Thursday, March 07, 2013

မင်းတုန်းမင်း၏ သာသနာပြုအမိန့်တော်


[တချို့ကိုသာ ကောက်နုတ်ဖော်ပြပါသည်]

ငါဧကရာဇ်မင်းမြတ်သည် ကိုယ်ကျိုးကို ငဲ့၍ မင်းအဖြစ်ကို ယူတော်မူသည် မဟုတ်၊ သီရိဓမ္မာသောကမင်း အစရှိသော သာသနာပြုမင်းတို့ကဲ့သို့ သာသနာတော်ကို ချီးမြှောက်တော်မူလို၍ သာသနာနုဂ္ဂဟဓမ္မရာဇာ အဖြစ်ကို ယူတော်မူသည်။ သာသနာတော်၏ တည်ရာ ၀ိနည်းတရားတော် ရှိသည့်အတိုင်း ရဟန်းတော်တို့ ကောင်းမွန်စွာ မကျင့်က သာသနာတော် ညှိုးနွမ်းသည်။ တစ်ယောက်သော အလဇ္ဇီသည် အလဇ္ဇီ တစ်ထောင်ကို ဖြစ်စေ၍ သာသနာတော်ကို ဖျက်ဆီးနိုင်သည်၊ ထိုအလဇ္ဇီတို့၏ အကျင့်ကား...
၁။ ရွှေ၊ ငွေ စသည်ကို အလှူခံခြင်း၊ ကိုင်ခြင်း၊
၂။ ထိုခံယူထားသော ရွှေ၊ ငွေ ဖြင့် ရောင်းဝယ် လဲလှယ်ခြင်း၊
၃။ ရဟန်းအသုံးအဆောင် (သင်္ကန်းစသော) ပရိက္ခရာဖြင့် ခ၀ါသည် စသူတို့ထံမှ ပစ္စည်းကို (ကျောင်းသား ကပ္ပိယကို အလဲမခိုင်းဘဲ) ကိုယ်တိုင်လဲခြင်း၊
၎။ လူတို့အား ပန်းပေးခြင်း စသော ကုလဒူသန အမှုကို ပြုခြင်း၊
၅။ နှစ်ဆယ့်တစ်ပါးသော အနေသန အမှုကို ပြုခြင်း။
(ရဟန်းသာမဏေတို့နှင့် မအပ်စပ် (မရှာကောင်း)သော ပစ္စည်းရှာနည်းကို အနေသန ဟု ခေါ်၏။ ထို့ကြောင့် အောက်ပါအလုပ်များကို ပြုလုပ်ရာ၌ ဒကာ ဒကာမတို့က ပြန်၍ လှူချင်အောင် ပြုလုပ်ခြင်းများဟု မှတ်ပါ။

