၁။ နိုင်ငံတစ်ခု တိုးတက်အောင်မြင်စေဖို့ (Good Governance and Clean Government) လိုအပ်သလို ကောင်းမွန်သော ပြည်သူများ (Good Citizens) လည်း လိုအပ်ပါတယ်။
၂။ ဒီမိုကရေစီ လမ်းပေါ် လျှောက်တဲ့အခါ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်လိုသလို သန့်ရှင်းတဲ့ အစိုးရကိုလည်း လိုပါတယ်တဲ့။ ဒီစကားကို အများသဘောကျပါတယ်။ အဲဒီလို အစိုးရဟာ အလိုအလျောက် တာဝန်ယူတတ်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ အစိုးရ ဖြစ်စေရပြီး ဒီလိုတာဝန်ယူလျှင် ပြည်သူကလည်း သူတို့ကို ယုံကြည်လာမှာဖြစ်တယ်။ ကျွန်တော်ဆိုလိုတာက အစိုးရဟာ ပြည်သူများကို စောင့်ရှောက်ဖို့ တာဝန်ယူတတ်ရသလို ပြည်သူများက ယုံကြည်အားထားသောသူ ဖြစ်ရမှာကိုပါပဲ။ ပြည်သူတွေ ယုံကြည်ကိုးစားရသော အစိုးရ ဖြစ်ရပါမယ်...။
၃။ ပြည်သူက အစိုးရကို လက်မခံတာကတော့ အစဉ်အလာနဲ့ ဆိုင်တယ်။ မြန်မာတွေမှာ မင်းအစိုးရကို မုန်းတဲ့ mind-set ဟာ အစဉ်အဆက်ကတည်းက ရှိတယ်။ ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သူ ဆိုတဲ့ ရန်သူမျိုး ငါးပါးထဲမှာ မင်းဟာပါတယ်။ ရေနဲ့ မီးကတော့ သဘာဝ ဘေးအန္တရာယ်ပါ။ မင်းကတော့ အုပ်ချုပ်သူပေါ့။ ဒါ့အပြင် ရှေးခေတ်က မင်းတွေဟာ နယ်ချဲ့ပြီး နိုင်ငံတွေက ပစ္စည်းတွေကို ယူဆောင်လေ့ရှိတယ်။ မြန်မာနိုင်ငံက နန်းစဉ်ပတ္တမြား - ပတ္တမြားငမောက် ဆိုရင်လည်း ဗြိတိသျှတို့ ၀င်လာချိန်မှာ ယူဆောင်သွားတယ်လို့ ဆိုတယ်။ မြန်မာပြည်က ခိုးထုတ်တဲ့ သစ်တွေကြောင့် အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေ ဖြစ်ရပါတယ်။ ပြည်သူအများက မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို အမုန်းပွားတာတွေကိုလည်း ခံရတယ်။ ဒါကြောင့် အုပ်ချုပ်သူတွေကို လူတွေက "မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ" ဆိုပြီး သုံးဌာနမှာ ထည့်ထားတယ်။ ဆိုးတာက အင်္ဂလိပ်တွေ တက်လာတဲ့အခါမှာပါပဲ။ အစိုးရက လူမျိုးကွဲ ဖြစ်နေတယ်။ သူတို့ကို ကိုလိုနီ နယ်ချဲ့ဆိုပြီး ဘယ်သူမှ မလိုလားကြဘူး။ အင်္ဂလိပ်ဘုရင်ရဲ့ ပုံပါတဲ့ တံဆိပ်ခေါင်းကို စာအိတ်မှာ ပြောင်းပြန်ကပ်ကာ "ခွေးခေါင်း ပြောင်းပြန်ကပ်လိုက်သည်" လို့ ရေးသားတဲ့အတွက် အရေးယူခံရတာတွေ ရှိဖူးတယ်။ အင်္ဂလိပ်တွေကို မြန်မာတွေ တကယ်မုန်းတယ်။ ပိုက်ဆံကို ခေါင်းပန်းလှန်တဲ့ နေရာမှာ မျောက်ပန်းလှန်တယ် ဆိုတဲ့စကားကို သုံးခဲ့တယ်။ အဓိက,ကတော့ ဂျော့ခ်ျဘုရင်ခေါင်းပါတဲ့ ဘက်ကို ခေါင်းလို့ ခေါ်နေရာ မျောက်လို့ ပြောင်းခေါ်တာပါပဲ။ ဒီစကားဟာ ယနေ့တိုင် တွင်နေပါတယ်။
