Saturday, April 27, 2013

ကျွန်တော်ကိုဉာဏ် ခရီးလွန်နေပါသည်



(က)
အခုရက်ပိုင်း ကျွန်တော်ကိုဉာဏ် ပို့စ်တွေ ပုံမှန် တင်ဖြစ်လိမ့်မည် မဟုတ်ပါ။ အလုပ်တာဝန်အရ ခရီးသွားနေရပါသည်။ ခရီးမသွားခင်ကတည်းက တင်လိုသည့် ပို့စ်များကို ကြိုတင်ရေးသားခြင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အဆင်မပြေသည့်အတွက် လောကနီတိ တစ်ခုတည်းကိုသာ ပုံမှန် နေ့စဉ်ပို့စ် တက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အတွက်လည်း အမြဲတစေ လာရောက်ဖတ်ရှု အားပေးကြသည့် မိတ်ဆွေများကို အားနာရပါသည်။

(ခ)
အလုပ်တာဝန်အရ မန္တလေးနှင့် ပြင်ဦးလွင်မြို့များသို့ သွားနေရပါသည်။ ဆိုင်ကယ်တွေ သိပ်များလွန်းတဲ့ မန္တလေးကို အံ့သြရသလို စိတ်လည်းရှုပ်ရပါသည်။ ၆ လမ်းသွား၊ ၈ လမ်းသွား၊ ၁၀ လမ်းသွား၊ ၁၂ လမ်းသွား စသည့်စသည့် လမ်းမကြီးများရှိသည့် နေပြည်တော်လို နေရာကနေ ယနေ့ထက်တိုင် ၄ လမ်းသွားထက် မပိုသေးသည့် မန္တလေးလိုမြို့ကြီးကို ရောက်လာတော့ အတော်ကြီးကို စိတ်ကျဉ်းကြပ်သွားရသည်။ ကားမောင်းတဲ့ ဒရိုင်ဘာကတော့ ဘယ်လိုစိတ်ခံစားမှုနဲ့ မောင်းနှင်သည်မသိ။ ဘေးကနေ ထိုင်လိုက်ရသည့် ကျွန်တော်ကတော့ ဘုရားဘုရားဟု မပြတ်တမ်း တနေရသည်။ ဟိုနားက ဆိုင်ကယ်တွေ ထွက်လာလိုက်၊ ဒီရှေ့က ဆိုင်ကယ်က ဖြတ်မောင်းလိုက်ဖြင့် အသည်းယားစရာ ကောင်းလှသည်။ သို့သော် လဘက်ရည်ဆိုင်တွေ ထိုင်ရတာကတော့ တကယ့်ထိပ်တန်း ဖီလင်ပင်။ ဘယ်မြို့မှာမှ မရနိုင်သည့် လဘက်ရည်ဆိုင် အငွေ့အသက်တွေကို မန္တလေးမှာသာ ရနိုင်သည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့် အစွဲအလန်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ လဘက်ရည်ဆိုင်ကောင်တာမှာ ထိုင်နေသည့် ပုဂ္ဂိုလ်တွေက ပါးစပ်က တတွတ်တွတ်နှင့် စက်သေနတ်ပစ်သလို အော်ဟစ်ညွှန်ကြားနေတာက ကျွန်တော့်အတွက် သံစဉ်တစ်ခုပင်။ တွေးမိတာတစ်ခုက မန္တလေးမြို့တွင် ဘယ်အချိန်မှများ ဘတ်စ်ကားလိုင်းတွေ ခေတ်စားမလဲ ဆိုတာဖြစ်သည်။ ရန်ကုန်ကဲ့သို့ ယာဉ်လိုင်းများသာ မန်းတွင် တွင်ကျယ်လာမည်ဆိုပါက အရမ်းအန္ဆရာယ်များပြီး ပျားပန်းခတ်မျှ များပြားလှသည့် ဆိုင်ကယ်တွေကိစ္စ ပြေလည်သွားမည်ဟု ထင်မိသည်။ ဒါက မမီ့တမီ ဉာဏ်လေးဖြင့် တွေးမိတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မန္တလေးကို ကျွန်တော်ချစ်သည်။ တက်ခဲ့ဖူးသည့် မန္တလေး ဂျီတီအိုင်ကို အလွမ်းပြေ သွားကြည့်ဖြစ်သည်။ ကျောင်းဝန်းကျင်တစ်ခုလုံး ဆိုင်ခန်းတွေ ပြည့်နေတာ တွေ့ရသည်။ ကျောင်းဆင်းချိန် ညနေတိုင်း ၀င်ကြည့်ဖြစ်သည့် ဗထူးကွင်းကလည်း ထိုနည်း၎င်းပင်။ ဆိုင်ခန်းတွေ ပတ်လည်နှင့် ၀င်ပေါက်ဘယ်နားမှာလဲလို့ အတော်ရှာယူရသည်။ တစ်ချိန်က မန္တလေးနေ့ရက်များကို လွမ်းမိပါသည်။ ကိုအငဲရဲ့ မန္တလေးညများတမ်းချင်း သီချင်းကို စိတ်ထဲမှာ ဆိုလိုက်မိသည်။ ××× လွမ်းမိတယ် ဟိုတုန်းက မန္တလေးညရေ ×××