  1. လူများကို ဆေးကုပေးခြင်း၊ [မိဘ၊ ကိုးကွယ်ရာမဲ့ဖြစ်၍ ကျောင်းရောက်လာသူ၊ ကျောင်းတာဝန် ထမ်းဆောင်နေသော ကပ္ပိယ စသူ၊ ရန်မူမည့် မင်း၊ ခိုးသား၊ ဓားပြ၊ သူပုန် ဤသူများကို ဆေးကုပေးကောင်း၏။ အခြားသူများကို ဆေးမကုကောင်း။]
  2. လူတို့၏ စေတမန်လုပ်ခြင်း၊ (လူတို့က စေလွှတ်သဖြင့် တစ်ရွာမှ တစ်ရွာသို့ ခရီးရှည်သွား၍ စာပေးစာယူ၊ စကားပေး စကားယူပြုခြင်း၊) [ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတစ်ပါး အခြားကိစ္စ၌ မပြုရ]
  3. လူတို့၏ အစေအခိုင်း ခံခြင်း၊ [ဟိုနား သည်နား ခရီးအတိုသွား၍ ယူစရာ ငင်စရာတို့ကို ယူပေးဖို့ရန် အစေအခိုင်းခံခြင်း။]
  4. အနာကို ဓားနှင့် ခွဲပေးခြင်း၊
  5. ဆေးလိမ်းပေးခြင်း
  6. ပျို့အန်ဆေးပေးခြင်း
  7. ၀မ်းလျှောဆေးပေးခြင်း
  8. နှာဆေးပေးခြင်း
  9. မျက်စဉ်းဆေးပေးခြင်း
  10. ဆေးဝါးပေးခြင်း
  11. သစ်ရွက် (အိမ်မိုးဖို့ရာ သက်ကယ် ဓနိ စသည်) ပေးခြင်း
  12. ပန်း
  13. စားဖွယ်သစ်သီး
  14. ရေချိုးဆပ်ပြာ
  15. တံပူ (သွားပွတ်တံ)
  16. မျက်နှာသစ်ရေ
  17. မျက်နှာချေမှုန့် (ပေါင်ဒါ)
  18. မြေညက်ပေးခြင်း
  19. မိမိကိုယ်ကို အောက်ချခြင်း၊ [စကားပြောသည့်အခါ မိမိကိုယ် အောက်ချ၍ လူတို့ကို မြှောက်ပင့်ကာ (ကျုပ်၊ ခင်ဗျား စည်ဖြင့် သုံးနှုန်း၍) ပြောခြင်း။]
  20. အနပ်နည်းပါး၍ မနပ်များသော ပဲနောက်ဟင်းကဲ့သို့ အမှန် နည်းပါး၍ အမှားများသော စကားကို ပြောခြင်း၊
  21. ကလေးထိန်းများကဲ့သို့ လူတို့၏ ကလေးများကို ချီပွေ့ချော့မြှူခြင်း၊

ဤသို့ပြုလုပ်၍ ဒကာ ဒကာမတို့နှင့် အကျွမ်းဝင် အလွမ်းသင့် ဖြစ်စေခြင်းတည်း၊ ထိုသို့ ပြုလုပ်မှုကြောင့် လှူလေသမျှ ပစ္စည်းသည် (ကျောင်းတိုက်ကြီးပင်ဖြစ်စေ) ထိုပုဂ္ဂိုလ်လည်း မအပ်၊ အခြား ရဟန်းများလည်း မသုံးဆောင်ကောင်း၊ ထို့ကြောင့် ၀ိနည်းကို အလွန်ဂရုပြုသော ပုဂ္ဂိုလ်တို့သည် ယုံမှားဖွယ်ရှိသူတို့၏ ပစ္စည်းများကို မသုံးစွဲကြ၊ ထိုသူတို့ ကျောင်းသို့လည်း မသွားလိုကြချေ။