လူတွေဟာ အစွဲအလန်းကြီးတယ်.....။
၎။ လွတ်လပ်ရေးရပြီး ခဏလေးမှာ ကျွန်တော်တို့နိုင်ငံ စစ်အုပ်ချုပ်ရေးအောက် ရောက်သွားတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်ရောက်တော့ ပြည်သူနဲ့အစိုးရ မကြည်ဖြူကြဘူး။ မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ လယ်လုပ်တယ်။ သူတို့က စပါးတွေကို သတ်မှတ်ဈေးနဲ့ အစိုးရကို ရောင်းချပေးရတယ်။ ၀မ်းစာမရှိလည်း ၀ယ်ပေးရတယ်။ ဒါမှမဟုတ် အချုပ်ကျတယ်။ စပါးအ၀ယ်ဒိုင်တွေက ကတ္တားခိုးတယ်။ စိုထိုင်းဆတွေနဲ့ ချုပ်ကိုင်တယ်။ ရိုးသားတဲ့ တောင်သူလယ်သမားတွေဟာ အချုပ်ထဲ ရောက်တယ်။ တကယ်တော့ အချုပ်ထဲမှာ မဆံ့လို့ ရဲဝင်းထဲမှာ အပြင်မှာပဲ ချုပ်ထားတာ များတယ်။ ဒီလိုချုပ်ထားရင်လည်း ထမင်းမကျွေးပါဘူး။ အိမ်က ထမင်းပို့ပေးရတယ်။ နောက်ပိုင်း စစ်အုပ်ချုပ်ရေးမှာလည်း လယ်သမားတွေ ဒီလို စပါးရောင်းပေးရတာပါပဲ။ စပါးရောင်းပေးရုံတင်မက ဓာတ်မြေသြဇာတွေကို ဈေးကြီးပေးပြီး မ၀ယ်မနေရ ၀ယ်ကြရတယ်။
ဒီတော့ ဒီဘက်ခေတ်မှာ တောင်သူလယ်သမားတွေကို ကျွန်တော်တို့တစ်တွေ တော်ရုံနဲ့ စည်းရုံးလို့ မရတော့ပါဘူး။ ကြောက်လို့သာ လက်ခံမှာ။ ဒီလူတွေဟာ တို့အတွက် ကိုယ်ကျိုးစွန့်ကာ လာရောက်လုပ်ဆောင်နေတယ်လို့ ဘယ်သူကမှ မယုံနိုင်ကြဘူး။
မကြာသေးမီက လစာတိုးတဲ့ အရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အချေအတင် ဆွေးနွေးကြတယ်။ လွှတ်တော်မှာ တာဝန်ရှိသူက မြန်မာ့လူဦးရေ သန်း ၆၀ ကျော် ရှိတဲ့အနက် ၀န်းထမ်း ၂ သန်း ၈ သိန်းကို ကွက်ပြီး လစာတိုးပေးရတာ မသင့်လျော်ကြောင်း ငြင်းဆိုခဲ့တယ်။
ဒါပေမယ့် အားလုံး သာတူညီမျှ တစ်လ သုံးသောင်း လစာတိုးပေးတယ်။ ကျွန်တော်ဆိုလိုတာက နိုင်ငံတော်မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ၇၀ ရာခိုင်နှုန်း (လူဦးရေ ၄၂ သန်းခန့်) ကို ကူညီဖို့ အခက်အခဲတွေ များစွာရှိမှာပါပဲ။
လယ်သမားတွေဟာ ကျေးဇူးရှင်တွေပါ.....။
၅။ ကျွန်တော့်ယူဆချက်ကတော့ Micro-financing ဆိုတဲ့ အသေးစား ငွေချေးမှုလုပ်ငန်းတွေကို လုပ်ဆောင်ရုံနဲ့တော့ ပြေလည်မှာ မဟုတ်နိုင်ဘူး။ ကျွန်တော်တို့က ငါးကိုသာ ပေးတယ်။ ပိုက်ကွန် မပေးနိုင်ကြဘူး။ ကျွန်တော်တို့ဆီမှာ ပြည်သူတွေကို အလုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ လိုတယ်လို့ အချို့က ဆိုတယ်။ ပြည်သူတွေကို အကူအညီပေးနေတဲ့ NGO လို အဖွဲ့အစည်းတွေလိုတာ အသေအချာပဲ။ ဒါပေမယ့် ဒါဟာလည်း တိကျတဲ့ အဖြေ မဟုတ်သေးပါဘူး။
