Wednesday, May 15, 2013

Fight ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဖွ ရောဂါရခြင်း



Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံး တွေ့သဖြင့် ကင်ဆာအထူးကု ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ ရောက်လာလေသည်။

“လာဗျာ… ဦးဖွထိုင်ပါ။ လူကိုတော့ မမြင်ဖူးသေးဘူး။ နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ” ဟု ကင်ဆာဆရာဝန်က ကြိုဆိုလေ၏။ ရောဂါရာဇ၀င်ကို မေးမြန်း၍ ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကို ပြောလေသည်။

“ကဲ..ဦးဖွ။ ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော် ဦးဖွ။ အသားစ ယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက် ကင်ဆာမဟုတ်ဘူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲ ပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။

ဦးဖွသည် ဓာတ်မှန်ဆရာဝန်ဆီ ရောက်လာသည်။ ဓာတ်မှန်ဆရာဝန်က “ကဲ..ဦးဖွ။ ခင်ဗျားရင်ဘတ်ထဲက အကျိတ် ကလေးကို ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ အပ်နဲ့စုပ်ပြီး အသားစယူပေးမယ်။ ဒီမှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖတ်ပါ။ ပြီးရင် လက်မှတ်ထိုးပါ။ ဒီထဲမှာရေးထားတဲ့အတိုင်း အဆုတ်ထဲကအကျိတ်ကို အပ်နဲ့ထိုးပြီး အသားစယူရင် ၂% က အဆုတ်ထဲ သွေးယိုတတ်တယ်။ ကျွန်တော့်ဓာတ်မှန်ဆရာဝန် သက်တမ်းတစ်လျှောက်တော့ ၉၈ ယောက် အသားစ ယူပေးခဲ့ပြီးပြီ။ ဘာမှမဖြစ်ခဲ့ဖူး။ ကဲ.. ဒီအန္တရာယ်ကို သိရှိကြောင်း လက်မှတ်ထိုးပါ” ဦးဖွသည် ရင်ဘတ်ကအောင့်သလို၊ ကျောက အောင့်သလို အောင့်သက်သက်ဖြင့် စာကိုဖတ်ရှုပြီး လက်မှတ်ထိုးလိုက်ရလေသည်။

အသားစယူခြင်းသည် အဆင်ပြေချောမောစွာ ပြီးဆုံးသွားလေသည်။ နောက်အပတ် အသားစ အဖြေရသည့်အခါ ဦးဖွသည် ကင်ဆာဆရာဝန်ထံ ပြန်သွားသည်။ ကင်ဆာဆရာဝန်က တစ်ရက်ကို လူနာ ၃၀ သာ လက်ခံသည်ဆိုသည်။ ဦးရာလူစနစ်၊ ကြိုတင်ဘွတ်ကင်စနစ် မရှိသဖြင့် ဦးဖွသည် နှစ်နာရီ၊ သုံးနာရီခန့် ကြိုသွားရလေသည်။ ဦးဖွ မ၀င်ခင် မိသားစုအိမ်သားများက ဆရာဝန်နှင့် အရင်တွေ့ရန် ၀င်သွားကြလေသည်။

ကင်ဆာဆရာဝန်က ပြန်ဖြေသည်။ “တခြားသူဆိုရင်တော့ ရမယ်။ ဦးဖွ ဆိုရင်တော့ မညာနိုင်ဘူးဗျ။ တော်ကြာ သူ့မှာ ကင်ဆာဖြစ်နေတာကို ဆရာဝန်က ထိန်ချန်တယ်ဆိုပြီး တရားစွဲ၊ ဂျာနယ်ထဲ ထည့်တဲ့အခါကျတော့ ခင်ဗျားတို့ တာဝန်ယူမှာလား။”

