(က)
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ သေချာပေါက်ရှုံးမှာပဲလို့ ထင်နေမိတယ်။။ အပတ်စဉ်ထုတ်တဲ့ ဂျာနယ်ကိုတောင် ကျွန်တော်တို့မှာ ကုန်အောင်မဖတ်နိုင်ဘူး။ နေ့စဉ်သတင်းစာထုတ်လောက်အောင် ဘာသတင်းတွေကို နေ့စဉ်ရေးကြမလဲ စိတ်ဝင်စားမိတယ်။ နောက်တစ်ခုက ဈေးနှုန်းကိစ္စ။ အစိုးရက အရှုံးခံပြီး လုပ်ပေးနေတဲ့ သတင်းစာတွေတောင်မှ လူတိုင်းဝယ်ဖတ်နိုင်ကြသေးတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံး ပျံ့သေးတာ မဟုတ်ဘူး။ ပုဂ္ဂလိကသတင်းစာတွေက တစ်စောင်ကို ၁၀၀ ကျပ်လောက်နဲ့ ထုတ်နိုင်မှာလား။ အဲဒါလည်း စိန်ခေါ်မှုပဲ။ သူများနိုင်ငံတွေမှာ နာမည်ကြီး သတင်းစာတွေ တစ်ခုပြီးတစ်ခု ပြိုလဲကုန်တယ်၊ နောက်ထပ် ပြိုလဲဦးမယ့် သတင်းစာတွေလည်း တွေ့နေရတယ်။ အွန်လိုင်းမီဒီယာခေတ်ကို ကူးပြောင်းနေတဲ့ အချိန်မျိုးမှာ မြန်မာပြည်က အခုမှ သတင်းစာကို အသည်းအသန် ထုတ်ကြမတဲ့။ ဒါလည်း တွေးကြည့်ရင် အတော်စိတ်မကောင်းစရာ ကိစ္စဖြစ်သလို၊ အတော်စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုပဲဗျ။ နေ့စဉ်ထုတ် သတင်းစာတွေရဲ့ အဓိကဈေးကွက်ဟာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးကလွဲရင် ဘယ်မှမဖြစ်နိုင်ဘူး။ အဲဒီမြို့တော်ကြီးတွေကလည်း မြန်မာနိုင်ငံမှာ အင်တာနက်အသုံးဆုံး မြို့တွေပါ။ အွန်လိုင်းက သတင်းတွေကိုတောင် တစ်နေ့တစ်နေ့ ဖတ်လို့မနိုင်တဲ့ကိစ္စ နေ့စဉ်ထုတ်သတင်းစာကို စိတ်ကူးထဲ ထည့်ဖို့ဆိုတာ အတော်မဖြစ်နိုင်တဲ့ ကိစ္စလို့ပဲ မြင်မိတယ်။ အခုခေတ်လူငယ်တွေက သတင်းစာကို လက်မှာကိုင်ပြီး ဖတ်ချင်တာမဟုတ်ဘူး၊ သူတို့တွေက e-devices လေးတွေကိုင်ပြီး ဖေ့ဘုတ်တို့၊ ၀က်ဘ်ဆိုက်တို့က သတင်းတွေကိုပဲ ကြည့်ချင်ကြတာ။
အတွေး - နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်တဲ့အခါ အစိုးရက ထုတ်နေတဲ့ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ကို လက်ညှိုးထိုးပြီး ရန်ရှာလိမ့်မယ်၊ မယုံရင်စောင့်ကြည့် ...။
( ခ )
အခုတလော ဘာသာရေးဝါဒဖြန့်မှုတွေ၊ အငြင်းပွားမှုတွေ၊ လှုံ့ဆော်မှုတွေ မမြင်ချင်တဆုံး ဖြစ်နေတယ်။ စိတ်မချမ်းမသာ ဖြစ်မိတာ အမှန်ပါပဲ။ ဘာသာရေးကိစ္စဆိုတာ အထိခံတဲ့ ကိစ္စမဟုတ်ပါဘူး။ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ကိစ္စမှာ ကျွန်တော်ကိုဉာဏ်က တွေးမိတာလေးတွေ ၀င်ပြောပါရစေဦး။ ဆဲလိုက ဆဲကြစေ၊ ဆော်လိုက ဆော်ကြစေတော့။ ဘာသာရေးကို ကာကွယ်ရမတဲ့၊ စောင့်ရှောက်ရမတဲ့၊ ဟုတ်တာပေါ့... လုပ်ကိုလုပ်သင့်တဲ့ အလုပ်ပေပဲ။ ကိုဉာဏ်တို့ငယ်ငယ်ကဆို လူကြီးသူမတွေကို ကန်တော့တဲ့အခါ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နိုင်တဲ့လူ ဖြစ်ပါစေလို့ ထည့်ပြီးတော့ ဆုပေးတတ်တာကို အမြဲအမှတ်ရမိတယ်။ မှန်တာပေါ့... အင်မတန်မှ မွန်မြတ်လှတဲ့၊ အဖိုးတန်လှတဲ့၊ အနှိုင်းမဲ့လှတဲ့၊ သမိုင်းကြောင်းကောင်းတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကျွန်တော်တို့တွေ ကာကွယ်ကြရမှာပေါ့၊ စောင့်ရှောက်ကြရမှာပေါ့။ ဒါဖြင့် ဘယ်လိုစောင့်ရှောက်ကြမှာတုန်း... တုတ်တွေနဲ့လား...၊ ဓားတွေနဲ့လား...၊ သေနတ်တွေနဲ့လား...၊ ဘာနဲ့စောင့်ရှောက်ကြမှာလဲ။ ဘယ်လိုကာကွယ်ကြမှာလဲ...။ ကိုယ့်ဘေးမှာရှိတဲ့ အဘိုး၊ အဘွားတွေ လူကြီးသူမ ဆရာသမားတွေကို မေးမြန်းကြည့်ကြပါဦးကွယ်ရို့။ ချဟ၊ သတ်ဟ၊ ရိုက်ဟ၊ ဖျက်ဟ၊ နှက်ဟ၊ ကိုင်ဟ၊ .... စတာတွေဟာ ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်တွေ မဟုတ်ပါဘူး၊ ဘုရားရှင် ဟောပြသွန်သင်ခဲ့တဲ့ တရားတွေ မဟုတ်ပါဘူး။ သာသနာတော်ကိုကြီးကို ကျွန်တော်တို့တွေက စောင့်ရှောက်ချင်ကြတယ်...၊ ကာကွယ်ချင်ကြတယ်...၊ သိပ်ကောင်းတဲ့ စိတ်ကူးပေပ။ ဒါပေမယ့် တစ်ခုလောက် စဉ်းစားကြည့်ကြစေချင်တယ်။ သာသနာတော်တစ်ခုလုံးကို ကာကွယ်တဲ့ကိစ္စ အသာထားကြဦးစို့... ပထမဆုံးအနေနဲ့ ငါးပါးသီလကို ကျွန်တော်တို့တွေ လုံအောင်ထိန်းနိုင်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ကြစေချင်တယ်။ သူများကို ပြုပြင်ရတာလည်းမဟုတ်၊ စောင့်ကြည့်ရတာလည်းမဟုတ်၊ ကာကွယ်ခုခံရတာလည်းမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ထိန်းသိမ်းခိုင်းတာပါ။ ကိုယ့်ဘာသာကိုယ် မေးကြည့်စေချင်တယ်... ငါဟာ အခုဆိုရင် အသက် ........ နှစ် ရှိပြီ။ ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ ငါးပါးသီလကို မပျက်မယွင်း စောင့်ထိန်းနိုင်ခဲ့တာ အချိန်ဘယ်လောက်များ ရှိသလဲဆိုတာပေါ့။ အခုတော့ သာသနာတော်အရေးကိစ္စကို ဘီယာဆိုင်မှာ ဘီယာသောက်ရင်း၊ ပန်းကုံးစွပ်ရင်း၊ ချီးယားအော်ရင်း ဆွေးနွေးတိုင်ပင်ကြတာ၊ လက်ခမောင်းခတ်ကြတာကတော့ မကောင်းဘူးထင်ပါရဲ့ဗျာ။ ကျွန်တော့်အသက်နဲ့ထပ်ပြီး အကြံပေးချင်တယ်။ မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တိုင်း ငါးပါးသီလကို နေ့စဉ်လုံအောင် ထိန်းသိမ်းကြပါ။ အို... နောက်ဆုံး ၁၀၀% မဟုတ်လျှင်တောင် ဗုဒ္ဓဘာသာဝင် စုစုပေါင်းရဲ့ ၅၀%က ငါးပါးသီလကို ခါးဝတ်ဘောင်းဘီကဲ့သို့၊ ပုဆိုးကဲ့သို့ မြဲအောင်ထိန်းနိုင်ကြလျှင် ဗလီလည်း ဖျက်စရာမလိုပါ၊ ၀ီရသူလည်း လှုံ့ဆော်စရာမလိုပါ၊ ဘုရားရှိခိုးကျောင်းတွေကိုလည်း ကြောက်စရာမလိုပါ၊ မော်လ၀ီကိုလည်း မှုစရာမရှိပါ...။ မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းသာယာပါလိမ့်မည်၊ ဘာသာရောင်၊ သာသနာရောင် ထွန်းပြောင်ပါလိမ့်မည်။ ထိုသို့မဖြစ်လျှင် ကျွန်တော်ကိုဉာဏ်ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ စီရင်နိုင်ကြပါတယ်ဗျာ။
အတွေး - သာသနာတော်နှစ် ဘယ်လောက်ရှိပြီလဲဆိုတာကိုတောင် မသိတဲ့လူတွေ၊ ငါးပါးသီလထဲက နှစ်ပါးတောင် မလုံတဲ့လူတွေက အွန်လိုင်းမှာ ဘာသာရေးတိုက်ပွဲ ဆင်နွှဲနေကြတာကိုကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်မိတယ်။
( ဂ )
မြန်မာတွေများ ကိုယ့်ထမင်းကိုယ်စားပြီး တရုတ်ကို မုန်းပုံများတော့ တကယ့်ကို စံတင်လောက်ပါတယ်။ အများစုက တရုတ်ကို သူများမုန်းလို့သာ မုန်းနေရတာ ဘာမှန်းလည်း သေချာသိတာမဟုတ်။ မြန်မာမီဒီယာတွေရဲ့ သောက်သုံးမကျမှု၊ နိုင်ငံရေးသမားအချို့ရဲ့ မှိုင်းတိုက်မှုတွေကြောင့် တရုတ်ဆိုတာနဲ့ တစ္ဆေသရဲလို ဖြစ်နေတာဟာ အတော်အံ့သြဖို့ကောင်းတယ်။ အဲဒီလောက် မုန်းတီးနေရင်လည်း တရုတ်မှန်သမျှ အကုန်ဆန့်ကျင်ကြပေါ့ကွာ။ သုံးနေတဲ့ ကွန်ပျူတာက Made in China၊ ဖွင့်ထားတဲ့ မီးသီး၊ မီးချောင်းက Made in China၊ စီးနေတဲ့စက်ဘီး၊ ဆိုင်ကယ်က Made in China၊ သုံးတဲ့ဖုန်းက Made in China၊ ကဲ... ခင်ဗျားတို့ မုန်းကြပါတယ်ဆိုတဲ့ တရုတ်ကလုပ်တဲ့ ပစ္စည်းတွေလေ၊ မသုံးဘဲ နေကြပါလားဗျ။ တောက်... မြန်မာပြည်မှာမို့ပေါ့ဗျာ မိခင်နို့စို့ပြီး ကြီးတယ်လို့ အများစုကပြောနိုင်တာ၊ ဒါတောင်မှ အချို့တွေဆိုရင် တရုတ်နို့မှုန့်သောက်ပြီး ကြီးပြင်း၊ တရုတ်က ကလေးကစားစရာတွေ ဆော့ပြီး လူလားမြောက်လာခဲ့ပြီး အခုကျမှ တရုတ်မုန်းတီးရေး လုပ်နေတာတော့ အင်း... ဟုတ်တော့ ဟုတ်နေပြီဗျို့။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်စဉ်းစားကြပါ။ တရုတ်ကို ဘာလို့မုန်းတာလဲ။ မန္တလေးမြို့ဟာ တရုတ်နိုင်ငံ အငယ်စား ဖြစ်နေပြီတဲ့။ မေးစမ်းပါရစေဦး... တရုတ်တွေက မင်းတုန်းမင်းလက်ထက်ကတည်းက၊ သီပေါမင်းလက်ထက်ကတည်းက အဲဒီနေရာတွေမှာ နေကြတာလား။ ဒါမှမဟုတ် အခုသူတို့နေတဲ့ နေရာတွေမှာရှိတဲ့ မြန်မာတွေကို သတ်ပစ်လိုက်ကြပြီး တက်နေကြတာလား၊ ဖယ်ပေးမလား၊ မဖယ်ပေးဘူးလားဆိုပြီး ခြိမ်းခြောက်ပြီး မောင်းထုတ်လိုက်ကြတာလား၊ စဉ်းစားကြစေချင်ပါတယ်...