်းပြဌာန်းချက် နှင့်အညီ မိမိတို့သည် လွှတ်တော်အတွင်း တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများ၊ အခြားအကြောင်းအရာများ အားလုံးအား လွှတ်တော်အကြီးအကဲများ၏ ဦးဆောင်မှုနှင့်အတူ ဆုံးဖြတ်ဆောင်ရွက်နေကြကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည်ကို နိုင်ငံတကာအသိ ပြည်သူအသိဖြစ်ကြောင်း၊ ယနေ့ အင်တာနက်ပေါ်တွင် ရေးသားနေကြသော ဝေဖန်ချက်များထဲတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် လုပ်ထုံးလုပ်နည်းနှင့်အညီ မဆောင်ရွက်ဟု ဖော်ပြနေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ပဲ ဆုံးဖြတ်ဆောင်ရွက် နေကြသည် မဲပေးဆောင်ရွက် နေကြသည်ဟု စွပ်စွဲရေးသား ထားသည်ကို တွေ့ရကြောင်း၊ ပြည်ထောင်စု လွှတ်တော်အတွင်း ဆုံးဖြတ်ဆောင်ရွက် နေကြသော ဥပဒေပြုသူ မိမိတို့သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြကြောင်း၊ ဥပဒေပြုရေး ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ များနှင့်အညီ ပြဌာန်း ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း၊ မိမိတို့အား အင်တာနက် စာမျက်နှာများတွင် လွှတ်တော် ဥက္ကဋ္ဌများနှင့် အပေါင်းအပါများဟု စွပ်စွဲ၍ မဲပေးဆောင်ရွက် နေကြကြောင်းဆို၍ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသော အသုံးအနှုန်းများ သုံးထားကြောင်း၊ အပေါင်းအပါ ဟူသော စကားရပ်သည် အင်မတန် ရင့်သီးသော စကားလုံးဖြစ်ကြောင်း၊ ဤစကားရပ်အား အထူးဖော်ပြလိုကြောင်း၊ မိမိတို့ လွှတ်တော်တွင် ဥပဒေနှင့်ဆိုင်သော ကိစ္စများ၊ တင်သွင်းလာသော အကြောင်းအရင်း ကိစ္စများ ဆွေးနွေးဆုံးဖြတ်သည့် အခါတွင် လွှတ်တော်ကိုယ်စားလှယ် များကိုယ်တိုင် လွတ်လပ်စွာ ဆွေးနွေးတင်ပြ၍ မိမိသဘောထားကို ဖော်ထုတ်ခွင့်ရှိကြောင်း၊ ဖော်ထုတ်ချက် ဆွေးနွေးချက်တို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက ဂရုစိုက် အလေးထား၍ မဲပေးရမည့်ကိစ္စများ ဆုံးဖြတ်ရမည့်ကိစ္စများကို လွတ်လပ်စွာ ဆောင်ရွက်ကြကြောင်း၊ တင်ပြသော အကြောင်းအရာ၊ ဥပဒေမူကြမ်းနှင့် ပတ်သတ်၍ လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဥပဒေကြမ်းကော်မတီ၊ ပူးပေါင်းဥပဒေကြမ်း ကော်မတီ (ပြည်ထောင်စုလွှတ်တော်) မှ ယင်းအချက်အလက်၊ ဥပဒေကြမ်းများကို အသေအချာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ဆွေးနွေးသုံးသပ်ပြီးမှသာ ယင်းကော်မတီများ၏ သုံးသပ်ချက်၊ သဘောထားများ ၊ ထောက်ခံချက်များအား လွှတ်တော်ကိုယ်စားလှယ်များ သိနိုင်ရန် လွှတ်တော်တွင် တင်ပြထားကြောင်း၊ ၎င်းတို့၏ တင်ပြချက်၊ ဆွေးနွေးချက်များ၏ အပိုဒ်တစ်ပိုဒ်ချင်းစီသည် အခြေခံဥပဒေနဲ့ ညီညွှတ်ကြောင်း သေသေချာချာ ထောက်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များအား ထောက်ပြ တင်ပြလေ့ရှိကြောင်း၊ ၁၃-၁-၂၀၁၃ ဥပဒေကြမ်း နှစ်ခုတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များနှင့် ကိုက်ညီကြောင်း၊ ဆန့်ကျင်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြီးတော့ ပူးပေါင်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ ကြားနိုင်ရန် တင်ပြထားပြီ ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များသည် မိမိရဲ့ အခွင့်အရေးဖြစ်သော မဲပေးခွင့်ကို ပြည်ထောင်စု လွှတ်တော်နာယက၏ ကြီးကြပ်မှုနဲ့အညီ လွှတ်တော်မှ မဲဆန္ဒပေး၍ ဆုံးဖြတ်ချက် ချရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဆုံးဖြတ်သောကြောင့် အခြေခံဥပဒေကို ဖောက်ဖျက်ကျုးလွန်ခြင်း လုံးဝမရှိပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များသည် အမြဲတမ်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အင်တာနက်ပါတဲ့ ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်များသည် လွှတ်တော်၏ လုပ်ဆောင်ချက်များ၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို စော်ကားခြင်း ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်အပေါ်တွင် ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်မည်ကို လက်မခံနိုင်ကြောင်း၊ ထို့အတူ နိုင်ငံတကာမှ မိမိတို့ အရှိန်အဟုန်နှင့် သွားနေသော ဒီမိုကရေစီစနစ်အား ဖော်ဆောင်သည့်နေရာတွင် မရှိမဖြစ်သော လွှတ်တော်လုပ်ငန်းစဉ်များကို ဆောင်ရွက်သော နေရာတွင်လည်း မိမိတို့အပေါ် ထင်ယောင်ထင်မှား ဖြစ်မည်ကို မိမိတို့ မလိုလားကြောင်း၊ ရေးသားချက်များသည် ရည်ရွယ်ပြီးတော့ ရေးသားထားသည်မှာ သိသာကြောင်း၊ ရေးသားတာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေဟာ မခံမရပ်နိုင်အောင်ဖြစ်၍ လွှတ်တော်အခွင့်အရေး ကော်မတီကို တင်ပြကြကြောင်း၊ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ အရေးအယူ ဆောင်ရွက်ပေးရန် တောင်းဆိုလျက် ရှိကြောင်း၊ ယနေ့ အရေးကြီး အဆိုအနေနှင့် အင်တာနက်ပါ ဝေဖန်ချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့ ဆောင်ရွက် ပေးနိုင်ပါရန် အရေးကြီးအဆို တင်သွင်းအပ်ပါကြောင်း တင်ပြ၍ နိဂုံးချုပ်လိုက်ပါသည်။

နာယက။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အခုတင်သွင်းသွားတဲ့ အရေးကြီးအဆိုဟာ လက်ခံဆွေးနွေးရန် တင်သွင်းခြင်းမဟုတ်ဘဲ အင်တာနက်ပါ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးနိုင်ပါရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးနိုင်ပါရန် ဆိုတဲ့အဆို ဖြစ်ပါတယ်။ ဒါကြောင့် ယခု လွှတ်တော်ရဲ့ ဆန္ဒရယူပါတော့မယ်။ ဒိအဆိုကို နာယကကနေပြီးတော့ ကော်မရှင် ဖွဲ့စည်းပေးဖို့ သို့မဟုတ် ဒီအဆိုကို ဆွေးနွေးပြီးတော့မှ လက်ခံဆောင်ရွက်ဖို့ ဒီနှစ်ခုကို ဦးစွာ လွှတ်တော်ရဲ့ သဘောထားရယူပါမယ်။
(ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးကြပါသည်)


နာယက။ ။ ထောက်ခံမဲ (၃၄၇) ၊ ကန့်ကွက် (၁၅၇)၊ ကြားနေ (၄၂) ဖြစ်ပါတယ်။ ထောက်ခံဆန္ဒမဲ များတဲ့အတွက် အရေးအဆိုပါအတိုင်း နာယကကနေ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးကာ လွှတ်တော်သို့ ပြန်လည်တင်ပြပြီးမှ လွှတ်တော်ရဲ့ အဆုံးအဖြတ်အတိုင်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ဆုံးဖြတ်ပါတယ်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ လွှတ်တော်မှာ မဲခွဲ
Thursday, January 17, 2013  Sithu Linn
ခင်ဦးသာ

ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို  ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ်ရှိနေပါပြီ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က  ကော်မရှင်ဖွဲ့၍ စုံစမ်းစစ် ဆေးဆောင်ရွက်ပေးဖို့  အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။ လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲရောက်လာပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊  စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။

“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။

အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
http://irrawaddy.org/2013/01/blog-post_2028.html
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဆားပုလင်းနှင်းမောင်နှင့် ဥပဒေ၊ လွှတ်တော်၊ မဏ္ဍိုင်နှင့် ဒေါက်တာဆိတ်ဖွား အရှုပ်တော်ပုံ
(အပိုင်း ၁)
by Mg Han

