(က)
မျောက်ကလေးက လက်အငြိမ်မနေဘဲ ဟိုပစ်ဒီပစ် လျှောက်လုပ်တယ်။ လင်းယုန်ကြီးကလည်း ပါးစပ်က ပြောတော့သာ သံခင်းတမန်ခင်း၊ လက်တွေ့ကျတော့ ဒီလကုန်မှာ တိုက်ချင်းပစ် ပစ်ပြဦးမတဲ့။ အိမ်နီးချင်း ငှက်ကျားကလည်း မျောက်ကလေး အငြိမ်မနေတာသာ ကြည့်မရတယ်။ သူကိုယ်တိုင်ကျတော့ လင်းယုန်နဲ့ပေါင်းပြီး အတူပျံရတာနဲ့၊ အတူလေ့ကျင့်ရတာနဲ့၊ အတူရေငုပ်ရတာနဲ့....။ မျောက်ကလေး ဆွေ့ဆွေ့ခုန်မယ်ဆိုလည်း ခုန်လောက်ပါတယ်။ လင်းယုန်ကြီးရဲ့ ရန်သူတော်ဟောင်းကြီး ၀က်ဝံကြီးက အမျိုးတူ မျောက်ကလေးကို ဟန်ပြလောက်ပဲ အပြစ်တင်တယ်။ နဂါးကြီးကတော့ အကောင်းအဆိုး သိပ်ပြီးတော့ မပြောလှဘူး။ ဒါပေမယ့် မျောက်ကလေးအရေးမှာ ၀က်ဝံနဲ့ နဂါး သင့်သင့်မြတ်မြတ် ဖြစ်နေတာကတော့ အမှန်ပဲ။ မျောက်ကလေးရဲ့ရန်ဘက် ကြိုးကြာလေးခမျာလည်း မျောက်ကလေးကိုကြောက်ရ၊ လင်းယုန်နဲ့သင့်မြတ်အောင်လုပ်ရ၊ နဂါးကြီးနဲ့ ပဋိပက္ခတွေကလည်း သောင်တင်ရေမကျ။ အခုနောက်ဆုံး မျောက်ကလေး ဆော့လိုက်တဲ့ ခဲ ၄ လုံးကြောင့် ကမ္ဘာ့ရွာကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း၊ စိုးရိမ်တကြီး၊ စိတ်ဝင်တစား ဖြစ်ခဲ့ကြရတယ်။ မျောက်ကလေးက အစာရဖို့ လက်ဆော့တာလား၊ တမင်ရန်စတာလား၊ ဘယ်သူမှ မသိနိုင်။ အနီးကပ်နေရတဲ့ ငှက်ကျားတို့ခမျာ မလုံခြုံ၊ မအေးချမ်းနိုင်တော့။ ကဲ... မျောက်ကလေးလက်ချက်နဲ့ လင်းယုန်ကြီးပဲ ကားယားကျမလား။ လင်းယုန်ကပဲ မျောက်ကလေးကို လက်သည်းနဲ့ ကုတ်သွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရုံမှတစ်ပါး။
(ခ)
ငိုတာတွေ သိပ်ခေတ်စားနေပါ့လား။ ကိုဉာဏ်တောင် ငိုချင်စိတ်တွေ ပေါက်သွားမိတယ်။ သူ့ဟာသူ ငိုတဲ့ကိစ္စကို ကိုရွှေမြန်မာတွေ ဘာသာပြန်ကောင်းလိုက်ပုံက ဖတ်ရသူရင်ထဲ နင့်ခနဲဖြစ်ပြီး မျက်ရည်တွေ ပေါက်ပေါက်ကျသွားရတယ်။ တစ်ချိန်က လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ရတဲ့၊ သူ့ရဲ့ဟန်ပန်၊ သူ့ရဲ့ ကစားဟန်တွေကို အသည်းစွဲနှစ်ကြိုက်ခဲ့ရတဲ့ ပရိသတ်တစ်ဦးအနေနဲ့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ သူ့ကို ကျွန်တော်တို့ မြင်တွေ့ခွင့်မရှိတော့ဘူး။ မြေပုံညွှန်းပေးပြီး ကန်လိုက်သလား အောက်မေ့ရတဲ့ တိကျတဲ့ သူ့ရဲ့ဖြတ်တင်ဘောတွေကို ထပ်မံပြီး မြင်တွေ့ခွင့်မရှိတော့ဘူး၊ ဒီဇိုင်းအမျိုးမျိုးပြောင်းပြီး မင်းသားရှုံးလောက်တဲ့ သူ့ရဲ့ကွင်းတွင်းပုံရိပ်တွေလည်း မြင်ရတော့မှာ မဟုတ်ပါဘူး။ သားသမီးတွေ တပြုံကြီးနဲ့ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါရဲ့။
(ဂ)
အမှိုက်ကောက်ခွင့်မရတာကို ဘာကိစ္စ ရေးကြီးခွင်ကျယ်လုပ်ပြီး ရှဥ့်အ၀ှာကို အနာလုပ်နေကြသလဲ။ ကြားရတဲ့၊ ဖတ်ရတဲ့ သတင်းလေးအပေါ် သူများတွေ မှတ်ချက်ပြုတာတွေ၊ ဝေဖန်တာတွေလောက်ကို နားထောင်ပြီး ကိုယ်တိုင်စဉ်းစားသုံးသပ်မှုမရှိဘဲ ဝေလေလေ လိုက်လုပ်တဲ့လူ သိပ်များတယ်။ ကျွန်တော်ကိုဉာဏ်ဆိုတဲ့ ခပ်ညံ့ညံ့ကောင်ကလည်း ကျုပ်ကို အကြောင်းတစ်ခုခုပြပြီး မုန်းတဲ့လူတွေကို လေးစားတတ်တဲ့လူမျိုး။ အဲဒီအကြောင်းပြချက်က ဆီလျော်တာ၊ မဆီလျော်တာကို ကျုပ်က စိတ်ကိုမ၀င်စားတာ။ အဲဒါက တစ်ဖက်လူရဲ့ ကိစ္စကိုး။ အဲ... သူများမုန်းလို့ ကျုပ်ကို လိုက်မုန်းတဲ့လူများတော့ ရွံလွန်းလို့ တံတွေးတောင် လှည့်မထွေးချင်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ခံယူချက်မဟုတ်ဘဲ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတဲ့လူတွေကို သိပ်မုန်းသပေါ့ဗျာ။ အမှိုက်ကောက်ခွင့်မရတာကို ဝေဖန်ကြတဲ့လူတွေကို မေးချင်တယ်။ သူများပြောတဲ့အတိုင်း ဝေလေလေ လိုက်ပြောတာလား၊ ကိုယ်တိုင်စဉ်းစားသုံးသပ်ပြီး ခံယူချက်အတိုင်း ဝေဖန်တာလား။ ဒီမယ်... ဦးကျော်သူ၊ ခင်ဗျားသာ အမှိုက်ကိစ္စကို တကယ်စေတနာရှိရင် ဘယ်သူ့ကိုမှ ပြောစရာမလိုဘူး၊ ဘယ်သူ့ဆီကိုမှလည်း စာတင်စရာမလိုဘူး၊ ဘယ်သူ့ခွင့်ပြုချက်မှလည်း ရှိစရာမလိုဘူး။ ကျုပ်တို့ အဘိုးတွေ၊ အဘွားတွေ၊ အဘေးတွေ၊ အဖေတွေ၊ အမေတွေ လက်ထက်ကတည်းက လမ်းပေါ်မှာ အမြင်မတော်တဲ့အမှိုက် ဒီလိုပဲ ကောက်ပြီး သင့်လျော်ရာကို ပစ်ခဲ့ကြတာပဲ မဟုတ်လား။ အခုမှပဲ အမှိုက်ကောက်တာကို အခမ်းအနားကြီး တစ်ခုလိုလုပ်၊ မီဒီယာတွေထက်မှာဖော်ပြ၊ နာမည်ကြီးလူတွေစု၊ အမလေးဗျာ... သေသွားတဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ တမလွန်ကနေ ဒီသတင်းကြားရင် အူတက်ပြီး နှစ်ခါပြန် ထပ်သေကြကုန်ပါဦးမယ်။ ခင်ဗျားတို့ဟာက