Monday, April 08, 2013

ကျွန်တော်ဖတ်မိတဲ့ သတင်းတွေ၊ တွေးမိတဲ့ အတွေးတွေ


(က)
SIM Card တွေကို ဧပြီလ ၂၄ ရက်နေ့ကစပြီး တစ်ကဒ်ကို ၁၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာခဲ့ပါတယ်။ ကန့်သတ်ချက်အချို့ ရှိနေပေမယ့်၊ သမ္မတကြီးနဲ့ တာဝန်ရှိသူတွေရဲ့ စေတနာအတိုင်း တန်ဖိုးနည်းဈေးနှုန်းအတိုင်းမဖြစ်ဘဲ အပြင်မှာ အဆအတန်ငယ် ဈေးမြင့်နိုင်တဲ့ အလားအလာတွေ ရှိနေပေမယ့်၊ ဖုန်းကတ်အသုံးပြုရမယ့် ကန့်သတ်ချက်အချို့ဟာ သာမန်ပြည်သူတွေ (၀ါ) တောသူတောင်သားတွေ နားလည်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိပေမယ့် လူအများစု တယ်လီဖုန်းကိုင်နိုင်မယ့် အခွင့်အရေးမို့ သာဓုခေါ်ပြီး ကြိုဆိုလိုက်ပါတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေသာ မတက်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။ တော်တော်ကြာ... ကျွန်တော့်ဖုန်းကဒ်က သုံးနေတာ တစ်လလောက်ရှိပြီ.. အခု လိုင်းပိတ်သွားပြီတို့၊ ကျွန်တော်က တစ်ပတ်ကို ဖုန်းကတ် ၅၀၀၀ ကျပ်ဖိုးလောက် သုံးနေပေမယ့် သူ့အလိုလို ပိုက်ဆံတွေ လျော့လျော့နေတယ်တို့၊ အခု အသစ်ချပေးထားတဲ့ ၁၅၀၀ ကျပ်တန် ဖုန်းတွေရဲ့ ၀န်ဆောင်မှုကို ကျွန်မတို့ မလုပ်ပေးပါဘူးရှင်တို့ စတဲ့ စတဲ့ နောက်ဆက်တွဲတွေအတွက် ဘယ်လိုတွေများ ကြားရဦးမလဲလို့ စောင့်ကြည့်ရမှာပ။

(ခ)
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘိုအောဖိုရမ်ကို တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။ မလိုသူတွေ ဘယ်လိုပဲပြောပြော၊ ဘယ်လိုပဲ အပုန်ချချ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စိတ်ဝင်စားမှု အခံရဆုံး နိုင်ငံတစ်ခု ဖြစ်နေတယ်ဆိုတဲ့ အချက်ကတော့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလို အချက်တွေကို ကျွန်တော်တို့တွေ အခုအချိန်အထိ ပြည့်ပြည့်၀၀ အသုံးမချနိုင်သေးတာကလည်း ၀မ်းနည်းစရာပါပဲ။ အရင်တုန်းက တိုင်းပြည်မတိုးတက်တာဟာ ပြည်တွင်းစစ်ကြောင့်၊ အုပ်ချုပ်တဲ့အစိုးရကြောင့်၊ ပိတ်ဆို့မှုတွေကြောင့် စတဲ့စတဲ့ ခေါင်းစဉ်တွေနဲ့ လှည့်ပတ်ပြီး ဖြေသိမ့်လို့ရ၊ ပေါက်ကွဲလို့ ရပါသေးတယ်။ ဒီနေ့ဒီအချိန်လို ကာလမျိုးမှာ တိုင်းပြည်တိုးတက်ရေးကို အရှိန်အဟုန်နဲ့ မဆောင်ရွက်နိုင်သေးတာဟာ ဘာကြောင့်များလဲလို့ တွေးကြစေချင်ပါတယ်။ အစိုးရနဲ့ပြည်သူ တက်ညီလက်ညီနဲ့ လှော်ရမယ့်အချိန်မှာ တက်မြှောက်တဲ့လူ၊ ရေသာခိုတဲ့လူ၊ ကန့်လန့်တိုက်တဲ့လူ၊ ပြောင်းပြန်လှော်တဲ့လူ၊ လေနဲ့ပဲလှော်နေတဲ့လူ စတဲ့စတဲ့ ဝေလေလေတွေနဲ့ ရှေ့ကိုမရွေ့ဘဲ ရေလယ်မှာ တန့်နေတာကတော့ ဖြစ်သင့်မဖြစ်သင့် ၀ိုင်းဝန်းစဉ်းစားသင့်ကြပါကြောင်း။

