Tuesday, May 14, 2013

အခြေခံဥပဒေ ဘာတွေပြင်မလဲ ဘယ်လိုပြင်မလဲ - ကျော်ဝင်း



ချဉ်းကပ်ပုံနှစ်မျိုး
အခြေခံဥပဒေ ကိစ္စတွင်သာမဟုတ် နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လျှင် ချဉ်းကပ်ပုံ နှစ်မျိုးရှိသည်ဟု ယေဘုယျ ဆိုနိုင်ပါလိမ့်မည်။ ‘နှုန်းစံအခြေပြုချဉ်းကပ်နည်း’ (Normative approach) နှင့် "လက်တွေ့အခြေပြုချဉ်းကပ်နည်း" (Pragmatic approach) တို့ ဖြစ်သည်။

နှုန်းစံအခြေပြုချဉ်းကပ်နည်းက၊ မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေကိုင်သည်။ အဆိုပါစံနှုန်းနှင့် ကိုက်ညီလျှင်၊ ထောက်ခံမည်၊ ကြိုဆိုမည်။ မကိုက်ညီလျှင် ဆန့်ကျင်မည်၊ ကန့်ကွက်မည်။ လက်တွေ့ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်း မရှိချေ။ လက်တွေ့အခြေပြု ချဉ်းကပ်နည်းကမူ၊ မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေမကိုင်၊ လုံးဝပစ်ပယ်သည်တော့ မဟုတ်။ ‘အနာဂတ်အမြင်’ (vision) အဖြစ် သဘောယူပြီး၊ လက်ရှိပကတိအရှိကို အခြေတည် စဉ်းစားသည်။ အလုပ်ထောင့်မှကြည့်၍ ဖြစ်နိုင်ခြေကို ရှာသည်။ မတူချေ။

နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်လျှင် ထောင့်အစေ့ဆုံး၊ စံကိုက်အကျဆုံးအဖြစ်၊ သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့ဖူးသည်မှာ၊ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြား၊ ဂျာမဏီ၏ ဝိုင်မာသမ္မတနိုင်ငံ အခြေခံဥပဒေ ဖြစ်ပါသည်။ သို့နှင့်တိုင် ဤအခြေခံဥပဒေအောက်မှာပင် ‘ရွေးကောက်တင်မြှောက်ခံရသော အာဏာရှင်’ (elected dictator) တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ဟစ်တလာ ဖြစ်ပါသည်။ ‘နှုန်း’ တွေ၊ ‘စံ’တွေအရ မည်မျှပင် ကောင်းမွန်ပါစေ..၊ လက်တွေ့ကျင့်သုံးပုံ ဟန်မကျလျှင် ဖြစ်ချင်သလို ဖြစ်သွားနိုင်သည့်သာဓက …။

အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေမှာ၊ စတင်ခါစက အားနည်းချက်တွေ အတော်ရှိသည်။ တောင်ပိုင်းပြည်နယ်များ၏ အခြေခံဥပဒေမှာဆိုလျှင်၊ ရက်စက်ကြမ်းကြုတ်သော ‘ကျွန်စနစ်’ ကိုပင် ခွင့်ပြုထားသည်။ သို့တစေ ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးပြီး၊ ပါးပါးနပ်နပ် ပြင်ဆင်နိုင်သောအခါ၊ အကောင်းဆုံး အခြေခံဥပဒေတစ်ခုအဖြစ် အများက သိမှတ်လက်ခံနေရချေပြီ။ အခြေခံဥပဒေ တစ်ခုအနေနှင့် ‘စံကျ’၊ ‘စံကိုက်’ မဟုတ်သည့်တိုင်၊ လက်တွေ့အလုပ်လုပ်ရင်း အမြော်အမြင်ရှိရှိ ပြုပြင်နိုင်လျှင် အကောင်းဘက်သို့ ဦးတည်နိုင်သည့် သာဓက။

