Sunday, February 24, 2013

မင်းကိုနိုင်၊ ၀ီရသူ၊ ကျော်ကိုကို၊ ကချင်ဘင်လာဒင်


ကျွန်တော်ကိုဉာဏ် လူသာမန်
ပထမဆုံး မပြောမဖြစ်တာလေးကို အရင်ဆုံး ပြောလိုသည်။ ကျွန်တော်ကိုဉာဏ်သည် လူသာမန် တစ်ဦးသာ ဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။ မြန်မာ့သွေးဘလော့ဂ်ဆိုသည်က ကျွန်တော့်ရဲ့ မြန်မာ့သွေးမိတ်ဆွေ ၃၀၀ ၀န်းကျင်မျှ နေ့စဉ်ဖတ်ရှုသော သာမန်ဘလော့ဂ်တစ်ခုသာ ဖြစ်ပါသည်။ ထိုကဲ့သို့သော ဘလော့ဂ်လေးတစ်ခုကို ရေးနေသည့် ကျွန်တော်သည် အချို့သော စာဖတ်သူများ ထင်မြင်နေသကဲ့သို့ နိုင်ငံရေးတတ်သိနားလည်သူ၊ ဗဟုသုတကြွယ်ဝသူ၊ စာရေးကောင်းသူ မဟုတ်ကြောင်းကို ၀န်ခံထားလိုပါသည်။ စာဖတ်ခြင်းကို ထမင်းဆာသလို ဆာနေတတ်တာကလွဲ၍ အခြားသောအရည်အချင်း ကျွန်တော်ကိုဉာဏ်တွင် သိပ်ပြီး မယ်မယ်ရရ မရှိလှပါ။ ဟိုတွေး ဒီတွေး တွေးမိသည်များရှိလျှင် ဖတ်ရှုမှတ်သား စဉ်းစားဆင်ခြင်ထားသည့် မတောက်တခေါက် ဉာဏ်လေးများဖြင့် ဝေဖန်ပိုင်းခြားကာ ဟိုရေးဒီရေး ရေးနေခြင်းသာ ဖြစ်ပါသည်။ ထို့အတွက် အရာအားလုံးတွင် ကျွန်တော်သိလိမ့်မည်ဟု မည်သည့်အခါမျှ မတွေးကြစေလိုသည့်အကြောင်း အသိပေး တောင်းပန်ချင်ပါသည်။ သို့သော် ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေး မည်သို့ရှိသည်ကို သိလိုလျှင်တော့ဖြင့် နဂိုကတည်းက က,ချင်နေသူမို့ ပါးစပ်ဆိုင်းနှင့်လည်း ကွေးနေအောင် က,တတ်ပါကြောင်းခင်ဗျား။ အောက်တွင် ရေးသားထားသည့် အကြောင်းအရာများသည် ကျွန်တော့်ကို ပါးစပ်ဆိုင်း တီးပေးထားကြသူများကြောင့် လက်မြောက်၊ ခြေမြောက် က,ထားရခြင်းများ ဖြစ်ကြောင်းပါခင်ဗျား။

