လူတစ်ယောက်မှာ ရှိသင့်တဲ့ အင်္ဂါရပ်အစုံ တပ်ဆင်ထားတယ်
လူပြိန်းကြိုက်တွေ အကုန်လုပ်ပြတတ်တယ်
အပြင်ဗဟိဒ္ဓအဆင်းသဏ္ဌာန်တွေ အကုန်လုပ်တတ်တယ်
အတွင်းသန္တာန် ခစားတတ်တာတို့၊ စဉ်းစားတတ်တာတို့ အကုန်ပါတယ်
ပျင်းပျင်းရှိရင် ဘီယာသောက်မယ်၊ ဖဲရိုက်မယ် အကုန်လုပ်တတ်တယ်
မော်ဒယ်ရှိုးလည်း ကြည့်တတ်တယ်၊ စိတ်ပုတီးလည်း ဆွဲတတ်တယ်
ဆရာတော်ကြီးတွေနဲ့ တွေ့ရင်လည်း ဦးကုန်းချတတ်တယ်
ဒါပေမယ့် တရားနာဖို့တော့ စိတ်ကူးရှိပုံမရဘူး
သူ့ကိုပြောရင် အကုန်နားလည်တာပဲ
ဒါပေမယ့် လိုက်နာတတ်တဲ့ အကျင့်တော့ မရှိဘူး
အကျင့်ကောင်းလေး တချို့တလေတော့လည်း ရှိပါရဲ့
သူ့ကို ဂရုစိုက်ပြီး ကူညီခဲ့ဖူးတဲ့သေးသေးလေးကို
သူ့မှာရှိတဲ့ ပါဝါအပြည့်နဲ့ ကြီးကြီးမားမားပြန်ကြည့်တတ်တာမျိုး
(အမှန်တော့ သူအရင်းစိုက်ရတာဆိုလို့ ပါးစပ်တစ်ခုပါပဲ)
ဘုမသိဘမသိ ဘေးကကြည့်ပြီး တသသအထင်ကြီးစိတ်နဲ့
လေးစားသမှုပြုနေသူတွေ ဒုနဲ့ဒေးရှိနေတာကိုပဲ သူ့မှာဂုဏ်ယူလို့
ရေရှည်မှာ အဖြူအမည်းကွဲစေဦးတော့
ကာလရှည်လာတာနဲ့အမျှ အညိုရောင်ဖြစ်ဖို့ အားထုတ်နေတဲ့
သူနဲ့ သူ့အပေါင်းအဖော်တွေရဲ့ ကြိုးပမ်းမှုက အုံနဲ့ ကျင်းနဲ့ တရုန်းရုန်း
သူက သူ့အပေါင်းအဖော်တွေကို ရွေးချယ်မြှောက်စားတတ်တယ်
သူ့ကို ဝေဖန်ရင်တော့ ဘယ်သူ့မှ မကြိုက်ဘူး
သူက သူ့စိတ်ထဲ ထင်ရာမြင်ရာ အကုန်လျှောက်လုပ်တယ်
အခု စာကလေးကြော်၊ တော်နေကြာ ဆီထမင်းဆိုတာလို
သူ့ကို ဘယ်သူတွေကပဲ ဖျောင်းဖျ ဖျောင်းဖျ မကြိုက်ဘူး
သူ့ကို ငြင်းဆန်ရင် သူက အကုန်လုံးကို တစ်စစီရှင်းပစ်တတ်တယ်
ဟုတ်ဟုတ် မဟုတ်ဟုတ် သူရယ်သလို လိုက်ရယ်၊ သူငိုသလို လိုက်ငို
သူပြောသလို လိုက်လုပ် ဘာပြဿနာမှ မရှိစေရဘူး
သူဟာ သူ့ကိုယ်သူ တစ်ဘ၀စံလို့ပဲ တွေးခေါ်ထားပုံရတယ်
သူ့ကို အဓိကတပ်ဆင်ထားတဲ့ ဆဲလ်က ယစ်မူးခြင်း
အဲဒီယစ်မူးခြင်းနဲ့ သူ ရှင်သန်နေရတယ်ဆိုတာလည်း သူသိတယ်
သူမသိတာက သူဟာ စက်ရုပ်တစ်ရုပ်ဆိုတာပဲ။

၁၅-၇-၂၀၀၆
ချယ်ရီ၊ ဇွန်၊ ၂၀၀၇
[မိုးဦးဆွေညိန်း၊ ကဗျာကရှားလို့ နိုင်ငံရေးနည်းနည်းစွက်လိုက်တယ်၊ စာ-၄၈၊ ၄၉]
No comments:
Post a Comment