(ဂ)
မိတ္ထီလာအရေးအခင်းကို စတင်မီးမွှေးခဲ့သူတွေနဲ့ ပိုမိုကြီးမားအောင် နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူတွေကို တရားစွဲဆိုမှုတွေ ပြုလုပ်သွားတော့မယ်လို့ ဖတ်ရပါတယ်။ တကယ်လုပ်တဲ့လူတွေ လုံးဝ မကျန်ရစ်ခဲ့ရလေအောင် ကြိုးစားဆောင်ရွက်ကြဖို့ တာဝန်ရှိသူများကို ပန်ကြားလိုက်ပါတယ်။

(ဃ)
ပြည်ပရောက် (တိတိကျကျပြောရရင် မွတ်စလင်နိုင်ငံတွေရောက်) မြန်မာတွေ အတော်ကြီးကို အနေရ၊ အထိုင်ရခက်ပြီး ဖိစီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အရမ်းစိတ်မကောင်း ဖြစ်မိသလို ကိုယ်ချင်းစာမိပါတယ်။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သူများနိုင်ငံမှာ အောက်ကျခံပြီး အလုပ်သွားလုပ်ကာမှ ကိုယ်လည်းမသိရ၊ မလုပ်ရပါဘဲ မြန်မာပြည်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် သူတို့ခမျာ မျက်နှာတောင် မပြရဲလောက်အောင် ဖြစ်ရတယ်ဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ ဂလိုဘယ်ခေတ်မှာ ကိုယ့်မြန်မာတွေ တပျော်တပါးကြီး ခေတ်နောက်ပြန်ဆွဲနေတာ မြင်နေကြားနေရတော့ အင်း... ရောက်ချေဦးမယ် ခေတ်သစ်ကြီး၊ ဖြစ်လာဦးမယ် ခေတ်မီနိုင်ငံတော်လို့သာ ညည်းမိပါတယ်။

(င)
Google Search Engine မှာ မြန်မာဆိုတဲ့ စာလုံးလေးတွေ့ရတဲ့အတွက် ၀မ်းသာမိတာ အမှန်ပါ။ www.google.com.mm ဆိုတဲ့ လိပ်စာကို ရိုက်ထည့်ရတာကိုပဲ ဂုဏ်ယူမဆုံး ဖြစ်ရတယ်။ မြန်မာနိုင်ငံ ဆိုတာကို လူရာမသွင်း၊ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကို မထင်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ။ ဒါလည်း တိုးတက်မှုတစ်ခုလို့ မှတ်ယူပါတယ်။ Myanmar 2, Myanmar 3 ရှိမှ မြန်မာစာပေါ်တဲ့ ကိစ္စကတော့ အထူးအထွေ ပြောမနေတော့ပါဘူး။ ဇော်ဂျီနဲ့ ရိုက်ရှာရင်လည်း ကိုယ်လိုချင်တာ ရနေမင့်ဥစ္စာ။ ဒီအကြောင်းအရာက ကျွန်တော့်အရေးကိစ္စ မဟုတ်ပါ.... ပညာရှင်တွေ ဆွေးနွေးငြင်းခုန်ကြပါလိမ့်မယ်။

