Wednesday, July 10, 2013

ဆူပူလှုပ်ရှား နိုဗယ်ဆုရှင်များ၊ ဘစီ


အသရေဖျက်မှုနဲ့ တရားမစွဲဖို့ ကြိုတင်တောင်းပန်ပါရစေ။ မြင်မိတာပြောခြင်းဟာ အပြစ်မဖြစ်တန်ရာဘူး ထင်လို့ပါ။ အထင်လွဲ၊ အမြင်လွဲ၊ အချစ်မွဲကြတဲ့ ကနေ့သံသရာခရီးသွားတွေကြားမှာ အမုန်းတရား ပွားနေကြတာမို့ ကြို၍ တောင်းပန်ထားခြင်းပါခင်ဗျ။

အထင်လွဲစရာဖြစ်တယ်ဆိုရင်လည်း သည်းခံပါ။ ဘ၀င်ဟပ်ပြီး ကျေနပ်ဖွယ်ဖြစ်ရင်လည်း ပုဆိုးခြုံထဲမှာ လက်ခုပ်ကလေးကို အသံမထွက်အောင်တီး၍ ဘစီကိုဂုဏ်ပြုပါ။ နို့မဟုတ်ရင်လည်း တိတ်တိတ်နေပြီး စိတ်ကျေနပ်အောင်သာဆဲပါ။ တစ်ဆိတ် ဖေ့စ်ဘွတ်ခ်မှာ မဖွကြပါနဲ့ ခင်ဗျာ။

အင်း... ကမ္ဘာကြီးကလည်း တလှုပ်လှုပ်ရယ်။ ဟိုတိုင်းပြည်မယ် ဆန္ဒတွေပြလို့ မငြိမ်မသက် ဖြစ်လာဖြစ်ရဲ့။ ဒီတိုင်းပြည်မယ် ကားဗုံးခွဲလို့ လူဘယ်နှယောက် သေသတဲ့။ နောက်တစ်ခါ ဘယ်နိုင်ငံက လွှတ်တော်ထဲမယ် ရန်ဖြစ်ကြလို့ဆိုလား။ ငြိမ်းချမ်းခြင်းဟာ ဘယ်နေရာမှ မရှိပါကလားလို့ သံဝေဂပွားပြီးနေမှ တော်မယ့်အဖြစ်။

ငြိမ်းချမ်းရေးဟာ ဒီကမ္ဘာမှာ အမြဲလိုအပ်နေပါတယ်။ တည်ငြိမ်မှုကင်းမဲ့တဲ့ တိုင်းပြည်အချို့ရဲ့ အပူမီးဟာ အခြားသော ကမ္ဘာ့တိုင်းပြည်များကိုလည်း ကူးစက်နိုင်ပါတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားဟာ ပေါင်ကျိုးနိုင်တယ်ဆိုတာ ရှေးလူကြီးတွေ နှစ်ရာနဲ့ချီပြီးပြောတဲ့ စကားပါ။ ဒါကို အနောက်တိုင်းက ဋီကာချဲ့တဲ့အခါ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ခြင်းဆိုလား၊ ဘိုလိုပြောရင် ဂလိုဘယ်လိုက်ဇေးရှင်းလို ဖြစ်စဉ်ဆိုသဟာပေါ့။

ဆိုလိုရင်းကတော့ အိမ်နီးချင်းတိုင်းပြည်မှာ စစ်ဖြစ်နေတာဟာ ကျုပ်တို့နဲ့ အဝေးကြီးပါလို့ တွေးနေလို့ ခေတ်မမီတော့တဲ့အချိန် ဖြစ်သဗျာ။ အိမ်ရှေ့ပူဟာ အိမ်နောက်မှာလည်း မချမ်းသာနိုင်ပါဘူး။ ကမ္ဘာရဲ့ ဘယ်နေရာမှာ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျုပ်တို့မှာလည်း ငြိမ်းချမ်းခြင်း မရှိနိုင်ပါဘူး။

ကျုပ်တို့ရဲ့ ရွှေပြည်ကြီးမှာလည်း ရန်ဖြစ်တဲ့နေရာမယ် ကမ္ဘာနဲ့ ရင်ပေါင်တန်းနေတယ် ပြောရမလားပဲ။ တိုင်းတုန်ပြည်တုန် ဟိုးလေးတကျော် ပဋိပက္ခကြီးတွေ ဖြစ်နေတဲ့ ကနေ့အချိန်မှာ ကျုပ်တို့ဟာ ငြိမ်းချမ်းရေးကို ပိုပြီး တောင့်တနေမိပါတယ်။ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမယ့် စိတ်ကူးတွေကိုလည်း တွေးမိပါတယ်။ ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့အကြောင်း မငြိမ်းချမ်းတဲ့အခါ ပိုသိလာတဲ့ စကားရှိမို့လား။

