သုံးခွန်းတိတိ။ မှန်ပါ၏ သုံးခွန်းတိတိ။ ဂျာနယ်ဘုတ်အုပ်စာရွက်ကို ကိုင်ဆောင်၍ ဖတ်ရှုနေပြီးသည့်သကာလ ကျွန်ုပ် ဆက်တိုက်ကြီးဆိုသလို ကြိုက်သွားပြီ၊ ကြိုက်သွားပြီဟု အော်ထည့်လိုက်မိသည်မှာ တကယ့်ကို သုံးခွန်းတိတိ ဖြစ်ပါ၏။ ဟုတ်ကဲ့ သုံးခွန်းတိတိ။
ဤနေရာ၌ အဆွေ အသင် မောင်ရင် ဂျက်ကွမ်းခြံကုန်းသည် ဂျာနယ်ဘုတ်အုပ်စာမျက်နှာပေါ်၌ ဘဇာသို့သော အကြောင်းအရာကို ဖတ်ရှုလိုက်မိသောကြောင့် သို့ကလို၊ အနို့ကလို ကြိုက်သွားပြီဟု အော်ဟစ်ဘိသနည်းဟု အမေးစကား ရှိလာနိုင်ပါ၏။ ဤတွင် ကျွန်ုပ်ဖြေကြားလိုသည်မှာ တစ်ခွန်းတည်းသာ ရှိပါ၏။ ဂျူလီယန်အက်ဆန်း (Julian Assange) ဟူလို။
မှန်ပါ၏။ ယခု ပစ္စက္ခမျက်မှောက်ကာလ၌ ဟော့ (Hot) အဖြစ်ဆုံး လူသားတစ်ယောက်ကို ပြပါဟုဆိုလျှင် အသက် ၃၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသား အနှီလူရွယ် ဂျူလီယန်အက်ဆန်း (Julian Assange) ကိုပင် ညွှန်ပြရမည် ဖြစ်ပါ၏။ သူကား တိုင်းကျော်၊ ပြည်ကျော်၊ ကမ္ဘာကျော် ၀ီကီလိခ် (Wikileaks) ဟူသည့် ၀က်ဘ်ဆိုက်ကို တည်ထောင်ထားသူ ဖြစ်ပါ၏။ ယခုအခါ သူ့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်ကုန်ကြရသည်မှာ လူတိုင်းအသိပင်ဖြစ်ပါ၏။
အနှီကွန်ပျူတာတစ္ဆေသရဲ ဂျူလီယန်အက်ဆန်း (Julian Assange) ကား ကမ္ဘာအနှံ့ရှိ အမေရိကန်သံရုံး အသီးသီးမှ ကန့်သတ်အဆင့်ရှိသော သံရုံးမှတ်တမ်းဆိုင်ရာ အချက်အလက်တို့ကို ထုတ်ပြန်လိုက်လေရာ မဟာလျှို့ဝှက်မှုတို့ ပေါက်ကွဲပွင့်အန် ထွက်ကျလာတော့ကာ မျက်နှာပူစရာတို့ ဖြစ်လာကြရချေကပြီ။ ဂျူလီယန်အက်ဆန်း (Julian Assange)ကား သူ့၌ အချက်အလက်ပေါင်း နှစ်သိန်းခန့်ရှိကြောင်းနှင့် ယခု ထုတ်ပြန်ဖွင့်ချလိုက်သည်မှာ ထောင်ဂဏန်းမျှသာရှိသေးကြောင်း ခပ်တင်းတင်း ဆိုလိုက်ချေသောအခါ ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်တို့ ပို၍သာလျှင် ပြူးတူးပျာတာ ဖြစ်ကြရကုန်ပါ၏။ မိုက်ပါပေ့ အသင် ဂျူလီယန်အက်ဆန်း (Julian Assange) ငဲ့လေ။ ထား။
ကျွန်ုပ်ကား ထိုအနှီ ဂျူလီယန်အက်ဆန်းနှင့် ပတ်သက်၍ အခိုက်ကြီးခိုက်၊ အကြိုက်ကြီးကြိုက်သွားမိသော အချက်တစ်ချက် ရှိပါ၏။ ယင်းမှာ အခြားမဟုတ်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်သော အကျင့်။ ကြည့်စမ်းပါလေ ထိုဝီကီလိခ် ၀က်ဘ်ဆိုက်၏ ဦးဆောင်ပုဂ္ဂိုလ် ထိုလူရွယ်ကလေးသည် ဆံပင်ညှပ်ဆိုင်သို့ ဘယ်သောအခါမျှ မသွားပါလေတဲ့။ ဆံပင်ညှပ်ဆိုင်၌ နာရီဝက် တစ်နာရီ ထိုင်နေရခြင်းသည် အချိန်ကုန်သည် ဟူသတတ်။ သို့ဖြစ်ရာ သူသည် ဆံသဆရာကို အိမ်သို့ခေါ်၍ ညှုပ်လေ့ရှိပြီး ခေါင်းအညှပ်ခံနေရစဉ် ထိုပုဂ္ဂိုလ် လုပ်ကိုင်ဆောင်ရွက်နေသည်က ကွန်ပျူတာကီးဘုတ် (Key board) ပေါ်၌ လက်ကလေးများကို ပြေးလွှားဆော့ကစားနေခြင်းဟူလို။