တစ်နေ့သ၌ ကျွန်ုပ်သည် ရုံးချိန်ပင်ဖြစ်သော်လည်း အမှုခင်းများလှသော ရန်ကုန်မြို့ကြီးကို စိတ်အပျက်ကြီးပျက်လျက် အမှုတွေ အကုန်လိုက်လဲ ထပ်ပေါ်နေမှာပဲ။ သတင်းစာတွေဆိုတာကလဲ ဖြစ်တုန်းကလောက်ပဲရေးတာ။ အမှုပေါ်တော့ သောက်ရေးလုပ်တာမဟုတ်ဘူး၊ တရားခံတွေ အကုန်ဖမ်းလဲ ခဏနေ ပြန်လွှတ်မှာပဲ။ ကြာတော့လဲ အမှုသည်ရော၊ သတင်းစာတွေမေ့တာပါပဲ။ လခလဲတိုးသာမုတ်ဘူး၊ လောကကြီးနေရတုန်း ပျော်ပျော်နေတာ ကောင်းတယ်ဟု အတွေးဝင်လျက် ညလေးကိုခေါ်ကာ အော်ရီယန်တယ်ဟောက်စ်တွင် ကာကာသောက်လျက်ရှိသည်။ နေ့လည်နေ့ခင်းဖြစ်၍ လူပါးလျက်ရှိရာ
"မြန်မာပြည်မှာ ....နာရီတွေက များ......... အာဟား...... အချိန်နော်မှန်နိုင်ပါ့မလား.... ကွာမှား.... အာ့ဟာ့ဟာ့"ဆိုသော ဓါတ်ပြားသီချင်းကို ဖွင့်လျက်ရှိကာ စားပွဲထိုး ကုလားလေးက မပီကလာ ပီကလာဖြင့် လိုက်ဆိုသည်ကို ဆိုင်ရှင်က သဘောကျကာ လက်ခုပ်တီးလျက် သူတို့ဟာသူတို့ ပွဲကျလျက်ရှိသည်။ ကျွန်ုပ်တို့က ချောင်ကျကျထောင့်တစ်နေရာတွင်ထိုင်ကာ ညလေး ကြိုက်လှသော ဆိတ်သားပါ့ဖ်ကို ကိုယ်တိုင်မှာကာ အချဉ်ကလေးနှင့်တို့လိုက် ခွံ့လိုက်ကြည်နူးနေစဉ် မပိတ်ပဲထားမိသော အိုက်ကွန်က ထမြည်လေသည်။
"စံပယ် ၁ ကြားလား၊ စံပယ် ၂ ကြားလား၊ စံပယ် ၃ ကြားလား၊"
အက်ရှရှ...စူးတူးတူး ထိုအသံကြောင့် တန်ဆောင်တိုင်လပြည့်ဝန်းကြီးလိုပြုံးရွှင်နေသော ညလေးမျက်နှာ ချက်ချင်းငပုပ်ဖမ်းကာ ရင်ခွင်ထဲဝင်လုဆဲဆဲ ပူးကပ်နေသော ကိုယ်ကိုဆတ်ကနဲခွာလိုက်သည်။ ပေါင်ပေါ်ထောက်တင်ထားသော လက်ကလေးကိုလဲ ပြန်ရုတ်သွားပြီး ဆိတ်သားပါ့ဖ်ကို ပဂျိပဂျိဟုဝါးကာ၊ အိုင်ဖုန်းကို ကလိနေတော့သည်။
"စံပယ် ၄ကြားလား၊ စံပယ်၅ကြားလား၊ ရထားလား..စံပယ်အားလုံးရထားလား ပေါက်ပါ"
ရုံးရှိ ဆက်သွယ်ရေး တပ်သား မောင်ညိုအသံဖြစ်သည်။ မိန်းစက်တွင် အထိုင်ရသည်နှင့် ကျန်စက်များအားလုံးကို တိုတိပြတ် မောက်မောက်မာမာပြောတတ်သည်နှင့် ကြည့်မရသည်မှာကြာပြီ။ မြည်တွန်တောက်တီးကာ အိုက်ကွန်ကိုပိတ်လိုက်သည်။ အတော်အရှိန်ရနေပြီးမှ ပျက်ပျယ်သွားသော တိမ်တိုက်ကမ္ဘာလေးအား ပြန်အသက်သွင်းရန် ညလေးကို အစွမ်းကုန်ပြုံးပြလိုက်ပြီး ညလေးဟု ခေါ်လိုက်စဉ်မှာပင်
"ပေးပေးပေး...မပေးပေးပေး ငါ့ရွှေခွက်ပေး၊ ပေးပေးပေး မပေးပေး ငါ့ရွှေခွက်ပေး"
ထိုစဉ်က ခေတ်စားနေသော ရွှေမန်းတင်မောင်၏ ရွဲကုန်သည်ပြဇာတ်ကို ring tone လုပ်ထားသည့် ဖုန်းဝင်လာသည်။ ထို ring tone ဆိုလျင် မင်းကြီး မစ္စတာခရစ်ပင်ဆီမှ ဆိုသည်မှာ သေချာသည်။ စူပုတ်နေပြီဖြစ်သော ချစ်ရသည့် ညလေးကို လက်ကာပြကာ ဖုန်းကောက်ကိုင်လိုက်သည်။
"ရက်စ်...မင်းကြီး"
"ဝှက်သည်ဖက် ရက်စ် မင်းကြီး၊ ယူ ဒုန်းကီး ခမ်းတူမိုင် အော့ဖစ် ဝစ်သင်း မစ်နစ်၊ ဝှက်သဒ်တိုင်း၊ ဝှက်သဒ်ဒေး၊ အိုင် ဆွဲရ်တူဂေါ့၊ အိုင်ဝယ်ကေးယူ အီးဒီယက်"
ဟူ၍ ကျွန်ုပ်၏ စွမ်းစွမ်းတမံ တာဝန်ကျေမှုများကို တသလျက် သူ့ရုံးသို့ အမြန်ကြွရောက်ပါရန် အားကိုးတ ကြီးခေါ်လေသည်။ သို့နှင့် ညလေးကို ညရောက်မှ ဖုန်းဖြင့်ချော့ပါမည်ဟု အတန်တန်ပြောကာ တက္ကစီနှင့်ပြန်လွှတ်လိုက်ပြီး၊ လိမ္မော်ရောင် ဆိုင်ကယ်ကို အသော့နှင်လျက် အင်စိန်စီအိုင်ဒီရုံးသို့ ပြေးရလေတော့သည်။
စီအိုင်ဒီဝန်းထဲ ဆိုင်ကယ်ကိုဒေါက်ထောက်လိုက်မိသည်နှင့် ရုံးအဝင်ဝမှစကာ မင်းကြီး၏ အသံကို အရင်ကြားရတော့သည်။
"ဒမ်..ဘလက်ဒီဘူး...ခိုခိုဂျိ...မောင်မင်း သည်အဘွားကြီးကို ဖါ့ကြောင့်ဖမ်းလာသလဲ.....မောင်မင်း..."
"နာချေလို့ပါ မင်းကြီး"
" အိုး..ဂေါ့...နာချေတာ လုဒိုင်းသဖါဝဘဲ ဘာပုလို့ဖမ်းသရဲ"
"နာချေတာ တစ်ခါတည်းမလုပ်မဟုတ်တဲ့ အပြင် ချေလိုက်တိုင်း ဟပ်ချိုးဆိပ်ဖွား ဟပ်ချိုးဆိပ်ဖွား နဲ့ပြောပါတယ် မင်းကြီး၊ ဒါသူ့မသိစိတ်ထဲက သူ့ရဲ့နာမည်ဝှက် ဆိတ်ဖွားကို သေချာပေါက် ဖွင့်ဟတာပါ မင်းကြီး၊ ရိုက်စစ်လိုက်မယ်ဆို သေချာပေါက်ပေါ်ပါတယ် မင်းကြီး"
"အိုးမိုင် ဂေါ့...ဘုရားသခင်ကယ်ပါ။ မောင်မင်းရိုက်တော့ သည်အဘွားအို လူမမာ သေမှာပေါ့ မောင်မင်း စိုးစတူးပစ်။ ဒန်ကီး ယူ မောင်မင်းခိုခိုဂျိ"
အခြေနေမကောင်းမှန်းသိသော်လည်း စလုလုပ်ကာ သတင်းပို့လိုက်ရသည်။
"ကျနော်ရောက်ပါပြီ မင်းကြီး"
"သြော်..ရောက်လာသေးသကိုး မောင်အောင်သင်း၊ မောင်မင်း ဟိုဟာမလေးတွေနား သွားရမယ်ဆို မောင်မင်းကမ္ဘာကြီးကိုမေ့နေသလား မောင်မင်း၊ ခု ဘာတွေဖြစ်နေပလဲ သိသလား မောင်မင်း"
"သိပါတယ်မင်းကြီး၊ ကချင်မှာစစ်ပွဲတွေဖြစ်နေပါတယ်။ ဖုန်းဈေးထပ်ချပါ့မယ်။ ကားဈေးတွေကျပါတယ်။ လွှတ်တော်ပြန်စနေပါတယ်။ ကျန်တာဘာမှ မထူးပါဘူးမင်းကြီး"
"ယူ...ရှစ်ဒ် မောနင်းရီပို့ နိုက်ရီပို့ နားသီးပရောပလမ်ဆာ၊ နာ့သီးပရောပလမ်ဆာ၊ ယူအောဆက်ဒ်သတ်၊ ယူ...ဖက်ကင်းလိုင်ရား...သဲလ်ဝယ် ဗဲဒီးဟရုပရော်ပလမ်ဖေါ် CID တူဒေး..ယူအော ဒုန်းနိုးနာ့သီး ဂိုးအိဂရက်စ် မောင်အောင်သင်း။ ရွိအစ်"
ပြောပြောဆိုနှင့် ပစ်ပေးလိုက်သော အိုင်ပက်ကို အမိအရဖမ်းကာ မင်းကြီးပြသော ဖေ့စဘုတ်စတေ့တပ်တစ်ခုကို ဖတ်လိုက်သည်။
“ဒေါက်တာဆိတ်ဖွား ဆိုသူက အင်တာနက်၌ 'ဥပဒေ အထက်တွင် လွှတ်တော်ရှိသည်'ဆိုသည့် ရေးသားမှုကို လွှတ်တော်က ကော်မရှင်ဖွဲ့ အရေးယူရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းရာ ထောက်ခံမဲ ၃၄၇၊ ကန့်ကွက်မဲ ၁၅၇၊ ကြားနေမဲ ၄၂ ဖြင့် အတည်ပြုခဲ့ကြောင်း”
“ ဟင်…ကျနော်လဲ ဖေ့ဘုတ်သုံးပါတယ် မင်းကြီး ဒေါက်တာဆိတ်ဖွားဆိုတာ ကျနော် မသိ..မသိ”
ဒုံး……..ကနဲနေအောင် စားပွဲခုံကို ထုကာ
“မောင်မင်းတို့…မသိဘူး၊ မောင်မင်းတို့ ဘာစုံထောက်လဲ။ ခု လွှတ်တော်က ကော်မရှင်ဖွဲ့နေပြီ၊ မကြာခင် ကျွနိုပ်ဆီက ရီပို့တောင်းတော့မယ်။ ဘယ်နဲ့လုပ်ကြမလဲ”
“ဟေ့ ခိုခိုကြီး မောင့်ရင့်အဘွားကြီး မလွှတ်ချင်လဲ အချုပ်ထဲထည့်ထားလိုက် အကျွနိုပ်ရုံးခန်းထဲရှုပ်တယ်”
“အချုပ်ခန်း ပြည့်နေတယ် မင်းကြီး”
“ဝှက်သည်ဟဲလ်…ဝှိုင်း..ဝှိုင်း….ဘာအမှုမှ ထူးထူးထွေထွေမရှိပဲ ဘာကြောင့်ပြည့်သလဲ”
“အိုင်ပီ အောင်မြင့် ထည့်ထားတာပါ မင်းကြီး”
“အိုးမိုင်ဂေါ့…ဘာကြောင့်ထည့်သလဲ သလောက်အများကြီး”
“မင်းကြီးက အွန်လိုင်းပေါ်က ဒေါက်တာဆိတ်ဖွားကို ရအောင်ရှာဆိုတာနဲ့ အင်တာနက်ဆိုင်တွေ၊ လမ်းဘေးဖုန်းနဲ့သုံးသူတွေထဲက ဒေါက်တာဆိတ်ဖွားဆိုဒ် ဝင်ကြည့်သူတွေ သူ့အကြောင်း ဖတ်နေသူတွေ၊ ရှဲလ်နေသူတွေ တွေ့သမျှဖမ်းထည့်ထားတာပါတဲ့ မင်းကြီး”
“မောင်အောက်မြက့်ရော…ခုဘယ်မလဲ ခေါ်ပါ”
“စောနကတင် အချုပ်ကား၃စီး၊ တီအီး၃စီးခေါ်ပြီး မြို့ထဲထွက်သွားပါတယ် မင်းကြီး”
“အိုး…..ဂေါ့…..”
ထိုစဉ် ပြာတာမောင်မြင့်က စာရွက်တစ်ထပ်ကြီးကို မေးစေ့ဖြင့်ထိမ်းသယ်လာကာ မင်းကြီးစားပွဲပေါ်ပစ်ချလိုက်သည်။
“ အိုး…ဂေါ့..ငါ့ A4 တွေကုန်ပါဘီ၊ ဘာတွေလဲ မောင်မြင့်”
“အပေါ်ထပ် ကွန်ပြူတာခန်းထဲက အိုင်ပီကိုတင်ဝင်းနဲ့ ဘိလပ်ပြန်ဆရာစိန်ကပို့ခိုင်းတာပါ မင်းကြီး၊ ဖေ့ဘုတ်ပေါ်က ဒေါက်တာဆိတ်ဖွားကို ထောက်ခံရေးသူတွေနဲ့ သူ့အကြောင်းပြောနေကြသူတွေအားလုံးရဲ့ ပရိုဖိုင်တေ၊ွ စတေ့တပ်တွေ၊ ကွန်မင့်တွေကို ပီဒီဖက်ဒ်နဲ့ ပရင့်ထုတ်ပေးလိုက်တာပါမင်းကြီး”
“အိုးမိုင်ဂေါ့………ဒါ့ထက် လူကြမ်းကြီးစိန်လှရော…”
“ရှေ့တန်းစီကွင်းမှာ တရားခံတွေကို စစ်နေပါတယ်မင်းကြီး”
မင်းကြီးက ပြတင်းပေါက်နားသွားကာကြည့်လေမှ နေပူပူ ကွင်းပြင်ထဲတွင် စွပ်ကျယ်နှင့် တုတ်တိုတစ်ချောင်းကိုင်ကာ လူ၎-၅၀ခန့်ကို ဘဲသွားသွားခိုင်းသူသွား၊ လေထီးခုန်ခိုင်းသူခိုင်းကာ လုပ်နေသော စစ်တပ်မှပြောင်းလာသော အိုင်ပီစိန်လှကို ချွေးသံတရဲရဲဖြင့် မြင်ရလေတော့သည်။ များမကြာမှီ ပြာတာမောင်မြင့်ကို အခေါ်ခိုင်း၍ အိုင်ပီစိန်လှ ရောက်လာလေသည်။
“လူကလေးစိန်လှ မောင်းမင်းသိပ်ကြိုးစားတယ်။ သူတို့ကဘယ်သူတွေလဲ တရားခံတွေလား”
“ဟုတ်ပါတယ် မင်းကြီး၊ မင်းကြီးသိချင်တဲ့ ဒေါက်တာဆိတ်ဖွားလို့ သံသယရှိသူတွေပါ”
“အိုး…မောင်မင်း ဘယ်လိုစုံစမ်းသလဲ”
“ဒီလိုပါမင်းကြီး ကျနော် စုံစမ်းသိရသလောက်။ အွန်လိုင်းခေါ်တဲ့ အင်တာနက်ထဲမှာ ဒေါက်တာဆိတ်ဖွားဆိုတာ နံမည်အရင်းမဟုတ်ပါဘူးမင်းကြီး၊ ဘလော့တစ်ခုရဲ့ အမည်နာမတစ်ခု အဖြစ်သာပေးထားတာပါမင်းကြီး”
“ရွိုက်….သက်ဒ်ရွိုက် မောင်မင်း တော်တယ်”
“ဒါပေမယ့် မင်းကြီး၊ လူတွေဆိုတာ နာမည်ဝှက်၊ အမည်တစ်ခုပေးရာမှာ ကိုယ်ရဲ့ ကိုယ်ပွာစိတ်နဲ့ ဒါမှမဟုတ် ကိုယ်နဲ့ရင်းနှီးနဲ့ ကိုယ်နဲ့ဆက်နွယ်တဲ့ နာမည်ကိုသာပေးကြပါတယ်မင်းကြီး”
“ရွိုက်…”
“ဒေါက်တာဆိတ်ဖွား အမည်ခံသူရဲ့ မသိစိတ်ထဲမှာ သူကဘာကိုရှိတယ်ဆိုတာသိမှ သူဘာကြောင့် ဒီနာမည်ပေးတယ်ဆိုတာသိနိုင်မယ်၊ ဒါကိုသိမှ သူဘယ်သူဆိုတာ သိနိုင်မှာပါ မင်းကြီး”
“စိုး………ဝှက်……….”
“ကျနော်ရဲ့ တပ်မတော်ထဲက အတွေ့အကြုံအရ လူတွေဟာ ဗေဒင်၊ ကိန်းခန်း၊ မွေးနေ့၊ မွေးနံစတာတွေကို အထူးအလေးပေးပါတယ် မင်းကြီး၊ ဒေါက်တာဆိတ်ဖွားရဲ့ နာမည်ကို သေချာကြည့်တဲ့အခါ ဒေါက်တာနဲ့ ဆိတ် နဲ့ဟာ မအပ်ဆက်ပါဘူးမင်းကြီး၊ ဒါပေမယ့် ဆိတ်ဖွားဆိုတာကျတော့ ဆက်စပ်ပါတယ်မင်းကြီး၊ ဆိတ်ဖွား၊ ဆိတ်ဆိုတာ အကောင် ဆိတ်၊ ဖွားဆိုတာ မွေးဖွားတာပါမင်းကြီး၊ ဒီတော့ ဆိတ်နဲ့ဖွားနဲ့ဟာ ဆက်စပ်တတ်ရင် လွယ်ပါတယ်မင်းကြီး”
“အိုး…မိုင်ဒီးယား စိန်လှ၊ ယူဆိုးကလဲဗါးမန်း…အိုင်ဆိုးလက်ကီး ခေါ့ အိုင်ဂေါ့ယူ ဖရွန်အာမီ”
“၁၂လရာသီ ရာသီခွင်တွေထဲမှာ မကာရ ရာသီ ခေါ်တဲ့ Capricorn ရာသီဖွားများရဲ့ ကိုယ်စားပြုသင်္ကေတဟာ ဆိတ်ပါ မင်းကြီး၊ ဒါကြောင့် ဒေါက်တာဆိတ်ဖွားဆိုတာ ဆိတ် သင်္ကေတာပါတဲ့ ရာသီမှာ မွေးတယ်လို့ သူမွေးတဲ့ ရာသီခွင်ကို ဝှက်ပြီး ထည့်သွင်းထားတဲ့ သဘောပါ၊ သူဟာ ဗေဒင်ရာသီခွင်နဲ့ ပက်သက်ပြီးလဲ အယုံကြည်ရှိသူဖြစ်ပါလိမ့်မယ် မင်းကြီး”
“စိုး……………….”
“ဒါ့ကြောင့် ကျနော် ရဲတပ်ရင်းတွေ အကုန်သုံးပြီး စံဇာနီဘိုရဲ့ မကာရ ရာသီခွင် ဟောကိန်းစာအုပ်ဝယ်ယူသူအားလုံး၊ ဗေဒင်ခန်း၊ နတ်ခန်း၊တွေမှာ လာမေးတဲ့ မကာရရာသီခွင်ဖွား အားလုံးနဲ့ မကာရရာသီခွင်နဲ့ သက်ဆိုင်တဲ့ ဗေဒင်ဟောစတမ်း လက်ဝယ်ရှိသူတွေအားလုံးကို စီးနှင်းရှာဖွေဖမ်းစီးပြီး စစ်မေးနေတာပါမင်းကြီး”