(ဂ)
ပြင်ဦးလွင်ကိုတက်တော့ အသိသာဆုံး ခံစားမိတာက ရာသီဥတု အပြောင်းအလဲဖြစ်သည်။ ပြင်စာကိုကျော်သည်နှင့် လေအေးလေးတွေက ပွေ့ဖက်ဆီးကြိုကြသည်။ နေပြည်တော်မှာ မြင်ရခဲသည့် သစ်ကြီးဝါးကြီး၊ သစ်ပင်ဝါးပင်၊ တောအုပ်တောတန်းများကို တ၀ကြီးမြင်ရသည်။ ပြင်ဦးလွင်သည် အရင်ကထက် ပိုပူလာတာတော့ အသေအချာပင်။ သို့သော် မိတ်ဆွေဟောင်းများ၊ နေရာဟောင်းများက ကျွန်တော့်စိတ်ပျော်ရွှင်မှုများအတွက် ပြည့်စုံစေခဲ့သည်။ စိတ်အညစ်ရဆုံးက အင်တာနက်ကွန်နက်ရှင်း လုံးဝ အဆင်မပြေခြင်းပင်။ စစ်တွေမှာတုန်းက ဖုန်းလိုင်းက အင်တာနက်နှင့်ပင် အွန်လိုင်းမှတဆင့် ညစဉ် ဗီဒီယိုကြည့်နိုင်ခဲ့သည်။ နေပြည်တော်မှာ ကြိုက်တဲ့ အင်တာနက်စာမျက်နှာကို ဖုန်းအင်တာနက်နဲ့ ဖွင့်ကြည့်လို့ရသည်။ ပြင်ဦးလွင်လည်းရောက်ရော ဖုန်းပြောဖို့အတွက်ပင် လိုင်းမိသည့်နေရာကို ရှာယူရသည်။ လားရှိုးအထွက် ဒီဇင်ဘာဆိုင်လောက်ရောက်ရင် ဖုန်းလိုင်းက သိပ်မမိချင်တော့။ အခုကျွန်တော်တည်းနေသည့် ညံတောအ၀ိုင်းအနီးမှာ ဖုန်းအင်တာနက်လိုင်းက ဘာပြောရမှန်း မသိရလောက်အောင် စုတ်ပြတ်လှသည်။ ရောက်ကတည်းက အင်တာနက်သုံးဖို့ ကြံစဉ်တာ မအောင်မြင်။ လဘက်ရည်ဆိုင် အများစုက Wi-Fi Free လုပ်ပေးထားတာကို တွေ့ရသည်။ ကျွန်တော့်မှာ ညဘက် လဘက်ရည်ဆိုင်ထိုင်မှ အင်တာနက် သုံးရသည်။ သတင်းတွေဖတ်ရသည်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကိုပင် လွှတ်ပြီးနောက်နေ့မှ သိရသည်။ ဘာပဲဖြစ်ဖြစ် ညစဉ်ညတိုင်း မိတ်ဆွေဟောင်းတွေနဲ့ လဘက်ရည်ဆိုင်မှာ အာလူးဖုတ်ရတာ ထပ်တိုးရသည့် အမှတ်တရများပင်။