ကျွန်ုပ် ဤစာလွှာ ပထမကနဦး၌ ကြိုက်သွားပြီ၊ ကြိုက်သွားပြီနှင့် သုံးကြိမ်တိတိ အော်ဟစ်မိကြောင်း ဖော်ပြထားခဲ့သည်မှာ ယင်း၎င်းအချက်ကြောင့် ဖြစ်ပါ၏။ ခေါင်းအညှပ်ခံရင်း ကွန်ပျူတာကိုင်နေမှတော့ တော်ပေတော့မပေါ့ဟု နှလုံးသွင်းမိကာ ကျွန်ုပ်သည်လည်း စာရေးဆရာပီပီ အချိန်ကို အအားမထားတော့ဘဲ ဘုတ်အုပ်စာပေများကို ဖတ်ရှုတော့အံ့ဟု သန္နိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တော့ကာ လက်တွေ့အကောင်အထည် ဖော်မိခဲ့ပါတော့၏။
စဉ်းငယ်ခန့် မျှဝေပါရစေ။
ကျွန်ုပ်ကား အချိန်ကို အကျိုးရှိရှိ အသုံးချကာ ဂျူလီယန်အက်ဆန်းပမာ ကျင့်ကြံတော့ပေအံ့ဟု ဆုံးဖြတ်ပြီးသည့် နေ့မှစကာ ကျွန်ုပ်၏ သွားလေရာပါသော ဘက်အိတ် (BAG)ထဲ၌ ဘုတ်အုပ်အထူကြီးများကို ထည့်၍ ယူဆောင်သွားပြီးလျှင် အချိန်ရလျှင်ရသလို ဖတ်ရှုလေ့လာ၍သာ နေတော့ပါ၏။ ကျွန်ုပ်သည် အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်(Margaret Michell) ၏ Gone with the wind ခေါ် လေရူးသုန်သုန် ဘုတ်အုပ်ကြီးကို ရွှေဂုံတိုင်မီးပွိုင့်၌ ဘတ်စ်ကား မီးနီမိ၍နေစဉ် ဖတ်ပစ်လိုက်၏။ အနို့အတူ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း၏ War and Peace ခေါ် စစ်နှင့် ငြိမ်းချမ်းရေး ဘုတ်အုပ်ကြီးကိုလည်း လှည်းတန်းမီးပွိုင့်၌ မီးနီမိနေစဉ်တွင် ဖတ်ရှုပစ်လိုက်ခဲ့ခြင်း ဖြစ်ပါ၏။ ဆရာကြီး ရွှေဥဒေါင်း၏ ဘ၀တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို တယ်လီဖုန်း Bill ဆောင်ရန် စောင့်ဆိုင်းနေစဉ်၊ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများကို တာမွေဈေးမှတ်တိုင်၌ ဘတ်စ်ကားရပ်ထားစဉ်၊ စာရေးဆရာမ M.M.Kaye ၏ Far Pavilione ခေါ် ရွှေပြည်တော်မျှော်တိုင်းဝေး ဘုတ်အုပ်ကြီးကို မီတာခပေးရန် စောင့်ဆိုင်းနေစဉ် စသည်၊ စသည်ဖြင့် အချိန် အလဟဿမထားဘဲ အသုံးချ ဖတ်ရှုပစ်ခဲ့ရာ စာပေဖတ်ရှုလေ့လာခြင်း လမ်းကြောင်းမှာ အတော့်ကိုပင်လျှင် ခရီးပေါက်၍ ပြီးမြောက်ခဲ့ပါချေ၏။
ဂျူလီယန်အက်ဆန်းတစ်ယောက် ကွန်ပျူတာကိုင်ရင်းနှင့် ဆံပင်အညှပ်ခံသလို အချိန်ကို အကျိုးရှိရှိ အသုံးချခြင်းဖြင့် ပေါက်မြောက်ထူးချွန်သော ဘ၀သို့ မဆိုင်းမတွ ရောက်ရှိသွားနိုင်ပါကြောင်း ကျွန်ုပ်၏ ကိုယ်တွေ့ကို အခြေခံကာ တင်ဆက်ခဲ့ရပါကြောင်းဟူလို။
[ဂျက်ကွမ်းခြံကုန်း၏ ကူးတို့ဆိပ်ကမှို့အိတ် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]
No comments:
Post a Comment