မင်းကိုနိုင် အင်္ဂလိပ်စကားပြောခြင်း 

အွန်လိုင်းပေါ်မှာ အတော်ပေါက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကြည့်ရပါတယ်။ ပြောချင်တာက အဲဒီဗီဒီယိုဖိုင်၊ အဲ... ဗီဒီယိုဖိုင်ဆိုတာထက် မင်းကိုနိုင်ပြောတာနဲ့ပတ်သက်ပြီး လိုရာဆွဲပြီး ရေးကြပြောကြတာတွေဟာ စိတ်ဝင်စားစရာ ကောင်းတာပါပဲ။ မင်းကိုနိုင်ကို လိုလားသူတွေ၊ ထောက်ခံသူတွေက သူတို့မြင်တဲ့ အပေါင်းလက္ခဏာဆောင်တာတွေကို ရေးကြပြောကြတယ်။ အခြားတစ်ဖက်ကတော့ မင်းကိုနိုင်ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်နဲ့ပတ်သက်ပြီး ဝေဖန်ပုတ်ခတ်ကြတယ်။ ကျွန်တော့်ကို မေးတဲ့လူ အတော်များသမို့ ဒီနေရာကနေပဲ ဖြေလိုက်ပါတယ်။ မင်းကိုနိုင်ပြောသွားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်မနှစ်မြို့တာဟာ ရာခိုင်နှုန်းအတော်များပါတယ်။ ဒါပေမယ့် သူ့ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်နဲ့ ပတ်သက်လို့ ဝေဖန်ကြတာကိုတော့ ကျွန်တော်လုံးဝကို ကန့်ကွက်ပါတယ်။ ဒါဟာ မင်းကိုနိုင်ကို ပြောတာမို့ ဒီလိုပြောနေတာ မဟုတ်ပါဘူး။ မင်းကိုနိုင်နေရာမှာ အခြားလူတစ်ဦး ပြောနေလို့ အဲဒီလို ဖြစ်နေရင်လည်း ကျွန်တော့်ရပ်တည်ချက်က အဲဒီအတိုင်းပါပဲ။ မင်းကိုနိုင်ဆိုတာလည်း ကျွန်တော်သိပ်ပြီး ကြည့်လို့ရတဲ့လူတော့ မဟုတ်ပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဒီအသက်အရွယ်အထိ ကျောင်းသားဆိုပြီး နာမည်ခံထားတာကစပြီး အခြားသော ကျွန်တော်မကြိုက်တဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒီနေရာမှာ အဲဒီအကြောင်းအရာတွေကို မပြောလိုပါဘူး။ ကျွန်တော့်ကို မေးကြပြောကြတဲ့ လူတွေက သူ့ရဲ့ အင်္ဂလိပ်စကားပြောဟာ ဘယ်လောက်ညံ့တဲ့အကြောင်း ပြောကြပြီး ဘယ်လိုမြင်သလဲလို့ မေးတာကိုပဲ ဖြေချင်တာ ဖြစ်ပါတယ်။ မင်းကိုနိုင် အင်္ဂလိပ်စကားပြော မကောင်းတာဟာ ကျွန်တော့်အတွက် တစ်စက်ကလေးမျှ အရေးမပါပါ။ စိတ်လည်းမ၀င်စားပါ။ မင်းကိုနိုင် အင်္ဂလိပ်စကားပြော မကောင်းတဲ့အတွက် ကျွန်တော်တို့ နိုင်ငံအတွက်လည်း ဘာတစ်ခုမျှ နစ်နာသွားတာ မရှိပါ။ အဲလောက်လည်း အရေးပါတဲ့ကိစ္စ မဟုတ်ပါ။ သူ့ဟာသူ အဲ... အီး.... အူး..... ဘယ်လိုပဲပြောပြော မြန်မာပြည်အတွက် ဘာမျှမဆိုင်ဘူးလို့ပဲ မြင်ပါတယ်။ လူဆိုတာမျိုးက ဘက်စုံထူးချွန်နေဖို့ လွယ်တာမှ မဟုတ်တာ။ နာဆာက သိပ္ပံပညာရှင်တစ်ယောက်ကများ ဟေ့ကောင်ကိုဉာဏ် မင်းဆိုတဲ့ကောင်ဟာ စကြာဝဠာနဲ့ပတ်သက်ရင်၊ နေအဖွဲ့အစည်းနဲ့ပတ်သက်ရင် ဘာတစ်ခုမျှ မယ်မယ်ရရ သိတဲ့ကောင်လည်း မဟုတ်ပါလားကွာလို့ လာပြောပြီး ရယ်ပွဲဖွဲ့မယ်ဆိုရင် ကျွန်တော်ကလည်း အဲဒီပညာရှင်ကို သနားကြည့်လေးနဲ့ ပြန်ကြည့်ပြီး ရယ်မိမှာ အသေအချာပါပဲ။ ကျွန်တော့်မှာလည်း သူမယှဉ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေမယ်ဆိုတာ ကျွန်တော်သေသေချာချာ ပြောရဲပါတယ်။ အနည်းဆုံးတော့ ဘောလုံးပြိုင်ကန်တာ ဖြစ်ဖြစ်ပေါ့။ ပြောချင်တာက ဘတ်(စ်)ကား မစီးတတ်တဲ့ တောသားကို လှောင်စရာမဟုတ်သလို ကျွဲမစီးရဲတဲ့ မြို့သားကိုလည်း ကြောက်တတ်လှချည်ရဲ့လို့ မပြောသင့်ဘူးလို့ ကျွန်တော်က အဖြေပေးချင်ပါရဲ့ဗျာ။

လာပြန်ပြီလား ၀ီရသူ
အဲဒီသင်္ကန်းဝတ်ကလည်း အတော်ခက်တယ်...။ သင်္ကန်းဝတ်ပြီး ကိုယ့်အလုပ်ကိုယ် မလုပ်တဲ့အထဲမှာ အဲဒီကိုယ်တော် ထိပ်ဆုံးကပါတယ်။ ဘာသာအတွက်၊ သာသနာအတွက်၊ မြန်မာနိုင်ငံအတွက်၊ .... အတွက်၊ စသည်ဖြင့် .... အတွက်ဆိုတဲ့ စကားလုံးတွေဟာ နားထောင်လို့တော့ အင်မတန်ကောင်းသဗျ။ အဲဒီ ၀ီရသူဆိုတဲ့ သင်္ကန်းဝတ်ကိုယ်တော်နဲ့ ရင်းနှီးတဲ့လူတွေများရှိရင် ကျွန်တော့်ကိုယ်စား မေးပေးစမ်းပါဗျာ။ သင်္ကန်းဝတ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ဘုရားသားတော်အဖြစ် သာသနာ့ဘောင်ကို ၀င်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့။ အရှင်ဝီရသူဟာ ဘာသာရေးနဲ့ပတ်သက်လို့၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ အတော်လေးကို နှံ့နှံ့စပ်စပ်ရှိတာ၊ ဗဟုသုတရှိတာကို ကျွန်တော်ကိုဉာဏ် မငြင်းပါ။ သို့သော် အဲဒီလို သိနေ၊ ရှိနေတာနဲ့ လုပ်နေတာတွေဟာ ဘာမျှမဆိုင်ဘူးလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာထက် သာလွန်မြင့်မြတ်တာ ဘာများရှိလို့လဲဗျာ။ အဲဒီလို အသာလွန်ဆုံး၊ အမြင့်မြတ်ဆုံး အရာကို လက်လှမ်းယူခွင့် ရှိပါလျက်နဲ့ ဘာကိစ္စများ မဆီမဆိုင်တွေမှာ အဲဒီကိုယ်တော် လိုက်လျှာရှည်နေရသလဲလို့ တွေးမိတယ်ဗျာ။ ကိုယ်က သင်္ကန်းဝတ်ထားတဲ့လူပဲ၊ တပည့်ဒကာဒကာမတွေကို အပူတွေငြိမ်းအောင်၊ စိတ်တွေအေးချမ်းအောင် ကြံဆောင်ကြိုးပမ်း အားထုတ်ဆောင်ရွက်မယ် မရှိဘူး၊ ထစ်ကနဲရှိ ဆန္ဒပြမယ်၊ လမ်းလျှောက်မယ် ဆိုတာချည်းပဲ။ လူစုစုများ ဖြစ်ပြီလားဆိုတာနဲ့ အဲဒီဝီရသူဆိုတဲ့ကိုယ်တော် ရှေ့ဆုံးကချည်းပဲ။ အဲဒီလောက် ဆန္ဒထက်သန်နေရင်၊ နိုင်ငံရေးပိုးဝင်နေရင် လူဝတ်လဲပါ၊ ပါတီထောင်ပါ၊ ဒါမှမဟုတ် ပါတီတစ်ခုခုဝင်ပါ၊ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ပါ၊ နိုင်ငံရေးလုပ်ပါ။ အခုဟာက သာသနာကို ခုတုံးလုပ်ပြီး နိုင်ငံရေးဖက်နေရုံတင် မဟုတ်ဘူး၊ မြန်မာပြည်မှာရှိတဲ့ သံဃာတော်တွေကိုပါ နိုင်ငံရေးဇာတ်သွင်းပြီး သာသနာတော်ညစ်နွမ်းအောင် လုပ်နေတယ်လို့ ကျွန်တော်က အတိအလင်းပဲ ဝေဖန်ပါတယ်။ အခုအင်တာနက်ပေါ်မှာ အရမ်းပျံ့နေတဲ့ NLD ကို ဝေဖန်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး မေးတဲ့လူတွေအတွက် ကျွန်တော့်အမြင်ကို ပြောပြပါ့မယ်။ စာဖတ်သူဟာ ဒူးရင်းသီးကြိုက်သူတစ်ဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ဒူးရင်းသီးနံ့ကို နည်းနည်းလေးမျှကို မခံနိုင်တဲ့သူလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကြိုက်တဲ့လူအတွက် ဒူးရင်းသီးနံ့ဟာ အင်မတန်မှ သွားရည်ယိုစရာကောင်းတဲ့ ရနံ့ချိုမွှေးဖြစ်ပြီး မကြိုက်တဲ့လူအတွက်တော့ ပျို့ချင်စရာ၊ အန်ချင်စရာ၊ ထွက်ပြေးချင်စရာ ဖြစ်နေပါလိမ့်မယ်။ ဒီလောက်ကောင်းတဲ့ အသီးကို မကြိုက်ရကောင်းလားဆိုပြီး အနံ့တောင် မခံနိုင်တဲ့လူကို မေးငေါ့ဖို့ မသင့်သလို၊ ဒီလောက်နံစော်နေတဲ့ အသီးကို ဒင်းမို့လို့ ကြိုက်တယ်ဆိုပြီး ဝေဖန်နေဖို့လည်း မဟုတ်ပါဘူး။ ဒါဟာ ဘာမျှ အရေးပါလှတာ မဟုတ်တဲ့ သစ်သီးတစ်မျိုးနဲ့ ပတ်သက်တာပဲဖြစ်ပါတယ်။ ဘာသာတရားဆိုတာကတော့ ဒီထက် အများကြီး ကျယ်ပြန့်ပါတယ်။ ကိုယ်ယုံကြည်တဲ့ ဘာသာတရားကို ကိုယ့်ဘာသာကိုယ် ကိုးကွယ်တာဟာ ဘာပြဿနာမှ မရှိပါ။ ဝေဖန်ပုတ်ခတ်စရာလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ သူတော်ကောင်း မဟုတ်ကြသလို၊ မွတ်စလင်တိုင်းဟာလည်း သူခိုးဓားပြတွေ မဟုတ်ကြပါဘူး။ ခရစ်ယာန်လည်း ခရစ်ယာန်အလျောက်၊ အစ္စလာမ်ဟာလည်း အစ္စလာမ်အလျောက်၊ ဗုဒ္ဓဘာသာဟာလည်း ဗုဒ္ဓဘာသာအလျောက် သူတို့ယုံကြည်သက်ဝင်ရာကို ကိုးကွယ်ကြမှာပါပဲ။ ဒူးရင်းသီးကို ကြိုက်တဲ့လူက ဒူးရင်းသီးစားသလို၊ ပိန္နဲသီးကြိုက်တဲ့လူကလည်း ပိန္နဲသီး စားမှာပါပဲ။ အခု အရှင်ဝီရသူ ပြောတဲ့အကြောင်းအရာက ဒူးရင်းသီး မကြိုက်တဲ့လူကို ဒီလောက်ကောင်းတဲ့အသီး မကြိုက်ရကောင်းလားဆိုပြီး အတင်းပါးစပ်ဖွင့်ခိုင်းပြီး ထိုးကျွေးနေတယ်လို့ မြင်မိကြောင်းပါခင်ဗျား။