။ ထပ်ပြောပါရစေဦး... မြန်မာပြည်မှာ တရုတ်တွေ ကြီးစိုးလာတော့ အမျိုးသားရေး အသိရှိရမယ်တို့၊ မျိုးချစ်စိတ် မွေးရမယ်တို့ ကျွန်တော်တို့မြန်မာတွေ ပြောကြတယ်နော်။ ဟုတ်ပြီ.... စင်ကာပူမှာ သွားပြီး အလုပ်လုပ်နေတဲ့ မြန်မာတွေက ဘာကိစ္စ စင်ကာပူအစိုးရရဲ့ သူ့နိုင်ငံသားတွေကို ဦးစားပေးပြီး နိုင်ငံခြားသားတွေကို နှိပ်ကွပ်ထားတဲ့ ဥပဒေတွေကို ဝေဖန်ကြတာလဲ၊ ကန့်ကွက်ကြတာလဲ။ စင်ကာပူမှာ မြန်မာမို့ အိမ်ဝယ်ဖို့မလွယ်တာ၊ မရတာကို ဘာဖြစ်လို့ ဝေဖန်ကြတာလဲ။ ကိုဉာဏ်ဆိုတဲ့ ကျွန်တော့်အပေါ် ဒေါသဖြစ်တဲ့စိတ်ကို ခဏချိုးနှိမ်ပြီး ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါတယ်။ စေ့စေ့တွေးရင် ထင်းထင်းကြီး ပေါ်လာပါလိမ့်မယ်။ တစ်လက်စတည်း ထပ်ပြောပါရစေဦး။ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ မြန်မာတိုင်းဟာ ရိုးသားကြသလား၊ ကြိုးစားကြသလား၊ ဖြောင့်မတ်ကြသလား၊ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာတိုင်းကရော ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်တဲ့လူတွေချည်းပဲလား၊ ထို့အတူ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ဂျော်ဒန်၊ ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီး၊ စတဲ့စတဲ့ နိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့၊ ပညာသွားသင်ကြတဲ့ မြန်မာတွေအားလုံးဟာ ရိုးသားကြသူတွေချည်း၊ ကြိုးစားကြသူတွေချည်း၊ ဖြောင့်မတ်မှန်ကန်ကြသူတွေချည်းပဲ ဖြစ်ကြပါသလား။ တစ်ယောက်ကြောင့်၊ တစ်ဖွဲ့ကြောင့် ပြဿနာတစ်ခုခုဖြစ်လို့များ မင်းတို့မြန်မာတွေဟာ ကောင်းတဲ့လူမျိုးတွေ မဟုတ်ဘူးကွဆိုပြီး အဲဒီနိုင်ငံတွေက ကျွန်တော်တို့ဆီမှာ အခုတရုတ်တွေကို အဆိုးမြင်သလို မြင်ကြမယ်ဆိုရင် ဘယ့်နှယ် လုပ်ကြမတုန်း။ မြန်မာ့သတ္တိ ကမ္ဘာကသိစေရမယ်ဆိုပြီး ပွဲကြမ်းလိုက်မယ့်ဖြစ်ခြင်း၊ မြင်ယောင်မိပါသေးရဲ့ဗျာ။ ကိုယ့်နိုင်ငံကဖြင့် အပ်တောင်မလုပ်တတ်၊ အပ်ချည်လုံးတောင် မထုတ်နိုင်၊ မုတ်ဆိတ်ရိတ်ဓားတောင် မလုပ်နိုင်သေးဘဲ တရုတ်ပစ္စည်းတွေသုံးပြီး တရုတ်ကို မကောင်းပြောတာတော့ သိပ်မဟုတ်လှဘူးဗျာ။ ကိုဉာဏ်ဆိုတဲ့ ကျွန်တော်က ကိုယ့်ဘာသာကိုယ် တွေးကြည့်လိုက်တယ်... တရုတ်ပစ္စည်းကင်းစင်တဲ့ နေ့စဉ်လူနေမှုဘ၀ကို စဉ်းစားကြည့်မိတော့ သစ်ခက်သစ်ရွက်လေးတွေကို နှီးကြိုးလေးနဲ့သီပြီး အရှက်လုံအောင်ဖုံး၊ စမ်းချောင်းဘေးမှာ ဖက်ရွက်ကို ကန်တော့ထိုးပြီး ရေခပ်သောက်၊ ၀ါးလုံးကို တစ်ဖက်ပိတ်အဆစ်ဖြတ် အထဲမှာဆန်ထည့် ရေထည့်ပြီး ထိပ်ကနေဖက်နဲ့ပိတ် မီးပုံပေါ်တင်ပြီး ချက်ထားတဲ့ ထမင်းကိုစား၊ အာကာသထဲက အချက်အလက်တွေကို လိုချင်တဲ့အခါ အထက်ပုဂ္ဂိုလ်တွေ၊ တောစောင့်တောင်စောင့်နတ်တွေကို တိုင်တည်ဆုတောင်းပြီး အကြားအမြင်တောင်း၊ လရောင်အောက်မှာ ကြောင်တောင်တောင်ဖြစ်နေတဲ့ ငနဲသားတစ်ကောင်ကိုသာ မျက်စိထဲမှာ မြင်ယောင်လာကြောင်းပါဗျာ။
အတွေး - ကျွန်တော်က တရုတ်လိုလားသူ မဟုတ်သလို၊ တရုတ်မုန်းတီးသူလည်း မဟုတ်ပါဘူး။ ကောင်းတဲ့လူမှန်သမျှကို မေတ္တာထားနိုင်ပြီး မကောင်းတဲ့လူ မှန်သမျှကို တံတွေးတောင် လှည့်မထွေးချင်တဲ့ အူကြောင်ကြောင် လူတစ်ယောက်ပါ။ တရုတ်မုန်းတီးရေးဆိုတာ နိုင်ငံရေးသမားတွေရဲ့ Political Maneuver ဆိုတာ ကျွန်တော်မသိခဲ့ရင် အတော်ကောင်းမှာပဲ။
(ဃ)
ကျွန်တော်ဟာ Channel 7 က တင်ဆက်နေတဲ့ ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် အစီအစဉ်နဲ့ ဉာဏ်ရည်နဲ့ ခွန်အား အစီအစဉ်တွေကို အားပေးသူတစ်ယောက်ပါ။ ဉာဏ်စမ်းပဠေဟိဆန်ဆန် မေးတာကို လိုက်ဖြေရတာ အရမ်းသဘောကျလို့ပါ။ အစီအစဉ်က ကောင်းပေမယ့်လို့ ပါဝင်ယှဉ်ပြိုင်တဲ့ သရုပ်ဆောင်တွေ၊ လူငယ်တွေရဲ့ ဗဟုသုတခေါင်းပါးမှုတွေကို မြင်ရ၊ ကြားရတဲ့အခါ အတော်ကြီးကို စိတ်မကောင်းဖြစ်မိတယ်၊ ရင်လည်း လေးမိတယ်၊ စိုးရိမ်စိတ်လည်း ဖြစ်မိတယ်၊ အံ့သြမှုလည်း ဖြစ်ရတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကို အမြစ်ကစပြီး မြေလှန်ပစ်ရမယ်ဆိုတာ အဲဒီအစီအစဉ်တွေကြည့်တိုင်း တွေးမိတယ်။ စာမေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့ စာကျက်ရမယ်၊ ကျူရှင်တက်ရမယ် ဆိုတဲ့ mind-set ကို မပြင်နိုင်သေးသရွေ့၊ တစ်နည်း ကျောင်းမှာစာသင်တာဟာ စာမေးပွဲအောင်ဖို့ ဆိုတဲ့အတွေးအခေါ်တွေကို မပြင်နိုင်သေးသရွေ့ တစ်နိုင်ငံလုံးက လူငယ်တွေဟာ ငါးတန်းနဲ့ပြိုင်လည်း နိုင်မှာမဟုတ်ပါဘူး။ ဒီအတိုင်း ဆက်သွားရင် နောက် ၁၀ နှစ်လောက်ဆိုရင် သူငယ်တန်းနှင့်ပြိုင် ဘယ်သူနိုင် ဆိုတဲ့အစီအစဉ်တွေ ရိုက်ကူးလာရနိုင်တယ်။ တွေးကြည့်တာနဲ့ ရင်လေးမိတယ်။ ပညာရေးတစ်ခုတည်း ပြင်လို့ ရတာမျိုးတော့ မဟုတ်ဘူး။ ပုခက်လွှဲတဲ့လက်တွေက အဓိကနေရာကနေ ပါဝင်မှဖြစ်မယ်။ ဟုတ်တယ်... မိခင်တွေက ကလေးငယ်တွေကို ပုံသွင်းတာကို ကျွန်တော်သိပ်ပြီး သဘောမကျလှဘူး။ ဒါပေမယ့် လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံမှာက ပုံသွင်းတဲ့စနစ်ကလွဲရင် အခြားစနစ်တစ်ခုကို ညွှန်ပြစရာကလည်း မရှိသေးဆိုတော့ အင်း... ခက်ချေပြီ။ ကလေးတွေ စာအုပ်တွေအများကြီးသယ်ပြီး ကျူရှင်သွားနေရင်၊ ကျောင်းသွားနေရင်၊ အိမ်မှာ ဆရာငှားပြီး သင်ပေးနေရင်၊ ၀ိုင်းဖွင့်ပြီး စာကျက်ခိုင်းထားရင် ဒီကလေးတွေဟာ အင်မတန်တော်၊ အင်မတန်ထက်တဲ့ ကလေးတွေ ဖြစ်လာမယ်လို့ မိခင်အများစုက ထင်မှတ်ထားကြတယ်။ ကိုယ့်ကလေးရဲ့ ဖတ်စာ,စာအုပ်တွေထဲမှာ ဘယ်လိုအကြောင်းအရာတွေ ဘယ်လိုသင်ခန်းစာတွေ ပါတယ်ဆိုတာတောင် သိလည်းမသိပါဘူး၊ သိလည်းမသိချင်ပါဘူး။ အင်း... ခေတ်ကိုပဲ အပြစ်တင်ကြဦးပေါ့။
အတွေး - တီဗီမှာ ဉာဏ်စမ်းမေးခွန်းတွေမေးတဲ့ အစီအစဉ်တွေဆို ကျွန်တော့်မှာ စိတ်ဝင်တစား ကြည့်မိတိုင်း မြန်မာ့ပညာရေးစနစ်အတွက် ရင်လေးမိတာ အမှန်ပါပဲ။ အချိန်မီ ပြင်နိုင်ကြပါ့မလား ဆိုတာကတော့ဖြင့်....။
( င )
အခုတလော ဖတ်မိသမျှသတင်းတွေက ပူပူလောင်လောင်တွေချည်းပဲ။ ဂျာနယ်တွေကို ကိုင်လိုက်မိတယ် ဆိုရင်ပဲ လက်ထဲမှာတောင် လာပူသလား အောက်မေ့ရတယ်။ တစ်နိုင်ငံလုံးအနှံ့ ဟိုနေရာမီးလောင်၊ ဒီနေရာ မီးလောင်၊ တကယ့်ကို မလွယ်လှပါဘူး။ ဈေးတွေ၊ ဆိုင်ခန်းတွေ အများဆုံး လောင်နေတာဟာလည်း စဉ်းစားသင့်တဲ့ကိစ္စပါ။ မြန်မာတစ်ပြည်လုံးအနှံ့ ဟိုနေရာ ဆူဆူပူပူ၊ ဒီနေရာ ဆူဆူပူပူတွေကလည်း အတော်များပါတယ်။ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဘေးကနေပြီး တိုင်းပြည်မငြိမ်မသက် ဖြစ်သွားပြီး အရင်တုန်းကလို ပြန်ဖြစ်သွားမှာကို ကြောက်တဲ့လူတွေ၊ စီးပွားရေးကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ဘဲ ဟိုပူဒီပူ ပူနေရတဲ့ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ အများကြီးကို ကွပ်ကဲလုပ်ကိုင်နေရတဲ့ အလုပ်ရှင်တွေ၊ စတဲ့ စတဲ့ လူအသီးသီးရဲ့ အပူတွေကလည်း နည်းတာမဟုတ်ပါဘူး။ အဲဒါကြောင့်များ ရာသီဥတုတွေ ပိုပူလာသလား မသိပါဘူး။
အတွေး - သတင်းတွေဖတ်ပြီး ဟိုပူရ၊ ဒီပူရနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကိုယ့်ရင်ထဲက အပူတွေကိုတော့ မေ့နေမိတယ်။ ဘုရား.... ဘုရား.... ကျွန်တော့်ရင်ထဲမှာလည်း မီးလောင်နေပါ့လား။
( စ )