(စ)
ဒီနေ့ညတော့ မန်ချက်စတာဒါဘီပွဲ အားပေးရပါဦးမယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူဖို့အတွက် သေချာသလောက် ဖြစ်နေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လက်ရှိချန်ပီယံဘွဲ့ကို စွန့်လွှတ်ရဖို့ သေချာသလောက် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့ ဂုဏ်သိက္ခာဆိုင်ရာ ပြိုင်ပွဲက ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။ ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ကစားလိမ့်မယ်လို့ ယုံကြည်မိပါရဲ့။ ဘောလုံးပွဲတွေ ကြည့်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံလည်း မန်ချက်စတာယူနိုက်တက်လို စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်၊ ကြိုးစားကြမယ်ဆိုရင် သာယာအေးချမ်းတဲ့ ဘ၀တွေကို ပိုင်ဆိုင်အနိုင်ရလိမ့်မယ်လို့ တွေးမိတယ်။ တစ်ယောက်ချင်း ထူးချွန်သူတွေ ရှိလို့လိုအပ်သလို၊ တစ်သင်းလုံးလည်း ညီညွတ်မျှတမှ အောင်မြင်မှု ရရှိနိုင်မယ်ဆိုတာ ဘောလုံးပွဲကြည့်တိုင်း ကျွန်တော်တွေးမိတယ်။ အဲဒါကြောင့်လည်း ဘောလုံးပွဲတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်ကြတာ ထင်ပါရဲ့ဗျာ။

(ဆ)
ပြည်တွင်းမှာ မီးမွှေးလို့ အားမရသူတွေက အခုထပ်ပြီးတော့ ထိုင်းနဲ့မြန်မာ စစ်ဖြစ်စေချင်ကြပြန်ပြီ ထင်ပါရဲ့ဗျာ။ နယ်စပ်မှာ မြန်မာစစ်တပ်က ၁၃ ဦးကို ထိုင်းစစ်တပ်က ပစ်သတ်တယ်တို့၊ တိုက်ပွဲဖြစ်တယ်တို့ စတဲ့စတဲ့ သတင်းတွေကို ကိုယ်တိုင်လည်း သေသေချာချာ ရေရေရာရာ သိတာမဟုတ်၊ သေချာစိတ်ချရတဲ့ သတင်းဌာနက တင်တာလည်း မဟုတ်ပါဘဲ အားအားလျားလျား ခလုတ်လေး ၂ ချက် ၃ ချက် နှိပ်ရတာပဲ၊ ပိုက်ဆံပေးရတာမှတ်လို့ဆိုပြီး Share လိုက်ကြတာ နည်းတာမဟုတ်ဘူး။ ထုံးစံအတိုင်း မျက်ကန်းမျိုးချစ်တွေကလည်း ဆော်ဟ၊ နှက်ဟ၊ တိုက်ဟ၊ ဘာလုပ်နေတာလဲ၊ စသဖြင့် အင်တာနက်ပေါ်မှာ တိုက်ပွဲသံကို ညံနေတာပါပဲ။ မဟုတ်တဲ့သတင်းကျတော့ တွေ့တဲ့လူကို လိုက်ပြီးတော့ Share လုပ်တယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး အမှန်အတိုင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်တော့ မသိချင်ယောင် ဆောင်နေကြတယ်။ အဲဒီသတင်းမှန်ကို Share ဖို့ ဘယ်သူကမျှ အရေးတယူ မလုပ်ကြဘူး။ အဲဒါလည်း နိုင်ငံကြီးသားတွေ၊ အဲဒါလား မြန်မာဆိုပြီး ဂုဏ်ယူနေတဲ့လူတွေ...။ ပြောရင်လည်း ကိုဉာဏ်ဆိုတဲ့ကောင်က အလကားနေရင်း အပြစ်ပြောတယ်၊ ဘေးထိုင်ဘုပြောနေတယ်လို့ ပြောကြဦးမယ်။ အရင်တုန်းက အင်တာနက် သုံးခွင့်မပေးတဲ့အတွက် မျက်စိပိတ်၊ နားပိတ်ရပါတယ်ဆိုတဲ့ ပညာရပ်တွေ ဆည်းပူးလို့ မရပါဘူးဆိုတဲ့ ဆန်ကုန်မြေလေးတွေက အခုလို အင်တာနက်ကို ပေါပေါသီသီ သုံးခွင့်ရတဲ့ အချိန်ကျတော့ အကျိုးရှိရှိ အသုံးချနေလိုက်ပုံများ မြင်တဲ့အတိုင်းပါပဲ။ တစ်နေ့တစ်နေ့ အရည်မရ၊ အဖတ်မရ တွေ့သမျှ သတင်းကို Like လုပ်၊ Share လုပ်နေကြတာ ဘယ်လောက်တောင် များသလဲဆိုတာ ကိုယ့်ဘာသာကိုယ် မှတ်တမ်းလေး လုပ်ထားကြည့်သင့်တယ်။ လက်နဲ့ mouse ပဲ သုံးတတ်ပြီး ခေါင်းမသုံးတတ်သော၊ စဉ်းစားဆင်ခြင်ဉာဏ် မသုံးတတ်သော အင်တာနက်ပေါ်က ကြီးကြီး၊ ငယ်ငယ်၊ ပျိုပျို၊ ရွယ်ရွယ်၊ အိုအို၊ ကျိုးကျိုး ခပ်သိမ်းသောသူ အားလုံးကို မော်နီတာထဲက ခဏထွက် နားရင်းတစ်ချက်လောက် အသာရိုက်လိုက်ချင်ကြောင်းပါ။ ပြည်တွင်းမှာ ငါတို့လိုသလို မီးမွှေးလို့ ရသွားပြီ၊ ပြည်ပနဲ့ စစ်ဖြစ်၊ မဖြစ် မီးမွှေးကြည့်ဦးမှလို့ စိတ်ကူးနေသူများခင်ဗျား... ခင်ဗျားတို့ပြောသလိုမျိုး ယခင်အစိုးရတွေ မကောင်းလို့ တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် နောက်ကျကျန်ရစ်ခဲ့ရသည်ဆိုပါလျှင် ယခုလိုမျိုး လုပ်ရပ်တွေကြောင့်သာဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည် ကျောက်ခေတ်ကပင် တက်တော့မည် မဟုတ်ပါကြောင်း လေးလေးစားစား သတိပေးလိုပါသည်။