၂၀၀၈ အခြေခံဥပဒေနှင့် တုန့်ပြန်မှုများ
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရက်တစ် နှုန်းစံများအရကြည့်လျှင် ပြောစရာနှင့် ဆိုစရာချည်း ဖြစ်ပါသည်။ ဤအဖြစ်ကို၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီများ မသိ၍မဟုတ်။ ကောင်းကောင်းသိကြသည်သာ ဖြစ်သည်။ သို့တစေ သူတို့က နှုန်းစံများဖြင့် မကြည့်။ အလုပ်ထောင့်မှကြည့်ပြီး ‘နိုင်ငံရေးအဖွင့်ကျားကွက်’ (political opening) တစ်ခုသို့ ဦးတည်သွားနိုင်စရာရှိသည်ဟု တွက်ဆသည်။ သို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သို့နှင့်တိုင် ‘နိုင်ငံရေးဓလေ့’ (political culture) မှာပင် နှုန်းစံအစွဲကြီးသော မြန်မာနိုင်ငံတွင် ဤအယူအဆနှင့် ဤအတွက်အချက်ကို လူကြိုက်မများခဲ့ပါ။ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) အပါအဝင်၊ နိုင်ငံရေးအင်အားစု တော်တော်များများက ‘ရွေးကောက်ပွဲသပိတ်မှောက်ရေး’ ဖြင့် တုံ့ပြန်ခဲ့ကြသည်။ NLD က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၍ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို လက်မခံနိုင်၍ (အချက်သုံးချက်ကြောင့်) ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့တစေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ NLD ပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲသပိတ်မှောက်ရသည့် အကြောင်း ၃ ချက်အနက် ၂ ချက်ရပြီဖြစ်၍ မရသေးသော ကျန်တစ်ချက် (အခြေခံဥပဒေပြင်ဆင်ရေး)ကို လွှတ်တော်တွင်းမှ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အမှန်စင်စစ် ရခဲ့ပြီဆိုသော ၂ ချက်ထဲမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ပေးခဲ့သည်မှာကား အမှန်ပင်ဖြစ်သည်။ (အမှန်တော့ ပြင်မပေးလည်း ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်စေ့ခဲ့ပြီဖြစ်၍ တားဆီးလို့ရတော့သည် မဟုတ်ပါ။)

နောက်တစ်ချက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလိုက်ပြီ - ဆိုသည်ကိုမူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် ကိုကို(စက်မှုတက္ကသိုလ်) တို့၏ အင်တာဗျူးဖြင့် သာဓကတင်သည်။ အဆိုပါ အင်တာဗျူးတွင် ဦးခင်အောင်မြင့်က “၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလို့ပဲ ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် ကြေညာပေးခဲ့တာပေါ့ဗျာ” စသဖြင့် ဖြေသွားခဲ့သည်။ (ဤမျှနှင့် - အမှန်တကယ် အသိအမှတ်ပြုရာ ရောက်ပါ၏လော…၊ စဉ်းစားစရာ…။ ) ထားတော့။

မည်သို့ပင်ရှိစေ NLD ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်လာသည်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်အားကောင်းသော ဖြည့်ဆည်းမှု ဖြစ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ‘လက်တွေ့အခြေပြုချဉ်းကပ်မှု’ ဘက် ရောက်လာသည်ဟု ဆိုချင်သည်။ သူ့ဆောင်းပါးတစ်ပုဒ်မှ အသုံးအနှုံးအတိုင်း ဆိုရလျှင် ‘တော်လှန်ရေးလမ်းကြောင်း’ မှ ‘တည်ဆောက်ရေးလမ်းကြောင်း’ ဘက် ရွေ့လာသည်ဟု သဘောရပါသည်။ လွှတ်တော်ထဲ ရောက်ပြီးနောက်ပိုင်းတွင်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလက ‘ကြွေးကျော်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး’ ဆိုသည်ထက် လက်တွေ့ဖြစ်နိုင်သည်များကို ဦးစားပေးဆောင်ရွက်လာသည်ကို တွေ့ရသည်။