၆။ ရဟန်းတို့ မသင်အပ်၊ သင်၍ မပေးကောင်းသော ဆင်းစီး၊ မြင်းစီးအတတ် စသည်တို့ကို သင်ခြင်း၊ သင်ပေးခြင်း၊
၇။ ရောဂါမရှိဘဲ လှည်း (မြင်းရထား စသည်) ကို စီးခြင်း၊
၈။ ရောဂါမရှိဘဲ ဖိနပ်စီး၍ မြို့တွင်း ရွာတွင်း ၀င်ခြင်း၊
၉။ ရဟန်းတို့ မစီးအပ်သော အလုံးစုံဖြူသောဖိနပ်၊ နီသောအသည်းကြိုး၊ မည်းသောအသည်းကြိုး တပ်သော ဖိနပ်တို့ကို စီးခြင်း၊
၁၀။ ခွင့်ပြုတော်မူအပ်သော ရောဂါမရှိ၊ သမ္မုတိမရဘဲ မြို့၊ ရွာ၊ မြို့ရွာခေတ် (နယ်) ၌ ထီးဆောင်းခြင်း၊
၁၁။ ပြောက်ကျားသော သင်္ဘောကော်ဇော (ယခုခေတ် ကော်ဇောအမျိုးမျိုး) တရုတ်ကော်ဇောတို့သည် တရားဟောပလ္လင်၊ ဆွမ်းစားဇရပ်တို့၌ လူတို့ ခင်းပေးသော်လည်းကောင်း၊ မြေပြင်ကြမ်းပေါ် (သမံတလင်းပေါ် စသည်၌) ဘူမတ္ထရဏ ပြု၍ခင်း၍သော်လည်းကောင်း ထိုင်ကောင်း၊ လျောင်းကောင်း၏။ (ခုတင် စသည်၌ ခင်း၍ ထိုင်ခြင်း အိပ်ခြင်းငှာ မအပ်) သို့ပါလျက် ခုတင် စသည်တို့၌ ခင်း၍ ထိုင်ခြင်း အိပ်ခြင်း။
၁၂။ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ပြုလုပ်စေခြင်း၊ ကြည့်ရှုနားထောင်ခြင်း၊
၁၃။ လှော်လှေ ပြုပြင်၍ ကစားပျော်ရွှင်လိုသော စိတ်ဖြင့် ထိုမှ ဤမှ သွားလာခြင်း၊
၁၄။ ယာဝဇီဝကဖြစ်သော ထိုနေ့ အကပ်ခံအပ်သော ကွမ်းဆေးတို့ကို နေလွဲသောအခါ အနာရောဂါမရှိဘဲ သုံးဆောင်ခြင်း၊ (သူ့ကို စားမှ ပျောက်မည့်ရောဂါရှိလျှင် အပ်၏။)

ယင်းသို့သော အလဇ္ဇီဓမ္မတို့ကို လွန်ကျူးကျော်နင်း၍ ကျင့်သူတို့ကို အားပေးအားမြှောက် ပူဇော်လှူဒါန်းသူတို့သည် အလဇ္ဇီနှင့် ပေါင်းဖက်၍ သာသနာတော်ကို ဖျက်ရာရောက်သောကြောင့် ထိုပုဂ္ဂိုလ်များကို ရွှေမြို့တော်မှစ၍ အရပ်ရပ် မြို့ ကျေးရွာနေ လူတို့က မလှူဒါန်းကြစေနှင့်၊ မြို့ရှင် ရွာရှင်တို့က နိုင်နင်းအောင် တားမြစ်စေ၊ ကိုးကွယ်လှူဒါန်းလိုလျှင် အလဇ္ဇီဓမ္မကို စွန့်လွှတ်စေ၍ ၀ိနည်းကံဖြင့် ကုစားစေပြီးမှ ကိုးကွယ်လှူဒါန်းမြဲ လှူဒါန်းစေ၊ သာသနာတော် ဖျက်ဆီးသူတို့ကို အများကြောက်ရွံ့၍ သာသနာတော် ဘေးရန်ကင်းငြိမ်းအောင် တင်းတင်းကျပ်ကျပ် ၀န်တို့က စီရင်၊ ထီးရံ နန်းရံ စော်ဘွား မြို့ဝန် မြို့သူကြီးတို့ကို စေ့နှံ့အောင် ပြန်ဆိုမှာထားစေ။
[သက္ကရာဇ် ၁၂၁၇ ခု၊ တပို့တွဲလဆန်း ၁၀ ရက်နေ့ ထုတ်ပြန်အပ်သော အမိန့်တော်။]