(ဇ) 
မြန်မာ့နွေဦးလို့ တင်စားခဲ့ကြသည်။ ၀မ်းသာခဲ့ရသည်၊ ပျော်ရွှင်ခဲ့ရသည်၊ ဂုဏ်ယူခဲ့ရသည်။ ဟော... အခုတော့ အဲဒီနွေဦးက နည်းနည်းကြာလာတော့ နွေခေါင်ခေါင် ဖြစ်လာချေပြီ။ ပြည်တွင်း၌ နွေပီပီသသ ပူလိုက်သမှ ရခိုင်မှာပူလိုက်၊ ကချင်မှာပူလိုက်၊ မိတ္ထီလာမှာပူလိုက်၊ အညာမှာပူလိုက်၊ အောက်ပြည်မှာပူလိုက်၊ ကမ်းရိုးတန်းမှာပူလိုက်၊ နယ်စပ်မှာပူလိုက်၊ စီမံကိန်းတွေပူလိုက်နှင့် အို... ပူလိုက်တာမှ နေစရာတောင် မရှိတော့ဘူးလား မှတ်ထင်ရသည်။ ဒီလောက် ပူနေသည့် မြန်မာနိုင်ငံမှာ နောက်ထပ် ပူလောင်ရအောင် မီးမရှို့ကြပါနဲ့ခင်ဗျာ။ ပူပြင်းခြောက်သွေ့သည့် နိုင်ငံရေးအခြေအနေသို့ ရောက်ရှိနေပါသဖြင့် တို့မီး၊ ရှို့မီးများကို ဂရုပြုကြပါရန်နှင့် မိမိကိုယ်တိုင် မသိ၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ အဆိုပါမီးတောက်များကို ၀င်ရောက်လေတိုက်ခြင်း၊ ဓာတ်ဆီလောင်းခြင်းများ မပြုလုပ်ကြပါရန် တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။

1 comment:

 
Web Statistics