၂၀၁၅ နိုင်ငံရေးအကျပ်အတည်း
လက်တွေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးကို စတင်အဆိုပြု တင်ပြလိုက်သည်မှာ အာဏာရပါတီဟု ဆိုနိုင်သော USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့တိုင်အောင် ဘာတွေပြင်မည်၊ ဘယ်လိုပြင်မည် ဆိုသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပါ။ ကော်မတီဖွဲ့ပြီး လေ့လာသုံးသပ်ဆဲအဆင့် ဖြစ်ပါသည်။ မည်သူက အဆိုပြုတင်ပြသည်ဖြစ်စေ၊ အခြေခံဥပဒေကို အသေမကိုင်ဘဲ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ရမည်ဆိုသော စဉ်းစားချက်ကိုမူ ကြိုဆိုကြရပါလိမ့်မည်။ ပြောရလျှင် မည်သည့်အခြေခံဥပဒေမျှ ရာနှုန်းပြည့် ပြီးပြည့်စုံသည်မရှိပါ။ လက်တွေ့ အလုပ်လုပ်ရင်း အဟန့်အတား အခက်အခဲများရှိလျှင် ပြင်ကြရမည်သာ ဖြစ်ပါသည်။

စာရေးသူမှတ်မိသလောက် နိုင်ငံတကာပညာရှင်များထဲမှ အခြေခံဥပဒေပြင်ဆင်ရေးကို ပထမဆုံး အဆိုပြုခဲ့သူမှာ စတင်းဖို့(ဒ)တက္ကသိုလ်မှ ‘လာရီဒိုင်းမွန်း’ ဟု ထင်သည်။ သူက ၂၀၁၅ တွင် ကြုံတွေ့ဖွယ်ရာရှိသည့် နိုင်ငံရေး အကျပ်အတည်းကို ထောက်ပြပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စဉ်းစားကြဖို့ သူ့ဆောင်းပါးတစ်ပုဒ်တွင် အကြံပြုခဲ့သည်။ (၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် Journal of Democracy ပါ ‘The Need for a PoliticalPact’ ဆောင်းပါး။ စာရေးသူဘာသာပြန်ပြီး)

သူ၏ အလိုအရဆိုလျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ၂၀၁၅ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့လျှင် NLD အပြတ်အသတ် အနိုင်ရဖို့ များလိမ့်မည်ဟု ဆိုသည်။ အကယ်၍ ဤအတိုင်းဖြစ်ခဲ့လျှင် ၁၉၉၀ ရွေးကောက်ပွဲ ကံကြမ္မာမျိုး မတိုးနိုင်ပါသလော - မေးခွန်းထုတ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်မှ အများစုနေရာယူထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေ ကြေညာနိုင်သည့် အချက်ကိုလည်း ထောက်ပြသည်။ ဤအချက်များအရ ဖြစ်ကောင်းဖြစ်လာနိုင်သည့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့မှ ‘သဘောထားပျော့ပြောင်းသူများ’ (soft liners)နှင့် အတိုက်အခံဘက်မှ ‘အစွန်းမရောက်သူများ’ (moderates) အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်း ဆွေးနွေးကြဖို့ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဆောင်းပါးမှာပင် ဆိုခဲ့ပါ ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ရှောင်ရှားနိုင်ရေးအတွက် နည်းလမ်းတစ်သွယ်အဖြစ် ‘အချိုးကျကိုယ်စားပြုစနစ်’ (PR - စနစ်) ကျင့်သုံးဖို့ အဆိုပြုခဲ့သည်လည်း ရှိသည်။ သို့နှင့်တိုင် NLD က PR စနစ်ကို လက်မခံနိုင်ဟု သတင်းများထွက်နေလေရာ အကယ်၍ ဤသတင်းသာ မှန်ခဲ့လျှင် PR စနစ်သည်ပင်လျှင်၊ နောက်ထပ် အကျပ်အတည်းတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဒီမိုကရေစီ အပြောင်းအလဲအတွက် နိုင်ငံရေးပဋိညာဉ်တစ်ရပ် ပေါ်ထွက်လာစေရန် နှစ်ဘက်သဘောထားပျော့ပြောင်းသူများအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာကြပါ - ဆိုသော လာရီဒိုင်းမွန်း၏ အကြံပြုချက်မှာကား လက်တွေ့ဖြစ်နိုင်ချေ ရှိလေမည်လား စဉ်းစားမိသည်။

