Friday, March 01, 2013
ကြည့်ဖြစ်ခဲ့သော ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲဖွင့်ပွဲ
နိဒါန်း
ပထမဆုံး ပြည်ထောင်စုဖလား ဟူသည့် အသုံးအနှုန်း၊ သို့မဟုတ် အမည်နာမအတွက် ချီးကျူးလိုပါသည်။ အရမ်းကို အဓိပ္ပါယ်ပြည့်ဝသည့် စကားလုံးအဖြစ် အသိအမှတ် ပြုမိပါသည်။ တစ်ချိန်က ပြည်နယ်နှင့်တိုင်း ဘာပြိုင်ပွဲ၊ ညာပြိုင်ပွဲ စသည်ဖြင့် သုံးနှုန်းခဲ့သည်ထက် ယခုအမည်က ပိုမိုကောင်းမွန်သည်ဟု ကျွန်တော်ကိုဉာဏ်ကဖြင့် ထင်မိကြောင်းပါဗျာ။
ကျေးဇူးတင်တယ်
ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့တဲ့ ရုပ်သံလိုင်းတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် သတင်းစာတွေမှာ ကြော်ငြာထားကတည်းက ရုပ်မြင်သံကြားကနေ ကြည့်မယ်လို့ ဆုံးဖြတ်ပြီး စောင့်ကြည့်ခဲ့ရတဲ့ ပွဲမို့ပါ။
အားကစားကွင်းအပြင်အဆင်
ဝဏ္ဏသိဒ္ဓိအားကစားကွင်းဟာ ကျွန်တော်မြင်သလောက်ဆိုရင် အခြားသော အားကစားကွင်းတွေနဲ့ ပုံစံတူ ဖြစ်နေသလားလို့ပါ။ ဟကောင်ရ... အကုန်လုံးကို ပုံစံတူ ဆောက်ထားတာပဲလေကွာဆိုပြီး အပြစ်တင်ရင်လည်း ကျွန်တော်ကိုဉာဏ် ခံယူပါတယ်။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် ဘယ်လိုကွင်းပဲဖြစ်ဖြစ် ပိုက်ဆံကုန်မှာပဲမဟုတ်လား၊ ပိုက်ဆံကုန်မှာချင်း အတူတူ ဒီဇိုင်းပုံစံ မတူညီတဲ့ အားကစားကွင်းတွေ မဆောက်သင့်ခဲ့ဖူးလားလို့ တွေးမိလို့ပါ။ တွေးမိသလောက် ပြောရမယ်ဆိုရင် ငှက်သိုက်ပုံဏ္ဌာန်၊ ကြာပန်းပုံသဏ္ဌာန်၊ ဘောလုံးပုံသဏ္ဌာန်၊ စသည်ဖြင့် ဒီဇိုင်းပုံစံမျိုးစုံနဲ့ ဆောက်ထားမယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီထက်ပိုပြီး အဆင်ပြေမလားလို့ တွေးမိလို့ပါ။ ပုံစံတူတွေ အားလုံးရှိနေတာလည်း တစ်မျိုးကောင်းချင် ကောင်းနိုင်ပေမယ့် ကျွန်တော့်မျက်စိထဲမှာတော့ တစ်ခုခုကို ခံစားမိသလို ဖြစ်မိတဲ့အတွက် မတူညီတာတွေကိုပဲ မြင်ချင်စိတ်ဖြစ်မိကြောင်းပါ။
အစီအစဉ်တွေ
