Wednesday, July 17, 2013

သေမင်းတမန်ကားလမ်းမှာ သမ္မတကြီး ခရီးသွားပြီး အာဇာနည်နေ့မှာ ဥသြဆွဲမယ်


အခုတလော ဖတ်ရတဲ့သတင်းတွေဟာ ပျော်စရာနည်းပါးပြီး စိတ်ညစ်ညူးစရာ များလှပါတယ်။ ဘယ်သူတွေကိုတော့ဖြင့် ရာထူးက ထုတ်ပယ်လိုက်တယ်။ ဘယ်သူတော့ဖြင့် ကားမတော်တဆဖြစ်ပြီး ဆုံးသွားရှာတယ်။ ဘယ်သူကဖြင့် သမီးအရင်းကို အလိုမတူဘဲ သားမယားပြုကျင့်တယ်။ ဘယ်မြို့မှာ စကားများပြီး လူသတ်မှုဖြစ်တယ်။ ဘယ်စေတီမှာတော့ တာဝန်ရှိသူတွေနဲ့ သတင်းထောက် စကားများတယ်၊ လုံခြုံရေးဆိုင်ရာ မသင်္ကာစရာလူကို ဖမ်းမိတယ်၊ ဘယ်ပါတီကဖြင့် ဘယ်လိုပြဿနာတွေ ရင်ဆိုင်နေရတယ်၊ စသဖြင့် စသဖြင့် ပျော်စရာမကောင်းတဲ့ သတင်းတွေကို အဖတ်ရများပါတယ်။ ဒါ့အပြင် အချို့သော သတင်းတွေကလည်း အရမ်းကို လူပြောများတာ တွေ့ရပါတယ်။ ပြောချင်စိတ်နဲ့ ပြောစရာတွေ ရှိပေမယ့် မပြောဖြစ်အောင် ထိန်းထားခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တအုံ့နွေးနွေး ခံစားနေရတာဟာ အတော်ကြီးကို ခံရခက်တာမို့ ကျွန်တော့်အမြင်တွေကို ဘလော့ဂ်မှာ ရေးသားမှတ်တမ်းတင်လိုက်ပါတယ်။ အားလုံးနဲ့ ထပ်တူမကျနိုင်တာကို ကြိုတင်တွက်ဆထားပြီးသားမို့ ဝေဖန်လာမှာတွေကိုလည်း မျှော်လင့်ထားပြီးသားပါ။

သေမင်းတမန်ကားလမ်းတဲ့လား
သေမင်းတမန်ရထားလမ်းဆိုတာကို မြန်မာတိုင်းနီးပါး သိကြပါတယ်။ အဲဒီအသုံးအနှုန်းကို ပုံစံပြောင်းပြီး သေမင်းတမန်ကားလမ်းဆိုပြီး သုံးနှုန်းခဲ့ခြင်းဖြစ်ပါတယ်။ အခြားမဟုတ်ပါဘူး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ရည်ညွှန်းသုံးစွဲခဲ့တာပါ။ အဲဒီလို သုံးနှုန်းရလောက်အောင် အမြန်လမ်းမကြီးဟာ မကောင်းဆိုးရွား ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်လိုပါတယ်။ အမြန်လမ်းမှာ ကားမတော်တဆမှု တစ်ခုခုဖြစ်တိုင်း အစိုးရကိုပဲ ဘာဖြစ်လို့ ဆဲဆိုဝေဖန် အပြစ်တင်နေကြသလဲဆိုတာ စဉ်းစားမရပါဘူး။ ဒီအမြန်လမ်းမကို ဦးသိန်းစိန်အစိုးရ ဖောက်ခဲ့တာ မဟုတ်ပါဘူး။ ဒီအမြန်လမ်းကို မသုံးမနေရ အသုံးပြုရမယ်လို့ အမိန့်ထုတ်ပြန်ထားတာ၊ ဥပဒေပြဋ္ဌာန်းထားတာ မရှိပါဘူး။ သေမင်းတမန် ကားလမ်းလို့ ခေါ်ရလောက်အောင် ဆိုးရွားနေတယ်၊ ကြောက်စရာကောင်းနေတယ်ဆိုရင်လည်း အသုံးမပြုဘဲ နေဖို့ကောင်းကြပါတယ်။ ဒီလောက်အန္တရာယ်များတဲ့လမ်းကို အသက်စွန့်ပြီးတော့ အသုံးပြုတဲ့လူဖြင့် ရှိမယ်မထင်ပါဘူး။ အမြန်လမ်းမကြီးမှာ တစ်နေ့ကို ကားအစင်းရေပေါင်း ၅၀၀၀ ၀န်းကျင် သွားလာနေတယ်လို့ ဖတ်မှတ်လိုက်ရပါတယ်။ အဲဒီကားတွေထဲကနေ တစ်နေ့ကို ကားအစင်း ၅၀ လောက် မတော်တဆ ဖြစ်နေပါသလား။ တစ်နေ့ကို လူ ၁၀ ဦးလောက် အမြန်လမ်းမပေါ်မှာ သေဆုံးနေပါသလား။ ကားအစင်း ၅၀၀၀ မှာ တစ်စင်းကို လူ ၁ ဦးပဲ ပါတယ်လို့ပဲ တွက်ပါဦး။ လူ ၅၀၀၀ လောက်မှာ ၁၀ ဦးလောက်တောင် မသေတဲ့လမ်းကို ဘာဖြစ်လို့ သေမင်းတမန်လမ်းလို့ ခေါ်ကြတာပါလဲ။ ကားလမ်းတစ်လျှောက်မှာ သတိပေးဆိုင်းဘုတ် မြောက်များစွာ စိုက်ထူထားတာကို အမြန်လမ်းက ခရီးသွားဖူးသူတိုင်း သတိထားမိပါလိမ့်မယ်။ တစ်ခုပဲ ပြောချင်ပါတယ်။ မိုင်နှုန်းဘယ်လောက်ထက် ပိုမမောင်းရဘူးလို့ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေဆိုတာလည်း ခပ်စိတ်စိတ်ပါပဲ။ ဘယ်ကားကများ အဲဒီအတိုင်း လိုက်နာပါသလဲ။ အမြန်လမ်းပေါ် ရောက်ပြီဆိုတာနဲ့ ဇောင်းထဲကလွှတ်လိုက်တဲ့ မြင်းပေါက်တွေလို၊ လေယာဉ်ကွင်းက ပျံတက်လာတဲ့ ဂျက်လေယာဉ်တွေလို အားကုန်မိုင်ကုန် မောင်းကြတော့တာပဲ မဟုတ်ဘူးလား။ လမ်းမကောင်းရင် အရှိန်မများစေနဲ့ပေါ့။ မတော်တဆမှုတွေ ခဏခဏဖြစ်နေတာကို သိနေရင် ထိန်းမောင်းပေါ့။ အမြန်လမ်းမကြီးက အရည်အသွေး မပြည့်မီလို့ ယာဉ်မတော်တဆမှုတွေ ဖြစ်တယ်ဆိုတာကိုတော့ လက်မခံချင်ပါဘူး။ လမ်းအရည်အသွေးကြောင့် မတော်တဆ ဖြစ်ဖို့ရာခိုင်နှုန်း များတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ပြောတဲ့ အခြားနိုင်ငံတွေက နိုင်ငံတကာအဆင့်မီ လမ်းမကြီးတွေမှာရော ယာဉ်မတော်တဆမှုတွေ မဖြစ်ကြဘူးလား။ လူတွေ မသေကြဘူးလား။ ကားတွေ မမှောက်ကြဘူးလား။ အမြန်လမ်းမကြီးပေါ်မှာ ကားမှောက်တိုင်း၊ ကားမှောက်လို့ လူသေတိုင်း အစိုးရကို သောက်ပြစ်တင်ပြီး ဝေဖန်တာတွေပဲ လုပ်နေကြမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသင့်နေပြီလို့ အကြံပေးပါရစေ။

သမ္မတကြီးရဲ့ ပြည်ပခရီးစဉ်
