Tuesday, February 19, 2013

ရယ်မိ ပြုံးမိသော ကျွန်တော့်ကိုယ်တွေ့များ


ပြီးခဲ့တဲ့ ရုံးပိတ်ရက် ၂ ရက်က ကိစ္စတစ်ခုကြောင့် ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကို သွားခဲ့တာပါ။ ခရီးမသွားရတာ ၆ လနီးပါး ရှိခဲ့ပြီဆိုတော့ အခုလို သွားခဲ့ရတာဟာ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့သလို အလုပ်တွေနဲ့ ပိနေခဲ့ရတဲ့ ဦးနှောက်ကိုလည်း အနားပေးလိုက်နိုင်ပါတယ်။ အတော်တန်တဲ့ ခရီးလို့ ပြောရမှာပါပဲ။ အတွေးသစ်၊ အမြင်သစ်တွေ ရခဲ့သလို၊ အတွေ့အကြုံသစ်တွေလည်း ရခဲ့ပါတယ်။ အဆိုတော်ကြီး (ဒေါ်)မာမာအေး လေသံနဲ့ ပြောရမယ်ဆိုရင်တော့ ပြောစရာတွေလည်း တစ်ပုံကြီးရှိသေးတယ်ပေါ့ဗျာ။ အခုတော့ ကျွန်တော်ကြုံခဲ့ရတာတွေထဲက ရယ်စရာ၊ မောစရာလေးတွေကို ပြောပြပါရစေ။ ရယ်စရာနောက်မှာ ပါနေတဲ့ မောစရာလေးတွေကိုတော့ မရှင်းပြတော့ပါဘူး။ ရယ်ရင်းနဲ့ စာဖတ်သူတွေကပဲ စဉ်းစားဆင်ခြင် နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်းပါ။

(က)
တော်ဝင်စင်တာမှာဖွင့်ထားတဲ့ မြန်မာနိုင်ငံမှာအကြီးဆုံး စာအုပ်ဆိုင်ဆိုတဲ့ TAB-BOOK CENTRE ကို သွားခဲ့တုန်းက ကြုံခဲ့ရတာပါ။

စာအုပ်တွေကို ကြည့်ရင်း၊ ဖတ်ရင်း၊ မြည်းရင်း၊ ကြိုက်တဲ့စာအုပ်တွေ့ရင် ခြင်းထဲထည့်ရွေးရင်းနဲ့ ဟိုကြည့် ဒီကြည့်ပေါ့ဗျာ။ အဲဒီလိုနဲ့ ကျွန်တော်လိုချင်တဲ့ စာရေးဆရာအချို့ကို ကျွန်တော်ရှာမတွေ့ပါဘူး။ စာအုပ်ဆိုင်က ကျန်းမာရေး၊ ဟာသ၊ ၀တ္ထု၊ အတ္ထုပ္ပတ္တိ၊ ကွန်ပျူတာ၊ နိုင်ငံရေး စသည်ဖြင့် သူ့ကဏ္ဍနဲ့သူ ခွဲထားတာမို့ ရှိမယ်ထင်တဲ့ အကန့်တွေမှာ ကျွန်တော်လိုက်ရှာသော်လည်း မတွေ့ဘူးပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော်က ဆိုင်ဝန်ထမ်းကို မေးလိုက်ပါတယ်။