ဒီနေရာမှာ တပ်ထားတဲ့ ခေါင်းစဉ်အရ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကထား ပြောရမှာဖြစ်ပေမယ့် ဒီအကြောင်းကိုပြောတိုင်း မပြောမဖြစ် ပြောရမယ့် အကြောင်းအရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ကျွန်တော်တို့နိုင်ငံက တာဝန်ရှိသူတွေဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အကောင်းဆုံး မဖြစ်ဖြစ်အောင် ပြသချင်နေတဲ့ စိတ်ရှိနေတယ်ဆိုတာပါပဲ။ အဲဒီစိတ်အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ သို့သော် ဖြစ်ချင်စိတ်တွေ တအားများနေတဲ့အတွက် သူတို့ပြသတဲ့ အစီအစဉ်တွေကလည်း တအားကို ရှုပ်ထွေးပွေလီပြီး ကြည့်တဲ့ပရိသတ်တွေကို ဟုန်သွားစေတယ်လို့ မြင်မိပါတယ်။ ပြချင်တဲ့ အစီအစဉ်တွေကများ၊ တစ်ခုနဲ့တစ်ခုက အဆက်အစပ်မရှိ၊ Tempo တွေကလည်း မတူဆိုတော့ ပရိသတ်က အီလည်လည်တွေ ဖြစ်ကုန်တော့တာပါပဲ။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာဖြင့် ဒီပုံစံအတိုင်းတော့ မလုပ်လိုက်ပါနဲ့လို့ တောင်းပန်ပါရစေ။ တာဝန်ရှိတဲ့လူတွေက ကောင်းစေချင်တဲ့ စေတနာလွန်ကဲပြီး လုပ်ခဲ့ကြတာမို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုဉာဏ် မဝေဖန်လိုတော့ပါဘူး။
အစီအစဉ်တင်ဆက်သူများ
မနေ့က ကြည့်တဲ့အချိန်မှာ ကျွန်တော်စိတ်အတိုဆုံးက အစီအစဉ်ကြေညာသူ (သို့မဟုတ်) အစီအစဉ် တင်ဆက်သူတွေပါ။ သူတို့ကြောင့် အခမ်းအနားဟာ ကြွတက်ခမ်းနားလာရမယ့်အစား သူတို့မို့ တစ်ခုခု ကြေညာလိုက်ပြီဆိုရင် စိတ်တိုစရာ၊ ဒေါသဖြစ်စရာ ဖြစ်ရတော့တာပါပဲ။ လုံးဝ မမှားသင့်တဲ့ အမှားတစ်ခုကတော့ အခမ်းအနားအစီအစဉ်တွေ စတင်ကြေညာစဉ်တုန်းက အစီအစဉ် အမှတ်စဉ်တစ်ခုမှာ "နိုင်ငံတော်အကြီးအကဲ ပြန်လည်ထွက်ခွာခြင်း" ဆိုတာပါပဲ။ ရေးပေးတဲ့လူတွေမှာ အဓိက တာဝန်ရှိတယ် ဆိုပေမယ့် ကျွန်တော်သာ အစီအစဉ် တင်ဆက်သူဆိုရင် အဲဒီလို မတော်တရော် အမှားမျိုးဆိုရင် အကြံပေးမိ၊ ထောက်ပြမိ၊ ဆွေးနွေးမိမှာပါပဲ။ အခြေအနေအရ လက်ခံနားထောင်တဲ့သူက တစ်လမ်းမောင်းဦးနှောက်နဲ့လူ ဖြစ်နေခဲ့လို့ မပြင်နဲ့ကွာ၊ ဒီအတိုင်းဖတ်ဆိုပြီး ဖတ်ခဲ့ရမယ်ဆိုရင်တောင် သူ့ကို မှားနေတဲ့အကြောင်း ပြောခဲ့မိတဲ့အတွက်တော့ ကျေနပ်နေမိဦးမှာပါ။ အခုဟာက အစီအစဉ် တင်ဆက်သူကလည်း ရေးပေးတဲ့ဟာကို ဖတ်ဖို့ပဲ စိတ်ဝင်စားပုံရပါတယ်။ သူဖတ်တာ မှားသွားတာကိုလည်း သိပုံမရပါဘူး။ မနေ့ကလုပ်တဲ့ အခမ်းအနားကို အဆင့်အမြင့်ဆုံး အနေနဲ့ တက်ရောက်ခဲ့သူဟာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဖြစ်ပါတယ်။ သူ့ကို ရည်ညွှန်းတဲ့နေရာမှာ နိုင်ငံတော်အကြီးအကဲလို့ သုံးနှုန်းလို့ မရပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆ အရပါ။ "၁၆။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။ မမှားသင့်တဲ့ အမှားပါ။ နောက်တစ်ခု အစီအစဉ် တင်ဆက်သူတွေကို မကြိုက်တဲ့အချက်ကတော့ ပရိသတ်တွေကို လက်ခုပ်တီးပေးဖို့ ဖိတ်ခေါ်တာပါပဲ။ ဖိတ်ခေါ်တာတောင်မှ ဒီအတိုင်းမဟုတ်ဘူး၊ ပြောပုံလေးက အတော်သင်းတယ်၊ ဘာတဲ့... "ပရိသတ်များခင်ဗျား... လက်ခုပ်များ အားပါးတရတီးပြီး အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်" တဲ့။ အဲဒီလို ပရိသတ်တွေကို လက်ခုပ်တီးခိုင်းတာကို မြင်ရ၊ ကြားရတိုင်း မျက်စိထဲမှာ ပြေးမြင်ပြီး ဖနောင့်နဲ့ ပေါက်ချင်တာက တင်မိုးလွင်ပါ။ သူစခဲ့တဲ့ အစဉ်အလာတစ်ရပ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ တင်မိုးလွင် တင်ဆက်သူလုပ်တဲ့ အစီအစဉ်တွေတိုင်း ဘယ်အဆိုတော်အတွက် လက်ခုပ်တီးပေးပါဦးရှင်၊ ဘယ်သူ့အတွက် လက်ခုပ်လေးတွေ တီးပြီး အားပေးပါဦးရှင်လို့ ပြောတတ်ပါတယ်။ အခုနောက်ပိုင်း အစီအစဉ်တင်ဆက်သူတွေ အားလုံးနီးပါးကလည်း အဲဒီအတိုင်းပဲ လိုက်ပြောကြပါတော့တယ်။ အဆိုတော်ထွက်လာရင် သူတို့က လက်ခုပ်တီးပေးဖို့ ဖိတ်ခေါ်တယ်၊ အဆိုတော် ဆိုပြီးသွားရင် လက်ခုပ်တီးပြီး အားပေးလိုက်ကြပါဦးလို့ ထပ်ပြောတယ်။ တောက်.... မြန်မာပြည်မှာ ပရိသတ်ဖြစ်ရတာ မလွယ်လိုက်တာဗျာ... လက်ခုပ်တီးတာကိုတောင် အပေါ်က အမိန့်ပေးတဲ့အတိုင်း တီးရတယ်လို့။ ပြောတော့ဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ တကယ်တမ်း အာဏာရှင်အစစ်က အဲဒီ အစီအစဉ် တင်ဆက်သူတွေဗျ။ မနေ့ကဆိုရင် အစီအစဉ်တင်ဆက်သူတွေက "ပရိသတ်တွေက အားပါးတရ လိုက်ကနိုင်ပါတယ်" ဆိုတာက ပါသေးတယ်။ အတော်ဟုတ်တဲ့လူတွေဗျာ။ အင်္ဂလန်ဘောလုံးပြိုင်ပွဲတွေ၊ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲတွေ၊ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲတွေ၊ နိုင်ငံတကာက အားကစားပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲတွေမှာ ပရိသတ်တွေ လက်ခုပ်တီးဖို့ ဖိတ်ခေါ်တာမျိုး ကြုံဖူးကြပါသလားခင်ဗျာ။ ကျွန်တော်ကိုဉာဏ်ကဖြင့် မတွေ့ဖူး၊ မမြင်ဖူးသလို၊ မကြုံဖူး၊ မကြားဖူးပါခင်ဗျာ။
သနားမိပါသည်