ဆရာဝန်သည် ဦးဖွကို ပြောလေသည်။ “ဦးဖွ ..ခင်ဗျားဆီမှာ အဆုတ်ကင်ဆာတော့ ဖြစ်နေပြီ။ အသားစအဖြေက ကင်ဆာပဲ။ ဘယ်လောက်နေရမလဲ ခင်ဗျားသိချင်နေပြီ မဟုတ်လား။  ရှင်းပြမယ်။ ဆေးဘယ်လို ကုရမယ်။ ဘယ်လောက် နေရမယ်ဆိုတာ သိချင်ရင် ကင်ဆာပျံ့နှံ့မှုနှုန်းကို သိအောင်လုပ်ရတယ်။ ခင်ဗျား တစ်ကိုယ်လုံးကို ကွန်ပျူတာဓာတ်မှန် ရိုက်မယ်။ အဲ.. ခေါင်းတော့ မပါသေးဘူး။ အဲ.. ခင်ဗျား ခေါင်းကိုက်တယ်ဆိုတာနဲ့ ခေါင်းကိုပါ ရိုက်မယ်။ အဲဒီကွန်ပျူတာဓာတ်မှန် အဖြေထွက်မှ ခင်ဗျားသိချင်တာတွေ ပြောနိုင်မယ်။ ကဲ.. ဘာမေးဖို့ ရှိသေးလဲ။”

“ဆရာ ဘာလို့ လူနာအများကြီး မကြည့်တာလဲဆရာ။ ပြချင်တဲ့ လူနာတွေက အများကြီး။ ဆေးခန်းကလည်း ဒီတစ်ခုတည်း ထိုင်တယ်ဆိုတော့”

“အထူးကုဆရာဝန်တစ်ယောက် ဆေးခန်းတစ်ခုပဲ ထိုင်ရမယ်လို့ ခင်ဗျားတို့ပဲ ရေးခဲ့တာမဟုတ်လား။ ကျွန်တော်က ဆေးရုံမှာလည်း လူနာတွေ ကြည့်ရသေးတယ်ဗျ။ အခွန်ဆောင်ရလွန်းလို့ ဆရာဝန်အလုပ်ကို ဘယ်သူမှ မလုပ်ချင်လို့ ဆေးရုံမှာ ဆရာဝန်အင်အား မပြည့်စုံဘူး။ ပြီးတော့ ဆရာဝန်ကြီးလူတန်းစား ဖျောက်ဖျက်ရေးဆိုပြီး ခင်ဗျားတို့ ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြလို့ အထူးကုဆရာဝန်မှန်သမျှ ဆရာဝန်ကြီး မဖြစ်တော့ဘူးလေ။ ကျေနပ်တယ်မဟုတ်လား။ ကျွန်တော့်ကိုကြည့်၊ နိုင်ငံခြားပြန် ကင်ဆာအထူးကု ဆရာဝန်ကလေးပဲ။ ဆရာဝန်ကြီး မဟုတ်ဘူး”

ဦးဖွသည် ထိုဆရာဝန် ဘာတွေပြောနေပါလိမ့်ဟု တွေးတောပြီး အိမ်ပြန်လာခဲ့သည်။ နောက်နေ့ ကွန်ပျူတာဓာတ်မှန် ပြန်ရိုက်တော့လည်း လက်မှတ်ထိုးခိုင်းတာ ၀ါသနာပါသည့် ဓာတ်မှန်ဆရာဝန်နှင့် ပြန်တွေ့ရပြန်သည်။

“ကဲ..ဦးဖွ။ ထုံးစံအတိုင်းပဲ။ တစ်ကိုယ်လုံး ကွန်ပျူတာဓာတ်မှန် ရိုက်ရမှာဆိုတော့ ဓာတ်မှန်ပုံထွက်ကောင်းအောင် Contrast ဆိုတဲ့ ဆေးတစ်မျိုးထိုးပြီး ရိုက်ရမယ်။ အဲဒီဆေးနဲ့ မတည့်တဲ့နှုန်းက ၀.၅ % ရှိတယ်။ ခင်ဗျားကို မထိုးခင်မှာ တည့်၊ မတည့် အရင်စမ်းမှာပါ။ ဒါပေမယ့် အဲဒီဆေးတွေ ထိုးပြီးရင် ကျောက်ကပ်ပျက်စီးသွားတတ်တာ ရှိသေးတယ်။ သူလည်း ရာခိုင်နှုန်း နည်းနည်းပါပဲ။ ကဲ.. သိရှိကြောင်း လက်မှတ်ထိုးပါဦး။ ကျွန်တော့်မှာ ခင်ဗျားလက်မှတ်တွေ အကုန်ရှိတယ်နော်။ နောက်… ဆေးထိုးပြီး ကျောက်ကပ်ဒဏ်ရာရတော့မှ ကင်ဆာကြောင့် ဘာမှမဖြစ်ဘဲ ဓာတ်မှန်ဆရာဝန်လုပ်လို့ ဓာတ်မှန်ရိုက်ပြီး ဒုက္ခရောက်ရတယ် အပြောခံနေရဦးမယ်”