“အိုးမိုင်ဂေါ့……မောင်မင်း မကာရရာသီခွင်တွေ အကုန်ဖမ်းရင် မင်းကြီးမိန်းမလဲ ပါနေတော့မှာပေါ့ မောင်မင်း၊ ပြီးတော့ သည်လူလေး ၄-၅၀ထဲမှာ ဘယ်လိုလုပ် တရားခံပါတော့မလဲ မောင်မင်း…”
“ဒါ အသုတ်လိုက် ခွဲစစ်နေတာပါမင်းကြီး ကျန်ပါသေးတယ်”
“အချုပ်ထဲမှာလဲ အောင်မြင့်ဟာတွေ အပြည့် ကျန်တာတွေ မောင်မင်း ဘယ်မှာထားသတုန်း”
“RIT ထဲမှာပါမင်းကြီး၊ အခန်းအကုန် အပြည့်ပါပဲ”
“အိုး…..ဂေါ့…..”
အနီးရှိ ဆုံလည်ခုံပေါ်သို့ ခြေပစ်လက်ပစ်ကျကာ ဘာစကားမှ ဆက်မပြောနိုင်ပဲ အိုင်ပီစိန်လှကို သွားနိုင်ပြီဟု လက်ကာပြလေတော့သည်။
အိုင်ပီစိန်လှလဲ ဖုထစ်မို့မောက်နေသော ကြွက်သားများကို တင်းသွားအောင် သတိစွဲ၍ မတ်မတ်ချပ်ချပ် အလေးပြုကာ တောင်းတိမောင်းတိဆင်းချသွားလေတော့သည်။
ကျွနိုပ်လဲ ကြံရာမရဖြစ်ကာ အနီးရှိ ဝါးတားကူလာအတွင်းမှ ရေတစ်ခွက်ကိုယူ၍ မင်းကြီးဆီ ကပ်ရလေတော့သည်။
နဂိုအဖြူတွင် ကုန်လုလုဖြစ်နေသော ခပ်ပါးပါး ဆံပင်ကြားထဲသို့ အရေပြားများတွန့်လိမ်နေသော လက်ချောင်းအိုကြီးများဖြင့် တဗြင်းဗြင်းကုတ်ကာ…
“အိုင်ဆေး လူကလေး အောင်သင်း…ကျွနိုပ်တို့ ဆားပုလင်းနှင်းမောင်ကို ခေါ်မှဖြစ်မယ် အိုင်ပီခေါ်လိုက်ပါ၊ စပီကာဖွင့်ဆက်” ဟုလေးလေးပင်ပင်ကြီးဆို၏။
လက်ပတောင်းတောင် ကိစ္စတွင် စုံစမ်းရန်မင်းကြီးတာဝန်ပေးသည်ကို ကချင်စစ်ပွဲသို့ တိုက်ခိုင်းကတိုက်မည် မသွားနိုင်ဟု အာခံသဖြင့် ရုံးပေါ်မှ နှင်ထုတ်ခဲ့သည်အထိ မင်းကြီးနှင့် ပြဿနာဖြစ်ခဲ့သော ကျွနိုပ်၏မိတ်ဆွေ ဆားပုလင်းနှင်းမောင်ကို ပြန်ခေါ်တော့မည် ဆိုသဖြင့် များစွာဝမ်းမြောက်ကာ ကိုနှင်းမောင်၏ ဟမ်းဖုန်းနံပတ်ကိုနှိပ်လေသည်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာဌာနမှ ယာယီပိတ်ထားပါသဖြင့် နှင့်တိုးလေတော့သည်။ သြော် ကိုနှင်းမောင် ကိုနှင်းမောင် လစာလဲလာမယူ၊ အဆက်အသွယ်လဲမလုပ်ပဲ ရုံးမှ အရစ်ကျရောင်းပေးထားသော ဖုန်းကိုပင် ပိုက်ဆံမဖြည့်တော့သည်မှာ အတော်စိတ်နာနေပုံရသည်ဟုထင်မိလေသည်။ ထို့နောက် ကံဆိုးကံကောင်းဟု မှတ်ယူလျက် ကျွနိုပ်နှင့် ကိုနှင်းမောင် ၂ဦးထည်းသာသိသော Viber နံပတ်ကိုနှိပ်ကို ခေါ်လိုက်သည်။ ထိုအခါ အချုပ်ခန်းထဲမှ Viber မြည်သံကြားရလျက် အောင်မြင်ထည်ဝါလှသော ဆားပုလင်းနှင်းမောင် အသံကို ကြားလိုက်ရလေတော့သည်။
“ကိုအောင်သင်း ကျုပ် အချုပ်ခန်းထဲမှာ၊ ခင်ဗျားတို့ဖြစ်နေတာ အကုန်ကြားပြီးပြီ၊ မြန်မြန်လာထုတ်၊ ဆီးသွားချင်လှပြီ”
မင်းကြီးမျက်နှာလဲ ရွှင်ပြကာ ကျွနိုပ်နောက်မှ ထပ်ချပ်လိုက်လျက် အချုပ်ခန်း ထဲရှိ ကိုနှင်းမောင်ကို ထုတ်လေသည်။ ကိုနှင်းမောင်က အချုပ်ခန်းဝမှ ထိုးထွက်လိုက်သည်နှင့် မင်းကြီးကို မျက်နှာချင်းဆိုင်လိုက်ကာ
“ဆေးလိပ်”
မင်းကြီးလဲ သူအိပ်ထဲမှ ရူဘီဘူးထုတ်ပေးလိုက်သည်။
“မီးခြစ်”
မင်းကြီးက ဟိုစမ်းဒီစမ်းလုပ်နေသဖြင့် ကျွနိုပ်က ထုတ်ပေးလိုက်သည်။
ထို့နောက် ဘာမှထူးထူးထွေထွေ ဆိုမနေတော့ပဲ ကိုနှင်မောင် အိမ်သာသို့ ပြေးလေတော့သည်။
၁၀မိနစ်ခန့်ကြာပြီးနောက် ရူဘီတစ်လိပ်ကို နုတ်ခမ်းဝတွင် မထိတထိခဲလျက်၊ ဘောင်းဘီကို လက်နှက်ဖက်ဖြင့် ဘယ်ညာမကာ နေသားတကျပြန်ဝတ်ရင်း ကိုနှင်းမောင်ပြန်ထွက်လာသည်။
“ကိုနှင်းမောင် ဘယ်လိုလုပ် အချုပ်ထဲရောက်နေတာလဲ၊ ဖုန်းထဲပိုက်ဆံမရှိပဲ ဘယ်နဲ့ အွန်လိုင်းကျမိနေတာတုန်း” ကျွနိုပ်၏ ခရီးဦးရောက်မစိုက် အမေးကို ကိုနှင်းမောင်က သွေးအေးအေးဖြင့် ဖြေသည်။
“ဆိတ်ဖွားကိစ္စ မနေ့ကတည်းက ကြိုသတင်းရလို့ သူ့အကြောင်းရှာဖတ်နေရင်း အိုင်ပီအောင်မြင့်က လာဆွဲတာပဲ။ နှင်းမောင်ပါပြောလဲမရဘူး၊ ဒါနဲ့ဝင်နေရတာ။ လစာမှမယူပဲ ဖုန်းဘေလ်ဘယ်လိုလုပ်ပေးနိုင်မလဲ၊ အင်တာနက်ကတော့ ကျုပ်လဲ သည်ရုံးကလူပဲ ဖုန်းဝိုင်ဖိုင်မှာ ရုံးပက်စဝက်ရှိတော့ အလိုလိုမိနေတာပေါ့။ မနက်ကတည်းက FB ဖွင့်ကြည့်ရင်း ထင်တော့ထင်သား ကျုပ်ကိုခေါ်တော့မယ်လို့၊ ခိုင်းစရာရှိရင်တော့ သတိရတတ်သားဗျ၊ ပြီးရင်သာ ကျေးဇူးမတင်ဖင်လှန်ပြလုပ်တာ။ ကျုပ်တို့မင်းကြီးက အထက်အရာရှိသိပ်ပီသတာ”
ပြောပြောဆိုဆိုဖြင့်…မင်းကြီး၏စားပွဲပေါ်သို့ တင်ပါးလွှဲထိုင်ကာ
“မင်းကြီး ဒေါက်တာဆိတ်ဖွား ဘာရေးသလဲဆိုတာ ဖတ်ပြီးပြီလား”
မင်းကြီးခေါင်းခါပြ၏။
“မင်းကြီးလဲ ဗမာပြည်နေတာကြာတော့ ဗမာစရိုက်တွေ အတော်ရလာပြီပဲ၊ ပြမယ်ဖတ်ကြည့်”
ရေစိုလက်နှစ်ဖက်ကို ဘောင်းဘီနှင့် အားရပါးရသုတ်ကာ မင်းကြီးအိုင်ပက်ကိုယူ၍ ဟိုပွတ်သည်ပွတ်ပွတ်ပြီးနောက်၊ မင်းကြီးဆီသို့ ဒေါက်တာဆိတ်ဖွားရေးထားသော စာကိုပြ၏။ ကျွနိုပ်လဲ မင်းကြီး၏ နောက်မှရပ်ကာ ဝင်ဖတ်၏။
တစ်ထပ်ကြီးတင်ထားသော ဘိလပ်ပြန်ဆရာစိန်၏ ရီပို့ ပရင့်စာရွက်များထဲမှာ အချို့ကိုယူကာ လေယာဉ်ပျံချိုးလျက် ဟိုပစ်သည်ပစ်လုပ်ရင်း ဆားပုလင်းနှင်းမောင်စကားစသည်။
“မင်းကြီးက မောင်းထုတ်ပေမယ့် ကျုပ်က ကျုပ်တာဝန်မလစ်ဟင်းပါဘူး၊ ကျုပ်တိုင်းပြည် ကျုပ်လူမျိုးအတွက် မျက်ချေမပျက် စောင့်ကြည့်ရင်း ကူညီနိုင်မယ့် အချိန်ကိုစောင့်နေတာပါ။ တကယ်တော့ ဆိတ်ဖွားအမှုက အခုမှစတာမဟုတ်ဘူး နှစ်နဲ့ချီကြာနေပြီ၊ အဲဒီတုန်းက ဆိတ်ဖွားက မင်းကြီးရဲ့ မိတ်ဆွေ သတင်းစာတိုက်ကြီးကို ကြွက်သေ ကျီးဆိတ်သလို လုပ်နေကတည်းဆိုပါတော့”
“ဒါ့ထက် ဟိုတလောက မင်းကြီး အကောင့်အတုတွေ့လို့ ကျုပ် ရီပို့ပေးခဲ့သေးတယ်။ မင်းကြီက မျက်နှာဖုံးစွပ် နင်ဂျာလုပ်ထားပေမယ့် ကျုပ်ကသိပါတယ်။ စေတနာနဲ့ မသိသလိုနေပေးတာပါ။ ဒါပေမယ့် အတုပေါ်လာတော့ ကိုယ့်မင်းကြီးဘက်က မခံချင်ဘူးလေဒါ့ကြောင့်ပါ”
“နောက်ပြီး သည်အမှုက သွေးရိုးသားရိုး မဟုတ်ဘူးမင်းကြီး…မင်းကြီးစဉ်းစားကြည့် လွန်ခဲ့တဲ့ ဘွရှင်မင်းတြားကြီးလက်ထက် လေသံတောင် မဟရဲခင်က သူ့ဓါတ်ပုံကအစ နာမည်အဆုံး ဝလချီးလည်အောင် လုပ်ခဲ့သူတွေကို ဘာများတုန့်ပြန်ခဲ့သလဲ မင်းကြီး”
အတော်ကြာအောင် စဉ်းစားကာ ခေါင်းခါ၏။
“ကဲ ခေတ်မတူတာကျော်လိုက်ကြအောင်၊ ခုလွှတ်တော်ကြီးစတော့ “ချွတ်ချော်တဲ့လွှတ်တော်ဆိုပြီး” လူအစစ်၊ နာမည်အစစ်တွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မီဒီယာတွေကိုယ်တိုင် ထုတ်လွှင့်ခဲ့တာရှိတယ်။ ခုအဲလူတွေ၊ အဲမီဒီယာတွေ ဘယ်မှာဘာလုပ်နေသလဲ မင်းကြီး”
မျက်လုံးအပြူးသားဖြင့် မင်းကြီးငေးကြည့်နေသည်။
“လွန်ခဲ့တဲ့ နှစ်များစွာက ခုသမ္မတပုံရော၊ ခုလွှတ်တော်အမတ် နိုဘလ်ဆုရှင်ပုံကိုရော၊ လွတ်တော်ဥက္ကဌရဲ့ပုံတွေကိုရော လုပ်ချင်ရာ လုပ်ကြသူတွေ၊ လွှတ်တော်ကြီးနဲ့ ပက်သက်လို့ လွတ်လပ်ခွင့်မရှိပါဘူး၊ လွတ်လပ်ခွင့်ရှိပါတယ်ကစလို့ အထောက်အထားရှိရှိ မရှိရှိ ဆဲဆိုကျိန်းဝါးထားခဲ့ကြသူတွေရော၊ မကြာခင်က နိုင်ငံတော်အလံမီးရှို့သူတွေ ချနင်းသူတွေရော”
မင်းကြီး ဘာမှမပြော…
“တကယ်တော့ ဆိတ်ဖွားအဆင့်နဲ့ လွှတ်တော်ကိုပြောလို့ လွှတ်တော်က ဆိတ်ဖွားအဆင့်ကို ဘာအရေးအရာမှ စိုက်စရာမရှိပါဘူး မင်းကြီးရယ်။ ခုဖြစ်တာ လွှတ်တော်နဲ့ ဆိတ်ဖွားနဲ့မဟုတ်ဘူး၊ စုံစမ်းရေးထဲမှာလဲ မင်းကြီးကို ထည့်သေးတာလဲ မဟုတ်ဘူး၊ မင်းကြီးဂလောက်ပြာယာခတ်နေတယ် ဆိုကတည်းက မင်းကြီးနဲ့သက်ဆိုင်တဲ့ ဆိတ်ဖွားနဲ့ ကျောင်းတော်က ရန်စရှိတဲ့ ပြည်သူရဲ့ဆဲတစ် သတင်းတိုက်ကြီးနဲ့ ပက်သက်မယ်ဆိုတာ ကျုပ်သိတယ်မင်းကြီး၊ မင်းကြီးအပါအဝင် အရင်ဘွရှင် မင်းတြားကြီးရဲ့ မူးကြီးမတ်ရာများ ရုံစားပွဲပေါ်မှာ သူ့သတင်းစာတစ်စောင်တည်း ရှိရမည်လို့ ကြိုးစားခဲ့တဲ့ သည်သတင်းစာတိုက်ကြီးဟာ မင်းကြီးနဲ့ ဘယ်လိုတွေ အဆက်အသွယ် ရှိမယ်ဆိုတာ မသေချာပေမယ့်၊ မင်းကြီးရဲ့ စားပွဲပေါ်က အမြဲတင်ထားလေ့ရှိတဲ့ ဒီသတင်းစာ၊ ring tone တစ်မျိုးထည့်ထားတဲ့ဖုန်း၊ စတာတွေကို နှင်းမောင်ရိပ်မိနေတာ ကြာပါပြီလေ။”
“တကယ်မရှိတဲ့ နာမည်တစ်ခုကိုအရေးတယူတင်သွင်း နေပြီဆိုကတည်းက သည်လူဟာ ဘယ်သူလို့ သူတို့ တပ်အပ်စွပ်ဆွဲလိုသူ ရှိလို့ပေါ့၊တရားခံအစစ်က သူတို့ဦးတည်ချင်သူမဟုတ်ဘူးဆိုကြပါစို့။ နှင်းမောင်စုံစမ်းဖေါ်ထုတ်ပေးလို့ တရားခံအစစ်မိလဲ သူတို့ဆိုလိုချင်သူ မဟုတ်သေးရင် နှင်းမောင်ပဲ ကြားညပ်လိမ့်မယ်။ အဲဒီအခါ နှင်းမောင့်ရန်သူ အမှောင်လောကသားတွေ ရီနေလိမ့်မယ်။ ဆိတ်ဖွားရီနေလိမ့်မယ်။ ဆိတ်ဖွားမဟုတ်ပဲ လက်ညိုးထိုးခံရသူလဲရီနေလိမ့်မယ်။ ရီတဲ့ထဲပဲ ပါချင်တယ် မင်းကြီးရယ် အရီခံရတဲ့ထဲ မပါချင်ဘူး၊ မင်းကြီး တပည့်တွေကိုသာ ဆက်ဖေါ်ထုတ်ခိုင်းလိုက်တော့၊ ခဏနေတော့ သည်အမှုလဲ အခြားအမှုတွေလိုပဲ မေ့သွားမှာပါမင်းကြီးရာ ပူမနေပါနဲ့၊ သတင်းစာတွေရယ် လွှတ်တော်ကြီးတွေရယ်ဆိုတာ သူများတွေဆီရှိလို့သာ ကိုယ့်ဆီ အင်္ဂါစုံလိုက်ထည့်ထားတာပါ၊ တကယ်အလုပ်လုပ်နေတယ်ဆိုတာ ခလေးကိုပြောတောင်မယုံကြသေးဘူးဗျို့…."
"အချုပ်ထဲက ထုတ်ပေးတဲ့အတွက်တော့ ကျေးဇူးပါပဲ။ ဆေးလိပ်နဲ့ လမ်းစားရိတ်တော့ယူသွားမယ်ဗျာ…..”
ပြောပြောဆိုဆိုနှင့် ဆင်းသွားသော ကိုနှင်းမောင်ကို တဒင်္ဂငေးကြည့်မိလျက်ရှိစဉ်၊ ကိုနှင်းမောင်သည် တံခါးမှ ဆင်ဝင်၊ ဆင်ဝင်အောက်မှ ဂိတ်ဝဆီသို့ မှန်မှန်ကြီးလျောက်သွားလေတော့သည်။
ထိုခဏတွင်မှ ကျွနိုပ်လဲ သတိဝင်လာကာ ဆားပုလင်းနှင်းမောင်နောက်သို့ လိုက်မည်အလုပ်တွင်
“ဟင်း….ဟင်း…ဟင်း…..နှင်းမောင်…..နှင်းမောင်…..မင်း လူလည်ပဲ၊ ဆိတ်ဖွား..ဆိတ်ဖွား…မင်းဆိုတဲ့ အကောင်လဲ သိတာတွေများလွန်းတယ်”
ဟုမင်းကြီး တစ်ကိုယ်တည်းရေရွတ်နေလေသည်။ ကျွနိုပ်လဲ အံ့အားသင့်လျက် ရှိနေစဉ် မင်းကြီးက ဖုန်းနံပတ်အချို့ကိုနိပ်ကာ စားပွဲကို လက်ဖြင့်ခေါက်ရင်း တစ်ဘက်မှ ဖြေမည်ကိုစောင့်ဆိုင်းနေလေသည်။ ထိုစဉ် ရုံးဝန်းအဝတွင် ကိုနှင်းမောင်သည် ရန်ကုန်မှော်ဘီ ဟိုင်းလတ်ကားကို တားကာ နောက်မြီးမှ တွယ်စီးရင်း လက်ပြထွက်ခွာသွားလေတော့သည်။
ကျန်းမာချမ်းသာကြပါစေ၊ ကျနော် မောင်ဟန်ပါ။
ဆက်ရန်…………..(ဒေါက်တာဆိတ်ဖွားကို မိပြီဆိုလျင် ဆက်ရေးပါမည်)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွား အမည်ခံ၍ http://www.doctorsatephwar.blogspot.com/
တွင် ဆောင်းပါးများ ရေးသားနေသော တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှုးရုံးမှ ဦးစီးအရာရှိ တတိယတန်း ဗိုလ်မှုးလှစိုးဆိုသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာကြောင်း ထိုင်းမြန်မာနယ်စပ်မှ သတင်းရရှိပါသည်။