အမှိုက်ကောက်ချင်တာက နည်းနည်း၊ လူစုစုနဲ့ အင်အားပြချင်တာ၊ လှုပ်ရှားမှုလုပ်ပြချင်တာ၊ လူအာရုံစိုက်ခံချင်တာ၊ သူရဲကောင်းအထင်ခံချင်တာ၊ လက်ရှိအစိုးရကို ကျရာနေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ နှောင့်ယှက်ချင်တာ၊ အခက်ရစေချင်တာက ပိုနေတယ်လို့ ထင်တာပဲဗျာ။ ဦးကျော်သူတစ်ယောက် လမ်းလျှောက်ရင်း လမ်းပေါ်မှာတွေ့တဲ့ အမှိုက်တွေကိုကောက်၊ အမှိုက်ပုံးထဲမှာ လွှင့်ပစ်လိုက်လို့ တစ်ယောက်ယောက်က အရေးယူတယ်ဆိုရင် ခင်ဗျားအစား ကျုပ်အရေးယူခံမယ်ဗျာ။ ကျုပ်တို့လည်း ဒီလိုပဲ လမ်းပေါ်မှာ အမြင်မတော်တဲ့ အမှိုက်တွေ့ရင်၊ သစ်ကိုင်းခြောက်တွေ့ရင်၊ ခွေးသေကောင်တွေ့ရင် တတ်နိုင်သလောက် ဖယ်ရှားပစ်နေတာပါပဲ။ ဘယ်သူကမျှ ကျုပ်ကိုလာပြီး ခွင့်ပြုချက်မရဘဲ အမှိုက်ကောက်တယ်လို့ ပုဒ်မမတပ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ ကျုပ်က ဘာအရောင်မှမပါဘဲ လုပ်ခဲ့တာကိုး။ ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ မင်းသားတစ်ယောက်အနေနဲ့ အများကြီး ချစ်ခင်တယ်၊ လေးစားတယ်၊ သဘောကျတယ်။ နာရေးကူညီမှုအသင်းကို ဦးဆောင်သူတစ်ဦးအနေနဲ့ လုံးဝကို လေးစားတယ်၊ ဦးညွတ်တယ်၊ အားကျတယ်၊ သာဓုခေါ်တယ်၊ ချီးကျူးတယ်။ ကျွန်တော် အဲဒီလိုအလုပ်ကို မလုပ်ဝံ့ပါဘူး၊ မလုပ်ရဲသေးပါဘူး၊ မလုပ်နိုင်သေးပါဘူး။ ၀န်ခံပါတယ်။ သို့သော် ပရဟိတဘန်းပြပြီး နိုင်ငံရေးလှုံ့ဆော်တာလိုလို၊ အရောင်ဆိုးတာလိုလို လုပ်လာရင်တော့ ဆောရီးပဲ ဦးကျော်သူ။ ဝေဖန်စရာရှိတာ ဝေဖန်ရမှာပဲ။ ကောင်းမွန်တဲ့ ပရဟိတအလုပ်တွေနဲ့ပဲ ကုသိုလ်တွေယူစမ်းပါလို့ အကြံပေးပါရစေ ဦးကျော်သူ။ ကိုယ့်အမှိုက်ကိုယ်တောင် စနစ်တကျ မစွန့်ပစ်တတ်ဘဲ၊ လမ်းပေါ်မှာ အမှိုက်တွေ့ရင်တောင် အသိစိတ်နဲ့ မကောက်တတ်ဘဲ၊ လူအများကြီးစုပြီးမှ၊ ဆိုင်းဘုတ်ထောင်ပြီးမှ၊ ဂျာနယ်ထက်မှာသတင်းပါမှ၊ ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်မှ အမှိုက်ကောက်တတ်တဲ့လူတွေကို ကျွန်တော်ကိုဉာဏ်က ထွေးပြီးသား တံတွေးထက်တောင် ရွံပါသေးသဗျာ။
(ဃ)
ဟိုသင်္ကန်းဝတ်ကလည်း အင်တာနက်မှာ သူ့အကြောင်းကို အမြဲတမ်းပြောစေချင်သလား မပြောတတ်ဘူး။ တစ်နေ့တစ်မျိုး လုံးဝကို မရိုးရဘူး။ သင်္ကန်းမ၀တ်ခိုင်းဘဲ တောင်ရှည်ပုဆိုး၊ တိုက်ပုံ၊ ခေါင်းပေါင်း ၀တ်ဆင်ပေးပြီး သမ္မတသာ တစ်ခါတည်း ခန့်လိုက်ချင်တော့တယ်။ သူများတွေ ကုလားနဲ့ပေါင်းရင် အဲဒါ ဆွဲဆောင်ခံရတာ၊ စည်းရုံးခံရတာ၊ ကိုယ်ခံအားမကောင်းတာ။ သူကိုယ်တိုင် ကုလားတွေနဲ့ ဖက်လဲတကင်း နေတယ်ဆိုတာ ပညာရှင်ပီသတာ၊ သံခင်းတမန်ခင်း ကျွမ်းကျင်တာ၊ လိုအပ်လို့လုပ်နေတာ၊ ဒီလိုမျိုးလား။ တင်သမျှသတင်းကလည်း မှုခင်းသတင်းဂျာနယ်တောင် လက်မှိုင်ချရလောက်တယ်။ သမ္မတကြီးဆီကိုတောင် သူ့ဆီလောက် တိုင်စာရောက်မယ်မထင်ဘူး။ အင်း... ကိုယ်တော်... ကိုယ်တော်... ကုလားတွေကို မြန်မာတွေလက်ခံတာ၊ လက်မခံတာတော့ တပည့်တော် သေချာမသိဘူး။ ကိုယ်တော့်ကိုကြည့်ပြီး ဗုဒ္ဓဘာသာကို အခြားလူတွေ အထင်အမြင်သေးကြရင်တော့ အင်း..... ရင်လေးဖွယ်ပါပဲဘုရား...။
(င)
ဝတွေက ပြည်နယ်တောင်းတယ်တဲ့။ တောင်းပေ့စေပေါ့။ တောင်းတာက သူတို့အလုပ်ပဲ။ မကျေနပ်ရင် အခြားတိုင်းရင်းသားတွေလည်း လိုက်တောင်းကြပေါ့။ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဖြစ်တာမဖြစ်တာကတော့ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေနဲ့ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ မှာ ပြဋ္ဌာန်းထားချက်တွေအရကိုး။ အခုဗျာ... ၀က ကိုယ်ပိုင်ပြည်နယ်အဖြစ် ထူထောင်ချင်တယ်မလား။ ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ အရေးကိစ္စဗျ။ ကျန်တဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေက ပြည်သူတွေမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဒီလိုပြောလို့ မကျေနပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်၊ ပြန်လေ့လာပေါ့။ ရှမ်းတွေကိုယ်တိုင်က လိုလိုလားလား ၀ပြည်နယ် ဖြစ်သင့်ပါတယ်ဆိုပြီး ဆန္ဒမဲပေးခဲ့ကြရင်တောင် ကိစ္စက မပြီးသေးဘူးဗျ။ ရှမ်းပြည်နယ်လွှတ်တော်မှာ ထပ်ပြီးတော့ မဲခွဲဆုံးဖြတ်ရဦးမယ်။ အဲဒီလို ဆုံးဖြတ်တဲ့အခါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရမှ သမ္မတက ပြင်ပေးမှာဗျ။ သေသေချာချာပြန်ဖတ်ကြည့်ပါဦး လေးပုံသုံးပုံနှင့်အထက်။ ကျွန်တော်ပြောပါတယ်ဗျာ... သူများယောင်တိုင်း လိုက်မယောင်ပါနဲ့လို့။ ရှင်းရှင်းလင်းလင်း တဲ့(ဒဲ့)ပြောရမလားဗျ။ ကြိုက်တဲ့ပြည်နယ်၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကြိုက်တဲ့လူတွေက ကိုယ်ပိုင်ပြည်နယ်တောင်းကြ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဖြစ်သင့်ဘူးလို့ထင်ရင် (သဘောကတော့ ကာချုပ်သဘောမတူရင်) အဲဒီကိစ္စ ဖြစ်လာစရာအကြောင်း တစ်စက်မျှကို မရှိဘူးဗျို့။ လေးပုံသုံးပုံနှင့်အထက်ဆိုတာ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်စေ ထောက်ခံဖို့ လိုအပ်တယ်လို့ ဆိုလိုတာဖြစ်ကြောင်း ကျွန်တော်ကိုဉာဏ်တော့ နားလည်မိပါသဗျို့။ တချို့ကိစ္စတွေမှာ ဂျာနယ်တွေဖွတိုင်း၊ ငါးစာချတဲ့လူတွေ မျှားတိုင်း သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မဖြစ်စမ်းပါနဲ့ဗျာ။ ဒီခေတ်က ပညာခေတ်ဗျ။ အရာရာကို ပညာနဲ့စဉ်းစား၊ ပညာနဲ့ဆင်ခြင်၊ ပညာနဲ့...........။ ကျွန်တော့်သဘောလား။ ပြောစရာအကြောင်း တစ်စက်မျှကို မရှိဘူး။ ကျွန်တော်က ရှမ်းတိုင်းရင်းသားမဟုတ်သလို၊ ရှမ်းပြည်နယ်မှာလည်း နေတဲ့လူ မဟုတ်ဘူး။ အဲဒီတော့ နှာစေးနေလိုက်တာ ပိုမကောင်းဘူးလား။
စာကြွင်း
ခေါင်းစဉ်ကတော့ ဘယ်ရယ်မဟုတ်ဘူး။ စိတ်ရူးပေါက်ပြီး ပေးလိုက်တာ။ ဂျာနယ်တွေ အဖတ်များတော့ ခေါင်းစဉ်နဲ့ လုပ်စားတတ်ကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ အဓိပ္ပါယ်ရှိတာ၊ မရှိတာ၊ ဆီလျော်တာ၊ မဆီလျော်တာ အသာထား။ လောလောဆယ် ကျွန်တော်ရေးတဲ့ပို့စ်ကို လူစိတ်ဝင်စားပြီး ပေါက်ဖို့က အဓိက မဟုတ်လား။ ခက်တာက ကျွန်တော်က အကြော်လည်းမကြော်တတ်၊ လဲလဲလဲလဲလဲဆိုပြီး သီချင်းလည်း မဆိုတတ်၊ ဆိုင်းမပါဗုံမပါနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို သီချင်းလုပ်ပြီးလည်း မဆိုတတ်။ အဲဒီတော့ ကျွန်တော် မတောက်တခေါက်တတ်တဲ့ ရေးသားနည်းလေးတွေနဲ့ ပေါက်အောင်လုပ်ရတာကို နားလည်ပေးဗျာ။ နားမလည်ပေးရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က ခွင့်လွှတ်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင်ပြီး၏။
ရှယ်သွားပါတယ်နော်.... ခွင့်လည်းတောင်း share လည်း share ပေါ့ဗျာ....
ReplyDelete