ကွင်းထဲမှာ လာအားပေးတဲ့ တူညီဝတ်စုံတွေနဲ့ ကိုကို၊ မမတွေကို အင်မတန်မှကို သနားမိတာပါပဲ။ ကျွန်တော်တွက်ကြည့်မိတယ်လေ။ အစီအစဉ်တွေကို ၅ နာရီမှာ စတယ်ဆိုတော့ အဲဒီလူတွေဟာ နေ့လည် ၁၂ နာရီ၊ ဒါမှမဟုတ် ၁ နာရီဝန်းကျင်ကတည်းက အဲဒီအားကစားကွင်းထဲကို ရောက်နေကြတဲ့ လူတွေပါ။ ၀န်ကြီးဌာနအလိုက်၊ ကျောင်းအလိုက် ခွဲတမ်းနဲ့ လာထိုင်နေတဲ့လူတွေ ဖြစ်မယ်ထင်ပါတယ်။ ဆင်တူဝတ်စုံ ၀တ်ပြီးတော့ ဒီအတိုင်းလာကြည့်မယ့် အဖွဲ့တွေတော့ ရှိမယ်မထင်လို့ပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကို မြ၀တီရုပ်သံက ရပ်နားလိုက်တဲ့အချိန်မှာ အခမ်းအနား အစီအစဉ်တွေက မပြီးသေးပါဘူး။ ဒုတိယသမ္မတ ပြန်သွားတဲ့အချိန်မှာ မြ၀တီကလည်း တိုက်ရိုက်လွှင့်တာကို ရပ်လိုက်ပါတယ်။ အစီအစဉ် ကြေညာသူက ဘယ်အဆိုတော်တွေက ဖျော်ဖြေပါလိမ့်မယ်ဆိုပြီး ကြေညာတာကို ကြားနေရပြီးကာမှ ဒုသမ္မတလည်း ပြန်သွားရော တိုက်ရိုက်လွှင့်တာကို မကြည့်ရတော့ပါဘူး။ ကွင်းထဲကလူတွေကတော့... အင်း... ကျွန်တော်ထင်တယ်... အဲဒီလူတွေအတွက် အစောဆုံး အိမ်ပြန်ရောက်ချိန်ဟာ ည ၁၂ နာရီပါပဲ။ ဂင်းနစ်စံချိန်တင် အားကစားပြိုင်ပွဲဖွင့်ပွဲ ဖြစ်အောင်များ ကြံဆောင်နေကြသလားလို့ တွေးမိပါတယ်။
အစာမကြေတာတွေ
Countdown လုပ်တဲ့အစီအစဉ်ကို သိပ်သဘောမကျဘူး။ ပရိသတ်က မပါမှန်းသိတာကြီးကို အတင်းအဓမ္မ လုပ်ပစ်လိုက်တော့ အစီအစဉ်တင်ဆက်သူတွေရဲ့ အသံတွေကလွဲရင် တခြားအသံက မဖြစ်စလောက်နဲ့ ကွဲတာပေါ့ဗျာ။ စိတ်အတိုဆုံးကတော့ အင်္ဂလိပ်လို ရေတွက်တာကိုပါပဲ။ ကျွန်တော်တို့ မြန်မာဘာသာမှာလည်း အဲဒီဂဏန်းတွေကို မြန်မာလို ရှိပါသဗျာ။ ရှိတာမှ သူများတွေကို အခေါ်အဝေါ်သာ ကွဲပြီး ရေးတာကျတော့ 1,2,3,4 ဆိုပြီး အင်္ဂလိပ်ဂဏန်းကိုပဲ ရေးတာမဟုတ်ပါဘူး။ ခေါ်တာကလည်း တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် စသဖြင့်ခေါ်ပြီး ရေးတော့ကျလည်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ စသဖြင့် ရေးကြတာပါ။ အရေးရော၊ အပြောပါ ရှိတဲ့စကားလုံးတွေပါဗျာ။ နိုင်ငံတော်အဆင့် ဒီလိုအခမ်းအနားမှာတောင် ကိုယ့်မြန်မာလို ဂဏန်းတွေကို မရွတ်ချင်၊ မပြောချင်ကြတော့ရင် ဘယ်အချိန်မှာ၊ ဘယ်သူတွေက ရွတ်ကြ၊ ပြောကြမှာလဲ။ ဆရာမောင်ခင်မင်တို့ ဒီအတိုင်း ကြည့်မနေကြပါနဲ့။ ဒီအတိုင်းဆိုရင် မြန်မာစကားတွေ ပျောက်ကွယ်ကုန်ပါလိမ့်မယ်။ တစ်၊ နှစ်၊ သုံး၊ လေး (အစား) ၀မ်း၊ တူး၊ သရီး၊ ဖော စသည်ဖြင့်၊ အမေ၊ မေမေ (အစား) အိုမား၊ အဖေ၊ ဖေဖေ (အစား) အာပါးရှိ၊ ကျေးဇူးတင်ပါတယ် (အစား) သန့်(ခ်)ယူ၊ စသည် စသည်ဖြင့် ပေါပေါသီသီ သုံးနှုန်းပြောဆိုကြလျှင်ဖြင့် နောက်ဆိုရင် ကျေးလက်တောရွာတွေမှာ ခလုတ်တိုက်လို့ ယောင်လျှင်တောင် အရင်ကလို "ဟဲ့.. မြတ်စွာဘုရား" (အစား) "အိုး... ဂေါ့" တွေဘာတွေ ဖြစ်ကုန်ကြပါလိမ့်မည်။ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချို၊ အစွယ်ရှိတဲ့သတ္တ၀ါက အစွယ်၊ အဆိပ်ရှိတဲ့ သတ္တ၀ါက အဆိပ် စသည်ဖြင့် အားကိုးကြတယ်တဲ့။ ပေါင်တံလှလှလေးရှိတဲ့ ချမ်းချမ်းကလည်း သူ့ရဲ့ ပေါင်တံလေးကို အားကိုးရှာတယ်။ နောက်ကကြည့်တော့ အလုံပိတ်၊ မြေကြီးပေါ်ကိုတောင် ဒရွတ်တိုက်နေသေးတယ်။ ရှေ့ကနေ ရိုက်ပြလိုက်တော့မှပဲ အောက်က၀တ်ထားတဲ့ ဘောင်းဘီအတိုကိုတောင် မြင်နေရတော့တယ်။ အတော်ရုပ်ပျက်သကိုးဗျ။ ချမ်းချမ်း ပေါင်တံလှတာကို လက်ခံပါတယ်၊ သဘောလည်းကျပါတယ်၊ ဒါပေမယ့် ဒီလို အခမ်းအနားမျိုးမှာတော့ ဒါမျိုး မ၀တ်သင့်ဘူးလို့ အန်းဒိတ်အတွေးအခေါ်လေးနဲ့ ကျွန်တော်ကိုဉာဏ်က ဝေဖန်ချင်ပါတယ်။ တအားကို အတိုကြိုက်ပါတယ်ဆိုတဲ့ နီနီခင်ဇော်တောင်မှ မနေ့က အစီအစဉ်တွေမှာ သင့်သင့်လျော်လျော်ပဲ ၀တ်ထားတာ တွေ့ရတဲ့အတွက် အမှတ်ပေးမိကြောင်းပါ။ ပွဲစီစဉ်တဲ့ တာဝန်ရှိသူတွေခမျာ မြန်မာပြည်မှာရှိသမျှ တိုင်းရင်းသားယဉ်ကျေးမှုတွေ အစဉ်အလာတွေကို ပြချင်လိုက်တာမှ ဟိုဘက်ကိုတောင် လွန်နေတယ်ဆိုတာ မနေ့က မြင်ခွင့်ရလိုက်တယ်။ ချမ်းချမ်းကို တွေ့လိုက်ရတော့မှပဲ... အဟဲဟဲ... ပြောတော့ပါဘူးဗျာ။
ကြိုးစားရန်လိုသေးသည်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရည်ရွယ်ပြုလုပ်ခဲ့သည်များကို အသိအမှတ်ပြုပါသည်။ သို့သော် အခြားနိုင်ငံများ၏ အားကစားပြိုင်ပွဲ အခမ်းအနားများကို မီရန်အတွက်မူ အများကြီးမှ တကယ့်အများကြီး လိုအပ်နေသေးကြောင်း ဆန်ရင်းနာနာဖွပ်ပါရစေ။ မနေ့က တင်ဆက်ခဲ့သည့်အတိုင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပြသလိုက်လျှင်ဖြင့် ရှက်စရာကြီးပါဗျာ။ တာဝန်ရှိသူ လူကြီးများအနေဖြင့် ၀န်ကြီးအဆင့်၊ ဒုဝန်ကြီးအဆင့်၊ ညွှန်ချုပ်အဆင့် အစည်းအဝေးတွေလောက်သာ အခန်းထဲမှာ ထိုင်လုပ်ပြီး ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ်ဟု ဆုံးဖြတ်လုပ်ကိုင် မနေကြတော့ဘဲ အလုပ်ရုံဆွေးနွေးပွဲများလုပ်ခြင်း၊ အကြံဉာဏ်များ ဖိတ်ခေါ်ခြင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အစီအစဉ် ရေးဆွဲခဲ့သည့် ပညာရှင်များကို ဖိတ်ခေါ်အကြံဉာဏ်ယူခြင်း၊ လူငယ်များနှင့် တွေ့ဆုံပြီး မည်ကဲ့သို့ အစီအစဉ်များ လုပ်သင့်ကြောင်း ဆွေးနွေးတိုင်ပင်ခြင်း လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လျှင် လူကြီးတွေရဲ့ အိုင်ဒီယာသည် လူငယ်တွေကို လုံးဝမမီနိုင်တာ သေချာပါသည်။ ဘောင်အတွင်းက စဉ်းစားမှုနှင့် လွတ်လပ်နေသော စဉ်းစားမှုသည် ဘယ်လိုမျှ တူနိုင်စရာ မရှိပါ။ အမှန်ကို လက်ခံရန် လိုပါသည်။ ကျွန်တော်တို့ ရည်မှန်းချက်ထားပြီး ပြင်ဆင်နေတာသည် ကျောင်းသားအားကစားပွဲ မဟုတ်ပါ၊ နိုင်ငံတကာကလေးများပြိုင်ပွဲ မဟုတ်ပါ။ ထိုအချက်ကို သတိပြုရန် လိုပါသည်။ ဒီဇာတ်ကွက်ကို ပြတာချင်းအတူတူ အိုင်ဒီယာနှင့် တင်ဆက်ပုံ ကွာတာနဲ့အမျှ လေးနက်သွားနိုင်သလို၊ ဟာသဖြစ်သွားနိုင်ပါသည်။ ကျွန်တော်တို့ အဓိက လိုအပ်နေတာက အိုင်ဒီယာနှင့် နည်းပညာဖြစ်ပါသည်။ ကိုယ့်မှာမရှိလျှင် ရှက်တာကို နောက်ထား၍ ရှိတဲ့လူကို ချဉ်းကပ်ဖို့လိုပါသည်။ နိုင်ငံတကာကို အကူအညီ တောင်းသင့်ပါသည်။ ကိုယ့်နိုင်ငံက ဆင်းရဲနေတာပဲ ဘာပဲညာပဲဟု အကြောင်းပြချက်ပေးကာ ကန့်ကွက်နေသူများ ရှိမည်ဆိုလျှင်လည်း အံ့သြစရာပဲ ဖြစ်ပါသည်။ ကျွန်တော့်သဘောကတော့ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခမ်းအနားကြီးကို အာဆီယံဒေသတွင်း လုပ်ပြီးခဲ့သမျှ ပြိုင်ပွဲများ၌ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ဖြစ်စေချင်ပါသည်။ အခြားသူများတော့ မသိ၊ ကျွန်တော်ကတော့ဖြင့် နောင်တစ်ချိန်မှာ မြန်မာအိမ်ရှင်အဖြစ် လုပ်ခဲ့တဲ့ အားကစားပြိုင်ပွဲကို ပြန်တွေးမိတိုင်း ရှက်သလိုလို၊ သိမ်ငယ်သလိုလို၊ ပြန်မပြောရဲသလိုလို အဖြစ်မခံနိုင်ကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၁ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၄၄ မိနစ်တွင်ပြီး၏။
5 comments:
  1. Anonymous10:19 AM
    ကြည့်ကောင်းမကောင်းတော့မသိပါ။ စင်္ကာပူရောက်နေသလိုပဲ။ နဖူးစည်းတွေနဲ့ ဒါလားမြန်မာယဉ်ကျေးမှုတဲ့။ ယဉ်ကျေးမှုကို ယဉ်ကျေးမှုဌာနက ဖျက်တာလား