ကျုပ်လည်း ပဋိပက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရမှ ငြိမ်းချမ်းရေးကို သဘောပေါက်လာလို့လား မသိဘူး။ ကမ္ဘာကိုလည်း လှမ်းကြည့်တယ်။ ကျုပ်တို့ထက်တောင် ဆိုးသေးတယ်။ တချို့နေရာတွေမှာ သတ်ဖြတ်နေလိုက်ကြတာ။ မငြိမ်မသက် ဖြစ်နေလိုက်ကြတာ။ ငြိမ်းချမ်းခြင်းမရှိ ဖြစ်နေလိုက်ကြတာ။

လူဆိုတာ ကူကယ်ရာမဲ့နေချိန်မှာ အားကိုးရာရှာစမြဲပါပဲ။ ဒီကမ္ဘာမယ် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ကြဉ်းပေးနိုင်မယ့် လူပုဂ္ဂိုလ်တွေကို တောင့်တမြဲမို့လား။ ဒါနဲ့ ကျုပ်လည်း ရေနစ်သူဟာ အားကိုးရာအဖြစ် ကောက်ရိုးတစ်မျှင်ကိုဖြစ်စေ ဖမ်းဆုပ်ရသေးတာဆိုတော့ တွေးမိတွေးရာ တွေးမိပါသဗျ။ တခြား ဟုတ်ပါရိုးလားဗျာတို့။ ဒိုင်းနမိုက်နဲ့ ကြွယ်ဝချမ်းသာသွားတဲ့ အဲဖရက်နိုဗယ်ဟာ သူသေခါနီးမှာ အမြင်မှန်တစ်ခု ရခဲ့သဗျ။ အဲဒါကတော့ လူသတ်လက်နက် ထုတ်လုပ်မှုကရရှိတဲ့ ပိုင်ဆိုင်မှုတွေကို အရင်းအနှီးပြုပြီး ကမ္ဘာအတွက် ကောင်းရာကောင်းကြောင်း သယ်ပိုးထမ်းဆောင်ကြတဲ့သူတွေကို ထိုက်တန်တဲ့ဆုများ ချီးမြှင့်ဖို့ အမိန့်ရှိသွားတယ်။

ဒါနဲ့ နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ကမ္ဘာတစ်ဝန်းက ထိုက်တန်သူတွေကို ရွေးချယ်ပြီး နှစ်စဉ် နိုဗယ်ဆုတွေ ချီးမြှင့်တယ်။ စာပေ၊ ဆေးသိပ္ပံနဲ့ အခြားသောဆုများအပြင် အရေးကြီးဆုံးနဲ့ လူသိအများဆုံးကတော့ ငြိမ်းချမ်းရေးနိုဗယ်ဆု ဖြစ်ပါတယ်။ ဂုဏ်ယူလောက်တဲ့ ဒီဆုကို လက်ဝယ်ပိုင်ပိုင် ရရှိတဲ့သူတွေဟာ ကမ္ဘာမယ် မနည်းတော့ပါဘူး။ ဂုဏ်ယူဖွယ် အဖြစ်ကတော့ ကျုပ်တို့တိုင်းပြည်က ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်လို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါသကြီးသူတွေ ပတ်လည်ဝိုင်းနေတဲ့ ကျုပ်တို့ လူ့အသိုင်းအ၀ိုင်းမှာ ငြိမ်းချမ်းရေး လိုလားသူတွေ ရှိနေတာဟာ အားတက်စရာပါပဲ။ အဖျက်အင်အားစုက ဘယ်လောက်ပဲ အားကောင်းမောင်းသန် ရှိနေပါစေ။ ငြိမ်းချမ်းရေးနှလုံးသားကို ရိုက်မချိုနိုင်ဘူးလို့ အားတက်ချင်စရာပါပဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အရေအတွက် ကမ္ဘာမှာ များလာပါတယ်။ ငြိမ်းချမ်းရေးသမားတွေ များလာတာလည်း အမှန်ပဲ။ ငြိမ်းချမ်းရေးသမားထက် အရေအတွက်များတာကတော့ အကြမ်းဖက်၊ အစွန်းရောက်၊ စစ်သွေးကြွနဲ့ အမျိုးသားရေးစိတ် ပြင်းထန်သူတွေပဲလေဗျာ။