ဗိုလ်မှူးလှစိုးက လွှတ်တော်ဥက္ကဌများဖြစ်သော သူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့၏ အတွင်းရေးများကို ဖော်ထုတ်ရေးသားတော့မည် ဟုပြောဆိုလိုက်ပါသည်။
( Sit Bo Naing )
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်ကြေငြာချက်ထုတ်ပြန်
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်
ကြေငြာချက်အမှတ် ( ၁/၂၀၁၃)
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်သည် ယနေ့နေ့စွဲဖြင့် အောက်ပါကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။

မြန်မာပြည်၏ အထင်ကရလွှတ်တော်ကြီးအား အကြည်ညိုပျက်စေသော "ဥပဒေအထက်တွင် လွှတ်တော်ရှိသည်” ဆိုသောစာသားကို ရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ရှာဖွေနိုင်ရန် အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်။

၁။ ဒေါက်တာဆိတ်ဖွားဆိုသူမှာ ဆြာကြီး မင်းသင်္ခအလိုအရ သုဘရာဇာလုပ်ကာ တာမွေသင်းချိုင်းတွင်နေသည်ဆိုသဖြင့် တာမွေသင်္ချိုင်းသို့သွားရောက်စုံစမ်းခဲ့ပါသည်။ သို့သော်တာမွေထိုသင်္ချိုင်းမှာ ယခုအခါဖျက်သိမ်းပြီးဖြစ်နေပြီဖြစ်ပါသည်။

၂။ ထပ်မံ၍ ဒေါက်တာဆိတ်ဖွားဆိုသူအကြောင်းသိသော ဆားပုလားနှင်းမောင်၊ အိုင်ပီအောင်သင်း ဆိုသူများထံတွင် စုံစမ်းရန်အတွက် ကမ်းနားလမ်းရှိ ရန်ကုန်ပုလိပ်မင်းကြီးရုံး သို့သွားရောက်ခဲ့ပါသည်။ သို့သော် ထိုရုံးကြီးကို ရန်ကုန်တိုင်း တရားရုံးကြီးအဖြစ်အသုံးပြုခဲ့ပြီး ယခုအခါ ခရိုနီ၊ ခရြို့ပာဆိုသူများက ဟော်တယ်လုပ်ရန်စီစဉ်လျှက်ရှိပါသည့်အတွက် ရှေ့နေကွန်ရက်မှ ဆန္ဒထုတ်ဖေါ်မှုများ လုပ်နေသဖြင့် ၄င်းတို့နှင့်တွေ့ခွင့်မရခဲ့ပါ။ တဖန် လက်ဝါးကိုကိုကြီးဆိုသော ပုလိပ်ကြီးကို စုံစမ်းသော်လည်း မြေနီကုန်းကိုကိုကြီး၊ စမ်းချောင်းကိုကိုကြီး၊ ရှစ်ပူးကိုကိုကြီး စသည်ဖြင့် နာမည်တူများ ရှိနေသောကြောင့် အခက်ကြုံလျှက်ရှိပါသည်။ ကျန် ပြာတာ၊ စာရေး၊ စာသင်စသည့် ပုလိပ်အငယ်များမှာလည်း လိုင်းကြေး ထွက်တောင်းနေကြသဖြင့် မတွေ့ခဲ့ရပါ။

၃။ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်ဖူးသူဟု သံသယရှိသူ ဘိန်းစားဘွန်ဟောမှာလည်း နယ်စပ်ဒေသတစ်နေရာတွင် ဘိန်းချက်စက်ရုံကြီးများဆောက်လုပ်ကာ ဘိန်းစားလွှတ်မြောက်ရေးတပ်မတော် ကိုတည်ထောင်လျှက် ဘိန်းစားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေသောကြောင့်လတ်တလောတွင် တွေ့ဆုံရန်မဖြစ်နိုင်သေးပါ။

၎။ ထို့ကြောင့် လေချွန်နတ်မှတဆင့် တာမွေသင်္ချိုင်းမှ ပြောင်းရွှေ့သွားခဲ့သော သူရဲ ၊ တစေများအားဆင့်ခေါ်ကာ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်၍ သတင်းများ မိမိတို့ကော်မရှင်သို့ ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ သို့ရာတွင် အဆိုပါ သူရဲ၊ တစေ များသည် မိမိတို့ပြည်ထောင်စုအဆင့် ကောက်မရှင်မှခေါ်ယူပါလျှက် ပြည်ထောင်စုအဆင့် သူရဲ၊ တစေများကိုယ်တိုင် လာရောက်ဖြေကြားချင်းမရှိပဲ သာမာန် သူရဲ၊ တစေများကိုသာ စေလွှတ်၍ မယေယာသော အဖြေများသာ ဖြေကြားခဲ့ပါသည်။

၅။ ယခုအခါကော်မရှင်သည် ဒေါက်တာဆိတ်ဖွားဆိုသည့် အမည်ပညတ်နှင့်လိုက်ဖက်သည့် မုတ်ဆိတ်ဖွားဖွားရှိသည့် နို့ညှစ်ကုလား၊ ဆိတ်မွေးကုလား၊ တိုရှည်ကုလား၊ ဘယာကျော်ကုလား စသည့် ကုလားမျိုးမျိုးတို့ကို လွှတ်တော်အတွင်း ခေါ်ယူ၍ ဒေါက်တာဆိတ်ဖွားဟုတ်မဟုတ် စိစစ်ရန်စီစဉ်လျှက်ရှိပါသည်။ သို့ရာတွင် အဆိုပါကုလားများသည် သာမာန်ကုလားများ ဖြစ်ကြပေရာ ၄င်းတို့သည် ဤလွှတ်တော်ကြီးအတွင်းသို့ ဝင်ထွက်ပေလျှင် လွှတ်တော်၏ အသရေကို ထိခိုက်နိုင်ပေသည်။ ထို့ကြောင် အဆိုပါကုလားများအား လွှတ်တော်အတွင်း ဝင်ထွက်နေချိန်များတွင် ပြည်ထောင်စုအဆင့် ကုလားများအဖြစ် ယာယီသတ်မှတ်ပေးပါရန် ဤလွှတ်တော်ကြီးသို့ ပန်ကြားအပ်ပါသည်။

၆။ ကော်မရှင်သည် ဒေါက်တာဆိတ်ဖွားမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စုံစမ်းဖေါ်ထုတ်ရန် ဆောင်ရွက်လျှက်ရှိပါသည်။ လုပ်ငန်း၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ အစီရင်ခံသွားမည်ဖြစ်ပါသည်။
ဒေါက်တာဆိတ်ဖွားစုံစမ်းဖေါ်ထုတ်ရေးကော်မရှင် (ပြည်ထောင်စုအဆင့်)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ – Mr. Goat on the line of duty

တစ်နေ့သ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။

အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။

ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကို မဲခွဲကြရသည်အထိ ငြင်းခုံချက်က ပြင်းထန်သည်ကို တွေ့ရ၏။

မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။

မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။

ဗိုလ်ချုပ်လေးခင်ညွန့်တို့ ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။

ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှ တဆင့် ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။

ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။

လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။

သတင်းအချက်အလက်မှာ ခိုင်လုံ၏။  ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။

အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်း ဒေါက်တာဆိတ်ဖွားသတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။
မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။ မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။ ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား – လူမည်းရပ်ကွက်အတွင်း ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။

မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူ ရုပ်ပြောင်းရုပ်လွဲ တစ်နာရီတစ်မျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကိုတွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ် ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။
သို့သော်လည်း သူ၏ လုံခြုံရေးအတွက် သေနတ် ၂ လက်ကို သူကျက်စားသည့် လူမည်းရပ်ကွက် မှောင်ခိုဈေးမှ ၀ယ်ထားသည်ဟု ဆို၏။ သေနတ် တကားကားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးယူနေသည့် ပုံတစ်ပုံကိုလည်း ဖေ့ဘုတ်တွင် တင်လိုက်သေး၏။
ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ….

အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား … လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။

အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။

ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။

အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။

သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။

သူ့လွတ်မြောက်ရေးကို ဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစ ခြံစည်းရိုးမရှိ သတင်းစာဆရာများ အဖွဲ့အထိ တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။

ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိအဖြစ် ခန့်အပ်လိုက်သေးသည်။ အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။

ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား  ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရမည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။
မိုးမခမှ
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ကဲကဲ ဒေါက်တာဆိတ်ဖွားကို အသရေဖျက်မှုနဲ့ တရားစွဲမှာတော့ ဟုတ်ပါပီ..... ဘယ်သူက တရားလိုလည်း....... ရာဇ၀တ်မှု မဟုတ်ပဲ တရားမမှုဆိုတော့ ဟိုဘက်က တရားခံမဟုတ်ပဲ တရားပြိုင်ပေါ့ဗျာ......

ဒါနဲ့ နိုင်ရင် ဘာလုပ်မှာလည်းဗျ...... ဟို လေးခြောက်မြောက် မြောတိုင်လို တောင်းပန်ခိုင်းမလို့လား....... ဒါလောက်နဲ့တော့ အရေးကြီး အဆိုလို့ မတင်လောက်ဘူး....... နောက်ကွယ်က ရည်ရွယ်ချက်က ဒိထက် ကြီးမယ်ထင်တယ်....