ညီလေးရေ... ဂျက် (ကွမ်းခြံကုန်း) စာအုပ်တွေ ဘယ်နားမှာရှိလဲ။
ဟုတ်ကဲ့ အစ်ကို... ခဏလေးနော်။
နာမည်တစ်ခု လှမ်းအော်ပြီး ဒီအစ်ကို့ကို ဂျက်(ကွမ်းခြံကုန်း) စာအုပ်တွေ ပြလိုက်ပါလို့ လှမ်းပြောပါတယ်။
အဲဒီ နာမည်အခေါ်ခံရတဲ့ ကောင်လေးဆီကို ကျွန်တော်သွားလိုက်ပါတယ်။
သူက ကျွန်တော့်ကို စာအုပ်တန်းတစ်ခုကြား ခေါ်သွားပါတယ်။ ပြီးတော့ ကျွန်တော့်ကို မေးပါတယ်။
အစ်ကို... ဂျက် (ကွမ်းခြံကုန်း) ရဲ့ ဘယ်ဝတ္ထုကို လိုချင်သလဲတဲ့။
ကျွန်တော်ကြောင်သွားတယ်။ ဆရာကြီးဂျက် ဘယ်တုန်းကများ ဒီနာမည်နဲ့ ၀တ္ထုရေးလိုက်ပါလိမ့်ပေါ့။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်တာကိုး။ အဲဒါနဲ့ သူတို့ခွဲထားတဲ့ အကန့်ကို ကြည့်လိုက်တော့ ၀တ္ထုများတဲ့။ သေရော... သေဟဲ့ နန္ဒိယလို့ပဲ အော်လိုက်ချင်တယ်ဗျာ။ တကယ်ပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ခဏလေးအတွင်းမှာ ဖြစ်နေတဲ့အရာတွေပါ။ တကယ့်လက်တွေ့ကတော့ မေးတဲ့ဝန်ထမ်းလေးကို..
အေးကွာ ညီလေးရာ ရှိတဲ့စာအုပ်လေးတွေ ပြပေးပါ
ဟုတ်ကဲ့ အစ်ကို
ရော့ အစ်ကို ဆိုပြီး ဂျက် (ကွမ်းခြံကုန်း) ရဲ့ စာအုပ်တွေကို ထုတ်ပြပါတယ်။ စာအုပ်တွေဆိုပေမယ့် ၃ အုပ်တည်းရယ်ပါ။ တစ်အုပ်က ကျွန်တော်ဝယ်ထားပြီးသားမို့ ပြန်ပေးလိုက်တယ်။ ကျန် ၂ အုပ်အနက် တစ်အုပ်က ဖတ်ပြီးသား။ ပြင်ဦးလွင်မှာတုန်းက ငှားဖတ်ဖူးတယ်။ ဒါပေမယ့် အပိုင်မရှိတဲ့အတွက် ၀ယ်ဖို့ ယူလိုက်ပါတယ်။ နောက်တစ်အုပ်ကတော့ ကျွန်တော်လိုချင်သော စာအုပ်အစစ်။ ၀ယ်လာဖြစ်တဲ့ စာအုပ်တွေက -
(၁) ကူးတို့ဆိပ်က မှို့အိတ်
(၂) လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ်
ကဲ... ကျွန်တော်ကိုဉာဏ် အဲဒီဝတ္ထုစာအုပ်များကို ဖတ်လိုက်ပါဦးမယ်ခင်ဗျား၊ အဲ... ဟုတ်ပေါင်၊ ယောင်လို့ပါဗျာ၊ ဆရာကြီးဂျက်ရဲ့ သရော်သော၊ ကလိသော စာများကို ဖတ်လိုက်ပါဦးမယ်။ စာဖတ်သူတို့ရော ဆရာကြီးဂျက်ရဲ့ ၀တ္ထုတွေ ဖတ်ဖူးကြသလားဗျ။ ဆရာမောင်သာချိုသာ ဒီဟာသကို ဖတ်မိရင်တော့ သူ့ကိုယ်သူ ၀တ္ထုရေးဆရာဆိုပြီး ဂုဏ်ယူနေဦးမလား မပြောတတ်ဘူး။