ဒီနေရာမှာ ကျုပ်တွေးနေမိတာ တစ်ခုရှိသဗျ။ ပြီးတော့ နည်းနည်း ဘ၀င်မကျ ဖြစ်မိတာလေးပေါ့ခင်ဗျာ။ အနှီလို တလှုပ်လှုပ် ဖြစ်နေတဲ့ လက်ရှိကမ္ဘာအနေအထားမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ငြိမ်းချမ်းရေးစကားကို မကြားရတာကတော့ အတော်ထူးတယ်။ ကမ္ဘာတစ်ဝန်းမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေဟာ ဘယ်လုပ်နေကြသလဲ။

သိကြတဲ့အတိုင်း ဟိုတလောလေးတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားကို စိန်ခေါ်လိုက်တယ်။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ နျူကလီးယားလက်နက်နဲ့ ပစ်မယ်လုပ်လို့ တစ်ကမ္ဘာလုံး တုန်လှုပ်သွားသေးတယ်။ အနှီလို တင်းမာနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေက ကြားဝင်ဖျန်ဖြေတာ၊ ငြိမ်းချမ်းရေးအတွက် နှိုးဆော်တာလုပ်တယ်လို့ ကျုပ်ဖြင့် မတွေ့မိဘူး။ အမှတ် မမှားရင်ပေါ့လေ။ အခု ဆီးရီးယားအရေးမှာလည်း အဲသလိုပဲ။

ကျုပ်တို့ဆီမှာလည်း အလားတူပဲဗျာ။ ပဋိပက္ခတွေဖြစ်နေလိုက်တာ။ နောက်တစ်ခါ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောဆိုနေကြလို့ အဆင်မသင့်ရင် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာဖွယ်ရှိတဲ့ အနေအထားမှာ ငြိမ်းချမ်းရေးသမားတွေဟာ ဘာမှ ၀င်ရောက်ပြောဆိုခြင်း၊ ထင်မြင်ချက်ပေးခြင်း၊ ဝေဖန်ပြောဆိုခြင်း မပြုကြတာဟာ ထူးဆန်းမနေဘူးလား။

အနှီလိုဆိုရင် အခုတစ်လော ပြောပြောနေတဲ့ တိတ်ဆိတ်နေသူတွေ စာရင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တွေကိုလည်း ထပ်ဖြည့်ရလိမ့်မယ် ထင်သဗျ။ အဲဖရက်နိုဗယ်ကတော့ ငြိမ်းချမ်းရေးဆု ပေးမယ်ဆိုတဲ့အခါ ကမ္ဘာမယ် စစ်မက်နဲ့ ငြိမ်းချမ်းရေးကို ဟန့်တားမယ့်သူ၊ ကာကွယ်နိုင်မယ့် သူတွေနဲ့ ကာကွယ်ပေးတဲ့သူတွေကို ရည်စူးခဲ့တာမို့လား။

ဒါပေမယ့် ပြောင်းပြန်တွေးကြည့်ရင် ဒီလိုလည်း ဖြစ်နိုင်သေးတယ်ဆိုတဲ့ အဖြေတစ်ခုရတယ်။ အဲဒါက အခုနောက်ပိုင်း နိုဗယ်ငြိမ်းချမ်းရေးဆုတွေပေးတာဟာ ဦးတည်ချက် နည်းနည်းပြောင်းသွားတာ သတိထားမိတယ်ဗျ။ ငြိမ်းချမ်းရေးလိုလားသူ၊ တိုက်တွန်းသူများထက် ငြိမ်းချမ်းရေးကို ဖျက်ဆီးဖွယ် ရှိတဲ့သူတွေကိုချိန်ပြီး ပေးနေတာမျိုး တွေ့လာရလို့ပါ။ ရွှေပြားသူခိုးကို ဘုရားလူကြီး ခန့်လိုက်သလိုပေါ့ဗျာ။ လူကြီးဖြစ်သွားတော့ သူခိုးပေမယ့် လူရိုသေအောင် နေရတဲ့အခြေအနေ ဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာမျိုး ဖြစ်နိုင်သဗျ။ ဒါကြောင့် အိုဘားမားဟာ သူ့ရဲ့ သမ္မတရာထူး လက်ခံပြီးစ ကမ္ဘာကို ဘာမှ လုပ်မပြရသေးခင်မှာတင် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပေးလိုက်တာပေါ့။ သူက စူပါပါဝါ အဏုမြူလက်နက် နိုင်ငံတော်ရဲ့ ရေမြေ့သခင်ဆိုတော့ သူ့ကို ဘုရားလူကြီး ခန့်လိုက်တဲ့သဘော ဖြစ်နိုင်တယ်ဗျ။