ဒေါက်တာ ဆိတ်ဖွားကိုရှာဖို့ ဘယ်လိုလုပ်မလဲ စိတ်ဝင်စားမိတယ်...... ရာဇ၀တ်မှု မဟုတ်ပဲ တရားမမှု ဖြစ်တဲ့အတွက် မြန်မာ့ဆက်သွယ်ရေးကို အတင်းအကြပ် အာဏာနဲ့ ဖိအားပေးလို့ မရဘူးဗျ........ ဖိအားပေးလာခဲ့ရင်၊ ရဲအရေးမပိုင်ပဲ လွှတ်တော်အမတ်ကွ ဆိုတဲ့ ဗီတိုသုံးလာရင် ဘယ်လိုရှင်းကြမလဲ......။

ကဲ မပြောကောင်း မဆိုကောင်း ဒေါက်တာ ဆိတ်ဖွားက နိုင်သွားပါပီတဲ့ သူပြောတာတွေ မှန်သွားပါပီတဲ့ လွှတ်တော်က သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ နှုတ်ထွက်ကြမလား........ ဟင်္သာကိုးသောင်း ဇတ်ကတော့ ကြည့်လှပီ.... ဒါကြောင့် မြန်မာပြည် မတိုးတက်တာလည်း ထူးပီး ပြောစရာတော့ မရှိလှဘူး.......။

တတ်သလောက် မှတ်သလောက် သဘောပေါက်တာတော့ လွှတ်တော်ဆိုတာ ဥပဒေပြုရေး မဏ္ဍိုင်ပဲ.... သမ္မတနဲ့ အစိုးရဆိုတာ လက်ရှိ အာဏာရှိသူ တနည်းအားဖြင့် ဥပဒေ ဖော်ဆောင်သူတွေပဲ...... အခုက ဥပဒေ ဖော်ဆောင်သူတွေကို ဥပဒေပြုသူတွေက တိုက်ထုတ်နေသလို၊ ခြေထိုးခံနေသလို ဖြစ်နေတာ တော်တော်လေးကို လွဲမှားနေတဲ့ ပုံစံပဲ......

ကမ္ဘာမှာ အဆင်းရဲဆုံး၊ ချစားမှု အများဆုံး မြန်မာနိုင်ငံက အွန်လိုင်းက ပို့စ်တစ်ခုအတွက် လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ အမတ်ရဲ့ အသိဥာဏ်ကိုလည်းပဲ အတော်လေး ချီးကျူးမိတယ်......... အဲ့ဒါကိုပဲ အဟုတ်ကြီးမှတ်ပီး အားပေးအားမြှောက်နဲ့ မဲခွဲဆုံးဖြတ်ဖို့ လုပ်စေတဲ့ ဥက္ကဋ္ဌရဲ့ အမျှော်အမြှင် ကြီးမှုကိုလည်း ဂုဏ်ယူမိပါတယ်......
(James Mint)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားဆိုတာ...
Eleven နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို မုန်းတဲ့သူ
The Voice ကို မုန်းတဲ့သူ
KIA ကို မနှစ်မြို့သူ
မြန်မာနိုင်ငံရဲ့ အလံအသစ်ကို ထောက်ခံတဲ့သူ
အတိုက်အခံဆိုတာ အစိုးရကို အရည်အချင်းတက်စေတဲ့ မောင်းနှင်အားလို့ ယူဆတဲ့သူ
မြန်မာ့နိုင်ငံရဲ့ လွှတ်တော်ဟာ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေတယ်လို့ ထင်တဲ့သူ
ဇာဂနာက ဘာသာပြောင်းတော့မယ်ဆိုပြီး ကောလဟလာ လွှင့်တဲ့သူ
ဒေါ်အောင်ဆန်းစုကြည်က Burma လို့ ခေါ်တာကို ဆဲသလိုနာတတ်သူ
မြစ်ဆုံအရေး ကန့်ကွက်သူများသည် ငတုံးများဟု ပြောသူ
နိုင်ငံဝန်ထမ်းကို အတင်းမပြောနဲ့.. နိုင်ငံဝန်ထမ်း လုပ်ကြည့်ပါဆိုပြီး ပြောတဲ့သူ
သမ္မတရုံးက ကြေငြာချက်တွေကို အမြဲတစေ ပြန်လည်ဖော်ပြတဲ့သူ
Win Win ဖြေရှင်းနည်းကို အားတက်သရော ထောက်ခံတဲ့သူ
ရှရှားရဲ့ နုးကလီးယားစီမံကိန်း ကောင်းကြောင်းတွေ ရေးတဲ့သူ
အမေရိကန်က ဒုံးကျည်စမ်းသပ်မှုလေး မအောင်မြင်တာကို သတင်းလုပ်ပြီး ရေးတဲ့သူ
နယ်ခြားစောင့်တပ် ဖွဲ့စည်းတာကို ထောက်ခံတဲ့သူ
သမ္မတက ဘယ်အချိန် မိန့်ခွန်းပြောမယ်ဆိုတာကို ကြိုတင်မောင်းထုပြီး ကြေငြာတဲ့သူ
လူထုစိန်ဝင်း ဆောင်းပါးတွေကို အတော်လေး ကြိုက်တဲ့သူ
..........................
...............................................
(၀န်ခံချက်။ ဒေါက်တာဆိတ်ဖွားဘလော့ဂ်သို့ ၀င်ရောက်ပြီးနောက် သူ၏ပို့စ်များကို ဖတ်ပြီး ဝေဖန်သုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်)
Zaw Thurein Tun အင်တာနတ် စာမျက်နှာမှကူးယူဖော်ပြသည်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။

စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထားမှတ်ချက်ကို ထောက်ခံထားတဲ့သူတွေဖြစ်လို့  ဆိတ်ဖွားကိစ္စကို မထောက်ခံကြပါဘူး။

လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာသိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာ ဆိတ်ဖွားအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့
(ဧရာဝတီ သတင်းဌာန)

လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ်စာမျက်နှာတခုမှာ ရေးသားသူ ကလောင်အမည် ဒေါက်တာ ဆိတ်ဖွား ဆိုသူကို စုံစမ်းဖော် ထုတ်ဖို့ ကော်မရှင်တရပ် မကြာမီ ဖွဲ့စည်းပါတော့မယ်။

ဒေါက်တာ ဆိတ်ဖွား ရေးထားတဲ့ အထဲမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ ခုံရုံးကိစ္စ လွှတ်တော်က အတည်ပြုထားတာကို ပြန်လည်သုံးသပ်ဖို့ သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ပေမယ့် လွှတ်တော်က ပယ်ချပြီး ယခင်အတိုင်းပဲ ပြန်လည် အတည်ပြုလိုက်တဲ့ အပေါ်မှာ ဒေါက်တာ ဆိတ်ဖွားဆိုသူက ဝေဖန်ထားတာပါ။

သမ္မတရဲ့ သဘောထား မှတ်ချက်ကို ပယ်ချလိုက်တာဟာ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားတာ ဖြစ်တယ်။ “အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” လို့ ဒေါက်တာ ဆိတ်ဖွားက ရေးထားပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌများနဲ့ အပေါင်းပါများ ဆိုတဲ့စကားက လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို စော်ကားရာရောက်ပါတယ်၊ ဒီမိုကရေစီ နည်းလမ်းအရဆိုပြီး ဒီလိုစည်းမဲ့ကမ်းမဲ့ ရေးချင်တိုင်းရေးတာကို မပြောလိုပေမယ့် လွှတ်တော်ကို ပြည်သူတွေက တမျိုးမြင်မှာစိုးလို့ အခုလိုလုပ်ရတာပါ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။

အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဒေါက်တာ စိုးရင်က အရေးကြီးအဆို တင်သွင်းရာမှာတော့ “ဒေါက်တာ ဆိတ်ဖွားရဲ့ ဝေဖန်ရေးသားချက်ဟာ မိမိတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာ ဖြစ်တယ်၊ အဲဒီ စော်ကား ရေးသားချက်ကို ကိုယ်စားလှယ်များက မခံမရပ်နိုင် ဖြစ်နေကြတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးရန် တောင်းဆိုလာကြောင်း၊ ဒါကြောင့် အရေးယူနိုင်ဖို့ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ပြည်ထောင်စုလွှတ်တော်၌ အရေးကြီး အဆိုတင်ပါကြောင်း” ဖြင့် အဆိုတင်သွင်းပါတယ်။

ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။ စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထား မှတ်ချက်ကို ထောက်ခံထားတဲ့သူတွေ ဖြစ်လို့ ဆိတ်ဖွား ကိစ္စကို မထောက်ခံကြပါဘူး။

အဲဒီအဆိုကို ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁၅၄ မဲ၊ ကြားနေ ၄၂ မဲနဲ့ အဆိုက အောင်မြင်သွားပြီး ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့ဖို့ လွှတ်တော် နာယကက အတည်ပြုပေးလိုက်ကြောင်းနဲ့ မကြာခင်ဖွဲ့စည်း စုံစမ်းဖော်ထုတ်တော့မယ်လို့ ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကချင်ဒေသက စစ်ပွဲအခြအနေတွေနဲ့ တခြား အရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးကြဘဲ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သူတယောက်က အင်တာနက်ပေါ်မှာ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားတာကို လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ ကိစ္စအပေါ်မှာလည်း ဝေဖန်မှုအမျိုးမျိုး ထွက်နေတယ်။

ကိုယ်စားလှယ်တွေ အပြောအရတော့ ဆိတ်ဖွားရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်မှု တခုသာဖြစ်ပြီး ၎င်းဘယ်သူဆိုတာ ခန့်မှန်းသိထားတဲ့အတွက် အခုလို အဆိုတင်တာလို့ ပြောကြပါတယ်။

“ခုံရုံးကိစ္စတွေ ပြောဆိုကတည်းက ဆိတ်ဖွား ဘယ်သူဆိုတာ သိတဲ့သူတွေရှိမှာပါ၊ ဒီကိစ္စတခုတည်း မဟုတ်ပါဘူး။ အရင်ကလည်းပဲ လွှတ်တော်ကို ဝေဖန်ပုတ်ခတ် ပြောဆို ရေးသားထားတာတွေ ရှိလို့ အဆိုတရပ်တင်ဖို့ ဖြစ်လာရတာပါ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။

“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာကို ဖော်ထုတ်မိရင်တောင်မှ သိုသိုသိပ်သိပ်နဲ့ပဲ ဒီကိစ္စက ပြီးသွားမှာပါ” လို့ ဦးကြည်မြင့်က ဆိုတယ်။

အင်တာနက်ပေါ်မှာ မိမိတို့ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားနေတဲ့ ဘယ်သူ၊ ဘယ်ဝါမှန်း မသိတဲ့သူကို ဒီလောက်အထိ အကဲဆတ်နေတာဟာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော်အပေါ် ပြင်းထန်တဲ့ ဝေဖန်ရေးသားမှုမျိုးတွေ မလုပ်ရဲအောင် ကြိုတင်ဟန့်တား လိုတာကြောင့်လို့ တချို့က ယူဆကြပါတယ်။ အလားတူ ဒေါက်တာ ဆိတ်ဖွားလိုမျိုး ရေးသားဝေဖန်နေတဲ့ ပြည်တွင်းက မီဒီယာတချို့ကိုပါ တဖက်လှည့်နဲ့ သတိပေးချင်တဲ့ အတွက်လို့ ယူဆကြပါတယ်။

ရန်ကုန်မီဒီယာဂရုပ်ရဲ့ အကြီးအကဲဖြစ်သူ ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ကတော့ ဒေါက်တာ ဆိတ်ဖွားကိစ္စကို လွှတ်တော်မှာ ရုတ်တရက် အရေးကြီး အဆိုတင်တာဟာ အကဲဆတ်တဲ့ တုံ့ပြန်မှုလို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် မီဒီယာတချို့က လွှတ်တော်အပေါ်မှာ ဝေဖန်ထောက်ပြ ရေးသားမှုတွေ လျော့ကျသွားနိုင်သလို အများစုကတော့ လျော့ကျသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အစိုးရကိုလည်း ဝေဖန် ရေးသားနေကြတာပဲလေ။ ပြောရမယ်ဆိုရင် အစိုးရက လွှတ်တော်ထက် ဝေဖန်မှု ခံနိုင်ရည်ရှိတယ် ပြောရမှာပဲ။ လွှတ်တော်ဟာ အရင်ကလည်းပဲ တုံ့ပြန်မှုတချို့ ရှိခဲ့ပါတယ်” လို့ ဦးကိုကိုက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကတော့ လွှတ်တော်အနေနဲ့ ဥပဒေကို ကျော်ပြီးလုပ်တာ ဘာမှ မရှိဘူး၊ ဖွဲ့စည်းပုံအတိုင်း လုပ်နေတာချည်းပဲ။ ပြည်သူတွေက ယုံကြည်လို့ ရွေးချယ်ထားတဲ့အတွက် ပြည်သူ့ ဆန္ဒအတိုင်း လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၆၀၀ ကျော်ရှိတယ်။ ဒီလူ ၆၀၀ ကျော်ရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ကျနော်ထင်တယ်” လို့ ဦးဝင်းဦးက ဆိုပါတယ်။

ဒေါက်တာ ဆိတ်ဖွားကတော့ လွှတ်တော်ဟာ ခုံရုံးကိစ္စအပြင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထား မှတ်ချက်ကိုလည်း ပယ်ချကာ လွှတ်တော်တွင်းမဲခွဲ၊ မိမိတို့သဘောနဲ့ အတည်ပြုတဲ့ ကိစ္စဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ဝေဖန်ထားပါတယ်။

http://burma.irrawaddy.org/archives/31313#.UPkZwnIVnkI.facebook
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

လွတ်တော်ထဲမှာ ဒေါက်တာအဆင့်တွေ တခြားအရေးတကြီးလုပ်စရာတွေ စီမံချက်တွေ အများကြီး လုပ်စရာရှိတယ်ဗျာ။ အွန်လိုင်းက ကိစ္စ တွေသာလိုက်ပြီး ပုံကြီးချဲ့ လုပ်နေမယ်ဆိုရင် ရှေ့ကို ရောက်မှာကိုမဟုတ်ဖူး ........။

မီဒီယာ ဆိုတဲ့ အဖွဲ့ စည်းတွေတောင် ဝေဖန်မှု ဆိုတာကို ဘယ်လိုလုပ်လဲ အွန်လိုင်းမှာ သတင်းတိကျ မှန်ကန်မှု သေချာပေးနိုင်လို့လား။ အမြဲတမ်း ပြသနာအရပ်ရပ်ကို လိုက်ကြည့်နေရင် ဘယ်လိုလုပ်မလဲ စကားရိုင်းတယ်လို့တော့မထင်နဲ့ လမ်းမှာဟောင်တဲ့ ခွေးတိုင်းသာ ထကြည့်ကြည့်နေရင် ပန်းတိုင်ရောက်ဦးမှာလား ?

