Wednesday, September 04, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင်းဆီခိုင်


ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း အတော်ပြောလာကြတာကို တွေ့ရပါသည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသည့် ဥပဒေတစ်ခုအကြောင်း အများပြည်သူ စိတ်ဝင်တစား ပြောဆိုဆွေးနွေးလာခြင်းအပေါ် ကြိုဆိုအပ်ပါသည်။ ၀မ်းမြောက်ရပါသည်။ သို့သော် သူများပြောလို့ လိုက်ပြောနေသူ၊ သူများဝေဖန်လို့ လိုက်ဝေဖန်နေသူ၊ သူများစိတ်ဝင်စားလို့ စိတ်ဝင်စားဟန် လိုက်လုပ်နေသူ၊ စသူတို့ များပြားနေသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု ကျယ်ကျယ်လောင်လောင် ပြောနေကြပါသည်။ အခြေခံဥပဒေကို အမှန်တကယ် ဖတ်ရှုလေ့လာပြီး တတ်သိနားလည်သဖြင့် ပြင်ဆင်ရမည်ဟု ပြောနေသူများ ရှိသကဲ့သို့ သူများယောင်လို့ လိုက်ယောင်နေသူများ၊ ခါတော်မီ လုပ်စားနေသူများလည်း ရှိနေကြပါသေးသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံအတွက် အလေးထားပြောဆို ဆွေးနွေးရမည့် ဥပဒေတစ်ခုဖြစ်ကြောင်း အများပြည်သူ နားလည်လာကြသည်ဟု မှတ်ယူရင်း ၀မ်းမြောက်ရပါသည်။

ဘာတွေ စလုပ်သင့်သနည်း
ပထမဆုံး တိုက်တွန်းလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်တစ်အုပ် မဖြစ်မနေ ၀ယ်ယူစေချင်တာ ဖြစ်ပါသည်။ စာအုပ်အကြီးက တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဝန်းကျင် ပေးရပါသည်။ တစ်မြို့နှင့်တစ်မြို့ ဈေးနှုန်းမတူညီပါ။ ရောင်းချသည့် ဈေးဆိုင်အပေါ် မူတည်၍ ဈေးနှုန်းအနည်းအများ ကွာခြားသည်ကို တွေ့ရပါသည်။ စာအုပ်အသေးကတော့ ပြန်ကြားရေးဆိုင်များတွင် ၅၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်ပြီး ပြင်ပဆိုင်များတွင်တော့ ၆၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချသည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ဝေဖန်လိုသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် မိမိနှင့်အတူ အလွယ်တကူ မရှိပါဘဲ မည်ကဲ့သို့ လေ့လာသုံးသပ်ပါမည်နည်း။ စာကြည့်တိုက်များသို့ သွားဖတ်ခြင်း၊ ငှားရမ်းဖတ်ရှုခြင်းများက သင့်လျော်မှုမရှိဟု မြင်မိပါသည်။ ဒါက သာမန်ပြည်သူတွေအတွက် အကြံပြုချက် ဖြစ်ပါသည်။ လျှပ်စစ်မီးပုံမှန်ရပြီး ကွန်ပျူတာ သို့မဟုတ် PDF စာအုပ်ဖတ်နိုင်သော အီလက်ထရောနစ် ပစ္စည်းတစ်ခုခု သုံးစွဲနေသူတွေအတွက်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ PDF ဖိုင်တစ်ခုကို မိမိစက်ထဲတွင် ရှိနေအောင် လုပ်ဆောင်ထားသင့်ပါသည်။ ဘောလုံးကန်ချင်သူ တစ်ဦးအတွက် ဘောလုံးတစ်လုံးရှိဖို့ မရှိမဖြစ် လိုအပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုသူ ဝေဖန်သုံးသပ်လိုသူ တစ်ဦးအတွက်လည်း အခြေခံဥပဒေ စာအုပ်တစ်အုပ်သည် မရှိမဖြစ် လိုအပ်သည်ဟု ကျွန်တော်ကိုဉာဏ် ယုံကြည်ပါသည်။