ကျော်ကိုကို မြန်မာ့လက်ရွေးစင် မဟုတ်တော့ပြီ
အပြင်လက်တွေ့ တကယ့်အဖြစ်အပျက်က ဘယ်လိုလဲတော့ မသိရသေးပါဘူး။ အွန်လိုင်းပေါ်မှာကတော့ ကျော်ကိုကိုနဲ့ပတ်သက်ပြီး ပြောကြဆိုကြတာတွေက မိုးမွှန်နေတာပါပဲ။ အများစုက ကျော်ကိုကိုဟာ မြန်မာဘောလုံးသမားတွေထဲမှာ အလားအလာအကောင်းဆုံး ကစားသမား ဖြစ်တဲ့အတွက် ဒီလို ဖြစ်သွားတာဟာ မဖြစ်သင့်ဘူး၊ နည်းပြဟာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ သြော်... ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် ပြောချင်ရာတွေ လျှောက်ပြောနေမိတယ်။ သိပြီးလူတွေအတွက် အကြောင်းမဟုတ်ပေမယ့် မသိသေးတဲ့လူတွေအတွက် စကားနိဒါန်း ပျိုးပါရစေဦး။ ကျော်ကိုကိုဆိုတာ မြန်မာဘောလုံးသမားပါ။ အခု ရန်ကုန်ယူနိုက်တက်ကလပ်မှာ ကစားနေပါတယ်။ အရင်ကတော့ ဇေယျာရွှေမြေ ကလပ်အသင်းမှာ ကစားခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲကမှ အကောင်းဆုံးတစ်ဦးအဖြစ် Goal.com က ရွေးချယ်ခြင်း ခံခဲ့ရဖူးသူပါ။ နည်းပြအဖွဲ့ကို အကြိမ်ကြိမ် စော်ကားပုတ်ခတ်တဲ့အတွက် ဆိုပြီးတော့ မကြာသေးမီ ရက်ပိုင်းအတွင်းကပဲ ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါက နောက်ခံ အကြောင်းအရာလေးတွေပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပြောပြရမယ်ဆိုရင် ကျော်ကိုကိုဟာ အာရှအဆင့်၊ ကမ္ဘာ့အဆင့်မပြောနဲ့ မြန်မာ့အဆင့်လောက်ပဲ ရှိသေးတဲ့အချိန်မှာတောင် နည်းပြရဲ့ နည်းစနစ်ကို ဝေဖန်တာတို့၊ နည်းပြရဲ့ လေ့ကျင့်ခန်းတွေကို ဝေဖန်တာတို့ လုပ်တယ်ဆိုတာ အတော်မကောင်းတဲ့ လုပ်ရပ်လို့ ဝေဖန်ချင်ပါတယ်။ ဘောလုံးပွဲတစ်ခုရဲ့ အနိုင်အရှုံး၊ ပြိုင်ပွဲတစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ခံရတာဟာ နည်းပြ/မန်နေဂျာပါ။ အဲဒီအတွက် သူရဲ့ နည်းစနစ်တွေ၊ လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဝေဖန်တယ်ဆိုတာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားကြည့်စေချင်ပါတယ်။ တချို့သောသူတွေက နည်းပြဟာလည်း ကစားသမားရဲ့ ဝေဖန်တာ၊ ထောက်ပြတာကို လက်ခံနိုင်ရမယ်လို့ ရေးကြတာ ဖတ်ရပါတယ်။ ကစားသမား ၃၀ လောက် ရှိတဲ့အထဲမှာ တစ်ယောက်လောက်နဲ့ အဆင်မပြေတာကို နည်းပြမှားတယ်လို့ ကောက်ချက်မဆွဲစေချင်ပါဘူး။ ကျော်ကိုကို အားလုံးမှန်တယ်လို့ ပြောဆိုရေးသား နေကြသူတွေကို ဘောလုံးအသင်းတစ်ခုရဲ့ နည်းပြအဖြစ် တစ်ပတ်လောက်ဖြစ်ဖြစ် ခန့်အပ်ချင်မိကြောင်းပါဗျာ။