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထွက်လာပါပြီ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ အကြံပြုတင်ပြချက်တွေကို ကျွန်တော်တို့တွေ လေးစားရပါမယ်။ ဟိုနေရာ၊ ဒီနေရာမှာ နလပိန်းတုန်းတွေ ပြောနေသလို ဒီကော်မရှင်ဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ ဖွဲ့ထားတဲ့ ကော်မတီ မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်စုတစ်ယောက်တည်းရဲ့ အစီရင်ခံစာ မဟုတ်ပါဘူး။ ကော်မရှင်မှာပါတဲ့ ပညာရှင်အားလုံး၊ ပုဂ္ဂိုလ်အားလုံးရဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ တကယ်လို့များ ကော်မရှင်အဖွဲ့ဝင်ထဲမှာပဲ ဒီအစီရင်ခံစာကို သဘောမကျတဲ့သူ ရှိခဲ့ရင်တောင် အများဆန္ဒအရ ဒီအစီရင်ခံစာ ထွက်လာတာဖြစ်တဲ့အတွက် လက်ခံရပါမယ်၊ နားလည်ရပါမယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဟိုပြော၊ ဒီပြော၊ တောပြော၊ တောင်ပြော လျှောက်ပြောနေလျှင်တော့ဖြင့် ကြေးနီတောင်ကိစ္စက အဓိကမဟုတ်ဘူး။ ဒါကို ခုတုံးလုပ်ပြီး ဆူဆူပူပူဖြစ်အောင်၊ အဓိကရုဏ်းဖြစ်အောင်၊ မငြိမ်မသက်ဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင်၊ နိုင်ငံရေးအမြတ်ထွက်အောင် လုပ်ခြင်းကသာ အဓိကဖြစ်တယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။ ပြည်သူတွေ မငြိုငြင်ရအောင် ပြည်သူတွေအလိုကျ အားလုံးလုပ်ရမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဘာလုပ်ငန်းမျှ မလုပ်ကြပါဖို့ပဲ တိုက်တွန်းရမှာပဲ။ မြန်မာပြည်ကို နိုင်ငံတကာက အကူအညီတွေ ပေးပါလို့ တစာစာတောင်းဆိုတာလည်း ဒီကလူတွေပဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာအောင် ဆောင်ရွက်ပေးပါလို့ တစာစာပြောနေတာလည်း ဒီနိုင်ငံကလူတွေပဲ၊ အဲဒီအချက်တွေ ဖြစ်မလာသေးတော့ အစိုးရက သောက်သုံးမကျဘူးတဲ့၊ ပြည်သူတွေအတွက် လုပ်မပေးဘူးတဲ့၊ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေကို အရေးမလုပ်ဘူးတဲ့။ တကယ်တမ်းလည်း စဉ်းစားကြည့်ကြပါဦး၊ အခုလို လုပ်ပုံနဲ့တော့ ဘယ်နိုင်ငံက စီးပွားရေးသမားကမျှ လာလုပ်မှာမဟုတ်ဘူး။ ဘယ်အလုပ်အကိုင် အခွင့်အလမ်းမျှလည်း ပေါ်လာစရာ မရှိဘူး။ မြန်မာပြည်မှာ လုပ်သားအင်အားပေါလို့ စက်ရုံလာတည်မိပါတယ်၊ အလုပ်သမားတွေက ဆန္ဒပြရတာနဲ့၊ စက်ရုံမြေနေရာက ဟိုအရင်က လယ်မြေမို့ဆိုတဲ့ တရားစွဲဆိုမှုတွေနဲ့၊ ဒီစက်ရုံဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့၊ ပြဿနာပေါင်းစုံနဲ့ အလုပ်လုပ်ရမယ့် အရေးကို ဘယ်လုပ်ငန်းရှင်ကများ စဉ်းစားပါမလဲ။ ကျွန်တော်ကိုဉာဏ်လည်း တဖြည်းဖြည်းနဲ့ တော်တော်မြင်ပြင်းကတ်လာပြီ။ နိုင်ငံကဖြင့် ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းကို အခုမှ ယိုင်တိယိုင်တိုင် စလှမ်းရတုန်းပဲ ရှိသေးတယ်။ ခြေထိုးမယ့်လူရယ်၊ ခြေထောက်ကိုရိုက်ချိုးမယ့်လူရယ် ဒီလိုလူတွေချည်းပဲ များနေတယ်။ ကျွန်တော်သာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်ဆိုရင် မြန်မာပြည်မှာ စက်ရုံလာတည်ဖို့၊ စီးပွားရေးလာလုပ်ဖို့ အတော်စဉ်းစားရမယ်။
