Monday, March 25, 2013

မျိုးကျော့မြိုင်သီချင်း ဆိုနေရပြီ


ခေါင်းစဉ်ကိုဖတ်ပြီး သို့လော သို့လော မတွေးလိုက်ပါနဲ့။
ယနေ့ မတ်လ ၂၅ ရက်နေ့သည် ကျွန်တော်ကိုဉာဏ်၏ မွေးနေ့ ဖြစ်ပါသည်။
ယနေ့ကျရောက်သော မွေးနေ့မှသည် သေနေ့မတိုင်မီစပ်ကြား အသက်ရှင်နေထိုင်သမျှ ကာလပတ်လုံး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင်သော လူတစ်ဦးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်သွားမည်ဟု ဆန္ဒပြုမိပါသည်။
ဒီနေ့အထိ လူလားမြောက်အောင် ပြုစုစောင့်ရှောက် သွန်သင်ဆုံးမ သင်ကြားပြသ လက်တွဲကူညီ ဖေးမလမ်းညွှန် ပြုခဲ့ကြသည့် မိဘဆွေမျိုးများ၊ မိသားစုဝင်များ၊ ဆရာဆရာမများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ ချစ်သူခင်သူများ အားလုံးကို မှတ်တမ်းတင် ကျေးဇူးစကားဆိုပါတယ်။
လောကဓံတရားများကို နားလည်ခံစားနိုင်အောင် ကူညီပေးခဲ့ကြသည့် ကျွန်တော့်အား မုန်းတီးခဲ့သူများ၊ မုန်းတီးနေသူများ၊ ခြေထိုးခဲ့သူများ၊ နောက်ကျောဓားနှင့်ထိုးခဲ့သူများ၊ ကျော်နင်း/ခွနင်း/ချနင်းခဲ့သူများ အားလုံးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
မွေးနေ့အထိမ်းအမှတ် ဘာမျှမလုပ်ပါ။ အဖေနဲ့ အမေကို ဖုန်းဆက်သည့် အလုပ်တစ်ခုသာ မှတ်မှတ်ရရ လုပ်ရန်ရှိပါသည်။ ဒီပို့စ်ကိုရေးတာကတော့ အပိုဆောင်းဖြစ်ပါသည်။
ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီဘလော့ဂ်လေးကို အမြဲမပြတ်ဖြစ်စေ၊ ရံဖန်ရံခါဖြစ်စေ လာရောက်ဖတ်ရှု အားပေးဝေဖန် ကြသော မြန်မာ့သွေးမိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့လည်း ဆန္ဒပြုပါတယ်။
အသက်ဘယ်နှနှစ် ပြည့်တာလဲဟု မေးလာလျှင်ဖြင့် ခေါင်းစဉ်ကိုသာ ဖတ်ကြည့်ပါဟု ပြောလိုပါသည်။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၂၀ မိနစ်။

3 comments:

  1. Anonymous3:47 PM

ံHappy Birthday! :P

    ReplyDelete
  2. Anonymous5:51 PM

    Don't u have any plan to treat ur friends?
    Anyway, happy birthday to u.

    ReplyDelete
  3. Anonymous7:10 PM

    happy birthday!

    ReplyDelete

 
Web Statistics