ဦးဖွသည် လက်မှတ်ထိုး အတော်ဝါသနာကြီးတဲ့ ဆရာဝန်ဟု သုံးသပ်လျက် လက်မှတ်ထိုးရပြန်လေသည်။

နောက်တစ်ရက်မှာ ကင်ဆာဆရာဝန်ဆီ ပြန်ရောက်လာသည်။ ထုံးစံအတိုင်း အစောကြီး ကြိုသွားရသည်။ အထူးကု ဆရာဝန်ကြီးတွေ ဆေးခန်းပေါင်းများစွာမှာ လူနာတွေ တိုးကျိပ်စောင့်ရသလို အခု အထူးကုဆရာဝန်ကြီးလူတန်းစား မရှိတော့သော်လည်း အခြေအနေက ပိုဆိုးနေပါလားဟု တွေးနေမိသည်။
ကင်ဆာဆရာဝန်သည် ဦးဖွ၏ ကွန်ပျူတာဓာတ်မှန်ကိုကြည့်ပြီး ပြောသည်။ “ပုံမှန်လူနာဆိုရင်တော့ ဒီလိုအဆင့်မျိုးက ခွဲစိတ်ဆရာဝန်ဆီလွှဲ၊ အဆုတ်က အလုံးလေးကို ခွဲထုတ်လိုက်ရင် လုံလောက်ပြီ။ ဒါပေမယ့် အခုက ခင်ဗျားဆိုတော့။ PET scan ဆိုတဲ့ဟာ နိုင်ငံခြားမှာ သွားရိုက်လိုက်ဦးဗျာ။ ဖြစ်နိုင်ချေ နည်းသော်လည်းပဲ မသင်္ကာစရာ အကျိတ်လေးတွေ ဗိုက်ထဲမှာ တွေ့နေရတယ်။ PET scan ဆိုရင်တော့ ပိုရှင်းတယ်။ မရိုက်လို့တော့ မရဘူး။ တော်ကြာ… ခွဲစိတ်ပြီးနောက် နှစ်လ၊ သုံးလ အဲဒီအကျိတ်တွေကြီးလာရင် ကင်ဆာအဆင့်(၄) ဖြစ်သွားမယ်။ အဲဒီအခါကျရင် အဆုတ်ကင်ဆာ အဆင့်(၄)ကြီးကို ငွေလိုချင်လို့ ခွဲစိတ်ဆရာဝန်နဲ့ ကင်ဆာဆရာဝန် ပေါင်းခွဲတယ် ဖြစ်နေမယ်။ ဒီတော့ နိုင်ငံခြားမသွားနိုင်ရင် ဒီမှာ လက်မှတ်ထိုး။ ဆရာဝန်က PET scan လိုအပ်ကြောင်း ရှင်းပြသော်လဲပဲ မိမိဆန္ဒအလျောက် မသွားခဲ့ပါလို့ရေး” ဟုဆိုလျက် ကင်ဆာဆရာဝန်က ရှည်လျားစွာရှင်းပြသည်။

ဒီလိုနှင့် ဦးဖွသည် ခွဲစိတ်ဆရာဝန်ထံ ရောက်လာရပြန်သည်။ ခွဲစိတ်ဆရာဝန်က “ကဲလာ ဦးဖွ၊ ကျွန်တော့်သူငယ်ချင်း ကင်ဆာအထူးကုကတော့ ခင်ဗျားမျက်နှာမြင်တိုင်း သူ့စာတွေ မေ့မေ့သွားတယ်ပြောတယ်။ ခင်ဗျားကို ခွဲစိတ်မှုအကြောင်း ရှင်းပြမယ်”