အနည်းဆုံးညှိလမ်းကြောင်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် (သူမ၏ အသုံးအနှုန်းအရ) တည်ဆောက်ရေးလမ်းကြောင်းသို့ သိသိသာသာ ရွေ့လာခြင်း၊ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ (အမြင်အရ) ဆက်ဆံရေး အထူးကောင်းမွန်နေခြင်း၊ ထို့ထက် လက်ပံတောင်းကော်မရှင် အစီရင်ခံစာ ထွက်ခါစလောက်က လျှံထွက်လာသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ချက်တစ်ခုတွင်ပါသည့် “ဒေါ်စုက သူသမ္မတဖြစ်ဖို့ စစ်ဗိုလ်တွေကို လိုက်လျောလွန်းနေတယ်” ဆိုသော စွပ်စွဲချက်…။ ဤအချက်များကို ဆက်စပ်စဉ်းစား ကြည့်လိုက်သောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၊ လွှတ်တော်တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေမည်လား -  တွေးစရာရှိသည်။ ပြောရလျှင် ‘နားလည်မှု’ တစ်ခုခုပင် ရှိကောင်းရှိလေမည်လား (ကံသေကံမ မဟုတ်သည့်တိုင်) စဉ်းစားစရာ ရှိလာသည်။

ဤနားလည်ချက်မှာ ဘယ်အရာဖြစ်လိမ့်မည် ဆိုသည်ကို တိတိပပ မပြောနိုင်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ကောင်း ပတ်သက်နိုင်ပါသည်။ ဤသို့ ယူဆနိုင်လောက်သည့် သတင်းအချက်အလက် အချို့လည်း ရှိတန်သလောက် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတဖြစ်ဖို့ ရည်မှန်းချက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာခြင်း။ သမ္မတကလည်း ပြည်သူလူထုလိုလားလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင် - ဆိုသည့်သဘော ပြောဖူးခြင်း။ မကြာသေးခင်ကပင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေပါ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို ပြောင်းလဲပြင်ဆင်ဖို့ သဘောပြောဆိုလာခြင်း… စသည်များ ဖြစ်ပါသည်။

အကယ်၍ ဤမှန်းဆချက်သာ မှန်ခဲ့လျှင် ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စရာရှိ၍ ကြိုဆိုအပ်သည်ဟု သဘောရပါသည်။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်အနေနှင့် နိုင်ငံရေးအာဏာ ရယူလိုသည်မှာ လွန်စွာမှပင် သဘာဝကျသည်ဟု ယူဆသည်။ “တော်လှန်ရေး၏ အဓိကပြဿနာမှာ အာဏာ” ဆိုသော ‘လီနင်’ ၏ စကားရှိသည် မဟုတ်ပါလော… ။ (ဤကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နေကြသူများမှာ လက်ဝဲနွယ်များဖြစ်၍ လီနင်ကို ကိုးကားရခြင်း ဖြစ်ပါသည်။ ဤကား - စကားချပ်)

ထို့ထက် စာရေးသူ အာရုံညွတ်သော အယူအဆတစ်ရပ်ရှိသည်။ Minilateralism၊ ‘အနည်းဆုံး ညှိလမ်းကြောင်း’ ဆိုပါစို့။ အားလုံးပါဝင် ညှိနှိုင်းဆွေးနွေးကြသည့် Multilateralism မှာ သီအိုရီအရ ကောင်းပါ၏။ လက်တွေ့အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်မည့် လူပုဂ္ဂိုလ်အနည်းငယ်မျှ ညှိနှိုင်းဆွေးနွေး အဖြေရှာကြသည့် Minilateralism ကသာ အလုပ်ဖြစ်လိမ့်မည်ဟု ထင်သည်။ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်…၊ သူတို့အချင်းချင်း နားလည်မှုဖြင့် အကျပ်အတည်းကို ကျော်နိုင်လျှင် မကောင်းပါသလော… ။ ကောင်းသည်ဟု ယုံသည်။

တိုင်းရင်းသား လူမျိုးစုများအရေး
ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသာမက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တစ်နည်း ပြည်တွင်းစစ် ရပ်စဲရေးပါ အကျုံးဝင်သည့် သုံးပွင့်ဆိုင် အခင်းအကျင်း ဖြစ်သည်။ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလမ်းပြမြေပုံ တစ်ခုလည်း ချမှတ်ဖော်ထုတ်ပြီး ဖြစ်ပါသည်။ အဆိုပါလမ်းပြမြေပုံ တတိယအဆင့်တွင် လူမျိုးစု လက်နက်ကိုင် အင်အားစုများသာမက ဆက်စပ်ပတ်သက်သူအားလုံး စုစည်းပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရယူနိုင်သည်အထိ ကြိုးပမ်းမည်ဟု ဆိုသည်။ ဤအဆင့်တွင် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိပါ ဆွေးနွေးညှိနှိုင်းကြမည်ဟု လမ်းဖွင့်ထားပြီး ဖြစ်ပါသည်။

