Sunday, March 24, 2013

ကျွန်တော်သိမ်းထားမိသော အလွဲများ


(က) ပြည်သူ့ဆန္ဒဂျာနယ်
ကောင်းသတင်းတွေထွက်ပြီးတော့သာ နာမည်ကြီးခဲ့မယ်ဆိုရင် ပြည်သူ့ဆန္ဒဆိုတဲ့ဂျာနယ်ကို ကျွန်တော် မဖတ်ဖူးလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်မိမှာ၊ နောင်တရမိမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုမှပဲ အဲဒီလိုမျိုး ဂျာနယ်ကို ကျွန်တော်တမက်တမော မဖတ်ခဲ့မိတာဟာ အင်မတန်မှကို ဘုရားမတာပါလားလို့ တွေးမိပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အတွက် အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံး အမှတ်တရတစ်ခုလို့ ပြောလို့ရတဲ့ ကဗျာကို ပြည်သူ့ဆန္ဒဂျာနယ်က ယူသုံးပြီး သူတို့ဂျာနယ်မှာ ဖော်ပြလိုက်သတဲ့။ မူလရေးတဲ့လူကိုလည်း ခွင့်မတောင်း၊ ဘေးက၀ိုင်းပြော၊ ကာယကံရှင်က ၀ိုင်းပြောကြတော့မှ ဂျာနယ်ထဲမှာထည့်ပေးတဲ့ စာကိုလည်း ဖတ်ကြည့်ပါဦး။ ဘာပြောရမှန်းကို မသိတော့ဘူးဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့ဗျာ။ အယ်ဒီတာအဖွဲ့ရဲ့ ယဉ်ကျေးမှု၊ တာဝန်ယူတတ်မှုကို သိခွင့်ရတာမို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာလည်း အဲဒီကဗျာကို တင်ပေးခဲ့ဖူးပါတယ်။ မဖတ်ဖူးသေးသူများရှိရင် ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။

( ခ ) Newsweek ဂျာနယ်
သတင်းရေးသားသူနဲ့ သတင်းအယ်ဒီတာရဲ့ မြန်မာစာကျွမ်းကျင်မှု၊ မြန်မာစာအရေးအသား ပြေပြစ်မှုကြောင့် ရန်ကုန်မြို့တော်ဝန်ခမျာ မင်္ဂလာဈေးကြီး မီးလောင်မှုရဲ့ နောက်ကွယ်ကတရားခံ ဖြစ်သွားရရှာတော့တယ်။ တစ်ခါတလေမှာ ဂျာနယ်တွေရဲ့ အရေးအသားတွေဟာ တမင်များ စဉ်းစားပြီး ရေးထားသလားတောင် အောက်မေ့ရလောက်အောင် ဖြစ်ရပါတယ်။ ကျွန်တော်တို့လို ဖတ်ရသူတွေအတွက် ရယ်စရာ၊ ပြုံးစရာဖြစ်ရပေမယ့် ဒီဂျာနယ်ကိုများ မြို့တော်ဝန်ကြီး ဖတ်ခဲ့မယ်ဆိုရင် သူ့မျက်နှာကြီး ဘယ်လိုဖြစ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်မိပြီး မအီမလည်ဖြစ်ရတယ်ဗျာ။ ဂျာနယ်က သတင်းထောက်တွေကို မြန်မာရဲတပ်ဖွဲ့ကိုတောင် ပြောင်းပေးရလောက်အောင် တော်ကြပါပေတယ်ဗျာ။