ကချင်ဘင်လာဒင်
ဦးလှဆွေက လွှတ်တော်ထဲမှာ သူ့အမြင်ကို သူပြောတယ်၊ ဆွေးနွေးတယ်။ အားလုံးက မှန်လှပါဘုရား၊ အင်မတန်မှ လျော်ကန် သင့်မြတ်လှကြောင်းပါဘုရားလို့ ပြောနေတဲ့အချိန်မှာ သူပြောခဲ့၊ ဆွေးနွေးခဲ့တာဟာ အထူးအဆန်း ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ သူက သူပြောတဲ့အတိုင်း လုပ်ကိုလုပ်ရမယ်လို့ ပြောခဲ့၊ ဆွေးနွေးခဲ့တာမှ မဟုတ်တာပဲ။ အဲဒီလို လုပ်သင့်တယ်၊ ဖြစ်သွားမယ် စသဖြင့် သူ့အမြင်နဲ့သူ ပြောခဲ့တာပဲ။ နားခံရခက်စေတဲ့ စကားလုံးတွေ ပါတာကိုလည်း မငြင်းပါဘူး။ အခြားစကားလုံးတွေနဲ့ ဖလှယ်ပြီး သုံးရင်လည်း ဒီအဓိပ္ပါယ်မျိုးထွက်အောင် ပြောလို့ရပါလျက်နဲ့ ဦးလှဆွေဟာ ပွင့်ပွင့်လင်းလင်းပဲ တုတ်ထိုးအိုးပေါက် ပြောခဲ့တာ ဖြစ်ပါတယ်။ ကဲ... အဲဒီကိစ္စက ထားပါလေ။ အခုနောက်ဆုံး အဖြစ်အပျက်က ဦးလှဆွေဆီကို ကချင်တိုင်းရင်းသား ဆိုတဲ့လူတစ်ယောက်က စာပို့လိုက်ပါသတဲ့။ ဦးလှဆွေအပါအ၀င် သားစဉ်မြေးဆက်ကို ရန်သူအဖြစ် သတ်မှတ်ပါသတဲ့။ အတော်ရယ်ရတဲ့လူဗျာ။ ပထမအချက် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့အတွက် ခေါင်းဆောင်ခဲ့တဲ့ ဂဠုန်ဦးစောကို မြန်မာပြည်က မုန်းတီးကြတယ်။ ဒါပေမယ့် သူ့ရဲ့ သားစဉ်မြေးဆက်ကို ကျွန်တော်တို့ ဘာပြောလို့လဲ။ ဦးစော လုပ်ခဲ့တာအတွက် ဦးစော ခံခဲ့ရပြီးပြီပဲ။ ကချင်ဘင်လာဒင် ဆိုတဲ့လူဟာ အဲဒီလို တွေးမိပုံ မရပါဘူး။ ဒုတိယအချက် ဦးလှဆွေဟာ လွှတ်တော်မှာ တရားဝင်ပြောတာ၊ ဆွေးနွေးတာ ဖြစ်ပါတယ်။ သူဘယ်သူလဲ၊ ဘယ်မဲဆန္ဒနယ်ကလည်းဆိုတာ လူတိုင်းအသိ ဖြစ်ပါတယ်။ ကချင်ဘင်လာဒင် ဆိုတဲ့လူဟာ သူ့ကိုယ်သူပဲ ကချင်သွေးအပြည့်လိုလို၊ ကချင်တွေအတွက်ပဲ သူရဲကောင်းလိုလိုနဲ့ ဘယ်သူဘယ်ဝါပါ ဆိုတာကျတော့ အတိအကျ မဖော်ပြရဲဘူး။ ကျုပ်ကတော့ ဦး/ဒေါ် ဘယ်သူပါ၊ ဘယ်မှာနေတယ်၊ ဦးလှဆွေကို မကျေနပ်ဘူး၊ ရန်သူအဖြစ် သတ်မှတ်တယ် စသဖြင့် သတ္တိရှိရှိ ပြောင်စိန်ခေါ်ပါ့လား။ အခုတော့ ဘယ့်နှယ်ဗျာ... တိတ်တိတ်ပုန်းလည်း စာရေးသေးတယ်၊ နာမည်ခံတော့လည်း ကြည့်ပါဦး ကချင်ဘင်လာဒင်တဲ့။ ပြီးတော့ သို့... ဦးလှရွှေ တဲ့။ တောက်... အတော်ဟုတ်တဲ့လူဗျာ။ ဦးလှဆွေကလည်း ပြန်ပြောတာ ပြတ်သားသလား မမေးနဲ့။ သူ့မိသားစုရဲ့ ခံယူချက်ဟာလည်း သူ့လိုပါပဲတဲ့။ ထပ်ပြောသေးတယ်... ကချင်ဘင်လာဒင်ဆိုမှတော့ ဘင်လာဒင်လိုပဲ ဇာတ်သိမ်းရလိမ့်မယ်တဲ့။ ကဲ... မကောင်းဘူးလား။ တစ်လက်စတည်း လွှတ်တော်ကို မေးချင်တာက အခုလို ကိုယ်စားလှယ်တစ်ယောက်ကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ လုပ်လာတဲ့ ကချင်ဘင်လာဒင်ကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးဖော်ထုတ်ဖို့ ရှိ၊ မရှိပါ။ ဒေါက်တာဆိတ်ဖွားဆိုတာက သိက္ခာပိုင်းလောက်ကိုသာ ထိခိုက်စေတာပါ။ အခုဟာက အသက်ကိုအထိ ရန်ရှာနေပြီလေ။ မဟုတ်ဘူးလားဗျ။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၂ နာရီ ၅၁ မိနစ်တွင်ပြီး၏။ 