ယခုဆိုလျှင် ဒုတိယအဆင့် စတင်နေပြီဖြစ်၍ ၂၀၁၅ မတိုင်မီ တတိယအဆင့်သို့ ရောက်ကောင်းရောက်သွားနိုင်သည်။ အဆိုပါ တတိယအဆင့် ဆွေးနွေးကြတော့မည်ဆိုလျှင် စကားလုံးတစ္ဆေကြောင့်သော်လည်းကောင်း၊ အစိုးရိမ်လွန်မှုကြောင့် သော်လည်းကောင်း၊ ပြောခွင့်၊ ဆိုခွင့်၊ ဆွေးနွေးခွင့် မရခဲ့သော ဖက်ဒရယ်စနစ် အကြောင်းကိုလည်း ပြောကြဆိုကြ ဆွေးနွေးကြရတော့မည်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေမှာ ဖက်ဒရယ်သဘောများ အတော်အတန် ပါသော်လည်း အစိုးရ၏ ပေးထားချက်သာ ဖြစ်လေရာ လူမျိုးစုများဘက်မှ ဖြည့်စွက်၊ ပြင်ဆင်လိုသည်များ၊ သဘာဝကျစွာ ရှိလာနိုင်ပါသည်။

လွှတ်တော်က ပြင်ဆင်မည့် အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးစုများအရေးနှင့် ဆက်စပ်နေသော အချက်များ (ဥပမာ - ဇယား ၁၊ ၂၊ ၃ နှင့် ၅) ပါမပါ မသိရသေးပါ။ အကယ်၍ ဤအချက်များကို ပြင်ဆင်မည်ဆိုလျှင် ငြိမ်းချမ်းရေးလမ်းပြမြေပုံ အဆင့် ၃ နှင့် ဆက်စပ်ဆောင်ရွက်ဖို့ လိုမည်ထင်ပါသည်။ ဤသို့ မဆက်စပ်ဘဲ သီးခြားဆောင်ရွက်မည်ဆိုပါက လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော ပြင်ဆင်ချက်ဖြစ်လျှင်သော်မှ အများလက်ခံနိုင်မည့် အဖြေဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အကြောင်းမူ ယနေ့တည်ဆဲလွှတ်တော်တွင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှ မှတ်ပုံတင်ကြသော နိုင်ငံရေးပါတီများ မပါကြသေးသလို လူမျိုးစုလက်နက်ကိုင် အဖွဲ့များလည်း မပါသေးသောကြောင့် ဖြစ်ပါသည်။ ဤကိစ္စမှာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် တိုက်ရိုက်ဆက်စပ်နေရာ လူမျိုးစုအားလုံး စုံစုံညီညီပါဝင်သည့် all inclusive ညီလာခံမျိုး ဖြစ်ဖို့လိုပါလိမ့်မည်။

၂၅% ကိစ္စ
နောက်ဆုံးအနေနှင့် လူပြောများသည့် တပ်မတော်ကိုယ်စားလှယ် ၂၅ % နှင့် ပတ်သက်သော စာရေးသူအမြင်ကို တင်ပြပါမည်။ ပြောရလျှင် ဤကိစ္စမှာ မြန်မာ့ဒီမိုကရေစီရေး၏ အသိမ်မွေ့ဆုံး၊ အခက်ခဲဆုံးအပိုင်းဟု ဆိုနိုင်လောက်သော ‘စစ်ဘက်-အရပ်ဘက်’ ဆက်ဆံရေးပြဿနာ ဖြစ်လေရာ စိတ်လိုက်မာန်ပါ အစောတလျင် မဆုံးဖြတ်သင့်ဟု သဘောရပါသည်။