သဘောကောင်းပုံရသည့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်မှုအကြောင်း ဦးဖွကို ရှင်းပြလေသည်။
“အရင်တုန်းကတော့ ဦးဖွရယ်… ဒီလို အကျိတ်အရွယ်လောက်ဆို ရင်ဘတ်ဖွင့်ပြီး ခွဲစရာမလိုဘူး။ Video-assisted Thorascopic Surgery (VATS) ခေါ်တဲ့ မှန်ပြောင်းလေးထည့်ပြီး အကျိတ်လေးကို ခွဲထုတ်လိုက်လို့ရတယ်။ အခုတော့ အဲဒီလိုခွဲတတ်တဲ့ ဆရာဝန်က တစ်နှစ်ကို အခွန်သိန်းတစ်ရာဆိုတော့ ပြေးပြီဗျ။ ဟိုမှာက ဒီထက် လစ ၁၀ ဆ၊ အဆ ၂၀ ပိုများပေမယ့် အခွန်က ဒီလောက်မများဘူးလေ။ ပြီးတော့ လူနာတစ်ယောက်ခွဲပြီး ထွက်လာပြီဆို မီဒီယာတွေက လူနာနားမှာ ဘာဖြစ်လေမလဲဆိုပြီး ၀ိုင်းအုံနေကြတော့ သူလည်း မခံနိုင်တော့ဘူး ထင်ပါရဲ့ဗျာ”

ခွဲစိတ်ဆရာဝန်က ဆက်ပြောသည်။ “ကျွန်တော်လား… ဟဲဟဲ… ကျွန်တော့်ကိုတော့ ဘယ်သူမှ မတိုင်ကြဘူးဗျ။ တိုင်လည်း အရေးမယူရဘူးလို့ အထက်လူကြီးများက အမိန့်ထုတ်ထားတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ကျွန်တော် တစ်ယောက်တည်း အဆုတ်ခွဲတတ်တဲ့ဆရာဝန် ရှိတော့တာကိုး။ ကျွန်တော့်သူငယ်ချင်း  ကင်ဆာဆရာဝန်ကတော့ ခင်ဗျားကိုတွေ့ရင် စာတွေ မေ့မေ့ကုန်တယ်ဆိုလား။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဗျာ။ အခြေအနေတွေက ဒီလိုရှိတာကိုး။ ကျွန်တော်က ကြောက်စရာ မလိုဘူးလေ”

နောက်တစ်နေ့တွင် အယ်ဒီတာကြီး ဦးဖွကို သူ့အခန်းထဲတွင်ပင် ဆွဲကြိုးချလျက် သေဆုံးနေသည်ကို တွေ့ရသည်။ သူရေးထားခဲ့သည့် စာထဲတွင် အကျိတ်သေးသေးလေးအတွက် ရင်ဘတ်တစ်ခုလုံး ဖွင့်ပြီးခံရမှာ အလွန်ကြောက်မိကြောင်း၊ သွားတိုင်း လက်မှတ်ထိုးနေရသည့် ဓာတ်မှန်ဆရာဝန်နှင့်လည်း ထပ်မတွေ့ချင်တော့ကြောင်း၊ သေစကားချည်း လွှတ်ပြောတတ်ပြီး သူ့ကိုမြင်လျှင် ဂျာနယ်ထဲအထည့်ခံရမှာ အလွန်ကြောက်သော ကင်ဆာဆရာဝန်နှင့်လည်း စကားမပြောချင်တော့ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဖွ၏ ရေးသားထားချက်များကို သူ၏ ဂျာနယ်တိုက်က အထူးသတင်းအဖြစ် (ထည့်စရာသတင်းမရှိသောကြောင့်) ခေါင်းစီဆောင်းပါးအဖြစ် ထည့်လိုက်လေရာ Fight ဂျာနယ်ကြီး ရောင်းမလောက်အောင် ပေါက်သွားပါကြောင်း။

(တာဝန်သိ စေတနာရှင် ဆရာဝန်တစ်ဦး၏ ပြောပြမှုကို အခြေခံလျက် ပျော်ရွှင်ရယ်မောနိုင်ကြစေရန် ရေးပါသည်)
ဒေါက်တာ လွှမ်းမိုးဟန် 
၂၈/၄/၂၀၁၃

No comments:

Post a Comment

 
Web Statistics