ဒီအွန်လိုင်းကိစ္စက ဘယ်လောက်များ တိုင်းပြည်အတွက် အရေးကြီးလဲ။ ပြောချင်တာက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အွန်လိုင်းမှာ လုပ်နေတဲ့ ပေါက်တတ်ကရတွေ အများကြီး ဝေဖန်မှုတွေ အများကြီးပါ ဒါတွေလိုက်ပြီး ကိုယ့်နိုင်ငံက တမူထူး စုံစမ်းစစ်ဆေးဖေါ်ထုတ် အရေးယူ ဒါကြီးအတွက် ကော်မရှင်ဖွဲ့  လွှတ်တော်ကနေ စီမံချက်တွေချ အလုပ်လုပ်ကြရမယ့် လူတွေကို တခြားအကျိုးရှိတဲ့ Planတွေကို သုံးမှာပေါ့ ......။

အွန်လိုင်းပေါ်မှာ ဘယ်လို ဝေဖန်သုံးသပ်ပါစေ…။ လူတိုင်းမှာ ကိုယ်ပိုင်ဦးနှောက် ဆုံးဖြတ်ချက် ရှိပြီးသား။ ဒီလူရဲ့ ပြောချင်တဲ့အရာက တိုင်းပြည်ကောင်းဖို့လား၊ ဆိုးဖို့လား။ လူတစ်ဦး တစ်ယောက်ကို နှိမ်ချင်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ကို ထိခိုက်အောင် လုပ်နေတာလား။ ကိုယ်စီ အသိဥာဏ် ရှိနေတာပဲ။ နောက်ဆုံး ချမှတ်ထားတဲ့ အီလက်ထရောနစ် ပုဒ်မတွေ ရှိနေတာပဲ ....။

ရေးနေသားနေတာ အွန်လိုင်းမှာ သူရေးချင်တာ ဖြစ်ချင်တာ သူ့ အတ္တနဲ့ သူ့ စိတ်နဲ့ လုပ်ချင်တာလုပ်နေတာ လူတိုင်းတခါတလေ ဝေဖန်ခဲ့ကြဖူးကြတာကြီးပဲ အဲ့လိုလိုက်ပြီး စုံစမ်းဟဲ့ စစ်ဟဲ့မြန်းဟဲ့နဲ့ ကျွန်တော်ကတော့ လွှတ်တော်ထဲကလူတွေ အရည်ချင်းနဲ့ မတန်ဖူးလို့ ထင်တာဘဲ ဒီထက်တန်ဖိုးရှိတဲ့ အထင်တွေ အမြင်တွေ ပိုပြီး သုံးသပ်စေချင်တဲ့ စေတနာပါ။

စုံစမ်းစစ်ဆေးလို့ လဲ အင်တာနက်ပါ ဝေဖန်ချက်တွေက လူတွေ အင်တာနက်သုံးနေကြတိုင်း ဖြစ်နေ ရှိနေမှာပဲ။ ဒီမိုကရေစီဆို ဝေဖန်ခွင့်ရှိရမယ်လေ။ ကောင်းတာလုပ်တဲ့သူကို ဝေဖန်ရင် ကာကွယ်မဲ့သူတွေ အများကြီး ရှိသလို မကောင်းတာ လုပ်မိရင် ပုတ်ရင်ပေါ်မှာဘဲ ဘာမှ တားဆီးလို့ မရဖူး ....။

အင်တာနက်ပါ ကိစ္စတွေကို လိုက်လံချုပ်ချယ်တာထက် အများကြီး လုပ်စရာ ကိစ္စတွေ ရှိမယ် အစီစဉ်တွေပိုပြီး သုံးသပ် တင်ပြသင့်ကြပါတယ် လွှတ်တော်ကြီးကို ဒီထက် တိုင်းပြည်အတွက် အရေးကြီးတဲ့ အရာတွေ ဖေါ်ဆောင်မူတွေ ချစေချင်တဲ့ စေတနာရယ်ပါ ....။

ခုကျွန်တော်ပြောနေတာလည်း ဝေဖန်ချက်ဘဲလေ။ စုံစမ်းစစ်ဆေးရေးထဲက အွန်လိုင်းကိစ္စတွေကိုဆိုရင် ဒီလို ဟိုလို ဘယ်သူ့ အရေးယူပါ ဘာညာဆို လူတိုင်းကိုတောင် အရေးယူရမလိုပဲ။ ရခိုင်ဖြစ်တုန်းက BBC တို့ မဟုတ်မမှန်လုပ်တုန်းက သတင်းတွေ လိမ်ဖြန့်တုန်းကပြောရင် လက်သင့်ခံပါတယ် ....။

ခုလည်း လုပ်ကြပေါ့ မဲအားက ထောက်ခံမဲသာနေတာကို လွတ်တော်ထဲမှာ လူတော်တွေကြီးပါဘဲဗျာ ကျွန်တော်ပြောချင်တဲ့ စေတနာက ဘာလဲဆိုတာ သဘောပေါက်ကြမှာပါ ကျွန်တော်တို့က ကလေးအရွယ် လူငယ်အရွယ်ဖြစ်ပြီး အသိပညာ မပြည့်စုံသေးလို့ ကျွန်တော်သုံးသပ်တာ မှားသွားရင်လည်း ခွင့်လွတ်နားလည်ပေးကြဖို့  မျော်လင့်ပါတယ်။

တရားဝင်မီဒီယာတွေတောင် တစ်ခါတစ်လေ ရေးတင်တဲ့ ဝေဖန်ချက်တွေ ဘောင်ကျော်တာတွေ စည်းလွတ်တာတွေ ရှိခဲ့သေးတာဘဲလေ။ ဒီနေရာမှာသုံးမယ့် တော်တဲ့ ထက်တဲ့သူတွေကို ဒီထက်အကျိုးရှိတဲ့ တိုင်းပြည်အတွက် နေရာတွေမှာ သုံးစေချင်တယ်ဗျာ။ စေတနာများစွာဖြင့် အကြံပေးတင်ပြအပ်ပါတယ်။

လွှတ်တော် လူကြီးမင်းများ ကျန်းမာချမ်းသာပြီး ဒီထက်ပိုတိုင်းပြည် အကျိုးထမ်းဆောင်နိုင်ကြပါစေ
လေးစားစွာဖြင့်
ဖိုးသားလေး
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားက လူထုစိန်ဝင်းဆုံးသွားတော့ တစ်ခုပြောတာလေးမှတ်မိတယ်။ သူဘယ်သူဆိုတာသိတဲ့သူ မြန်မာနိုင်ငံမှာ (၅)ယောက်ရှိတယ်တဲ့။ အဲ(၅)ယောက်ထဲမှာ လူထုစိန်ဝင်းလည်း ပါဝင်ပါတယ်တဲ့။ လူထုစိန်ဝင်းအနေနဲ. သေသည်အထိ ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူဆိုတာ ဘယ်သူ့မှမပြောဘဲ နှုတ်လုံသွားတဲ့အတွက် လူထုစိန်ဝင်းကို လေးစားပါတယ်ဆိုပြီး ပြောဖူးပါတယ်။

အဲတော့ဗျာ… ဒေါက်တာဆိတ်ဖွားကို ရှာပုံတော်ဖွင့်မယ့် ကော်မတီအဖွဲ.ကို အကြံလေးတစ်ခု ပေးချင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံမှာ ၀ိညဉ်တွေဘာတွေ ခေါ်တာတွေ ရှိတယ်မလား။ အဲဒီတော့ ရှာပုံတော်မင်းသားကြီးများ အဖွဲ့အနေနဲ့ လူထုစိန်ဝင်းရဲ့ ၀ိညဉ်ကိုခေါ်ပြီး အကူအညီတောင်းလိုက်ပါလို့ အကြံကောင်းလေး ပေးအပ်ပါတယ်ခင်ဗျား။

သေချာစဉ်းစားကြနော်။ အလွန်ဆုံးကုန်မှ ကန်တော့ပွဲတစ်ပွဲ ၂၀၀၀ လောက်ပဲရှိမယ်။ :)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

လွှတ်တော်အတွင်းအရေးကြီးအဆိုများ

မျောက်ခေါင်းသန်းရှာ မဲဆန္ဒနယ် ကိုယ်စားပြုအမတ်မှ facebook ပေါ်ရှိ သူ့ post တွင် tag လုပ်ထားသောသူများထဲမှ ထိုပို့စ်ကို Like လုပ်ရန် ပျက်ကွက်သူများကို တာဝန်ပျက်ကွက်မှုဖြင့် အရေးယူရန်။

ကြောင်ရေချိုး မဲဆန္ဒနယ် ကိုယ်စားပြုအမတ်မှ facebook ပေါ်တွင် လွှတ်တော်အကြောင်း အတင်းတုပ်သူများကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် အရေးယူရန်။

၁၀၉/၁၁၀ မဲဆန္ဒနယ် ကိုယ်စားပြုအမတ်မှ facebook ပေါ်တွင် မြန်မာစာစာလုံးပေါင်း သတ်ပုံမှားသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အရေးယူရန်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့် Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်မှုရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများကို အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ရှိသူ ဖြစ်ပါသည်။
http://goo.gl/O3Gpi
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

အရေးကြီး သတိပေးချက်

ဒေါက်တာဆိတ်ဖွားကော်မရှင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဖွဘုတ်တွင် အရေးတကြီး ရင်ဖွင့်နေကြသော မြန်မာနိုင်ငံသားအားလုံးအား အရေးတကြီး အရေးယူနိုင်ရန်အတွက် မနက်ဖြန် လွှတ်တော်တွင် မဟားဒရား အရေးကြီးအဆို တင်သွင်းတော့မယ်လို့ လွှတ်တော်အသိုင်းအ၀ိုင်းက အရေးကြီး သိရှိရပါတယ်။

ဒါ့ကြောင့် အရေးကြီး ဖွဘုတ်ဘော်ဘော်များ အထူးဂရုပြု၍ အရေးကြီး-မကြီး ခွဲခြား၍ မန့်ကြပါကုန်လော့။
ပုံ/-
(အရေးကြီးသတင်းပေး ပလေတို)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

တစ်ရက်ကို ကုဋေချီတဲ့ ပြည်သူ့ဘဏ္ဍာများကိုသုံးပြီး နိုင်ငံအတွက် လုပ်သင့်တဲ့ အလုပ်ကိုမလုပ်ဘဲ ချစ်တီးခေါင်း သန်းရှာတဲ့ လွှတ်တော်

နိုင်ငံအတွက် ဒီလောက်အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိနေတာလုပ်ကြပါလား။ ဘင်္ဂါလီအရေးတော့ ဘာမှမပြော။ ဘင်္ဂါလီအမတ်တွေ လွှတ်တော်မှာရှိနေတာကိုနှာစေးနေတယ်။ facebook page တစ်ခုက ဒေါက်တာဆိတ်ဖွားက "ဥပဒေအထက်မှာ လွှတ်တော်ရှိသလား" " ဆိုပြီး ပို့စ်လေးတင်လိုက်တာနဲ့ ပြည်ထောင်စုကော်မရှင် ဖွဲ့စစ်ဆေးရလောက်အောင် ဆတ်ဆတ်ထိမခံ ဖြစ်နေတာတော့ မကောင်းပါဘူး။

သမ္မတကြီးကို facebook ကနေ နေ့တိုင်း အပြစ်ပြောနေသူတွေ၊ ထောက်ပြနေသူတွေ ရာနဲ့ချီရှိတာပဲ။ သမ္မတကြီးက ဒီလူတွေကို တရားစွဲမယ် စုံစမ်းမယ် ကော်မရှင်ဖွဲ့အရေးယူမယ် တစ်ခါမှ မလုပ်ဖူးပါဘူး။

ဒီမိုကရေစီနိုင်ငံက လွှတ်တော်နာမည်ခံထားပြီး ငါကတော့ အကုန်လုံးကို ဝေဖန်ခြယ်လှယ်မယ် ငါ့ကိုတော့ စိတ်နဲ့တောင် မပြစ်မှားနဲ့ဆိုတဲ့ တစ်ခုခု လွှတ်တော်ကို ဝေဖန်လိုက်ရင် မိဖုရားဟိုဒင်းကို ကင်းကိုက်သလို ဖြစ်နေတဲ့ အထိမခံ ရွှေပန်းကန်လွှတ်တော်ကြီးရဲ့ လုပ်ရပ်ကို ရှုံ့ချပါတယ်။

ဒီကိစ္စကို ခေါင်းငုံ့ခံနေရင် မသိချင်ယောင်ဆောင်နေရင် တစ်ချိန်ကျရင် လွှတ်တော်ပေါ်က ဘင်္ဂါလီအမတ်တွေ တောင်းဆိုလို့ ဘကတအဖွဲ့နဲ့ တခြားသော ဘင်္ဂါလီဆန့်ကျင်ရေး အမျိုးသားရေးအဖွဲ့များကို ပြည်ထောင်စုကော်မရှင်ဖွဲ့ပြီး အရေးယူလာလိမ့်မယ်။

နိုင်ငံအတွက် အပြုသဘောနဲ့ လွတ်လပ်စွာ ဝေဖန်ထောက်ပြခွင့်ကိုချစ်မြတ်နိုးသူတိုင်း ဒီလို အာဏာရှင်ဆန်တဲ့ကိစ္စကို ဆန့်ကျင်ကြပါ။
ဘကတအဖွဲ့
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

Mizzima - News in Burmese
ဥပဒေအထက်မှာ လွှတ်တော်ရှိသလားဆောင်းပါးအတွက် ကော်မရှင်ဖွဲ့ကာ စုံစမ်းရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၄၀ မိနစ်

ရန်ကုန်(မဇ္ဈိမ)။ ။ဒေါက်တာဆိတ်ဖွားရေးသားသော "ဥပဒေအထက်မှာ လွှတ်တော်ရှိသလား" "Above the Law" ဝေဖန်ချက်ဆောင်းပါးနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကော်မရှင်ဖွဲ့၍ စုံစမ်းရန် ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်၏ အဆိုကို ထောက်ခံမဲ ၃၄၇မဲဖြင့် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

မှတ်ထား.. ဒေါက်တာဆိတ်ဖွါးဆိုတာ.. ပြည်တွင်းက.. တိတိကျကျပြောရရင်… မေမြို့မှာ ရှိတယ်။ သူ့ရူပါက မျက်မှန်းဝိုင်းကြီး တပ်ထားပြီး ချယ်ရီးကိုင်းဒုတ်ကောက် ကိုင်တယ်..။ သူ့အိမ်က မျက်ချေးနုရွာနားမှာ ရှိတယ်. ခြံအကျယ်ကြီးပဲ။ မွေးမြူရေးလုပ်တယ်။ သူ့အလုပ်ကိုသူ အရမ်းမြတ်နိုးလို့ ဒီနာမည် ဒီကလောင် ပေးထားတာ.။ သူမွေးမြူရေးလုပ်ငန်းက ဆိတ်မွေးတာ။ ဆိတ်နို့ညစ်ရောင်းတယ်။ ဆိတ်သားလုံးနဲ့ ဆိတ်နားရွက်သုပ် ရောင်းတယ်။ သူ့မှာလည်း ကျော်သူတို့လို မုတ်ဆိတ်ဖြူကြီးရှိတယ်။ သူဆိတ်နို့ ညှစ်နေရင် လူနဲ့ဆိတ်နဲ့ရောနေလို့ လူတွေက သူ့ကို ဦးဆိတ်ဖွားလို့ ခေါ်ကြတယ်။ မယုံရင် စုံစမ်းနေတဲ့လူတွေရဲ့ အိမ်ကိုခေါ်ပြီး နို့ညှစ်ခိုင်းကြည့်ပါလား။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားအရေးနှင့်ပတ်သက်သည့် အင်တာနက်ပေါ်မှ မှတ်ချက်အဖုံဖုံ