တပ်မတော်အနေနှင့် ၎င်း၏အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းမှ ပါဝင်ရေး ဆိုသည်ကို ရပ်ခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဆိုပါရပ်ခံချက်ကို တရားဝင် ပြဋ္ဌာန်းထားသည့်သဘော ဖြစ်ပါသည်။ ဒီမိုကရက်တစ် စံနှုန်းများအရဆိုလျှင် အရပ်ဘက်က စစ်ဘက်အပေါ် လွှမ်းမိုးနိုင်မှသာ စစ်မှန်သော ဒီမိုကရေစီဟု ဆိုရပါလိမ့်မည်။ သို့နှင့်တိုင် ရာစုဝက်မျှ ကြာမြင့်ခဲ့သော စစ်ဘက်အုပ်စိုးမှုမှ ထိုးထွက်ခါစ နိုင်ငံတစ်ခုအနေနှင့် ဒီမိုကရက်တစ် စံနှုန်းများနှင့်အညီ ချက်ခြင်းပြောင်းလဲပစ်ဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါသည်။

ထို့ထက် ဆိုခဲ့ပါ ရပ်ခံချက်အတွက် တပ်မတော်၏ အကြောင်းပြချက်မှာ ကြိုက်မကြိုက် အသာထား၊ ငြင်းဖို့ခက်သည့် အနေအထားတွင်လည်း ရှိနေသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်အားအကြီးဆုံး ဗကပ မရှိတော့သည့်တိုင် တော်လှန်ပုန်ကန်နေကြသော လက်နက်ကိုင်အင်အား စုစုပေါင်းမှာ ယခုအထိ တစ်သိန်းအထက် ရှိနေဆဲဟု သိရသည်။ လူဦးရေနှင့် အချိုးချကြည့်လျှင် သူပုန်အများဆုံးတိုင်းပြည် ဖြစ်နေသည်။ ထိုမျှမက အစိုးရသစ်သက်တမ်း ၂ နှစ်သာသာ ကာလအတွင်း ထိပ်တက်လာသော လုံခြုံရေးပြဿနာများကလည်း ရှိနေပြန်သည်။ ပြောရလျှင် - ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှသာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပုံမှန်ဖြစ်ဖို့ လမ်းပွင့်နိုင်ပါလိမ့်မည်။

အမှန်စင်စစ် တပ်မတော်ကို ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းအဖြစ် ပြောင်းလဲပုံဖော်နိုင်ရေးမှာ ဒီမိုကရေစီအတွက် အရေးကြီးသည့်တိုင် ရေရှည်ဆောင်ရွက်ရမည့် သဘောရှိသည်။ အချိန်မတိုင်မီ အလောတကြီး ဆောင်ရွက်လိုက်လျှင် လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွက် အကြီးမားဆုံး စိန်ခေါ်ချက်ပင် ဖြစ်လာနိုင်စရာရှိသည်။ လက်ရှိ စစ်ဘက်၊ အရပ်ဘက် အင်အားချိန်ခွင်လျှာအရ တပ်မတော်၏ သဘောတူ ကြည်ဖြူမှုမရလျှင် ၂၅% ကိစ္စမှာ၊ လက်တွေ့ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အန္တရာယ်ကြီးသော နိုင်ငံရေးမီးရှူးမီးပန်းသာ ဖြစ်ဖို့များပါလိမ့်မည်။

ယခုစာစုကို ‘ဒီမိုကရက်တိုင်ဇေးရှင်း’ ပညာရပ်၏ ခေါင်းကိုင်ဖခင်တစ်ဦးဟု ဆိုနိုင်လောက်သော ပါမောက္ခဂီယာနိုဒီယာ၏ သတိပေးစကားဖြင့် နိဂုံးချုပ်အပ်ပါသည်။ ယခုလို …

ဒီမိုကရေစီအပြောင်းအလဲမှာ လက်တွေ့မဖြစ်နိုင်သေးတာက မစမိပါစေနဲ့။ အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်း အကောင်းဆုံးနယ်ပယ်မှာ အာရုံစိုက်ပါ။ ဒါက စပါ…
ကျော်ဝင်း
၁၂၊ မေ ၂၀၁၃
[ဆရာကျော်ဝင်း၏ Facebook စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်

No comments:

Post a Comment

 
Web Statistics