Monday, April 15, 2013

လမ်းလျှောက်ခြင်း


လမ်းလျှောက်ခြင်းသည် အသက်အရွယ်၊ ကျား၊ မ မရွေး ပြုလုပ်နိုင်သော အကောင်းဆုံး ကိုယ်လက်လှုပ်ရှားခြင်း ဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါသည်။ လမ်းလျှောက်ခြင်းသည် လူတိုင်းဆောင်ရွက်နိုင်သော လေ့ကျင့်ခန်း ဖြစ်ပါသည်။ ထူးပြီး သင်ယူရန်မလိုပါ။ လမ်းလျှောက်ခြင်းမှ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ
လမ်းလျှောက်ခြင်းသည် အခြားလေ့ကျင့်ခန်းများကဲ့သို့ပင် အရေးကြီးသော ကျန်းမာရေး အကျိုးအမြတ်များ ရရှိနိုင်ပါသည်။
  • (LDL) မကောင်းသော ကိုလက်စထရောကျစေခြင်း
  • (HDL) ကောင်းသော ကိုလက်စထရော တက်စေခြင်း
  • သွေးပေါင်ချိန် လျော့ကျစေခြင်း
  • သွေးချို၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့ကျစေခြင်း
  • ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ခြင်း
  • စိတ်ရွှင်လန်းစေခြင်း
  • ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာ သန်စွမ်းနေစေခြင်း

ဤအကျိုးကျေးဇူးများသည် ခပ်သွက်သွက်လမ်းလျှောက်ခြင်းမှ ရရှိနိုင်ပါသည်။ ခပ်သွက်သွက် လမ်းလျှောက်ခြင်းသည် အခြားပြင်းထန်သော အားကစားများကဲ့သို့ပင် နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချစေနိုင်ပါသည်။ ဖြေးဖြေးမလျှောက်ပါနှင့်၊ ခပ်သွက်သွက် ခပ်မြန်မြန် လျှောက်ပါ။ နေ့စဉ် နာရီဝက် ပုံမှန်လမ်းလျှောက်ဖြစ်ရန်သာ လိုပါသည်။ အချိန်မပေးနိုင်လျှင် နံနက် ၁၅ မိနစ်၊ ညနေ ၁၅ မိနစ်ခန့်လည်း လျှောက်နိုင်ပါသည်။ တစ်ရက်လျှင် မိနစ် ၃၀ သို့မဟုတ် ရက်သတ္တ တစ်ပတ်လျှင် ၂ နာရီခွဲခန့် လမ်းလျှောက်လျှင် လုံလောက်ပါသည်။

လမ်းလျှောက်မည့်နေရာသည် နေအိမ်ခြံဝင်းအတွင်း၊ ပန်းခြံတွင်း စသဖြင့် ရွေးချယ်နိုင်ပါသည်။ မိမိနေအိမ်၌ပင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍လည်း ရပါသည်။

သတိချပ်ရန်မှာ ကျန်းမာသက်ရှည်လိုသောဆန္ဒဖြင့် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်လိုသော်လည်း ယာဉ်အန္တရာယ်များသော လမ်းမပေါ်တွင် လမ်းလျှောက်ခြင်း၊ နံနက် မိုးမလင်းမီ မှောင်နေသောအချိန် လမ်းလျှောက်ခြင်းတို့သည် အသက်အန္တရာယ်ရှိသဖြင့် သတိပြုရှောင်ကြဉ်သင့်ပါသည်။ အသက်ဆုံးရှုံးခဲ့ရသော သာဓကများစွာ ရှိပါသည်။





No comments:

Post a Comment

 
Web Statistics