(ခ)
ဒါကလည်း တော်ဝင်စင်တာက အဲဒီစာအုပ်ဆိုင်မှာပါပဲ။ ဖတ်ကြည့်ပါဦးဗျာ။

ဟိုးအရင်ကတော့ စိတ်ကူးရှိပေမယ့် စာအုပ်ဆိုင်ကို လာတဲ့ရည်ရွယ်ချက်ထဲမှာ အခုပြောမယ့် စာအုပ်တွေ ၀ယ်ဖို့အစီအစဉ် မပါပါဘူး။ ဒါပေမယ့် စာအုပ်တန်းတွေကို လိုက်ကြည့်ရင်းနဲ့ အဲဒီစာအုပ်တွေကို အမှတ်မထင် တွေ့လိုက်တဲ့အခါ ကျွန်တော်မေ့နေတဲ့ မှတ်ဉာဏ်က ချက်ချင်းပဲ ပြန်ပေါ်လာပါတယ်။ ဟုတ်ပါရဲ့ ကျွန်တော်အဲဒီစာအုပ်တွေ ၀ယ်ဖို့၊ သိမ်းဖို့ တေးထားတာ အတော်ကြာနေပြီပဲ။ ဒါပေမယ့် အဲဒီနေ့က ၀ယ်ဖြစ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က အိမ်က အဖေနဲ့အမေကို ပို့ပေးချင်တဲ့ စိတ်ကပိုကြီးပါတယ်။ သူတို့တွေက ကျွန်တော့်ထက် အဲဒီစာအုပ်ကို ပိုပြီးတော့ စိတ်ဝင်စားကြမှာ အသေအချာမို့ပါ။ စာအုပ်ကလည်း အမှတ် (၁) နဲ့ အမှတ် (၂) နှစ်အုပ်ပါ။ အမှတ် (၁) ကိုတော့ ပြင်ဦးလွင်မှာ အစ်ကိုကြီးတစ်ယောက်ဆီက ငှားဖတ်ဖူးပါတယ်။ ငှားဖတ်တယ်ဆိုတာထက် အဲဒီအစ်ကိုကြီးက ကျွန်တော့်လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ထည့်ပေးလို့ ဖတ်ခဲ့ရတယ် ဆိုပါတော့။ လက်ကမလွှတ်တမ်း ဖတ်မိတဲ့ စာအုပ်တစ်အုပ်ပါ။ အစအဆုံးပြီးမှပဲ အဲဒီစာအုပ်ကို လက်ကချမိတဲ့အထိ ဖြစ်ရတဲ့ စာအုပ်ပါ။ အခြားမဟုတ်ပါဘူး။ ဆရာ မောင်မိုးသူ ရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် ဖြစ်ပါတယ်။ ဖတ်ဖူးတဲ့လူတွေက အထွေအထူး ညွှန်းစရာမရှိပေမယ့် မဖတ်ဖူးသေးတဲ့ လူတွေအတွက် အမြည်းပြောရရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အနုပညာသည်များနဲ့ ဆရာမောင်မိုးသူတို့ တရင်းတနှီး ပြောဆိုဆက်ဆံ ပေါင်းသင်းခဲ့တာတွေကို ရေးသားထားတဲ့ စာအုပ်ပါ။ မဖတ်ဖူးသူတွေကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ သမိုင်းအမွေတစ်ခု ဖြစ်လာမယ့် စာအုပ်တစ်အုပ်လို့လည်း ကျွန်တော်က မြင်မိပါတယ်။ ကျွန်တော်ကြုံခဲ့ရတာက ဒီလိုပါ။

မောင်မိုးသူရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် စာအုပ်ကိုတွေ့တော့ ကျွန်တော် အတော်ပျော်သွားပါတယ်။ အဲဒါနဲ့ အမှတ် (၁) ရော၊ (၂) ရော နှစ်အုပ်လုံးကို ခြင်းထဲထည့်လိုက်ပါတယ်။ စာအုပ် ၂ အုပ်လုံးက ပုံစံတူ၊ ဆိုဒ်တူ ဖြစ်ပါတယ်။ ကျွန်တော်က ခြင်းထဲကို ထည့်ထားလိုက်ပြီး အခြားစာအုပ်တွေကို ကြည့်နေတုန်း ကျွန်တော်နဲ့အတူ လိုက်လာတဲ့ သူငယ်ချင်းက မေးရှာပါတယ်။