အာရပ်နဲ့အစ္စရေး နောင်ဂျန်ချနေချိန်မှာ အာရပ်ခေါင်းဆောင် အာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့နှစ်ဦးဟာ ငြိမ်းချမ်းရေးနိုဗယ်ဆု ပူးတွဲရဖူးတယ်။ ကမ္ဘာကို အိပ်ရေးပျက်အောင် ဆူပူနေတဲ့သူတွေကို ဆုပေးလိုက်တဲ့သဘော မဖြစ်နိုင်ဘူးလား။ ဒါနဲ့ဆက်စပ်ပြီး ကျုပ်စဉ်းစားကြည့်တယ်။ မြောက်ကိုရီးယားက ခေါင်းဆောင်လေး ကင်ဂျုံအန်ကိုများ ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးလိုက်ရင် ဘယ်နှယ့်နေမလဲ။

ပြီးတော့ ဘင်လာဒင်နဲ့ သူ့ရဲ့ အယ်လ်ကိုင်ဒါအဖွဲ့ကို ငြိမ်းချမ်းရေးနိုဗယ်ဆုများ အစကတည်းက ပေးထားလိုက်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ တစ်မျိုးတစ်မည်အားဖြင့် တိုးတက်ကောင်း တိုးတက်လာနိုင်တယ်။ ဒီကနေ့ ဟန်ရေးတပြပြနဲ့ ဆူပူလှုပ်ရှား အကြမ်းဖက်သမား အတော်များများကိုလည်း နိုဗယ်ဆုပေးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခိုင်းလိုက်ရင် ဘယ်နှယ့်နေတုံး။

မဟုတ်ဘူးလားဗျာ။ ကနေ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ရှိနေတော့ကော ငြိမ်းချမ်းရေးစကား ကြားရလို့လား။ မကြားရတာထက်စာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ဒေသတွင်း တည်ငြိမ်မှုတွေကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို ပေးလိုက်ပြီး ချွေးသိပ်လိုက်ရင် မကောင်းဘူးလား။

ဒီကိစ္စမှာ အငြင်းပွားစရာ တစ်ခုတော့ရှိတယ်။ တော်ကြာ ငြိမ်းချမ်းရေးနိုဗယ်ဆုလိုချင်လို့ တမင်တကာကို ဆူပူလှုပ်ရှားတဲ့ အဖျက်သမားတွေရဲ့ အင်အားဟာ တိုးပွားလာမယ်။ အနှီလိုများဆို ခက်ရချည်ရဲ့လို့ ပူပင်ကြောင့်ကြသူများ ရှိလာနိုင်ပါရဲ့။ ဒါလည်း မပူပါနဲ့။ ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုးကတော့ အနည်းနဲ့အများ ရှိကြတာချည်းပါပဲ။

တကယ်လို့ အဲဒီလို လိုချင်သူတွေ များမယ်ဆိုရင်လည်း ဆူပူလှုပ်ရှား အကြမ်းဖက်သမားများအတွက် နိုဗယ်ဆုတစ်ခု ဖန်တီးပြီး ထပ်တိုးချီးမြှင့်ဖို့ နိုဗယ်ဆုကော်မတီကို ကျုပ်တို့ မေတ္တာရပ်ခံလိုက်တာပေါ့လေ။ ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့အပြိုင် ဆူပူလှုပ်ရှားနိုဗယ်ဆု ဆိုသဟာမျိုးပေါ့။ အဲဒီလို ဆူပူလှုပ်ရှားနိုဗယ်ဆု ကိုများ ရွေးချယ်ပေးအပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်တွေက ဘယ်သူတွေများ ရရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်မှာ။

ကျုပ်ဖြင့် မြင်ယောင်ပါသေးတယ်။ သေချာတာက အဲဒီအချိန်ကျ ကျုပ်တို့တိုင်းပြည်မှာလည်း နိုဗယ်ဆုရှင်တွေ အတော်များများ ပေါ်ထွက်လာမယ် ဆိုတာပါပဲ။ ကျုပ်တို့အဖို့ ဂုဏ်ယူစရာကြီးနေမှာပေါ့။

ကျုပ်ရဲ့ ဒီလို သရော်တော်တော် ရေးတာကိုဖတ်ပြီး နိုဗယ်ဆုရွေးချယ်ရေးကော်မတီက စိတ်ဆိုးမာန်ဆိုးနဲ့ ကန့်ကွက်လာမယ်ဆိုရင် ဘယ်နှယ့်လုပ်ရမလဲ။ ဒီဆောင်းပါးကို ထည့်သွင်းဖော်ပြတဲ့ သတင်းစာတိုက်ရှေ့မှာ ဆန္ဒပြကြမလားမသိဘူး။

(ဤစာစုသည် သရော်စာဖြစ်ပြီး စာရေးသူဘစီ၏ အာဘော်အတိုင်းသာ ဖြစ်ပါသည်)

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

ကျွန်တော်ကိုဉာဏ် ပြောချင်တာ
ပထမဆုံးပြောချင်တာက ဒီဆောင်းပါးဟာ (သတင်းစာကပြောသလိုဆိုရင် ဒီသရော်စာဟာ) [7Day Daily သတင်းစာ အမှတ် ၇၃၊ ဇူလိုင် ၆၊ ၂၀၁၃၊ စာမျက်နှာ ၂၀] မှာပါတဲ့ဟာကို ပြန်လည်စာရိုက်ပြီး ကူးယူဖော်ပြတယ်ဆိုတာပါပဲ။

ဒုတိယအချက် အဲဒီသတင်းစာထဲမှာပါတဲ့ အခြားဆောင်းပါးတွေအားလုံး 7Day News ရဲ့ Facebook စာမျက်နှာဟာ အကုန်တင်ပေးထားပါတယ်။ ဒီစာကိုတော့ တင်ပေးခြင်းမရှိပါဘူး။ အစတုန်းက ဒီစာလေးကို သဘောကျပြီး 7Day News ရဲ့ Facebook ကနေ ပြန်ကူးပြီး တင်ပေးမယ်ပေါ့လေ။ အခုတော့ ကိုယ်တိုင်ပဲ အစအဆုံးရိုက်ပြီး မိတ်ဆွေတွေဖတ်ဖြစ်အောင် တင်ပေးလိုက်ပါတယ်။

အွန်လိုင်းမှာ ဒီစာကို မတင်ရခြင်းရည်ရွယ်ချက်ဟာ ဘာများလဲ။ 7Day News က မတင်ပေးရဲလို့လား။ စာရေးသူ ဘစီက မတင်ခိုင်းလို့လား။ ဒါမှမဟုတ် ဖြစ်လာမယ့် ဝေဖန်မှုတွေကို မခံရဲလို့လား၊ မခံနိုင်လို့လား။ ကျုပ်တို့နိုင်ငံမှာ ဘယ်သူ့ကိုတော့ မထိရဲဘူး၊ မဝေဖန်ရဲဘူးဆိုရင်တော့ အလကားနေရင်း ဂျာနယ်တွေ၊ စာစောင်တွေထဲမှာ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုပြီး လျှောက်ရေးမနေနဲ့တော့။ ခေတ်သစ်အာဏာရှင်စနစ် ဆိုတာကို မြဲမြဲသာမှတ်ထား။ သရော်စာရေးပါတယ်ဆိုမှပဲ ဘယ်သူ့ကိုပဲ သရော်သရော်ပေါ့၊ ဘာကိစ္စ 7Day က အလကားနေရင်း ကြားထဲကနေ စိတ်ပူနေရတာလဲ။ စာအဆုံးမှာ ကွင်းစကွင်းပိတ်နဲ့ မှတ်ချက်ရေးတာကိုလည်း လုံးဝ သဘောမကျဘူး။ ရေးသမျှစာတိုင်းဟာ စာရေးသူရဲ့ အာဘော်ဆိုတာ သိပြီးသားပဲ။ အချို့သော အယ်ဒီတာတွေအလိုကျ၊ သူဌေးအလိုကျ ရေးပေးရတဲ့ လူတွေကလွဲရင်ပေါ့လေ။

7Day News ကတော့ သူတို့အတွက် သူတို့ကာတယ်လို့ထင်မှာပဲ။ ကျွန်တော့်အမြင်ကတော့ စာရေးသူကို အချွန်နဲ့မလိုက်တယ်လို့ ခံစားရတယ်။ ဘုန်းတော်ဘွဲ့တွေချည်းပဲ ဖတ်ရတာကို သဘောမကျဘူး၊ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာတွေကိုလည်း လက်မခံဘူး စသဖြင့် တွင်တွင်အော်နေတဲ့ ခေတ်ကြီးထဲမှာ နိုဗယ်ဆုရှင်တွေကို သရော်တဲ့သဘောလေး ရေးတာလောက်ကိုများ ဘုရားရဟန္တာကို ပြစ်မှားတဲ့ပုံစံမျိုး ကြောက်လန့်နေတယ်ဆိုရင်တော့ သေချာတယ်... ခေတ်နောက်ပြန် ဆွဲနေတာ အစိုးရမဟုတ်ဘူး၊ ဦးသိန်းစိန်မဟုတ်ဘူး၊ ခင်ဗျားတို့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

No comments:

Post a Comment

 
Web Statistics