““လွှတ်တော်ကြီးလည်းချီလာပါပြီ...လွှတ်တော်ကြီးလည်းချီလာပါပြီ””
(Thura Aung)
-----------------------------------------------------------------------------
““အိုင်ဆေး ကိုနှင်းမောင် ဒေါက်တာ ဆိတ်ဖွားကို အမြန်ဆုံး ရှာပေးပါ... မဟုတ်ရင်တော့ ကျုပ်တို့ မင်းကြီးဆော်တော့မယ်..။
မလွယ်လောက်ဖူးထင်တယ် အိုင်ပီရ… တာမွေသင်္ချီုင်းက ဖျက်လိုက်တာကြာပြီဆိုတော့ ဒီလူလည်း ဘုံပျောက်နေတယ်...။ ရေဝေးမှာက မီးသဂြိုလ်တာဆိုတော့ ဒီလူလည်း အလုပ်လက်မဲ့ ဖြစ်သွားတယ်... နောက်ဆုံးတော့ ကြံရာမရ ရွာရိုးကိုးပေါက် လျှောက်သွားပြီး အခုတော့ ဘလော့ဂ်ရေးနေတယ် ကြားတာပဲ...။ အတိအကျ သိချင်ရင်တော့ ဆားပုလင်းနှင်းမောင်နှင့် ဒေါက်တာဆိတ်ဖွား ရှာပုံတော်ကို ရှာဖတ်ပေတော့ဗျို့... ဒန်ဒန့်တန်..””
(Soe Zeya Tun)
-----------------------------------------------------------------------------
လွှတ်တော်မှာ ဖေ့ဘုတ်နဲ့ ပတ်သတ်ပြီး အရေးယူဖို့ဆိုရင် ဒေါက်တာဆိတ်ဖွားအပြင် အဘဥက္ကာကိုကို Ko Thura Myo နောက် ဒီမိုဆိုတဲ့ စာလုံးနောက်မှာ ထည့်ချင်တာ ပေါင်းချင်တာ ပေါင်းထားတဲ့ လူနာမည်တွေနဲ့ လူတွေကိုလည်း အရေးယူရတော့မှာလား :D
(Ei Mon Kyaw)
-----------------------------------------------------------------------------
လွှတ်တော်ရှေ့က ခွေးတောင် လွှတ်တော်ဘက်လှည့်ဟောင်ရင် ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ့်ပုံပဲ...
(Eco Oo)
-----------------------------------------------------------------------------
ရူးနေကြသလားဝေးးးးးးးးး ငါလည်း အကောင့်အသစ် တစ်ခုဖွင့်ပြီး ဟိုဟိုဒီဒီ တက်ရေးဦးမှာပဲ နေဦး ငါဒါရေးတာတွေ့ပြီး မိအင်ကြင်းဆိုတာ ဘယ်သူလဲဆိုပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး လာစစ်နေရင်ဒွက်ခ :P
(မိအင်ကြင်း)
-----------------------------------------------------------------------------
လွှတ်တော် အတော်အားနေတယ်ထင်တယ်....... တစ်ရက်ကျင်းပဖို့ သိန်းပေါင်းများစွာ အကုန်ကျခံနေရတာကိုတောင် စဉ်းစားဆင်ခြင်မှု မလုပ်ပဲနဲ့ အွန်လိုင်းက ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးကို တရားစွဲဖို့ ကိစ္စတောင် ရှိသမျှဟာတွေ အကုန်ဖျက်ပီး အရေးကြီးအဆို တင်သွင်းရတဲ့ အဆင့်တောင် ဖြစ်နေပါလား......။
(James Mint)
-----------------------------------------------------------------------------
ဖေ့ဘုတ်မှာ နာမည်ကြီးနေတဲ့ ဥက္ကာကိုကို စာမျက်နှာကို ၁၂၀ မမ တစ်လုံးထုမယ်။ သရော်စာရေးတဲ့ သူရမျိုး စာမျက်နှာကို ၁၀၅ မမ တစ်လုံးထုမယ်။ စင်္ကာပူကနေ ဝေဖန်ရေးပြောတတ်တဲ့ မယ်ကလျာ စာမျက်နှာကို အာပီဂျီနဲ့ ပစ်မယ်။ ပြီးရင် နောက်နေ့ လွှတ်တော်ထဲမှာ ကီဘုတ်အပစ်အခတ် ရပ်စဲရေးအတွက် လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိမ့်မယ်။ ကတောက်စ်..
(အဘ မင်းထက်စံ)
-----------------------------------------------------------------------------
တောက် ငါသာအမတ်ဖြစ်လို့ကတော့ ဒေါက်တာချက်ကြီးကို ဖေါ်ထုတ်ခိုင်းပြီး ကောင်မလေးတွေ အီးမေးလ် တောင်းပါတယ်။
(Ko Thura Myo)
-----------------------------------------------------------------------------
လွှတ်တော်ကို ကြောင်တွေ ပို့ပေးရမယ်။ ဘာရယ်မဟုတ်ပါဘူး။ ရေချိုးခိုင်းမလို့ပါ။ သန်းမရှာခိုင်းတော့ပါဘူး။ ကိုယ့်ဟာကို ငုံ့ရှာကြလိမ့်မယ်။
(Zayya Sopyay)
-----------------------------------------------------------------------------
ဒေါက်တာဆိတ်ဖွားမှာ မည်သူမည်ဝှာဖြစ်သည်ကို အတိအကျ သတင်းပေးနိုင်သူအား ကျပ်ငွေ(သိန်းတရာ) လွှတ်တော်မှ ချီးမြှင့်မည်။
ပုံ/ဘကသလွှတ်တော်ဥက္ကဌ ခံအောင်တင့်။
(Thu Ta Aung)
-----------------------------------------------------------------------------
ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာ ရှာရင်းနဲ့ တစ်လက်စတည်း မြန်မာအိတ်စပရက်စ်တို့ ဒေါက်တာချက်ကြီးတို့ ဘယ်သူလဲဆိုတာပါ ရှာဖွေဖေါ်ထုတ်ဖို့ အဆိုထပ်တင်ဦးမှ။
(Myint Kyaw)
-----------------------------------------------------------------------------
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားလည်း မင်းသိင်္ခ၀တ္ထုထဲကလို တာမွေသင်္ချိုင်းမှာ မနေဘဲ facebookပေါ် တက်လာတော့ ခုကြည့် လွှတ်တော်အမတ်မင်းတွေ ပြောစရာဖြစ်ကုန်ပြီ။
(Thantzin Soe)
-----------------------------------------------------------------------------
ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သတ်ပြီး အရေးကြီးအဆို တင်သွင်းသူက ရန်ကုန်တက္ကသိုလ် ပါချုပ်ဟောင်း ဒေါက်တာစိုးရင်တဲ့။။။ မြတ်စွာဘုရား
(Aung Soe)
-----------------------------------------------------------------------------
မဖြစ်ချေတော့ဘူး။ နောက်ဆိုရင် နိုင်ငံတော်ကို ခဏခဏဆဲမှုနဲ့ (အင်တာနက်နှေးရင်၊ မီးပျက်ရင် အမြဲတမ်းဆဲ၏) သံလွင်အေး ဆိုသူအား ပြည်ထောင်စုလွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေအုံးမယ်။
သတိထားဆဲမှပဲ။
(သံလွင်အေး)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွား စုံစမ်း ဖော်ထုတ်ရေးကော်မရှင် ဖွဲ့စည်းခြင်း
Blogspot Server ထားရှိရာ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂူဂဲလ်ဆာဗာများအားလုံးရှိရာ လှည့်လည်သွားလာပြီး ဒေါက်တာဆိတ်ဖွားအား ရှာဖွေရန်ဖြစ်သည်။ ဒေါက်တာဆိတ်ဖွားသည် မင်းသိင်္ခ ရှိခဲ့စဉ်က တာမွေသင်္ချိုင်းတွင် အခြေပြုနေထိုင်ခဲ့သော်လည်း မင်းသိင်္ခသေဆုံးပြီးနောက် Blogspot သို့ ပြောင်းရွှေ့သွားကြောင်း သိရှိရပါသည်။ လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်အရ အောက်တွင်ပါရှိသော ဆရာ့ဆရာကြီးများ ပါဝင်သော စုံစမ်းဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပါသည်။

ကော်မရှင်သည် ငွေ ကြိုက်သလောက်သုံး၊ ကြိုက်သည့် ပညာရှင်များခေါ်၊ ဒေါက်တာဆိတ်ဖွားအား မတွေ့မချင်း ပြန်မလာကြရန် ဖြစ်ပါသည်။
ဥက္ကဋ္ဌ - Red Army Hacker Team
အဖွဲ့ ဝင် - Opposieeyes
အဖွဲ့ ဝင် - James Mint
အဖွဲ့ ဝင် - ခွန် ဒီးယမ်
အဖွဲ့ ဝင် - ဘွရှင်
အဖွဲ့ ဝင် - Ko John
အဖွဲ့ဝင် - Nay Min
အဖွဲ့ဝင် - Lin Luck Lu
အတွင်းရေးမှူး - ပလေတို
ပုံ
အလုပ်မရှိ လဥကြား သန်းရှာကြသူများ
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

လွှတ်တော် အတော်အားနေတယ် ထင်တယ်....... တစ်ရက် ကျင်းပဖို့ သိန်းပေါင်းများစွာ အကုန်ကျခံ နေရတာကိုတောင် စဉ်းစားဆင်ခြင်မှု မလုပ်ပဲနဲ့ အွန်လိုင်းက ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးကို တရားစွဲဖို့ ကိစ္စတောင် ရှိသမျှ ဟာတွေ အကုန်ဖျက်ပီး အရေးကြီး အဆို တင်သွင်းရတဲ့ အဆင့်တောင် ဖြစ်နေပါလား...... ဘာလဲဗျ သမ္မတလုပ်သမျှ အကုန်အတိုက်အခံ လုပ်ရမှ ကျေနပ်နေတယ် ဟုတ်စ...... ဒါက ဒီလိုသွားရမယ်ဆိုရင် ဟိုလိုလေး ကွေ့လိုက် ၀ိုက်လိုက်ရမှ ကျေနပ်တဲ့ပုံစံတွေ တွေ့နေရတာ ကြာပါပကော.......

ဘယ့်နဲ့ဗျာ ကိုယ်လုပ်ပုံကိုင်ပုံ မဟုတ်လို့ ဝေဖန်ခံရတာကို ကိုယ့်ရဲ့ လုပ်ပုံကိုင်ပုံတော့ဖြင့် ပြင်မယ်မရှိပဲ ဝေဖန်တဲ့ကောင် တရားစွဲမယ်ဆိုတာ အရင် စစ်အစိုးရလက်ထက်က ကိစ္စတစ်ခုဖြစ်လို့ ဓါတ်ပုံရိုက်ရင် ရိုက်တဲ့ကောင်ဖမ်း ထောင်ထဲထည့်တဲ့အချိုး၊ ဟိုတလောက မန္တလေး စည်ပင်လုပ်သလို ၀န်ထမ်းကို ဓါတ်ပုံရိုက်လို့ ကင်မရာထဲက မင်မိုရီကဒ်ကို အတင်းယူသွားတဲ့ပုံစံ.......

ရှက်တတ်ရင် ရှက်ကြပါဦး လွှတ်တော်က အမတ်မင်းများနဲ့ လူကြီးမင်းတို့ရယ်....... ဥပဒေပြုရေး လွှတ်တော်ဆိုတာကို မဖျက်ဆီးပါနဲ့ ကိုယ့်ဟာကိုယ် ပျက်ဆီးချင်သူများ လွှတ်တော်ကနေ ဝေးဝေးနေကြပါဗျ....... ငါတို့ လာမဝေဖန်နဲ့ ဝေဖန်လို့ကတော့ အကုန်တရားစွဲပစ်မယ် ဆိုတဲ့ ၁ ပူးကြီးကို အားကျလို့လား....... ဒီလိုပုံစံနဲ့ ခင်ဗျားတို့ ပါးစပ်တွေက အတည်ပြုလာတဲ့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ပြဌာန်းထားတဲ့ ဥပဒေဆိုတာတွေကို ဘယ်လိုယုံရမလဲ.....

ကလေးကလား အလုပ်တွေနဲ့ စိတ်ပျက်တယ် လွှတ်တော်ရယ်......
James Myint
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

လွှတ်တော်ကိုကိုင်လှုပ်ခဲ့သောဒေါက်တာဆိတ်ဖွား

အလဲဗင်းနဲ့ ဆိတ်ဖွားကိစ္စကြည့်ရအောင်
အလဲဗင်းနဲ့ ဆိတ်ဖွားကိစ္စကြည့်ရအောင်။ အလဲဗင်းဆိုတာ တိုင်းသိပြည်သိမီဒီယာ။ ဆိတ်ဖွားဘလော့ဆိုတာ ကိုလွဏ်းဆွေ ဘလော့လိုတောင် လူသိတာမဟုတ်။ ဒါပေမယ့် အလဲဗင်း ဆတ်ဆတ်ခါသွားရခြင်းထဲမှာ Tax Evasion နဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ပါလာအပြီးမှာ ဖြစ်တာကို စပြီးသတိပြုမိတယ်။ အခွန်ရှောင်တာပေါ့လေ။

အလဲဗင်းက အစိုးရကို ဖဲ့တာတွေကို သူက အဲ့လို ၀ိတ်စီးတဲ့ အချက်အလက်နဲ့ ပြန်ပြောအပြီးမှာ အလဲဗင်းက ရှူးရှူးရှားရှား ဖြစ်သွားတာပါ။

(ဒါက ကို Myo Satt မနက်က တင်တဲ့ status)

ငရဲသားက အလဲဗင်းထိတော့ ဆတ်ဆတ်ထိ မခံနိုင်ဖြစ်နေတယ်။ ကျိုးကြောင်းဆင်ခြင်မှုတွေ နည်းပါးစွာနဲ့ ပြန်ရေးတယ်။

ငရဲသားဆိုတာ အလဲဗင်းရဲ့လူ။ ဒါကလည်း လူတိုင်းသိတဲ့ ထိပ်တန်းလျှို့ဝှက်။

Conspiracy Theory ချိန်ထိုးကြည့်ရင် လွှတ်တော်ထဲမယ် အဆိုတင်သွင်းတဲ့ အမတ်မင်းတောင်မှ အလဲဗင်းရဲ့ ကျေးဇူးခံ ကျေးဇူးစား ကင်းရဲ့လား၊ အဆိုတင်သွင်းတဲ့ အမတ်မင်းဟာ အလဲဗင်းကို ကျောထောက်နောက်ခံ ပေးထားသူများရဲ့ ကျေးဇူးခံ ကျေးဇူးစားလား?