ဟေ့ကောင် ဉာဏ်ကြီး ဒီစာအုပ်က တစ်မျိုးတည်းကို ၂ အုပ်တောင် ဖြစ်နေပါလားကွ၊ ဘာလုပ်ဖို့လဲ
သြော်.. တစ်အုပ်တည်း မဟုတ်ဘူးကွ၊ အမှတ် (၁) နဲ့ (၂) နှစ်အုပ်ကွ
သြော်...
အဲဒီစာအုပ်တွေ သိပ်ကောင်းတယ်ကွ၊ မင်းကြုံတဲ့အခါ ဖတ်ကြည့်...
ဟုတ်လား၊ အမှတ် (၃) ရော မထွက်သေးဘူးလား
ဟေ... အာ....၊ မင်းကလည်းကွာ... ဒီစာအုပ်က အနုပညာလောကထဲက ကွယ်လွန်သွားတဲ့ လူတွေအကြောင်းကို ရေးထားတာကွ၊ မင်းပြောတဲ့ပုံနဲ့ဆို စာအုပ်တစ်အုပ်စာ အနုပညာသည်တွေ ထပ်သေပေးရမလိုပဲ

သူငယ်ချင်း ဘာမျှစကားပြန် မရတော့။ ကျွန်တော်လည်း ထိုသို့ ပြန်ပြောလိုက်ရသည့်အတွက် အားနာမိပါသည်။ သို့သော် အခြားလူတွေနဲ့ သွားတဲ့အချိန်မှာများ ကျွန်တော့်သူငယ်ချင်းက ထိုသို့ပြောလိုက်လျှင် ကျွန်တော့်လို ပြန်ရှင်းမပြဘဲ ဟားလိုက်မှဖြင့် ဟူသောစိတ်အတွေး ၀င်သွားမိသဖြင့် သေသေချာချာ ပြန်ရှင်းပြလိုက်ခြင်းရယ်ပါ။ သူရှက်ကောင်း ရှက်သွားပါလိမ့်မည်။ သို့သော် ဤစာကို ဖတ်မိလျှင် သူရှက်နေတာတွေ ပျောက်စေချင်ပါသည်။ ဒါ ရှက်စရာ မဟုတ်ပါ။ အဲဒီသူငယ်ချင်းမှာ ကျွန်တော့်ထက်တော်တဲ့ အချက်တွေ အများကြီးရှိပါသည်။ ဒါက ကိုယ့်စိတ်ဝင်စားမှုနှင့်ကိုယ်မို့ ဖြစ်သွားရခြင်းရယ်ပါ။ ကျွန်တော်ကတော့ဖြင့် လွမ်းတော်မူဖို့ စာကိုစီတယ်-၃ ကိုရေးဖို့ ဆရာမောင်မိုးသူ နောက်ထပ် နှစ်ပေါင်းရာကျော် စုဆောင်းစေချင်ပါသေးသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ချစ်တဲ့ အနုပညာရှင်တွေကို မသေစေချင်သေးပါ။ ထို့ကြောင့် လွမ်းတော်မူဖို့ စာကိုစီတယ်-၃ ကို ကျွန်တော်ကိုဉာဏ် မမျှော်ပါခင်ဗျား။

(ဂ)
တော်ဝင်စင်တာ စာအုပ်ဆိုင်မှာကြုံခဲ့ရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါသည်။ ခံစားကြည့်ပါဦး။