( ဂ ) လျှပ်တစ်ပြက်ဂျာနယ်
ဆရာမြတ်ခိုင်တို့များ ဘယ်လောက်သြဇာအာဏာရှိသလဲဆိုရင် သမ္မတကိုတောင် ပြောင်းခန့်ပစ်လိုက်သေးတယ်။ သူများနိုင်ငံတွေမှာ စစ်တပ်တို့ဘာတို့က အာဏာသိမ်းပြီး သူတို့ကြိုက်တဲ့ ပုဂ္ဂိုလ်ကို သမ္မတအဖြစ်တင်တာမျိုး သတင်းတွေဖတ်ဖူးပါတယ်။ အခုမှပဲ မြန်မာပြည်မှာ ဂျာနယ်တိုက်တစ်ခုက ဦးစီးပြီး ကိုယ်ကြိုက်တဲ့လူကို သမ္မတတင်တာမျိုး ကြုံဖူးတော့တယ်။ ဆရာမြတ်ခိုင်တို့ လုပ်ချက်ကတော့ မှတ်တမ်းတင်လောက်ပါတယ်ဗျို့။ သူရေးနေတဲ့ စာနယ်ဇင်းသမား အမှားတစ်ထောင် ဆိုသလိုပေါ့။ ဒီတစ်ခုနဲ့ဆိုတော့ အမှား တစ်ထောင့်တစ်ခုပေါ့ဗျာ။

(ဃ) Reporter ဂျာနယ်
အခုအချိန်အထိ မီးမငြိမ်းသေးတဲ့ လက်ပံတောင်းကိစ္စ အစီရင်ခံစာ မထွက်ခင်က ဖော်ပြခဲ့တဲ့ မျက်နှာဖုံးပေါ့ဗျာ။ အဲဒီခေါင်းစဉ်နဲ့ မျက်နှာဖုံးသရုပ်ဖော်ကို စဉ်းစားမိတဲ့ အယ်ဒီတာအဖွဲ့ကို ထိုင်များတောင် ကန်တော့ချင်လိုက်ပါသေးရဲ့ဗျာ။ ဦးဏှောက်ကို ရွှေချထားသင့်တယ်ဆိုတာ ဒီလိုလူတွေကို ပြောတာဖြစ်မယ် ထင်ပါရဲ့ဗျာ။

( င )
ဘယ်ဂျာနယ်မှန်း မမှတ်မိတော့ပါဘူး။ အင်တာနက်မှာ တွေ့ကတည်းက သိမ်းထားခဲ့မိတာပါ။ အခု စုထားတဲ့ဟာတွေကို ပြန်ရေးတဲ့အချိန်ကျ အဲဒီတုန်းက ဘယ်စာမျက်နှာမှာ ဖတ်ခဲ့ရတာမှန်း မသိတော့သလို ဘယ်ဂျာနယ်ကလဲဆိုတာလည်း ပြန်စဉ်းစားလို့ မရတော့ပါဘူး။ စာဖတ်သူများ မြင်တဲ့အတိုင်းပဲ မြန်မာသံအမတ်ကြီး ဦးသိန်းစိန် ပါတဲ့။ ကျွန်တော်တို့ သမ္မတကြီးခမျာလည်း လျှပ်တစ်ပြက်ဂျာနယ်က သမ္မတရာထူးကနေ ဖယ်ရှားပြီး ဒေါက်တာစိုင်းမောက်ခမ်းကို လွှဲပေးတာလည်း ခံရတယ်၊ အခုတစ်ခါ သံအမတ်ကြီးအဆင့်အထိ ရာထူးချထားတာလည်း ခံခဲ့ရရှာပါရောလား။ မြန်မာဂျာနယ်တွေ လုပ်မှပဲ ကျွန်တော်တို့ သမ္မတကြီးလည်း တာဝန်မျိုးစုံ ထမ်းဆောင်ဖူးတော့တယ်။ :D