သမ္မတကြီးရဲ့ တောင်သူလယ်သမားနေ့မှာ ပို့တဲ့သ၀ဏ်လွှာကို ဖတ်ကြည့်တဲ့အခါ ပညာမတတ်လို့ လယ်လုပ်ရတယ် ဆိုတာထက် ပညာတတ်လို့ လယ်လုပ်တယ်ဆိုတဲ့ စကားကို ကြားရပေမယ့် ကျွန်တော်တို့ဟာ ဆင်းရဲမယ်၊ မွဲတေမယ်။ ဒါပေမယ့် ပညာမတတ်ရင်တော့ ဆင်းရဲတွင်းကနေ ဘယ်သူဆွဲထုတ်ထုတ် ထုတ်လို့ရမှာ မဟုတ်ဘူး။
ကျွန်တော်တို့တစ်တွေ စစ်မှန်တဲ့ ပညာတွေကို တတ်ဖို့လိုတယ်။ တစ်ချိန်တည်းမှာ အစိုးရနဲ့ NGO ကလည်း စောင့်ရှောက်သွားရမှာဖြစ်တယ်။
ကျွန်တော်တို့ လယ်သမား သားသမီး အများစုဟာ ပညာကိုတတ်ရမယ်။ စာတွေ ဖတ်နိုင်ရမယ်။ သူတို့ကို ကျောင်းနေနိုင်အောင် စီစဉ် ဆောင်ရွက်ပေးရပါမယ်။ သူတို့ကို ကျောင်းတွေကိုသွားပြီး စာတွေကို ကြက်တူရွေးကျက်သလို ဆိုဖို့မဟုတ်ဘူး။ သူတို့တစ်တွေကို ပြည်သူ့နီတိ လူမှုရေး နိုင်ငံရေးပထ၀ီ သမိုင်းတွေကို ကြားဖူးနားဝရှိအောင် သင်ပေးရမယ်။ မူလတန်း ပြီးတာနဲ့ သူတို့ဟာ ရေးတတ် ဖတ်တတ်တဲ့သူတွေဖြစ်အောင် အကူအညီတွေ ပေးရမယ်။ အတွေးအခေါ်တွေ မြင့်မားအောင် နမူနာတွေ ပေးရမယ်။ သူတို့ စာမရလို့ ဆုံးမတဲ့အခါ ရင်မနာသွားပါစေနဲ့။ သူတို့တစ်သက်မှာ စာအုပ်တွေ ဖတ်ချင်လာသူတွေ ဖြစ်အောင် သွေးဆောင်ပေးရပါမယ် ဆင်းရဲတွင်းကထွက်ဖို့ ပညာတတ်ဖို့ စာတွေ ဖတ်ရမယ်...။
၆။ အုပ်ချုပ်တဲ့သူတွေဟာ ရွာသားတွေကို ကူညီနေပါတယ်လို့ မြင်အောင် ဘယ်လိုလုပ်သင့်လဲ။ ဘက်လိုက်မယ်။ တရားမျှတမှု မရှိတာတွေမျိုး ဖြစ်လာမယ်ဆိုရင်တော့ ခေါင်းဆောင်တွေကို တစ်သက် ယုံတော့မှာ မဟုတ်ဘူး။ လူတွေရဲ့ စိတ်က ခက်တယ်။ တစ်ခါမုန်းရင် အမြဲမုန်းတတ်တယ်။ ကျွန်တော်တို့ဆီမှာ အုပ်ချုပ်သူတွေကရော ဘယ်သူတွေလဲ။ တစ်ခါ ဖိနှိပ်ချုပ်ချယ်သူတွေ အများကြီး ပါဝင်လာပါတယ်။ သူတို့ဟာ လုပ်တတ်ကိုင်တတ်သူတွေ ဖြစ်တာတော့ သေချာပါတယ်။ ဒါကြောင့်လည်း သူတို့ကို နေရာပေးထားတာပါ။ ကောင်းပါတယ်။ ဒါပေမယ့် အခက်တစ်ခုတော့ ရှိတယ်။ အဲဒါက သူတို့ဟာ ကောင်းရာမွန်ရာတွေကို ကြိုးစားလုပ်ဆောင်သော်လည်း တော်ရုံတန်ရုံ လူတွေကတော့ ယုံမှာမဟုတ်ဘူး။
အချိန်လေးတော့ ပေးပါ...။
ဒေါက်တာခင်မောင်ညို
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၉၇။
[ပြည်သူ့ခေတ် ဆောင်းပါးများ ပေါင်းချုပ်စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]
No comments:
Post a Comment