နိုင်ငံရေးခေါင်းစဉ်အောက်က စာအုပ်တွေကို စိတ်ကြိုက်တစ်ဝကြီး စာမြည်းဖတ်ဖြစ်သည်။ ဟိုစာအုပ်က နည်းနည်း၊ ဒီစာအုပ်က နည်းနည်းပေါ့။ စာအုပ်စင်က လူတစ်ရပ်နီးပါးမြင့်သည်။ သေသေချာချာ မရေတွက်ခဲ့မိ၍ မမှတ်မိသော်လည်း အဆင့် ၅ ဆင့်ခန့် ရှိမည်ထင်သည်။ အပေါ် ၃ ဆင့်လောက်အထိက အေးအေးဆေးဆေး မတ်တတ်ရပ်ရင်း လှမ်းယူလိုက်၊ ဖတ်လိုက် လုပ်လို့ရသည်။ ဟိုးအောက်က ၂ ဆင့်ကျတော့ အဲဒီလို လှမ်းယူဖို့ အဆင်မပြေလှ။ အဲဒီတော့ ကျွန်တော်ကတော့ စာအုပ်ခြင်းကို ဘေးမှာချ၊ စောင့်ကြောင့်ထိုင်ပြီး စာအုပ်တစ်အုပ်ချင်းကို ပြူးတူးပြဲတဲဖြင့် တစ်အုပ်ပြီးတစ်အုပ် ဟိုနှိုက်ဒီနှိုက်လုပ်၍ ဖတ်လေတော့သည်။ ဆိုင်ဝန်းထမ်းလေးတွေ တစ်နေရာတည်းမှာ နာရီဝက်လောက် မထတမ်း ဖတ်နေသည်မို့ တစ်မျိုးထင်သွားသည် ထင်ပါရဲ့။ ကျွန်တော့်ဘေးမှာ မယောင်မလည်နဲ့ ဟိုကြည့်ဒီကြည့် ကြည့်ကြသည်။ သိပ်တော့ မကြိုက်လှပေမယ့် သူတို့ကို သိပ်ပြီးတော့ ဂရုမစိုက်အား။ ကိုယ့်အာရုံတွေက စာအုပ်တွေထဲ ရောက်နေတာကိုး။ အတော်ကြာကြာ ဖတ်ပြီးတော့ ကျွန်တော်မတ်တတ်ရပ်ပြီး ဘယ်စာအုပ်ကို ရွေးရမလဲ၊ ၀ယ်ရမလဲ စဉ်းစားရသည်။ စာအုပ်တွေက အကုန်လုံး လိုချင်စရာတွေချည်းကိုး။ အောင်ထွဋ်ရဲ့နာမည်နဲ့ စာအုပ်လေးတစ်အုပ်ကို မြင်လိုက်ရ၍ လှမ်းကိုင်ကြည့်မိသည်။ ကျော်မင်းဆွေတို့ ဘော်ချက်ထားသောစာအုပ် (ကျွန်တော်က အဲဒီလိုပဲ နာမည်ပေးထားသည်၊ ဘာကြောင့်လဲဆိုတာ အကြောင်းသိများ သိပါလိမ့်မည်) ဖြစ်သည်။ အလိုလိုပြုံးမိပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည်။ အဲဒါကို ဆိုင်ဝန်ထမ်းကောင်လေးက ဘယ်လို သဘောပေါက်သွားသည် မသိချေ။ ကျွန်တော့်နား ကပ်လာသည်။ ထို့နောက် သူလုပ်နေကျအလုပ်ကို လုပ်ရှာပါသည်။

အစ်ကို အဲဒီစာအုပ်က ကောင်းတယ်၊ ထွက်တာ မကြာသေးဘူးခင်ဗျ။
သြော်... အေးအေး၊ ကိုယ့်မှာ သူ့ရှေ့ကထွက်တဲ့ စာအုပ် ၂ အုပ် ၀ယ်ထားပြီးပြီကွ။ အားလုံးဖတ်ပြီးသားတွေ။
ဟာ... အစ်ကိုကလည်း ဒီစာအုပ်က အခုမှ အသစ်ထွက်တာခင်ဗျ။ အဲဒီစာရေးဆရာကလည်း လူကြိုက်များတယ်ဗျ။
ကျွန်တော်သူ့ကို တအံ့တသြ ကြည့်မိတယ်။
ညီလေးက ဆရာအောင်ထွဋ်ကို ကြိုက်တယ်လား။
အဲလိုတော့ မဟုတ်ပါဘူး အစ်ကိုရယ်၊ ၀ယ်တဲ့လူတွေလာရင် ခဏခဏ မေးတတ်လို့ မှတ်ထားတာပါ။ သူက စာအုပ်လည်း ထွက်တာနည်းတယ်ခင်ဗျ။ သူများတွေလို အများကြီးလည်း မထွက်ဘူး။ ဒါက နောက်ဆုံးထွက်ထားတဲ့ စာအုပ်အသစ်ပါ။