(ဃ)
ကျွန်တော့်မိတ်ဆွေတွေ အများစုက တွေ့တိုင်းမေးတတ်သည့် မေးခွန်းရှိသည်။ ၂၀၁၅ ကို ဘယ်လိုမြင်သလဲတဲ့။ ၂၀၁၅ မှာ ဘာတွေဖြစ်လာမလဲတဲ့။ ကျွန်တော်ကိုဉာဏ် ဘာကောင်မျှ မဟုတ်ပါဟု ပြောသော်လည်း သူတို့က မကျေနပ်ချင်ကြ။ တစ်ခုခု ဖြေစေချင်သည်။ တစ်ခုခု ဆွေးနွေးစေချင်သည်။ ထို့အတွက် ကျွန်တော့်ရင်ထဲမှာ တကယ်ရှိတဲ့အတိုင်း သူတို့ကို ပြောဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် ပုံစံခွက် အတိအကျမရှိ၊ ခန့်မှန်းရခက်ခဲသည်၊ လူတိုင်းက သူ့အမြင်နှင့်သူ ကြိုက်သလို ခန့်မှန်းနိုင်သည်။ အဆိုပါ ခန့်မှန်းချက်များ အားလုံးကလည်း ဖြစ်နိုင်တာတွေချည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့နိုင်ငံရေးသည် ထင်သလောက် မရှင်းလင်း၊ မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေး အခြေအနေက အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံဖော်သွားလိမ့်မည်ဟု ကျွန်တော်က သုံးသပ်သည်။ သို့သော် ၂၀၁၅ တွင် ဘာတွေဖြစ်လာမည်ကို ကျွန်တော်သေသေချာချာ မသိပါ။ ခန့်မှန်းခြင်းလည်း မပြုလုပ်နိုင်ပါ။ စိုးတထိတ်ထိတ်ဖြင့် စောင့်ကြည့်နေသည်ဟုသာ ဖြေချင်ပါသည်။ အထူးသဖြင့် လက်ရှိအာဏာရနှင့် အတိုက်အခံ ပါတီများမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါးဝသော၊ အမြော်အမြင်ရှိသော၊ အရှည်ကိုမြင်သော၊ အနာဂတ်ကိုဦးတည်သော ခေါင်းဆောင်တွေ ဖြစ်ဖို့လိုသည်ဟု ယုံကြည်သည်။ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်ပိုင်းတွေ ဘယ်လိုခံယူမလဲ၊ စီစဉ်မလဲ ဆိုတာက ၂၀၁၅ ၏ အသက်ဖြစ်သည်ဟု သုံးသပ်လိုပါသည်။

(င)
ဂျာနယ်တွေ မဖတ်ဖြစ်၊ သတင်းတွေ မကြည့်ဖြစ်၊ သတင်းတွေ မဖတ်ဖြစ်၊ ဖဘမသုံးဖြစ်၊ ဘလော့ဂ်မရေးဖြစ်သည့် ကျွန်တော်ကိုဉာဏ် မကြာမီ ဘလော့ဂ်ပို့စ်တွေ ပြန်တင်နိုင်ပါလိမ့်မည်။ စာတွေ ပြန်ရေးနိုင်ပါလိမ့်မည်။ ဒီကြားထဲ ပို့စ်တွေ မတင်ဖြစ်တာကိုတော့ နားလည်ပေးကြစေလိုကြောင်း တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ စနေနေ့။
နံနက် ၁ နာရီ ၁၁ မိနစ်တွင်ပြီး၏။
ခေတ္တ - ပြင်ဦးလွင်

No comments:

Post a Comment

 
Web Statistics