( စ ) ညှို့မဂ္ဂဇင်းရဲ့ ကတိပြုဝန်ခံချက်
သက်ဆိုးမရှည်လိုက်ရှာတဲ့ ဖက်ရှင်မဂ္ဂဇင်း (ဘုရားစူး.... တကယ့်ကို ဖက်ရှင်မဂ္ဂဇင်းပါဗျာ) တစ်ခုဖြစ်တဲ့ ညှို့ မဂ္ဂဇင်းမှာ အဲဒီအချိန်တုန်းက လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ သတင်းလူသား နန်းခင်ဇေယျာရဲ့ ဓာတ်ပုံတွေကို မပြောမဆို၊ ခွင့်ပြုချက်မတောင်းဘဲ ထည့်သွင်းဖော်ပြခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ နန်းခင်ဇေယျာခမျာ Miss ပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့လို့ ၀မ်းသာရမှာလား၊ ယဉ်ကျေးမှုဆိုတဲ့ ဖိအားတွေ အောက်မှာ စိတ်ညစ်ရမှာလား ဖြစ်နေတဲ့အချိန်မှာ ညှို့မဂ္ဂဇင်းက သူ့ဓာတ်ပုံတွေကို ဘာမပြော၊ ညာမပြောနဲ့ ထည့်သွင်းဖော်ပြလိုက်တော့ ဇာတ်လမ်းတွေက ရှုပ်ကုန်ရော။ မရှုပ်ဘဲ ဘယ်နေလိမ့်မလဲဗျာ။ ညှို့မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ကသာ သူတို့မဂ္ဂဇင်းဟာ ရှိသင့်သလေး၊ လမ်းသစ်ထွင်တာလေးနဲ့။ အတော်ရယ်ရတယ်။ အဲဒီမဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့က လူကြီးမင်းတွေရဲ့ သမီးတွေ၊ နှမတွေ၊ အစ်မတွေ၊ တူမတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ ဓာတ်ပုံတွေကို ဘာဖြစ်လို့ ထည့်သွင်းဖော်ပြခြင်း မပြုသလဲဆိုတာ မေးလိုက်ချင်တယ်။ နန်းခင်ဇေယျာ ဓာတ်ပုံတွေကလွဲရင် ကျန်တဲ့ဓာတ်ပုံတွေက ဘာအဆင့်အတန်းမှကို မရှိဘူး။ အဲဒီဓာတ်ပုံတွေထက် မောင်စေတန်ရဲ့ ဓာတ်ပုံတွေကမှ အပုံကြီးသာသေးတယ်။ နန်းခင်ဇေယျာ အဲဒီမဂ္ဂဇင်းကို ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ်လေ။ ဘယ့်နှယ်... ဒီလောက် လမ်းသစ်ထွင်တဲ့ မဂ္ဂဇင်းမှာတောင် သဇင်တို့၊ ရွှေစင်တို့၊ မိုးဟေကိုတို့၊ မော်ဖူးမောင်တို့ ဓာတ်ပုံတွေကိုတောင် ပါအောင်မထည့်နိုင်တာ အတော်အသုံးမကျတာဘဲလို့ ပြောရမယ်ဗျ။ နန်းခင်ဇေယျာ ဓာတ်ပုံတွေတောင်မှ ခွင့်မတောင်းဘဲ သူတို့သဘောနဲ့သူတို့ ထည့်လိုက်လို့ ကောင်းကောင်းမွန်မွန် ပါလာတယ်လို့ ပြောလို့ရတာ။ မဟုတ်လို့ကတော့... အဟေးဟေးးးးးးးးးး မပြောချင်တော့ပါဘူးဗျာ။ စဉ်းစားသာကြည့်ကြတော့....။ ဒါပေမယ့် သူကတော့ ပြည်သူ့ဆန္ဒထက် သာတာတစ်ခုက မှားတာကို ၀န်ခံသလို၊ တရားဝင်လည်း တောင်းပန်တာပါပဲ။ လူတိုင်းမှားဖူးတာမို့ မှားတာကို ရေးကြီးခွင်ကျယ် လုပ်မနေချင်ပါဘူး။ မှားမှန်းသိတာကို ၀န်ခံတာ၊ တောင်းပန်တာကိုပဲ ချီးကျူးလိုက်ပါတယ်။