8 comments:

  1. Anonymous9:55 AM

    ကောင်းတယ်ဗျာ..ခင်ဗျားမြင်တာတွေနဲ့ကျနော်မြင်တာတွေ အတူတူဖြစ်နေလို့..

    ReplyDelete
  2. Anonymous10:24 AM

    ဆိတ်ဖွားကိစ ပြီးမှ ကချင်ဘင်လာဒင်အရေး ဆွေးနွေးပါမယ်။ အခု ကော်မတီ ဖွဲ့ရတာ အရမ်းများနေလို့ လွှတ်တော် အမတ်မင်းတွေ မအားသေးလို့ပါ။ ကော်မတီ ဖွဲ့ပြီ ဆိုရင် သိတဲ့ အတိုင်းပဲ။ နိုင်ငံတော်အဆင့် သတ်မှတ်ရမှာမို့ စစ် အသုံးစရိတ်ထက် ပိုသွားမှာမို့ ဒီနှစ်ဘတ်ဂျက်မှာ ချန်ထားပါရစေ။ လုပ်ပေးပါမယ်။

    ReplyDelete
  3. Anonymous6:09 PM

    အတွေးမခေါင်စမ်းပါနဲ့ဗျာ။
    လမ်းဘေးက ကောက်ရတဲ့ စာရွက်တစ်ရွက်ပေါ် ဗမာစာ ကောင်းကောင်းတတ်သူတစ်ဦးက ဟိုဟိုသည်သည်ခြစ်ပြီး ကချင်တွေအပေါ် ပုံချလိုက်ရုံနဲ့ အမျိုးသားရေးဝါဒီတွေ ပြူးပြူးပြဲပြဲ ဖြစ်သွားမယ်ဆိုတာ ကြိုတွက်လို့ ရပြီးသားတွေပါ။ ပိုသေချာအောင် ကုလားမုန်းတဲ့ ဗမာတွေနဲ့ကွက်တိ "ဘင်လာဒင်"ဆိုပြီး ထည့်လိုက်တော့၊ အစာကို ပြေးဟပ်ကြသပေါ့ဗျာ။ အများပြူးတိုင်း လိုက်မပြဲစမ်းပါနဲ့။

    ReplyDelete
  4. မြန်မာပြည်သား8:36 PM

    မင်းစာကိုဖတ်ရတာတော့ မဆိုးပါဘူး ။ ဒါမေပဲ့ မင်းကိုယ်တိုင်မှာ မင်းရေးသလိုပဲ ခံယူချက်ရှိတယ်ဆိုရင်
    မင်းကိုယ်တိုင် ဦးဝီရသူနဲ့သွားပြီး မျက်နှာချင်းဆိုင် သွားပြီး မေးမြန်းဆွေးနွေးပါ ။ ဒီလို အွန်လိုင်းကနေပြီး
    လေမဖေါချင်စမ်းပါနဲ့ ။ အမှန်တရားတစ်ခုအတွက် မင်းကိုယ်တိုင်က သတ္တမရှိလို့ သူ့ဆီကို မင်းသွားပြီး
    မျက်နှာချင်းဆိုင် စကားမပြောရဲဘူး မဟုတ်လား ။ မင်းမှာ မင်းပြောတဲ့အတိုင်း မှန်တယ်ထင်တဲ့ အရာ တစ်ခုအတွက် မင်းရင်ဆိုင်ရဲတဲ့သတ္တိရိရင် တစ်ပါးသူကို မေးလိုက်စမ်းပါဖို့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး ။ ဒီစကားကိုပြောသော
    အားဖြင့် မင်းဟာ ဘာကောင်လဲဆိုတာ အတော့်ကိုပေါ်လွန်နေတယ် ။ ဦးဝီရသူနဲ့ သွားပြီး မျက်နှာချင်းဆိုင်
    ဆွေးနွေးပါ ။ စကားပြောပါ ။ မင်းဘက်က မှန်တယ်လို့ မင်းခံယူရဲရင် အဲဒီအမှန်တရားအတွက် မင်း သေရဲတဲ့ သတ္တိ
    တောင်ရှိရလိမ့်မယ် ။ ဒီလို မဟုတ်ယင်တော့ မင်းဟာ အာရှောင်ပြီး အလကားကောင်ပဲ ။ ဦးဝီရသူက အဲလိုမဟုတ်ဘူး
    မင်းတွေ့တဲ့မြင်တဲ့အတိုင်းပဲ သူမှန်တဲ့လို့ထင်တဲ့အရာအတွက် သူ ပြောရဲဆိုရဲ လုပ်ရဲပြီး ရင်ဆိုင်ရဲတယ် ။
    မင်းကိုယ်တိုင် သွားလိုက်စမ်းပါ ။ တိုက်တွန်းတယ်ကွာ ။ မင်းကိုယ်တိုင်သွားလိုက်စမ်းပါ ။ ဒီနေရာကနေ လေမဖေါပါနဲပ ။
    မင်းကိုယ်တိုင်သွားပြီး သူနဲ့မျက်နှာချင်းဆိုင် ဆွေးနွေးပြီး ဗွီဒီယိုရိုက်ခါ မင်းဒီနေရာ တင်လိုက်စမ်းပါ ။