နေ့စဉ်ထုတ် သတင်းစာတစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ ကာတွန်းလေးတစ်ကွက်ကို ပြန်ပြောပါရစေ။ ၀မ်းသာအားရ ပြန်ပြောတာမဟုတ်ဘဲ စိတ်မသက်မသာနဲ့ ပြန်ပြောရတယ်ဆိုတာ ကြိုတင်ပြီး စကားပလ္လင် ခံပါရစေ။ ဒီလိုပါ... ကာတွန်းထဲမှာ လေယာဉ်တစ်စင်းကို ပြထားပါတယ်။ လေယာဉ်တံခါးက ပွင့်နေပြီး အဲဒီတံခါးကနေ လက်ဝါးဖြန့်ထားတဲ့ လက်အရှည်ကြီး ထွက်နေတာကို ပြထားပါတယ်။ လက်ဖြန့်တောင်းနေတဲ့ သင်္ကေတပေါ့။ အဲဒီလက်ဖြန့်ထားတာကို လက်ညှိုးထိုးပြီး အနောက်တိုင်းဝတ်စုံနဲ့ လူတစ်ဦးက (အနောက်နိုင်ငံသားတစ်ဦး ဆိုပါတော့) ပြောနေတဲ့ပုံစံ ရေးဆွဲထားတာပါ။ အဲဒီလူကပြောတဲ့ ဒိုင်ယာလော့ခ်ကို ရေးပြထားပါတယ်။ "Oh! လူကဖြင့် မမြင်ရသေးဘူး" တဲ့။ ကာတွန်းလေးက ဒါပါပဲ။ အဲဒီကာတွန်းတစ်ကွက်က ကျွန်တော့်ရင်ကို နွမ်းလျသွားစေခဲ့ပါတယ်။ သမ္မတကြီးဦးသိန်းစိန် ဥရောပခရီးစဉ် သွားတဲ့အချိန်မှာ အချိန်ကိုက်ရေးဆွဲတဲ့ ကာတွန်းမို့ ဘာအဓိပ္ပါယ်၊ ဘာအနက်ဆောင်တယ်ဆိုတာ စာဖတ်သူတို့ သိပြီးဖြစ်မှာပါ။ ကျွန်တော့်အတွေး မှားကောင်းမှားနေနိုင်ပေမယ့် ကာတွန်းဆရာဟာ မကြိုက်တဲ့ဘက်က၊ သဘောမကျတဲ့ဘက်က၊ အလိုမတူတဲ့ဘက်က ရေးထားတယ်လို့ ခံစားရတယ်။ သမ္မတကြီး ပြည်ပခရီးစဉ်တွေ အခေါက်ခေါက်သွားတာ၊ သွားတိုင်းလည်း မြန်မာနိုင်ငံအတွက် အကူအညီတွေတောင်းတာ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်တာ၊ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းပြတာ၊ စတဲ့စတဲ့ လုပ်ရပ်တွေဟာ ဘယ်သူတွေအတွက်များပါလိမ့်ဗျာ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အခြေခံအဆောက်အအုံတွေ၊ စနစ်တွေ တည်ဆောက်ဖို့အတွက် အကူအညီတွေ တောင်းခံခဲ့တာ မနည်းပါဘူး။ အိုဘားမား ပထမ ၄ နှစ်သက်တမ်းမှာ လုပ်ပြတယ်ဆိုတာ နောက်ထပ်ရာထူးသက်တမ်းအတွက် မျှော်မှန်းတာတွေ အများကြီးပါတယ်။ ဘယ်သမ္မတပဲတက်တက် နောက်သက်တမ်းအတွက် မသေချာဘူးဆိုတာ သိထားပြီးဖြစ်တဲ့ မြန်မာ့နိုင်ငံရေးမှာ သမ္မတကြီး ဦးသိန်းစိန်က ဘာဖြစ်လို့ အပင်ပန်းခံပြီး၊ အောက်ကျို့ခံပြီး ပြည်ပနိုင်ငံတွေကိုသွား အကူအညီတွေတောင်း၊ ပိုက်ဆံတွေချေး လုပ်နေရသလဲဆိုတာ အပြုသဘောဘက်ကနေ နည်းနည်းလေးဖြစ်ဖြစ် စဉ်းစားကြည့်စေချင်ပါတယ်။ သမ္မတကြီးလုပ်သမျှဟာ ခြောက်ပြစ်ကင်း သဲလဲစင် ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်၊ ဆောင်ရွက်သမျှတိုင်းဟာ ရာနှုန်းပြည့်အကျိုးကျေးဇူး ခံစားချင်မှ ခံစားရပါလိမ့်မယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်၊ စေတနာ၊ ဆန္ဒ အပြည့်ရှိတာကိုတော့ သမ္မတကြီးရဲ့ ရင်ထဲကို မြင်အောင်ကြည့်ဖူးသူတိုင်း သိကြပါလိမ့်မယ်။ အမေရိကကိုသွားပြီး အကူအညီတောင်းတာ သူ့အိမ်ဆောက်ဖို့မှ မဟုတ်တာပဲ၊ နော်ဝေကိုသွားပြီး ကမ်းလှမ်းတာလည်း သူ့စီးပွားရေးအတွက်မှ မဟုတ်တာပဲ၊ ဗြိတိန်ကိုသွားပြီး ဆွေးနွေးတာလည်း သူ့ကိုဆုတံဆိပ်ပေးဖို့မှ မဟုတ်တာပဲ၊ စင်ကာပူသွားပြီး အောက်ကျို့တာလည်း သူ့မိသားစုအတွက် ဂွင်ရချင်လို့မှမဟုတ်တာပဲ၊ အခြားနိုင်ငံတွေကိုသွားပြီး သူတောင်းစားတောင်းသလို တောင်းရမ်းနေရတာလည်း သူ့နှလုံးခုန်စက်ကလေးကို အသစ်လဲဖို့မှ မဟုတ်တာပဲဗျာ။ ဦးသိန်းစိန်ဘာလုပ်လုပ်၊ ဘယ်သွားသွား အပြစ်တင်ရမယ်၊ ဝေဖန်ရမယ်လို့ စိတ်နှလုံးမှာ ပြဋ္ဌာန်းပြီးသား လူတွေအတွက်တော့ဖြင့် ရင်ထဲမှာ ထားစရာနေရာတွေ ရှိမှရှိသေးရဲ့လားလို့ စိုးရိမ်မိပါသဗျာ။

အာဇာနည်နေ့မှာ ဥသြဆွဲချင်တယ်
ရှည်မနေတော့ဘူး၊ ၀ိုက်မနေတော့ဘူး၊ သွယ်မနေတော့ဘူး။ တဲ့ပဲပြောတော့မယ်။ အဓိက လိုရင်းက ဘာလဲ။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုချင်တာမလား။ နိုင်ငံတော်က ဥသြဆွဲပေးမှ အာဇာနည်နေ့ ပီသမှာလား။ ဥသြဆွဲခြင်းသည် အာဇာနည်ကြီးတွေကို အမြတ်ဆုံး ဂုဏ်ပြုခြင်းမည်သလား။ အစိုးရက မလုပ်ပေးနိုင်ဘူးဆိုတာကို ပြောစရာပစ်မှတ်ထားပြီး အစိုးရကို တိုက်ခိုက်၊ ဝေဖန်၊ ပုတ်ခတ်၊ ဆဲဆို လုပ်နေကြတဲ့လူတွေကို ကျွန်တော်မြင်တာကတော့ လက်ဝှေ့ပွဲမှာ မျက်ခုံးကွဲသွားတဲ့ ပြိုင်ဘက်ကို ကျန်တစ်ယောက်က အဲဒီကွဲတဲ့နေရာကိုချည်း ဖိထိုးတဲ့လုပ်ရပ်လို့ မြင်တယ်။ တစ်ဖက်လူမှောက်သွားဖို့၊ တစ်ဖက်လူ အကွဲအပြဲဖြစ်သွားဖို့၊ ကိုယ်အမှတ်တွေ ပိုရဖို့၊ ကိုယ်အနိုင်ရဖို့ စတဲ့စတဲ့ စိတ်တွေပြင်းပြစွာနဲ့ ထိုးတဲ့လက်ဝှေ့ပွဲတွေကို ကြည့်ဖူးသူတိုင်း ကျွန်တော်ပြောချင်တာကို နားလည်ကြပါလိမ့်မယ်။ ဥသြဆွဲပြီး အလေးပြုချင်တဲ့လူတွေကို ကျွန်တော်တစ်ခုလောက် မေးပါရစေ။ အစိုးရကို ဥသြဆွဲဖို့ အတင်းအဓမ္မ ဖိအားပေးနေကြသလိုမျိုး မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးမှန်သမျှ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်း တီးလုံးလာတိုင်း မတ်တတ်ရပ်ပြီး အလေးပြုတတ်အောင် ပညာပေး၊ လှုံ့ဆော်၊ တိုက်တွန်းမယ့် အစီအစဉ်လေးများ မရှိဘူးလား။ နိုင်ငံတော်သီချင်း တီးလုံးဆုံးအောင်တောင် မတ်တတ်မရပ်နိုင်သူတွေ၊ နိုင်ငံတော်အလံကို ဂါရ၀မပြုနိုင်သူတွေက အာဇာနည်နေ့မှာ ဥသြဆွဲပြီး အားလုံးငြိမ်သက် ရပ်တန့်ပြီး အလေးပြုချင်သေးသတဲ့။ ကျုပ်သာ ပြည်ထောင်စုဝန်ကြီး ဆိုလို့ကတော့ ဥသြသံလှုပ်ရှားမှုကို ဦးဆောင်တဲ့လူတွေနဲ့ လည်ပင်းဖြတ်ကြေးဆိုပြီး လောင်းကြေးစားကြေးတောင် လုပ်လိုက်ချင်သေးတယ်။ အခု ဥသြမဆွဲတာက အစိုးရကို ရှိသမျှအပြစ် ပုံချလို့ရတယ်။ အာဇာနည်နေ့မှာ ဥသြဆွဲတဲ့အချိန် ဘယ်သူမှ သောက်ဂရုမစိုက်ဘဲ ကားမောင်းမပျက်၊ ဆိုင်ကယ်စီးမပျက်၊ လမ်းလျှောက်မပျက်၊ အအေးဆိုင်ထိုင်မပျက်၊ စကားပြောမပျက်၊ ချစ်ရည်လူးတာမပျက်၊ အင်တာနက်အသုံးမပျက်၊ ဖုန်းပြောမပျက်၊ ........ မပျက်၊ ...........မပျက် ဖြစ်ကြလျှင်ဖြင့် ဘယ်နှာလုပ်ကြမတုန်း။ ဖေ့စ်ဘွတ်ခ်မှာ ထင်ပါရဲ့။ အစ္စရေးမှာ ဥသြဆွဲတဲ့အချိန် ကားတွေအားလုံးရပ်ပြီး လူတွေက ကားတွေပေါ်ကဆင်းပြီး သေဆုံးသွားတဲ့ ဂျူးတွေအတွက် အမှတ်တရ လုပ်ကြတာဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကြည့်လိုက်ရတယ်။ ဟားဟားဟား.... မြန်မာပြည်က ကားမောင်းတဲ့လူတွေ၊ မြန်မာပြည်က လမ်းလျှောက်တဲ့လူတွေ အဲဒီလို ဖြစ်မယ်လို့များ ခင်ဗျားတို့က ထင်နေကြတာလားဗျ။ ရုပ်ရှင်ကြည့်တဲ့ အလုပ်ကလွဲပြီး ဘာအလုပ်မှမရှိတဲ့ ရုပ်ရှင်ရုံထဲမှာတောင် နိုင်ငံတော်အလံကို အလေးမပြုနိုင်ဘဲ သမီးရည်းစား စကားပြောမပျက်တဲ့၊ နေကြာစေ့ဝါးမပျက်တဲ့၊ ခြေထောက်ချိတ်မပျက်တဲ့ မြန်မာလူမျိုးတွေကို ခင်ဗျားတို့တွေက အစ္စရေးတွေနဲ့ သွားနှိုင်းနေရသေးတယ်ဗျာ။ ဒီလောက်တောင် အာဇာနည်နေ့ကို အသေအလဲ အလေးအမြတ်ထားနေရင် ပထမဆုံး လုပ်ရမယ့်အလုပ်တွေ အများကြီးရှိသေးတယ်။ မြန်မာပြည်မှာရှိတဲ့ လူတိုင်းကို အာဇာနည် ၉ ဦးဟာ ဘယ်သူပါဆိုတာ သိအောင်လုပ်ပေးကြဦး။ ကိုယ့်နီးစပ်ရာ မေးကြည့်ကြပေါ့ဗျာ။ အာဇာနည် ၉ ဦးက ဘယ်သူတွေလဲကွလို့။ အဲဒီအာဇာနည်တွေရဲ့ သမိုင်းကြောင်းတွေ၊ ဆောင်ရွက်ခဲ့မှုတွေ မပါသေးဘူးနော်။ ဒီ ၉ ဦးရဲ့ အမည်ကိုတောင် မသိတဲ့လူတွေကို ဥသြဆွဲချိန်မှာ ငြိမ်ငြိမ်သက်သက် မတ်တတ်ရပ်ပြီး အလေးအမြတ်ပြု ဂုဏ်ပြုစေတာဟာ ဘယ်လောက်များ အကျိုးရှိမှာလဲဗျ။ ဘယ်သူတွေဆိုတာ နာမည်တောင် မသိတဲ့လူတွေက အဲဒီအာဇာနည်တွေရဲ့ ဘာဂုဏ်ကျေးဇူးတွေကို အောက်မေ့ရမှာလဲ။ ကိုယ့်ဘာသာကိုယ်ပဲ ဘာအကိုးအကားမှမပါဘဲ မညှာတမ်း ပြန်မေးကြည့်။ အာဇာနည် ၉ ဦးရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်လိုက်။ ကျန်တဲ့ ၈ ဦးရှိတယ်။ ဟုတ်ပြီး အဲဒီထဲကမှ ကျန်တဲ့လူတွေကို ထပ်ဖယ်လိုက်ပြီး ဦးဘ၀င်း တစ်ဦးတည်းကိုပဲ ချန်ထားလိုက်။ ဦးဘ၀င်းအကြောင်း မေးရတာက အလွယ်ဆုံးပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ညီအစ်ကိုအရင်းကိုး။ ဘာကိုမှ ရှာဖွေမကြည့်ဘဲ ကိုယ့်ဘာသာကိုယ် ဖြေကြည့်ပါဦး။ ဦးဘ၀င်းဟာ ဗိုလ်ချုပ်တို့ မွေးချင်းထဲမှာ ဘယ်နှယောက်မြောက်လဲ။ ဦးဘ၀င်း ကျဆုံးချိန် အစိုးရအဖွဲ့မှာ သူ့ရဲ့ရာထူးတာဝန်ကဘာလဲ၊ ဦးဘ၀င်းရဲ့ ဇနီးက ဘယ်သူလဲ၊ ဦးဘ၀င်းမှာ သားသမီး ဘယ်နှယောက် ရှိသလဲ၊ ဦးဘ၀င်းက ဗိုလ်ချုပ်အောင်ဆန်းထက် အသက်ဘယ်လောက် ကြီးသလဲ။ ကဲ... ဒီလောက်ပါပဲ။ ဘာမျှ မခက်လှပါဘူး။ အဲဒီလောက်သိရင်ပဲ သူ့ကို ဂုဏ်ပြုလို့ရပါတယ်။ ဦးဘ၀င်းအကြောင်းကိုမျှ မသိဘူးဆိုရင်တော့ ဦးရာဇတ်တို့၊ ဦးမြတို့ဆိုရင် ပိုဆိုးကုန်မယ် ထင်ပါရဲ့။ ကဲပါ... အာဇာနည်တွေကို ဂုဏ်ပြုချင်တာများ ကိုယ့်ဘာသာကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဂုဏ်ပြုလို့ရပါတယ်။ အစိုးရကို ဝေဖန်တာတွေ လုပ်မနေပါနဲ့။ နေ့တိုင်း ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား ဘုရားအော်ပြီး ကန်တော့နေဖို့ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ ဗုဒ္ဓရဲ့ တရားတော်တွေ ကိန်းအောင်နေပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ဖို့ပဲ အရေးကြီးပါတယ်။ အာဇာနည်နေ့ကွ၊ ဥသြဆွဲကွ၊ ငြိမ်သက်ကွ၊ ပန်းခွေချကွ၊ အလေးပြုကွ၊ သီချင်းဖွင့်ကွ လုပ်နေစရာ မလိုပါဘူး။ အာဇာနည်တွေရဲ့ တိုင်းပြည်ချစ်စိတ်၊ တာဝန်သိစိတ်၊ စွန့်လွှတ်စိတ် စတာတွေကို ကိုယ့်ရင်ထဲမှာ ကိန်းအောင်လုပ်ပြီး တိုင်းပြည်နဲ့လူမျိုးအကျိုးကို ကျရာနေရာကနေ တစ်တပ်တစ်အား ကျေပွန်အောင် ထမ်းဆောင်ဖို့ပဲ လိုပါတယ်။ ဥသြမဆွဲတဲ့လူတွေကပဲ အာဇာနည်တွေကို မချစ်သယောင်၊ အာဇာနည်နေ့ကို အလေးမထားသယောင် ပြောဆိုနေတာတွေဟာ အရမ်းကလေးဆန်လွန်းကြောင်း ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။

ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးတွေပါ။ ဖတ်ရှုဝေဖန်နိုင်ကြကြောင်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ဗုဒ္ဓဟူးနေ့။
နံနက် ၀၀ နာရီ ၁၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics