Friday, April 12, 2013

ကွမ်းစားခြင်း


ကွမ်းစားခြင်းဆိုသည်မှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ရှားစေး၊ ဆေးရွက်နှင့် အခြားအမွှေးအကြိုင်များ ရော၍ ကွမ်းယာအဖြစ် ၀ါးစားကြခြင်း ဖြစ်ပါသည်။ ကွမ်းယာတွင် အဓိကပါဝင်သော ကွမ်းရွက်နှင့် ကွမ်းသီးတို့သည် အမည်ဆင်တူသော်လည်း သီးခြားရုက္ခမျိုးစု အပင်မှ ရရှိသော အသီးနှင့် အရွက်များ ဖြစ်ကြသည်။ ကွမ်းသီးသည် ဖန်သော အရသာရှိသည်။ ၎င်းတွင်ပါသော ဓာတုပစ္စည်း များစွာထဲမှ အေရိုကိုလင်း၊ ဖလေဗီနွိုက်ဒ်စ် တို့သည် ကင်ဆာရောဂါဖြစ်စေသော ဒြပ်စင်များ၏ အာနိသင်ကို အထောက်အကူပြုသည်ဟု သိရသည်။

အခြားပစ္စည်းတစ်မျိုးမှာ ထုံးဖြစ်ပါသည်။ ထုံးသည် ဒြပ်စင်အနေဖြင့် သွားနှင့် အရိုးများ တည်ဆောက်မှုတွင် အရေးပါသော်လည်း သတ္တုဒြပ်ပေါင်းအနေဖြင့် ထိတွေ့နေသော သွားဖုံး၊ ပါး၊ အာခေါင်၊ လျှာ စသည်တို့၏ အပေါ်ယံလွှာများကို ပျက်စီးလွယ်စေ၏။ အရပ်ခေါ် ထုံးပေါက်ခြင်းဟုခေါ်ပြီး ကွမ်းသွေးမှာပါသော လူကို အန္တရာယ်ပေးနိုင်သော ပစ္စည်းများ၏ ပိုမိုစိမ့်ဝင်မှုကို အားပေးသည်။

ကွမ်းယာတွင်ပါဝင်ပြီး အန္တရာယ်အပေးနိုင်ဆုံးမှာ ဆေးရွက်ကြီးဖြစ်ပါသည်။ ဆေးရွက်ကြီးမှာ နီကိုတင်းနှင့် အယ်ကလွိုက် အပါအ၀င် အခြားအမျိုးပေါင်းများစွာသော ဘေးဖြစ်စေသည့် ပစ္စည်းများ ပါဝင်ပါသည်။ ဆေးရွက်ကြီးတွင် အဓိကပါဝင်သော နီကိုတင်းသည် တံတွေးနှင့်ပေါင်းပြီး ကင်ဆာဖြစ်စေသည့် ပစ္စည်းအဖြစ် ပြောင်းလဲနိုင်ပါသည်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အစာအိမ်ကင်ဆာတို့ကို ဖြစ်စေနိုင်ပါသည်။ နီကိုတင်း၏ အာနိသင်ကို ကွမ်းသီးတွင်ပါဝင်သော အေရိုကိုလင်း (Arecoline) က ပိုမိုအစွမ်းထက်စေပါသည်။ ကွမ်းယာတွင် ထည့်စားတတ်သော အမွှေးအကြိုင်များသည်လည်း ခံတွင်းမှာ ကြာကြာထားပြီး များများစားသင့်သော အစားအစာများ မဟုတ်ကြပါ။

ကွမ်းစွဲနေသူတို့၏ သွားမျက်နှာပြင်တွင် အများအခေါ် ကွမ်းချိုးကပ်နေပြီး မူလသွားရောင် မရှိတော့ဘဲ နီညိုရောင်ညစ်ပေနေပြီး ရုပ်ဆင်းတင့်တယ်မှုကို လျော့ပါးစေပါသည်။ ထို့အပြင် သွားများ၏ အပေါ်ယံကြွေလွှာများ ပြုန်းတီးပျက်စီးပြီး အတွင်းသားသွားများ လျင်မြန်စွာ ပေါ်လာလျက် အပူအအေးနှင့် ချဉ်သောအစာများ စားလျှင် သွားကျင်သောဝေဒနာ ခံစားရခြင်း၊ သွားဖုံးရောဂါ အဖြစ်များခြင်း၊ ခံတွင်းအကြို ကင်ဆာအနာများ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ကွမ်းစားသည့် အလေ့အထသည် ဖော်ပြခဲ့သော ဆိုးကျိုးများကို စားသုံးသူတစ်ဦးတည်းကိုသာ ဒုက္ခဖြစ်စေခြင်း မဟုတ်ဘဲ ကွမ်းစားသူတစ်ဦး၏ မဆင်မခြင်မှု၊ စည်းကမ်းမဲ့စွာ ကွမ်းသွေးကို အလွယ်တကူ နေရာမရွေး ထွေးတတ်သောကြောင့် အများနှင့်ဆိုင်သော နေရာများတွင် ကွမ်းသွေးများနှင့် ညစ်ပေနေပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုကို ပျက်စီးစေနိုင်ပါသည်။

ထို့ကြောင့် ကွမ်းစွဲနေသူများသည် ကွမ်းကို ဖြတ်သင့်ပါသည်။ မိမိတို့ခံတွင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်တတ်သော လက္ခဏာများ ရှိမရှိကို သွားနှင့်ခံတွင်း ဆရာဝန်များနှင့် ပြသဆွေးနွေးသင့်ပါသည်။ ကွမ်းစားခြင်းကို အချိန်မီရပ်ပြီး ကုသမှု ခံယူသင့်ပါသည်။

ကွမ်းမစွဲသေးဘဲ တစ်ခါတစ်ရံ အပျင်းပြေ ကွမ်းဝါးတတ်သူများသည် ကွမ်းစားခြင်း၏ ဆိုးကျိုးများ မခံစားရမီ ကွမ်းဖြတ်ရန် လိုအပ်ပါသည်။

No comments:

Post a Comment

 
Web Statistics