    ReplyDelete
  5. ကွန်းမန့်တွေအတွက် ကျေးဇူးတင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာ၊ အတွေးမတူတာကို လက်ခံပါကြောင်းခင်ဗျား။ မြန်မာပြည်သားရေးတဲ့ ကွန်းမန့်အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ကွန်းမန့်ကို ရေးထားတဲ့အတွက်၊ ကျွန်တော်ရေးတဲ့စာကို ဖတ်ခဲ့တဲ့အတွက်ပါ။ ဒီအတိုင်းနေရင်လည်း ရပေမယ့် ကွန်းမန့်ရေးထားတဲ့လူကို ဘာတုံ့ပြန်မှုမျှ မလုပ်ဘူးဆိုရင် ရိုင်းသလို ဖြစ်နေမှာစိုးတဲ့အတွက် ပြန်ရေးလိုက်တာပါ။ အရှင်ဝီရသူနဲ့ တွေ့ဖို့အစီအစဉ် ရှိပါတယ်။ တစ်နေ့တော့ တွေ့ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ကျွန်တော်ရခိုင်မှာ အလုပ်တာဝန်နဲ့ နေခဲ့ရစဉ်က အရှင်ဝီရသူနဲ့ တွေ့ဖို့အကြောင်း ဖန်လာခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက မန္တလေးမှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် အရှင်ဝီရသူ မလာဖြစ်တဲ့အတွက် တွေ့ခွင့်မရခဲ့ပါဘူး။ အရှင်ဝီရသူကို အရမ်းကို သဘောကျတဲ့၊ အရမ်းကို ယုံကြည်ကိုးစားတဲ့ ရဟန်ပျိုသမဂ္ဂက ဦးပဉ္ဇင်းအချို့နဲ့ ကျွန်တော်ခင်မင်ခွင့်ရခဲ့ပါတယ်။ သူတို့ကို အကူအညီတောင်းပြီး အရှင်ဝီရသူနဲ့ စကားပြောကြည့်ချင်ကြောင်း တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အခွင့်မသင့်ခဲ့ပါ။ ရဟန်းပျိုသမဂ္ဂက ဦးဇင်းတွေကိုလည်း သူတို့လုပ်နေတာ လောကီကိစ္စတွေများသမို့ မသင့်တော်တဲ့အကြောင်း ကျွန်တော်လျှောက်ခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်က ရဟန်းပျိုသမဂ္ဂရဲ့ အခန်းကဏ္ဍကို ရခိုင်သူငယ်ချင်းတွေရှိရင် မေးကြည့်စေချင်ပါတယ်။ ကျွန်တော်ဒီလောက်ပဲ ပြောပါရစေ။

    ReplyDelete
    Replies
    1. Anonymous5:39 AM

      ကချင်ကိစ္စ ချော်နေတယ်လို့ ထင်ပေမယ့်၊ ဦ္ပဇင်းဝီရသူကိစ္စကိုတော့ ၈၀% ထောက်ခံတယ်။

      ကိစ္စတစ်ခုမှာ ဦးဆောင်သူ ဘာလုပ် ဘာပြောသလဲဆိုတာ အရေးကြီးသလို၊ အခြေနေနဲ့ လားရာလမ်းတွေကိုလည်း နောက်လိုက်တွေကိုကြည့်ရုံနဲ့ သိသာတယ်။

      အပေါ်က မြန်မာပြည်သား ကိုပဲကြည့်၊ နာမည်ခံထားတာကအစ ကျန်တဲ့လူတွေက နိုင်ငံခြားသားတွေလိုလို၊ သူနဲ့ သဘောထား မတိုက်ဆိုင်ရုံနဲ့ သတ်ရဲ သေရဲ အသတ်ခံရဲတဲ့ မိုက်ရူးရဲစိတ်တွေ ရှိရမလို ဖြစ်နေတယ်။

      ဆန္ဒပြတာဟာ လိုအပ်ရင် လုပ်ရမယ့်အရာတစ်ခုပဲ။ ရုန်းရင်းဆန်ခတ် ကြမ်းတမ်းတာတွေလည်း ရှိနိုင်တယ်။ ဒါတွေဟာ လက်ခံရမယ့်၊ ဖြတ်ကျော်ရမယ့် အခြေအနေတွေလို့ လက်ခံတယ်။ သို့သော် ဘုန်းကြီးနဲ့ဘီးကိုတော့ တွဲဖက်ဖို့ ကြိုးစားတာမျိုးက မဖြစ်သင့်ဘူးလို့ မြင်တယ် ။ ဘာနဲ့မှ မပတ်သက်ရဘူးလို့ ပြောတာမဟုတ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတို့လို ဆုံးရှူံးမှုကြီးမားလွန်းမယ့် ဟာမျိုးတွေကို တရားနဲ့သွေဖည်ပြီး ဟောပြောနေတာမျိုးကို ပြောတာ။

      Delete
  6. တစ်ခြားနိုင် ငံတွေ မှာတောင် မျိုးစောင့် ဥပ ဒေရှိလျှင် မြန်မာနိုင် ငံမှာလဲရှိသင့်တာပေါ့။

    ReplyDelete

 
Web Statistics