(ဆ) ဆရာမြတ်ခိုင်
ဂျာနယ်နာမည်မတပ်ဘဲ ဆရာမြတ်ခိုင်ရဲ့ နာမည်ကို တပ်လိုက်ရတာက အကြောင်းရှိပါတယ်။ ဒီလို လုပ်ရပ်တွေက ဂျာနယ်နဲ့မဆိုင်ဘဲ ဆရာမြတ်ခိုင်ရဲ့ နဂိုဗီဇမို့ပါ။ လျှပ်တစ်ပြက်မှာ မြတ်ခိုင်ရှိရင် လျှပ်တစ်ပြက်က ဒီလိုတွေ ရေးမှာပဲ၊ ဖော်ပြမှာပဲ၊ မော်နီတာကို ဆရာမြတ်ခိုင်ကိုင်ရင် မော်နီတာမှာ ဒီလိုအကြောင်းအရာတွေ ဖတ်ရမှာပဲ၊ အခြားဂျာနယ်တစ်ခုခုမှာ ဆရာမြတ်ခိုင် အယ်ဒီတာချုပ် လုပ်မယ်ဆိုရင်လည်း အဲဒီဂျာနယ်မှာ ဒီလိုမျိုး သတင်းတွေ၊ ဓာတ်ပုံတွေ ဖတ်ရ၊ ကြည့်ရမှာပဲ။ အဲဒါကြောင့် မြတ်ခိုင်ကို ငပွကြီးလို့ သြဘာပေးကြတာ ဖြစ်မယ်ထင်ပါတယ်။ စာနယ်ဇင်းသမားချင်းကျတော့ ဘာပြန်ပြောသံမျှ မကြားရဘူးဗျ။ အုပ်ချုပ်ရေးပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနကများ ဒီလို စကားလုံးတွေနဲ့ ရေးကြည့်ပြောကြည့်ပါလားဗျာ... ဟားဟား.. နောက်ထပ်ကမ်ပိန်းတစ်ခု ထပ်ဖြစ်မှာ အသေအချာပဲ။ စာနယ်ဇင်းလွတ်လပ်ခွင့် ချက်ချင်းပေးတို့၊ မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်တို့ စသဖြင့်ပေါ့ဗျာ။ အခုတော့ မြွေမြွေချင်း ခြေမြင်ကြသဗျ။ ဓာတ်ပုံတွေက ပြောစရာဖြစ်ရသလို၊ ရေးထားတဲ့ စာသားတွေကလည်း ပြောစရာ ဖြစ်ရပါသဗျာ။ ကိုယ့်ဘာသာကိုယ်သာ ခံစားနားလည်ကြပါကုန်။

( ဇ ) The VOICE Weekly
မီဒီယာပီပီသသ ဘက်မလိုက်ဘဲ သမာသမတ်ကျကျ ရေးထားတဲ့သတင်းကို မြင်တဲ့အတိုင်း ဖတ်ရမှာပါ။ အင်း... ခေတ်သစ်မြန်မာ့သမိုင်းကို ရေးတဲ့အခါ သူတို့ကို ချန်မထားခဲ့ကြဖို့ သမိုင်းပညာရှင်တွေကို လက်တို့လိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးချင်း နောက်တတ်ကြတာ ရှိပါတယ်။ ရွာတောင်ပိုင်းမှာ တကယ်ဖြစ်ခဲ့တာက သူကြီး ခလုတ်တိုက်တယ်၊ ရွာလယ်ကို အဲဒီသတင်း ရောက်သွားတော့ သူကြီးကို ဖားပြုတ်ကိုက်တယ်တဲ့၊ ဟော.. ရွာမြောက်ပိုင်းလည်းရောက်ရော သူကြီးကို တရုတ်ရိုက်တယ်ဆိုပြီး တရုတ်-ဗမာ အဓိကရုဏ်းတွေ ထဖြစ်ကုန်ပါရောလား။ အင်း... The VOICE ကို ရွာမြောက်ပိုင်းတော့ ရောက်နေပြီလို့ မစွပ်စွဲချင်ပါဘူး။ ဒါပေမယ့် အခုလို လုပ်ပေါက်တွေနဲ့ ဆိုရင်တော့ သူ့ကိုလည်း ရွာမြောက်ပိုင်းတင် မဟုတ်ဘဲ ရွာပြင်ကို ထုတ်ရပါလိမ့်မယ်။ မီဒီယာဆိုတာ ဓာတ်ဆီလောင်းသူ မဖြစ်စေဖို့ ဂရုပြုစေလိုသည့်အကြောင်း ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၄ နာရီ ၅၅ မိနစ်တွင်ပြီး၏။

1 comment:

  1. Anonymous8:53 PM

    the voice has no ideas after the death of Sayar Ne Win Maung.
    I am not surprise.

    ReplyDelete

 
Web Statistics