Monday, July 08, 2013

အန်ဒီမာရေးရဲ့ ၀င်ဘယ်(လ်)ဒန်အောင်ပွဲ



၂၀၁၃ ခုနှစ် ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ် ဗိုလ်လုပွဲမှာ အိမ်ရှင်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့နံပါတ်တစ် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ၆-၄၊ ၇-၅၊ ၆-၄ နဲ့ သုံးပွဲပြတ် အနိုင်ရရှိပြီး အင်္ဂလိပ်တွေရဲ့ ၇၇ နှစ်ကြာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။ ဂျိုကိုဗစ်အနေဖြင့် ပုံမှန်လက်စွမ်းတွင် ရှိနေခဲ့သော်လည်း မာရေး၏ စိတ်ဓာတ်တင်ကစားမှု၊ ပရိသတ်၏ ဖိအားပေးမှုတို့ကြောင့် အမှားများခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် အပိုင်ရမှတ်အဖြစ် တွက်ဆထားသည့် အသည်းအသန် ဘောလုံးများကို မာရေးက အမှားအယွင်း အနည်းဆုံးဖြင့် ပြန်လည်ဆယ်ယူပြီး အမှတ်ရယူသွားခဲ့ခြင်းများက ဂျိုကိုဗစ်ကို ဖိအားများစေခဲ့သည်ဟု ထင်ပါသည်။ တင်းနစ်အရည်အသွေးနှင့် ပတ်သက်၍ မည်သူက သာသည်ဆိုသည်မှာ ပြောလို့ရကောင်းသည် မဟုတ်သော်လည်း ဗိုလ်လုပွဲတွင် ကစားသွားခဲ့သည့် အနေအထားအရမူ အိမ်ရှင်တစ်နိုင်ငံလုံး၏ မျှော်လင့်ချက်အဖြစ် ကစားခဲ့ရသည့် မာရေးက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အဆများစွာ သာလွန်ခဲ့သည်ဟု မြင်ပါသည်။ နှစ်ဦးလုံးအနေဖြင့် ရှိသမျှပညာစွမ်း၊ ရှိသမျှအင်အားဖြင့် အလျှော့မပေးစတမ်း ယှဉ်ပြိုင်ခဲ့ကြသည်မှာ တကယ်ပင် ရသမြောက်လှပါသည်။ စပေးဘောလုံး ရသည့်သူက အဆိုပါပွဲငယ်အတွက် အနိုင်ရရှိရန် အမြဲတစေ ရုန်းကန်ခဲ့ရခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ မာရေးနှင့် ဂျိုကိုဗစ်တို့၏ ဗိုလ်လုပွဲစဉ်သို့ ဗြိတိန်နာမည်ကျော် အများအပြား လာရောက်အားပေးခဲ့ကြသည်ကို တွေ့ရပါသည်။ အထူးသဖြင့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကိုယ်တိုင် လာရောက်အားပေးခဲ့ခြင်းက ထူးခြားမှုတစ်ရပ် ဖြစ်ပါသည်။ ရွန်းနေဇနီးမောင်နှံ၊ ဗစ်တိုးရီးယားဘက်ဟမ်းနှင့် အခြားသော နာမည်ကျော် များကိုလည်း တွေ့မြင်ခဲ့ရသည်။ ဗိုလ်လုပွဲစဉ်၏ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှု အပေးစွမ်းဆုံး အခိုက်အတန့်မှာ အန်ဒီမာရေး ချန်ပီယံအဖြစ် အောင်ပွဲခံစေခဲ့သည့် ပွဲငယ်ဖြစ်ပါသည်။ ၄၀-၀ အထိ အမှတ်ရရှိထားသည့် မာရေးအနေဖြင့် ချန်ပီယံပွိုင့် ၃ ကြိမ် ရရှိခဲ့သော်လည်း လိုအပ်သည့်အမှတ်ကို မရရှိခဲ့သည့်အပြင် ဂျိုကိုဗစ်ကို break point ၃ ကြိမ်အထိ ပြန်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဂျိုကိုဗစ်အနေဖြင့် ချန်ပီယံဖြစ်ခွင့်အတွက် မျှော်လင့်ချက် မရှိသလောက် အနေအထားဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အလွယ်တကူ အရှုံးမပေးဘဲ နောက်ဆုံးအချိန်အထိ မာရေးကို စိန်ခေါ်သွားခဲ့သည်မှာ ကြည့်ရှုသူအားလုံးအတွက် ရင်ခုန်သံမြန်စေခဲ့ပါသည်။ ပွဲအပြီးတွင် အရှုံးအတွက် ရဲရဲဝံ့ဝံ့ ကျေကျေနပ်နပ် ရင်ဆိုင်သွားသော ဂျိုကိုဗစ်ကို လေးစားမိသကဲ့သို့ အိမ်ရှင်ပရိသတ်များအတွက် မထင်မှတ်လောက်အောင် စိတ်ဓာတ်တင်ပြီး ရေကုန်ရေခန်း ကစားသွားခဲ့သော အန်ဒီမာရေးကိုလည်း ချီးကျူးမိပါသည်။ ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် မာရေး နှစ်ဦးလုံး ကောင်းခဲ့ကြပါသည်၊ အစွမ်းကုန် ကြိုးစားခဲ့ကြပါသည်။ သို့သော် မာရေးအတွက် ထိုက်တန်သည့် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်မှာ တစ်ကမ္ဘာလုံးမှ ပရိသတ်များအတွက် အငြင်းပွားစရာ မရှိခဲ့ပါပေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့
နံနက် ၀၀ နာရီ ၂၃ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics