Monday, August 19, 2013

ဆရာဒဂုန်တာရာ ကွယ်လွန်ပြီ



အောင်ဆန်း (သို့မဟုတ်) အရိုင်း ဆိုတဲ့ ရုပ်ပုံလွှာကို ရေးခြစ်သီကုံးခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာဟာ ယနေ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။ ၀မ်းနည်းရပါကြောင်းနှင့် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒဂုန်တာရာ
မွေးသက္ကရာဇ် - ၁ဝ-၅-၁၉၁၉
အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာဒေသ - ထိုင်ကူမြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ်မြို့နယ်
ကလောင်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန်

ဆရာဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျိုက်လတ်အမျိုးသားကျောင်း (၁၉၂၇-၃၆) တွင်လည်းကောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်း (၁၉၃၆-၃၇) တွင်လည်းကောင်း ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ (၁၉၃၇-၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဆရာဒဂုန်တာရာသည် တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပ္ပံမဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင်အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင်ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည်ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် တာရာမဂ္ဂဇင်းကို စတင်ထုတ်ဝေသည်။ ထို့ပြင် စာပေသစ် မဂ္ဂဇင်းကိုလည်း စတင်ထုတ်ဝေပြီး ယင်းမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဂန္ထဝင်ဂျာနယ် အယ်ဒီတာ အလုပ်ကိုလည်း လုပ်ကိုင်သည်။ ဆရာ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို "အောင်ဆန်း (သို့မဟုတ်) အရိုင်း" ဟူသောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင်အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆုကိုလည်း ရရှိခဲ့သည်။

ဆရာသည် ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။

No comments:

Post a Comment

 
Web Statistics