ကျွန်တော်သဘောပေါက်လိုက်ပါသည်။ အဲဒီဝန်ထမ်းသည် ဆရာအောင်ထွဋ်ဆိုတာ ဘယ်သူမှန်းလည်း မသိ၊ အောင်ထွဋ်ရေးတဲ့ ဘယ်စာအုပ်ကိုမှလည်း မဖတ်ဖူး၊ ယုတ်စွအဆုံး အဲဒီစာရေးဆရာဟာ အခု လူ့လောကမှာ မရှိတော့ဘူးဆိုတာကိုပါ သိထားခြင်းမရှိတဲ့ လူငယ်ပါ။ အဲဒါကြောင့် ကျွန်တော်က ဖတ်ပြီးသားတွေလို့ ပြောတာကို မယုံမကြည်နဲ့ စာအုပ်သစ်လို့ အတင်းညွှန်းနေခြင်း ဖြစ်ပါလိမ့်မည်။ သူ ကျွန်တော့်ကို ညွှန်းတဲ့စာအုပ်က "နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ချောတိုင်တက်သူများ" ဖြစ်ပါသည်။ ကျွန်တော်ဝယ်ထားပြီး ကိုယ်ပိုင်ရှိသော စာအုပ် ၂ အုပ်ကတော့ -
(၁) နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ
(၂) အပြောင်းအလဲအတွက် လူထုလိုသည်

အဲဒီဝန်ထမ်းလေးနဲ့ တွေ့ပြီးတဲ့အချိန်မှာ တွေးမိတာတစ်ခုက ဆရာအောင်ထွဋ်များ တမလွန်ကနေ စာအုပ်တွေရေးပြီး လှမ်းပို့နေသလားဆိုတာပါ။ ဆရာအောင်ထွဋ်ခမျာ မြန်မာ့နိုင်ငံရေးအတွက် နောက်ဆံတတင်းတင်းနဲ့ သေသွားခဲ့ရှာသလားလို့ တွေးမိပြန်တော့ ရင်ထဲမှာ မကောင်းပြန်ဘူး။

(ဃ)
အခုပြောမှာကတော့ တော်ဝင်စင်တာကနေ ပြန်အထွက်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ။ ဖတ်ကြည့်ပါဦးနော်။

ဝယ်ချင်တာဝယ်ပြီး ပြန်ထွက်လာတော့ အပေါက်မှာ မြင်လိုက်ရတာက လူငယ်မင်းသမီးသစ်လေး ၀ါဆိုမိုးဦးပါ။ အင်တာနက်ဘော်ဒါတွေနဲ့ ရင်းနှီးပြီးသားမို့ အထူးအထွေ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ အဲဒီနေ့က ၀ါဆိုမိုးဦးဟာ အင်တာနက်က ဓာတ်ပုံတွေထက်တောင် လန်းသေးတယ်ဗျာ။ အလန်းလွန်နေတော့ ကျွန်တော်ကိုဉာဏ်ဖြင့် မျက်စိတွေတောင်ရှက်တယ်။ အကြာကြီးမကြည့်ရဲပေမယ့် မကြည့်ဘဲတော့လည်း မနေနိုင်ဘူးလေ။ ခိုးခိုးပြီး ကြည့်ရတာပေါ့။ ကြည့်စေချင်လို့မှ ၀တ်ထားတဲ့ဟာကို ကျွန်တော်တို့က မကြည့်ဘူးဆိုရင် လူမှုရေး မသိတတ်သလို ဖြစ်မယ်မဟုတ်လား။ သူတောင် အများပြည်သူ ဒီလောက်စည်းကားတဲ့ နေရာကို တာဇံနီးနီးဝတ်ပြီး လာရဲသေးတာ ကျွန်တော်တို့က ဘဇာကြောင့် မကြည့်ရဲရမှာတုန်း မဟုတ်ဘူးလား။ ထားပါတော့... ပြောချင်တာက အဲဒါမဟုတ်။ ၀ါဆိုမိုးဦးရယ်၊ သူနဲ့ ဘာတော်မှန်းမသိသော အမျိုးသမီး အန်တီကြီးတစ်ဦးရယ် တော်ဝင်စင်တာထဲ ၀င်လာကြသည်။ လုံခြုံရေးအရ စစ်ဆေးသည့် အပေါက်ကို ဖြတ်ရ၀င်ရသည်။ ၀ါဆိုမိုးဦးက ပုံမှန်လမ်းလျှောက်သလို လျှောက်ပြီးတော့ ၀င်သွားလိုက်သည်။ နောက်ကအန်တီကြီးကသာ လက်ကိုင်အိတ်ကို ဖွင့်ပြရ၊ အသံမြည်တာကို ထုတ်ပြရနှင့် အတော်အလုပ်များသွားပုံရသည်။ ကျွန်တော့်သူငယ်ချင်းနှင့် အတူပါလာသော သူ့ညီ အငယ်ဆုံးလေး အသက် ၂၀ က မှတ်ချက်ဝင်ပေးလိုက်တော့ ကျွန်တော့်မှာ မပြုံးဘဲ အသံထွက်ပြီးတော့ကို ရယ်မိပါတော့သည်။