အတွေး - ကိုယ်မကျေနပ်တာရှိတိုင်း ဆန္ဒဖော်ထုတ်တာ၊ ဆန္ဒပြတာ၊ စီတန်းလှည့်လည်တာ၊ အစိုးရကို ကလော်တုတ်တာ၊ မီဒီယာတွေကနေ ဟိုးလေးတကြော်ဖြစ်အောင်လုပ်တာ၊ စတာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေပဲဆိုတဲ့ အယူအဆကို ဘယ်သူတောင်းစားတွေက မြန်မာပြည်သူတွေရဲ့ ခေါင်းထဲကို ထည့်ပေးနေသလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ ကိုယ့်စိတ်တိုင်းကျ နေချင်ရင်လည်း တောထဲသာ သွားနေကြဗျာ။ အများနဲ့နေရင်တော့ .....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၁ နာရီ ၁၀ မိနစ်တွင်ပြီး၏။
မတ်လ ၁၃ ရက်နေ့က ဗုဒ္ဓဟူးပါ။
ReplyDeleteစာ ပိုဒ် " ဂ နဲ. စ " ကို အ ကြိုက် ဆုံး ဘဲ ။
ReplyDeleteအားပေးတဲ့အတွက် ကွန်းမန့်တွေအတွက် ကျေးဇူးတင်ပါတယ်။
ReplyDeleteမတ်လ ၁၃ ရက်နေ့က ဗုဒ္ဓဟူးနေ့ ဆိုတာ အမှန်ပါပဲ။
ကျွန်တော်မှားရေးတာပါ။ ပြင်လိုက်ပါပြီနော်။
ကျွန်တော့်စိတ်ထဲမှာ ဒီနေ့က အင်္ဂါနေ့လို့ ထင်နေတယ်။
အဲဒီလောက်အထိ Date ပျောက်နေတာဗျို့။ :D :D :D
ပြင်လိုက်ပါပြီခင်ဗျား။
လက်ပန်းတောင်းတောင်ကိစ္စမိားများရေးပါ။ အဓိက ၈၈ ခွေးဝဲစားတွေက ဘက်ပေါင်းစုံ ဆူပူမှုဖြစ်အောင် လုပ်နေတာ ။ပညာနည်းပါး မဟုတ်မခံ လူမှန်တွေကို လောဘနှင့်စည်းရုံး မောဟအမှောင်တိုက်သွင်းပြီး ငရဲရောက်အောင်လုပ်နေတာ။ မီးခိုးဗုံးစင်စစ်က လောကငရဲမီးဖြစ်ပြီး နမိတ်ပြတာကို မသိလေရော့သလား
ReplyDeleteကိုဉာဏ်ကိုအားပေးတဲ့သူတွေတော်တော်များနေပြီပဲ။
ReplyDeleteကို ဥာဏ်ရေ မြေ သိမ်း မြေယူ မစိုက် သူ company များ နဲ့ ..... မြေ ဈေး တွေအလွန် တက် လာ ချိန် မှာ မှ ...လော ဘ တွေ လိုက် တက် ပြီး (ဘယ်ဓါးမ ကိုမှ ဦးမချ ခဲ့ဘူး တဲ့) မြေ နေရာ အနှံ့ ဆိုင်း ဘုတ် လိုက် ထောင် နေကြ တဲ့ ( အောက် တန်းစား ပါတီ အချို့ရဲ့အခါ တော် ပေးတွေကြောင့်) မြေလု /တောင်း ကိစ္စတွေ အ ကြောင်းရေး စေချင် ပါ တယ် ။
ReplyDeleteကော်မရှင်၏ အစီရင်ခံစာအပေါ် လွှတ်တော်မှာအဆိုတင်သွင်းသည့် ဒေါ်ခင်စန်းလှိုင်က ထင်မြင်ချက်မပေးသေးပါ။
ReplyDeleteကိုဥာဏ်ရေ Thank ပါ။
ReplyDelete