    ReplyDelete
  2. Anonymous11:10 AM
    ပြသချင်တာတွေများပြီး ရှုပ်ထွေးနေတာဗျာ။ မြန်မာတွေရဲ အတွေးအခေါ် ဒီလောက်ပဲရှိတာ ပြသနေသလိုဖြစ်နေတယ်ဗျာ။ အကောင် (ဆင်၊ တိုးနယား၊ ဇီးကွက် စတဲ) ပေါင်းစုံကပြနေတာ မဟုတ်တော့ မဟုတ်ဘူးဗျာ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြချင်တယ်ဆိုရင် ဒီထက်ကောင်းတာတွေ ၀ိုင်းစဉ်းစားသင့်တယ်ဗျာ။
    ReplyDelete
  3. ကွန်းမန့်အတွက် ကျေးဇူးတင်ပါတယ်။ တာဝန်ရှိသူတွေက အရှေ့တောင်အာရှပွဲကို အကောင်းဆုံးဖြစ်ချင်သလို ကျွန်တော်တို့ ပြည်သူတွေကလည်း အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ရှေ့ကရေးထားတဲ့ ကွန်းမန့်ကို ဖတ်မိပြီးတဲ့ အချိန်ကျမှ သတိရတာတွေ ပေါ်လာလို့ပါ။ တာဝတိံသာ နတ်ရွာလော၊ နတ်ရွာလော ဆိုပြီး အော်ကြဟစ်ကြ တီးကြပုတ်ကြတဲ့ အဖွဲ့တွေ ထွက်လာတဲ့အချိန်မှာ အစီအစဉ်ကြေညာသူက မဆီမဆိုင် ထည့်ကြေညာရှာတယ်။ အခုဝတ်ထားတဲ့ ၀တ်စုံတွေဟာ ဘယ်အဖွဲ့အစည်းကိုမျှ ကိုယ်စားပြုခြင်း မရှိပါဘူးတဲ့။ အနုပညာမြောက်အောင်သာ ဖန်တီးထားခြင်း ဖြစ်ပါတယ်တဲ့။ အတော်ရယ်ရတဲ့လူတွေဗျာ... သူတို့ မကြေညာခင်က သတိကို မထားမိဘူး။ သူပြောကာမှပဲ သေချာကြည့်မိတော့ အဟားဟားဟား အရောင်စပ်တဲ့လူဟာ အတော်ကို စဉ်းစဉ်းစားစား စပ်ထားရမယ်လို့ တွေးမိတယ်ဗျာ။ သူတို့က မဟုတ်ဘူးဆိုတော့ ကျွန်တော်က မြင်တာတော့ ပြောပါရစေဦး။ ကြံ့ခိုင်ရေးဝတ်စုံဝတ်ပြီး အန်အယ်(လ်)ဒီ နဖူးစည်း စည်းထားသလို မြင်မိပါတယ်ဗျာ။ အခြားဝတ်စုံပြောင်းသင့်ပါတယ်ဗျာ။ နိုင်ငံရေးနဲ့ မစဉ်းစားရင်တောင် အဲဒီဝတ်စုံကြီးက သိပ်မနိပ်လှဘူးလို့ မြင်မိပါတယ်။ သူငယ်ချင်းနဲ့ ၂ ယောက်ကြည့်နေရင်း ငြင်းရသေးတယ်။ ခြင်္သေ့ရုပ်ကြီးတွေ မြင်တဲ့အခါ ဒေါင်းအရုပ်တော့ မပါဘူးကွာလို့ ငြင်းမိတယ်။ သူကလည်း မြင်လိုက်တယ်လို့ ပြောတယ်။ နှစ်ယောက်သား တီဗီရှေ့မှာ စူးစိုက်မှုအပြည့်နဲ့ ထိုင်ကြည့်ရတယ်။ သရေကျသွားတယ်ဗျ။ ဘာဖြစ်လို့လို့ ထင်ပါသလဲဗျာ။ ဒေါင်းမပါဘူးလားဆိုတော့ ပါတယ်။ ဒါပေမယ့် က,ဒေါင်းဖြစ်နေလို့။ :D :D :D ဒုတိယသမ္မတကိုလည်း ချီးကျူးမိပါတယ်။ ညနေ ၅ နာရီကတည်းကလာပြီး ည ၉ နာရီခွဲကျော်မှ ပြန်သွားရှာတယ်။ အားကစားဝန်ကြီးဌာနရဲ့ တင်ဆက်မှုတွေကို