မှတ်ချက်။ ပြခဲ့သော အမိန့်တော်ပြန်တမ်းပါ အကြောင်းအရာတို့ကို မင်းတုန်းမင်းကြီး လျှောက်တောင်းပန်ချက်အရ ရှမ်းကလေးကျွန်းဆရာတော် ရေးသား တင်သွင်းရာ... "သာသနာပိုင်ဆရာတော်၊ ခင်မကံဆရာတော်၊ ဘုံကျော်ဆရာတော်၊ ဗားကရာဆရာတော်၊ ပြည်ဆရာတော်၊ ဆရာတော်ဦးစန္ဒိမာ၊ ထီးလင်းဆရာတော်၊ သင်္ဂဇာဆရာတော်" ဤသာသနာပြု သုဓမ္မာဆရာတော်ကြီးများ သဘောတူညီမှ ထုတ်ဆင့်အပ်သော အမိန့်တော်ပြန်တမ်းဖြစ်ကြောင်းကို "ဓမ္မ၀ိနယ အမိန့်တော်ပြန်တမ်း" နံပါတ် (၁၅) အရ သိရပေသည်၊ ထိုသုဓမ္မာဆရာတော်ဘုရားကြီးများ၏ သီးခြား ဆင့်ဆိုချက် အမိန့်တော်များလည်း ရှိပါသေး၏။ ထိုအမိန့်တော်များတွင် တချို့ကား....
၁။ ဆွမ်းကွမ်းလှူဒါန်းသူ အများလူတို့၏ သဒ္ဓါတရား ပျက်ပြားအောင် သူတောင်းစားကဲ့သို့ တိုးဝှေ့ချင်းနင်း အတင်းခံယူခြင်း၊
၂။ သမဏသာရုပ္ပ မရှိ၊ (ရဟန်းတော်များနှင့် မလျော်အောင်) သပိတ်ကို ပခုံးထက်၌ တစောင်းယူသွားခြင်း၊
၃။ ကနား မဏ္ဍပ် ဇရပ် ဈေးဆိုင် စည်၌ ခြေလက်တွဲလဲ ဖရိုဖရဲထိုင်ကာ ရောက်တတ်ရာရာ (မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော) စကားတို့ကို ပြောဆိုခြင်း၊
၎။ မြို့တွင်း မြို့ပြင် ရပ်ကွက်များ၌ တရားတွေ့ကြ ငြင်းခုန်ကြသည်ကို တွေ့မြင်ကြားသိလျှင် လူတို့ကဲ့သို့ ၀ိုင်းဝန်းကြည့်ရှုခြင်း၊
၅။ အပင့်အဖိတ်မရှိဘဲလျက် နန်းတော် အိမ်တော် စသည်များသို့ ၀င်ထွက်သွားလာ၍ အနာမာသနိသဂ္ဂိယ (ရွှေ ငွေ) များကို တောင်းခံရှာမှီးခြင်း၊
၆။ ဒါယကာတို့ လှူဒါန်းသည့် ပစ္စည်းဝတ္ထုတို့ကို ဒုပ္ပရိဘောဂ (မကောင်းသော သုံးဆောင်ခြင်း) ဖြင့် သုံးစွဲခြင်း၊
၇။ ဇရပ် တန်ဆောင်း စသည်၌ တရားတော်ကို သံရှည် သံလွင် ပြုပြင်ဆွဲငင်၍ သဘင်သည်တို့ကဲ့သို့ လေးလုံးစပ် သံပေါက်စပ် စသည်ကို စပ်ဆို ဟောပြောခြင်း၊
၈။ သုဿာန် စသည်၌ အပင့်အဖိတ် မရှိဘဲ စောင့်၍ အလှူခံခြင်း။

ဤသို့ စသော အမှုများကို မပြု မကျင့်ရ၊ ကျူးလွန်ကျင့်ကြံ နေထိုင်သည်များကို တွေ့မြင်ကြားသိရ၍ ဖမ်းဆီးမိလျှင် ကျူးလွန်သူနှင့်တကွ တိုက်ရှင်တို့ကို အပြစ်အလျောက် စီရင်မည်။

ဤသို့လျှင် ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့ရာ ရှေးအခါ၌ ပြည့်ရှင်မင်းကလည်း အာဏာစက်၊ မင်းဆရာတော်များကလည်း ဓမ္မစက်ဖြင့် သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်မှာ အားရဖွယ် လွမ်းဆွတ်ဖွယ် ကောင်းလှပါသည်။

[အရှင်ဇနကာဘိဝံသ၊ အနာဂတ်သာသနာရေး စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics