Thursday, February 21, 2013

နိုင်ငံတော်ကိုကာကွယ်ဖို့ အားလုံးအပြင်ထွက်လမ်းလျှောက်စို့


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြန်မာနိုင်ငံကို ကျန်းမာရေးဆိုင်ရာ နိုးကြားတက်ကြွမှုအရှိဆုံးဆုနဲ့ လမ်းလျှောက်နိုင်ငံဆု ပေးအပ်မယ်တဲ့။ လမ်းလျှောက်ခြင်းသည် အကောင်းဆုံးသော ကျန်းမာရေးလေ့ကျင့်ခန်းဆိုတဲ့အချက်ကို မြန်မာနိုင်ငံက ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော် ဆောင်ရွက်နိုင်လို့ပါတဲ့။

အရင် တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ မလာမနေရစနစ် ပုံစံသဘော သက်ရောက်တဲ့ ဌာနတစ်ခုကို ဘယ်နှဦး၊ ရပ်ကွက်တစ်ခုကို ဘယ်နှဦး၊ အဖွဲ့အစည်းတစ်ခုကို ဘယ်နှဦး စသည်ဖြင့် စုပေါင်းလမ်းလျှောက်တာတွေ လုပ်ခဲ့ဖူးတာပေါ့။ ဘာပဲဖြစ်ဖြစ် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လမ်းလျှောက်ဖြစ်တာဟာ ကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ခဲ့ပါသတဲ့။ ဒါပေမယ့် သူတို့တွေ စိုးရိမ်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်ရောက်သွားလို့ အရင်ကလိုမျိုး မလာမနေရတို့၊ မလျှောက်မနေရတို့ မရှိတော့တဲ့အခါ လမ်းတွေပေါ်မှာ လမ်းလျှောက်တဲ့လူတောင် ရှိပါ့မလားလို့ တွေးပူမိခဲ့ပါသတဲ့။

အခုတော့ သူတို့တွေ စိတ်ပူစရာ လုံးဝကို မရှိတော့ပါဘူးတဲ့။ မြန်မာပြည်မှာ နေ့စဉ်နဲ့အမျှ လမ်းမလျှောက်တဲ့မြို့၊ လမ်းမလျှောက်တဲ့ဒေသ မရှိသလောက် ဖြစ်နေပါပြီ။ အရင်တုန်းက မလာမနေရ လမ်းလျှောက်တယ်ဆိုတာ ဆောင်းရာသီကာလ၊ ဒီဇင်ဘာလ တစ်ခုတည်းသာ ဖြစ်ပါတယ်။ အခုတော့ မြန်မာတစ်ပြည်လုံး လမ်းတွေလျှောက်လိုက်ကြတာများ လလည်းမရွေးဘူး၊ ရက်လည်းမရွေးဘူး၊ ရက်ရာဇာလား ပြဿဒါးလားလည်း မရွေးဘူး။ ထစ်ခနဲရှိ လျှောက်မယ်ဆိုတာချည်းပဲ။ အဲဒီတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြန်မာနိုင်ငံကို လမ်းလျှောက်နိုင်ငံအဖြစ် ဂုဏ်ပြုတာ မကောင်းဘူးလားဗျာ။ လျှောက်ထားမြန်မာ.... မြန်မာလျှောက်ထား.....။

ငယ်ငယ်တုန်းက မကြာခဏ ကြားခဲ့ရဖူးတဲ့ သီချင်းလေး တစ်ပိုင်းတစ်စကို သွားသတိရမိတယ်။ ဘာတဲ့.... "အားကစား... မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်.... အားကစား... ရည်မှန်းချက်သည်.... မြန်မာ့အားကစား.... ကမ္ဘာကို လွှမ်းရမည်....." တဲ့။ လမ်းလျှောက်တယ်ဆိုတာ အားကစားနည်း တစ်မျိုးပါပဲ။ ကျန်းမာရေးအတွက်လည်းကောင်း၊ နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ရာလည်း ရောက်တဲ့အတွက် လမ်းလျှောက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

တစ်လက်စတည်း ဟဲလေးရဲ့ သီချင်းလေးကိုလည်း စာသားလေး နည်းနည်းဖျက်ပြီး ဆိုပြပါရစေဦး။ နားထောင်ကြည့်ပါဦး။ သံစဉ်အလိုက်လေးနဲ့ ဆိုကြည့်စေချင်ပါတယ်။ တစ်ယောက်တည်းကြိတ်ပြီး ပြုံးပျော်နိုင်ပါစေ...။
"မင်း.... ၁၈ နှစ် ပြည့်ပြီးပြီ.... လမ်းလျှောက်ပွဲတွေဘာတွေ သွားချင်သွားလို့ရပါပြီ... ထူခြားတဲ့ ဆိုင်းဘုတ်တွေ မင်းလက်ဆီ အချိန်မီသာ ဝေငှပါမည်..." 

စာကြွင်း
Draft ထဲမှာရှိနေတာ ကြာပါပြီ။ စိတ်အချဉ်ပေါက်တဲ့ အချိန်တိုင်း တစ်ခုမဟုတ်တစ်ခု ရေးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘလော့ဂ်မှာ တင်ဖို့အတွက်ကျတော့ အတော်စဉ်းစားရတယ်။ ဒါပေမယ့် အခုတော့ တင်ဖြစ်အောင် တင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော့်ရဲ့ စိတ်အချဉ်ပေါက်မှုတွေကို ဆက်တိုက် ဖတ်ရပါဦးမယ်။ ကျွန်တော် ကိုဉာဏ်(ပန်းလောင်မြေ) ပါ။

No comments:

Post a Comment

 
Web Statistics