တလေးတစားနဲ့ အားပေးသွားတဲ့သဘောပါပဲ။ အင်္ဂလိပ်သီချင်းတွေ များနေတာကိုတော့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကြိုတွေးပေးလိုက်ပြီး နားလည်ပေးလိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်မြန်မာသီချင်းတွေကရော အဲဒီပြိုင်ပွဲမှာ ဆိုပြလို့မရဘူးလားလို့ တွေးမိပါတယ်။ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ အင်္ဂလိပ်လိုပြောတဲ့ တိုင်းရင်းသားတော့ မပါဘူးထင်ပါရဲ့ဗျာ။ ကွင်းထဲမှာ ထိုင်ကြည့်နေတဲ့လူ အားလုံးက မြန်မာစကားပြောတဲ့လူတွေချည်းပဲ။ ဆိုသမျှလူတွေကလည်း အင်္ဂလိပ်လို ဆိုမယ်ဆိုတာချည်းပဲ။ တာဝန်ရှိသူတွေ နီနီခင်ဇော်ကို ဘာလို့ မျက်စိကျနေသလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းသားခင်ဗျ။ နိုင်ငံရေးတွေ ပါနေမှာမို့ ကျွန်တော့်အမြင်ကို မပြောလိုတော့ပါဘူး။ စာဖတ်သူတို့ပဲ တွေးကြည့်ကြစေချင်ပါတယ်။ နောက်ဆိုရင် အဆိုတော်လုပ်တဲ့လူတွေလည်း စာချုပ်စာတမ်းနဲ့ မဟုတ်သော သဘောညီချက်တွေ လက်မှတ်ထိုးရလိမ့်မယ် ထင်ပါရဲ့။ ပါတီနိုင်ငံရေး ကင်းရှင်းရမည်တို့၊ ဘာတို့ညာတို့ပေါ့။ ပေါက်တယ်မလား။ :D :D :D :D တစ်ခါတစ်လေမှာ အနုပညာကို အနုပညာလို မြင်ကြစေချင်ပါတယ်။ မျက်မှန်တစ်ခုခု တပ်ပြီး ကြည့်တဲ့အခါ အဲဒီမျက်မှန်က အရောင်ပါနေရင် မြင်ရတာတွေကလည်း အရောင်တွေ ဖြစ်နေတတ်လို့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
    ကိုဉာဏ် (ပန်းလောင်မြေ)
    ReplyDelete
  4. Anonymous11:20 AM
    ReplyDelete
  5. Anonymous11:26 AM
    နိုင်ငံတော်ဆိုင်းဝိုင်းကြီးနဲံ စည်တော်ကြီးကို ဘောင်းဘီတို ကိုံရိုးကားယားဝတ်ပြီး တီးနေတာ ယဉ်ကျေးမှုဝန်ကြီးဌာနက ကိုယ်တိုင်လုပ်နေတာဆိုရင် မကောင်းပါ။
    အနုပညာရသမြောက်အောင် ဖန်တီးမှုဟာ ဒါလောက်ပဲလားလို့ သိချင်ပါတယ်။ ၀န်ကြီးဌာနမှာ ပညာရှင်မရှိရင်လဲ ပြင်ပမှာ အများကြီးရှိပါတယ်။ အကြံဥာဏ်တောင်းနိုင်မည်ထင်ပါတယ်။ သတင်းစာမှာ ဦးဇင်ယော်မောင်မောင် ကို ကျေးဇူးတင်တာပါတယ်။ သူ စီစဉ်တာဆိုရင်တော့ ပေးပြီးသား အကယ်ဒမီ အားလုံး ပြန်သိမ်းသင့်ပါတယ်။ ဦးမျိုးမင်းဦး ဆိုတာက ဦးအေးမြင့်ကြူ ပြည်ပသွားတိုင်း ခေါ်သွားတဲ့သူလား သိလိုပါတယ် ကိုဥာဏ်
    ReplyDelete
Web Statistics