ကျွန်တော်သာ လုံခြုံရေးဆိုရင် ၀ါဆိုမိုးဦးကို အဲဒီစစ်တဲ့ အခန်းထဲကနေ ဖြတ်ခိုင်းမနေပါဘူးဗျာ။ သူ့တစ်ကိုယ်လုံးမှာ ကြီးကြီးမားမား ပါတဲ့ပစ္စည်းဆိုလို့ နေကာမျက်မှန်တစ်ခုပဲ ရှိတဲ့ဟာပဲတဲ့။

ဟုတ်ပေသား၊ သူပြောကာမှ ပြန်တွေးကြည့်မိသည်။ တစ်ကိုယ်လုံးမှာ အင်္ကျီဆိုတာကလည်း ပါးလှပ်ပြီး အဖြစ်ဝတ်ထားရုံသာ၊ ဘောင်းဘီအတိုဆိုတာကလည်း ယောက်ျားလေးတွေဝတ်တဲ့ အတွင်းခံဘောင်းဘီကမှ နည်းနည်းကြီးဦးမည်။ အဲဒီ အင်္ကျီရယ်၊ ဘောင်းဘီရယ်ကလွဲရင် ကျန်တာက မိမွေးတိုင်း၊ ဖမွေးတိုင်းနီးနီး ဖြစ်သည်။ ဟုတ်ပ... ဒီလိုလူတစ်ယောက်ကို ဘာများ မသင်္ကာဖြစ်ပြီး စစ်ဆေးနေရသေးလဲဗျာ။ အသက် ၂၀ ပေးလိုက်တဲ့ မှတ်ချက်က အသက် ၃၀ ကျော် ကိုဉာဏ်အတွက် တွေးမဆုံး၊ ပြုံးမဆုံး၊ ဟားမဆုံးပါဗျာ။ လုံခြုံရေးဝန်ထမ်းများ အလုပ်ရှုပ်သက်သာစေသော အမျိုးသမီးငယ်လေးများ အလုံးအရင်းနဲ့ ပေါ်ထွက်လာပါစေလို့ ဆုတောင်းလိုက်ရရင်တော့ မကောင်းရှိရော့မယ်... ဟင်း။

ဒီမျှနှင့် တော်ပါရစေဦးဗျာ။ ရယ်မောပျော်ရွှင်ဖွယ်ရာတွေကို ခံစားနိုင်ကြပါစေ။ ကျွန်တော့်အတွက် အူလှိုက်သည်းလှိုက် ရယ်ပွဲဖွဲ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေမယ့် အရေးအသား မပြေပြစ်မှု၊ ပုံဖော်နိုင်ခြင်း အားနည်းမှုတို့ကြောင့် မရယ်ရခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ ခေါင်းစဉ်မှာ ရယ်မိ ပြုံးမိသောလို့ ပေးထားပြီး မရယ်မပြုံးရရင် ကျွန်တော်ကိုဉာဏ် ညံ့လို့ပါ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၀၇ မိနစ်တွင်ပြီး၏။

2 comments:

  1. မသိရင်ခက်မယ် (ဂျက်ကွမ်းခြံကုန်း)ကောင်းတယ်

    ReplyDelete
  2. မသိရင်ခက်မယ် (ဂျက်ကွမ်းခြံကုန်း)ကောင်းတယ်

    ReplyDelete

 
Web Statistics