အဲ့ဒါဆို အလဲဗင်း မီဒီယာ ဂရု (EMG) ကို ဘယ်သူပိုင်သလဲ?

CEO ဆိုတာ ကုမ္ပဏီပိုင်ရှင် မဟုတ်မှာတော့ သေချာတယ်။

ဒါဆို "အလဲဗင်းရဲ့ ရပ်တည်ချက်ဟာ ဘာလဲ? ဘယ်လဲ? ဘယ်လိုလူတွေနဲ့ ပတ်သက်စပ်နွယ်နေလဲ?"

ဒါဆိုရင် ဆိတ်ဖွားကို ကိုင်မယ့် ကိစ္စဟာ လွှတ်တော်မယ် ပြောတဲ့ အကြောင်းပြချက်တွေနဲ့ ဘာမှ မဆိုင်ဘူး။

အဲ့ဒီ ကျေးဇူးခံ ကျေးဇူးစား အမတ်မင်း အဆိုတင်သွင်းတာဟာ အလဲဗင်း မီဒီယာ ဂရုနဲ့ နောက်ကွယ်က လူတစ်စု Tax Evasion ကိစ္စကို cover up လုပ်ချင်လို့ တင်တယ်လို့ ဖေကြီး သံသယ ရှိသွားပြီ။

အလဲဗင်း မီဒီယာ ဂရုဟာ စစ်အာဏာရှင် လက်ထက်မှာ ဘယ်လို ကြီးထွားလာလဲ? တင်းကြပ်တဲ့ စာပေစိစစ်ရေး လက်ထက်မှာ ဘယ်လို ဖြတ်သန်းခဲ့သလဲ ပြန်ကြည့်ရမယ်။ အဲ့ဒါဆို နောက်ကွယ်က ဘယ်သူဆိုတာ ရေးရေး မှန်းလို့ ရနိုင်တယ်။

ဒါမျိုး လွှတ်တော်က လုပ်ရမယ်၊ လက်ညှိုးထောင် ခေါင်းငြိမ့်၊ Zombie proof လွှတ်တော် အမတ်တွေနဲ့ ရှေ့ဆက်သွားလို့ မဖြစ်ဘူးဆိုတာ ဒီကိစ္စမှာ ပိုသေချာသွားတယ်။

အခွန်ရှောင်တာဟာ တိုင်းပြည်ရဲ့ ၀င်ငွေကို ထိခိုက်စေတယ်။ ဒါဟာ သေချာကိုင်တွယ်ရမယ့်ကိစ္စ၊ ဆိတ်ဖွားက အဓိက မဟုတ်ဘူးဆိုတာ အမတ်မင်းတို့ သိစေချင်...

(တွေးစရာပေးသော ကိုမျိုးဆက်၊ ငရဲသား၊ အလဲဗင်းမီဒီယာဂရု နှင့် ဒေါက်တာဆိတ်ဖွားတို့အား ဖေကြီးတို့ မိသားစုမှ အထူးကျေးဇူးတင်ရှိပါကြောင်း)
ခရက်ဒစ် တူ ဖေကြီးသိတယ်
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားကို အရင်က ကြားတောင်မကြားဖူးဘူး။ ကျွန်တော်နဲ့ ဘ၀တူတွေလည်း အများ ကြီးရှိမယ်နဲ့တူပါတယ်။ လွှတ်တော်မှာ ဆိတ်ဖွား နာမည်ကို ကြေငြာလိုက်တော့ ဘာလဲဟဆိုပြီး အတော်လေး စိတ်ဝင်စားသွားတယ်။ အွန်လိုင်းက မိတ်ဆွေတွေလည်း အဲဒီလိုပဲ ဖြစ်မှာပါ။ ကျွန်တော်ဆို တစ်ညလုံး သူ့ဘလော့ဂ်ထဲဝင်ပြီး ပို့စ်တွေအားလုံးကို လိုက်ဖတ်ဖြစ်တယ်။

ဟော မကြာဘူး။ အခု ဒေါက်တာဆိတ်ဖွားက ဘယ်သူဖြစ်ပါတယ်၊ ထိုင်းနယ်စပ်ကိုရောက်နေတယ်၊ မကြာခင် သူရရွှေမန်းနဲ့ ဦးခင်အောင်မြင်တို့ရဲ့ အတွင်းရေးတွေကို ထုတ်ဖော်ရေးသားတော့မယ်ဆိုပြီး သတင်းတစ်ခု တက်လာတယ်။

သူရရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ရဲ့ အတွင်းရေးကို ချရေးချင်ရင် အစကတည်းက ရေးလို့ ရသားပဲ။ အခုဟာက နာမည်ကြီးလာမှ သူ့ဘလော့ဂ်ထဲကို လူဝင်များလာတော့မှ ဒါတွေရေးမယ်ဆိုတော့ အခုနေ သူတစ်ခုခုရေးလိုက်ရင် သေချာတာကတော့ အတော်လေးကို ပြန့်နှံသွားမှာ အသေအချာပဲ။ တစ်နည်းအားဖြင့် ဒေါက်တာဆိတ်ဖွားကို စုံစမ်းစစ်ဆေးဖို့ အဆိုတင်သွင်းခြင်းဟာ တစ်ဘက်နည်းနဲ့ ဒေါက်တာဆိတ်ဖွားကို နာမည်ကြီးပြီး လူဝင်များအောင်များ လုပ်လိုက်လေသလားလို့ စဉ်းစားစရာ ဖြစ်သွားပြန်ပါတယ်။

အွန်လိုင်းမှာ တစ်ခုခုရေးပြီးတင်ရင် ဘယ်သူလဲဆိုပြီး ခြေရာခံဖို့ အတော်လေးခက်ခဲတာကို အဆိုတင်တဲ့ အမတ် မသိတာကတော့ မဖြစ်တန်ကောင်းဘူး။ ဖေ့ဘုတ်စ်ပေါ်မှာ နာမည်ဝှက်နဲ့ status ရေးတာကို ဘယ်သူလဲဆိုပြီး ခြေရာခံတာ လွယ်ကောင်းလွယ်နိုင်ပေမယ့် ဘလော့ဂ်မှာရေးပြီး တင်တာကို တရားခံဘယ်သူလဲဆိုပြီး ရှာတာဟာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာရသလို ဖြစ်မယ်မှန်း အဲဒီအမတ် သိမယ်လို့ ထင်တာပဲ။ မသိလို့ အဆိုတင်တာဆိုရင် တစ်မျိုး၊ သိသိကြီးနဲ့ အဆိုတင်တာ ဆိုရင်တော့ ဒီကိစ္စဟာ ဒေါက်တာဆိတ်ဖွားကို နာမည်ကြီးအောင်၊ ဆိတ်ဖွားဘလော့ဂ်ကို လူဝင်များအောင် လုပ်ပေးလိုက်တဲ့ အဆိုပဲ။
×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဆိတ်ဖွားရဲ့ဘ၀? =့ ဆိတ်ဖွားရဲ့အဘ ?
(သရော်စာ)
-----------------------------
ဟဲလို .. အဘလား...။
ကျွန်တော် ဆိတ်ဖွားပါအဘ ....။
....................................
ဟုတ်ကဲ့ ဒေါက်တာစိုးရင် ကျွန်တော့်ကို ဖော်ထုတ်အရေးယူဖို့ အဆိုတင်ပါတယ်အဘ..။ ကျွန်တော်နာမည်ကြီးသွားပြီအဘ...။
.....................................
ဗျာ... ဟုတ်လား .......
ဟုတ်ကဲ့ .. ကျွန်တော်မသိဘူး အဘ ..။
မနှစ်က ၉-၇-၂၀၁၂ နေ့က (ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က သတင်းစာများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက် နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက်မှု” နှင့် စပ်လျဉ်းသည့်မေးခွန်း။) ဆိုပြီး အဆိုတင်ခဲ့သေးတယ်.. ဟုတ်လားအဘ၊ အဲဒီအဆိုကို ဒေါက်တာစိုးရင်ကပဲ ပြန်ဆွေးနွေးခဲ့သေးတယ်.. ဟုတ်လားအဘ..။
နောက်ဆို အင်တာနက်ပြီးရင် သတင်းစာဖက် မြှားဦးလှည့်လာလိမ့်မယ်.. ဟုတ်ကဲ့ သဘောပေါက်ပါပြီအဘ..။
......................................
ဗျာ....။ ဒါလည်းကျွန်တော်မသိဘူးအဘ ..။
ဒေါက်တာစိုးရင်က ၂၀၀၈ အခြေခံဥဒေမူကြမ်းရေးဆွဲရေးကော်မတီမှာပါတယ်.. ဟုတ်ကဲ့ ကျွန်တော်မသိဘူးအဘ နောက်ဆိုဆင်ခြင်ပါ့မယ်..။
........................................
ဗျာ ..ဟုတ်ကဲ့. . ကျွန်တော့်ကို ဘယ်သူလဲ သူတို့သိနိုင်သလို သူတို့အညှာကိုလည်း ကျွန်တော်တို့ ကိုင်ထားတာပဲလေ..။ ဥက္ကဋ္ဌကြီးကအစ သားသမီးဆွေမျိုးတွေကအစ ...ဘာလဲ..ဘယ်လဲပေါ့...။
သူတို့မွေးထားတဲ့ဂျာနယ်တွေနဲ့ ကျွန်တော်တို့မွေးထားတဲ့ ဂျာနယ်တွေ တေ့ပေးလိုက်မှာပေါ့အဘ..။
.........................................
ဟုတ်ကဲ့ သူတို့ကစောင့်ကြည့်နေကြပါတယ်..။
လောလောဆယ်တော့ သူတို့က online မှာ ကာချုပ်မိန့်ခွန်းနဲ့ ... ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀-စ ကို ကြွေးကြော်နေကြတယ်ခင်ဗျ.။ ကောင်းပါတယ်ခင်ဗျ။
အခု စစ်ရေးဆိုင်ရာဘတ်ဂျက်တွေကို လွှတ်တော်က လျှော့ချဖို့ ဆွေးနွေးနေပါတယ်အဘ။
.............................................
ဗျာ . ဟုတ်ကဲ့ .. .. လွန်ခဲ့တဲ့တစ်နှစ် ၁၄-၁-၂၀၁၂ က ကျွန်တော်တင်ထားတဲ့ ညွှန်ကြားစာမူရင်း တင်တာ မြန်လွန်းသွားပါတယ်အဘ..။
၁၃ ရက်နေ့က ညွှန်ကြားစာမူရင်းကို ၁၄ ရက်နေ့မှာ site ထဲမှာ credit မပါဘဲ တင်တယ်ဆိုတော့ အခုစိတ်ဝင်စားနေချိန် သူများတွေ သတိထားမိနိုင်ပါတယ်..။
နောင်မဖြစ်စေရပါဘူး..။
ဟုတ်ကဲ့ သတိထားပါ့မယ်အဘ..။
.............................................
ဟုတ်ကဲ့ .. သတိထားပါ့မယ်အဘ....။
ဟုတ်ကဲ့ခင်ဗျ..။ မြစ်ဆုံတုန်းကလို မဖြစ်စေရပါဘူးအဘ..။
ဒါပါပဲခင်ဗျ..။
ဟုတ်ကဲ့.......
==============================
“အစိုးရ သတင်းစာများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန် တိုက်ခိုက်နေ မှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန် ဆောင်ရွက်မှု” နှင့် စပ်လျဉ်းသည့် မေးခွန်း။
(မှတ်ချက် -မြစ်ဆုံကိစ္စပြီးသည့်နောက်ပိုင်း ဒေါက်တာဆိတ်ဖွားအား ဒုတိယမြောက် ဝေဖန်ခြင်းဖြစ်ပါကြောင်း)
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

လွှတ်တော်တွင် သမ္မတ၏အဆိုပြုချက် မဲခွဲရှုံးနိမ့်ခဲ့သည်။
ဥပဒေအထက်တွင်လွှတ်တော် ရှိသည်ဟု အဆိုခံလိုက်ရသည်။
ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်ကြသည်။
ဒေါက်တာဆိတ်ဖွားအကြောင်း စုံစမ်းရေးကော်မရှင်ဖွဲ့မည်။
အင္တာနက္ဘေလာဂ္ဂါမ်ား သတိထားၾကပါ။
ရေးချင်တိုင်း ရေးလို့မဖြစ်တော့ဘူးလား။
လွှတ်တော်နှင့်ပတ်သက်လျှင် ဆင်ခြင်ကြရတော့မည်လား။
တရုတ်ပြည်ကို အားမကျစေချင်ပါ။
ပြည်သူ့အသံ စစ်စစ်မှန်မှန်များကို သိစေချင်ပါသည်။
ကိုယ့်ကို ဘယ်လိုပြောနေကြသလဲဆိုတာ မြင်ရပါလိမ့်မည်။
အင်တာနက်တွင် လူကြီးလူကောင်း ဆန်စေလိုသည်။
ညစ်ညစ်ညမ်းညမ်း မဆဲကြပါနှင့်။
ပြည်ထောင်စုလွှတ်တော်သည် ဥပဒေများကို ပြင်ဆင်/ဖြည့်စွက်/ဖျက်သိမ်း/ အသစ်ရေးနိုင်ပါသည်။
မှန်မှန်ကန်ကန် ဖြစ်သွားဖို့ကို ကြိုးစားပေးကြပါ။
အခုမှားလျှင်လည်း နောင်ပြင်ဆင်ကြဖို့ လုပ်ဆောင်ကြပါ။
အချိန်အခါနှင့် လက်တွေ့ကသာ အမှားအမှန်ကို ဖော်ပြပါလိမ့်မည်။
အားလုံး လောမကြီးကြပါနှင့်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

တောင်းပန်ခြင်း
ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည်  ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ  ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည်။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း  အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည်။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည်၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော် နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် "အပေါင်းပါ" ဟုခေါ်ထိုက်သူများမဟုတ်ပဲ၊ အများပြည်သူ လက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိတရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့်  နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း ပြင်ဆင် ဖေါ်ပြအပ်ပါသည်။
-×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-× -×-×-×-×-×-×-×-×-×-×

ဒေါက်တာဆိတ်ဖွားကိစ္စ ဖြစ်ပွားပြီးနောက် အင်တာနက်ပေါ်တွင် ဝေမျှကြသည့် ဓာတ်ပုံဖိုင်အချို့


2 comments:

  1. Anonymous8:27 PM

    how to read with font.

    ReplyDelete
    Replies
    1. need Zawgyi Font to read my blog. Thanks for your visit and interest!

      Delete

 
Web Statistics