အစအဆုံး ဖတ်စေချင်ပါသည်
ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိစိတ်ဝင်စားသည့် အပိုင်းများသာမဟုတ်ဘဲ တစ်အုပ်လုံးကုန်အောင် ဖတ်ကြဖို့လည်း အလေးထား တိုက်တွန်းလိုပါသည်။ ပထမတစ်ခေါက် ပြီးဖို့အဓိကဖတ်ချင်ဖတ်၊ ဒုတိယတစ်ခေါက် နည်းနည်းမှတ်မိအောင်ဖတ်၊ တတိယတစ်ခေါက် စိတ်ဝင်စားမိသည်များကို မှတ်စုမှတ်၍ဖတ်၊ စတုတ္ထအခေါက်၊ ပဉ္စမအခေါက်၊ စသည်တို့တွင်မူ မိမိအတွက် စိတ်ဝင်စားသည်များကို ဆင်ခြင်သုံးသပ်ခြင်း၊ မှတ်စုရေးခြင်းတို့ လုပ်ဆောင်သင့်ပါသည်။ ဒါက အကြံပြုချက်မျှသာ ဖြစ်ပါသည်။ ထိုကဲ့သို့ မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ။ မိမိ၏ စိတ်ဝင်စားမှု၊ မိမိ၏ အသိဉာဏ်ပညာ၊ မိမိ၏ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ မိမိ၏ ၀မ်းစာပြည့်ဝမှု၊ မိမိ၏ ဥပဒေသဘောတရားတို့နှင့် အကျွမ်းတ၀င် ရှိမှုတို့အပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး လေ့လာပုံချင်း၊ ချဉ်းကပ်ပုံချင်း တူညီနိုင်လိမ့်မည် မဟုတ်ကြောင်းကို ကျွန်တော်ကိုဉာဏ် နားလည်ပါသည်။ နောက်တစ်ချက် အခြေခံဥပဒေကို အစအဆုံး ဖတ်စေချင်သည့် ရည်ရွယ်ချက်တစ်ခုကတော့ ဥပဒေတစ်ခုလုံး၏ အချိတ်အဆက်နှင့် ၀ိညာဉ်တို့ကို သိမြင်စေချင် သောကြောင့် ဖြစ်ပါသည်။ အချို့သော ပြဋ္ဌာန်းချက်များသည် စံနှုန်းတစ်ခုခုဖြင့် တိုင်းတာမည်ဆိုပါက အပြစ်ဆိုဖွယ်ရှိသော်လည်း အဆိုပါပြဋ္ဌာန်းချက်များ၏ နောက်ကွယ်က စိတ်ရင်းစေတနာနှင့် ၀ိညာဉ်ကို အခြားပြဋ္ဌာန်းချက်များနှင့် တွဲဖက်ရှုမြင်လျက် မြင်အောင်ကြည့်နိုင်ပါလျှင် လက်ခံနိုင်သည်များလည်း ရှိနေသောကြောင့် ဖြစ်ပါသည်။

ဆက်စပ်ဖတ်သင့်တာတွေလည်းဖတ်ပါ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟု ပြောဆိုနေကြသူများအနက် အများစုသည် မိမိတို့၏ စိတ်ခံစားချက် အပေါ်တွင် မှီတည်၍ ပြောဆိုနေကြသည်ကို တွေ့မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားအားလုံး ကာကွယ်စောင့်ရှောက် လိုက်နာစောင့်ထိန်းရန် ရေးဆွဲထားသည် မှန်သော်လည်း တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ခံစားချက်များကို အလုံးစုံဖြည့်ဆည်းပေးရန် ရေးဆွဲထားသည် မဟုတ်ကြောင်းကိုမူ နားလည်သင့်ပါသည်။ အများစုက လက်ခံနိုင်ခြင်း မရှိလျှင်တော့ စဉ်းစားသင့်ပါသည်။ သို့သော် ထိုသို့စဉ်းစားရာတွင်ပင် လက်ခံနိုင်သည့် အများစုမဟုတ်သူများ အတွက်လည်း ထည့်သွင်းစဉ်းစားရပါမည်။ အားလုံးက တညီတညွတ်တည်း ဆိုလျှင်မူ အထူးပြောဖွယ် မရှိပါချေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အခြားသောဆက်စပ် စာအုပ်စာတမ်းများ၊ ဆောင်းပါးများကိုလည်း ရှာဖွေ ဖတ်ရှု လေ့လာ သုံးသပ်သင့်ပါသည်။ သို့မှသာ အခြားသော ပညာရှင်များ၊ အခြားသော ပုဂ္ဂိုလ်များ၏ အမြင်အတွေး၊ အယူအဆများကို သိရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်ညွှန်းဆိုချင်သည့် စာအုပ်အနည်းငယ် ရှိပါသည် -
(၁) ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ၊ မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်ဥပဒေများ၊ ဦးမျိုး (ဥပဒေ)
(၄) အမေရိကန်ကွန်ဂရက်အကြောင်း သိကောင်းစရာအချို့နှင့် အမေရိကန် ဖွဲ့စည်းပုံဆိုင်ရာ ဆောင်းပါးများ၊ အေးမောင်ကျော်
(၅) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

သတိပြုသင့်တဲ့အန္တရာယ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့အတူ အခုတလော ကျယ်ကျယ်ပြန်ပြန့် ကြားလာရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ဖြစ်ပါတယ်။ အင်မတန်မှ အန္တရာယ်များတဲ့ စိတ်ကူးအကြံအစည်မို့ စဉ်းစဉ်းစားစား၊ ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင် ပြောကြလုပ်ကြဖို့ တောင်းပန်လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲတာကို ဘာဖြစ်လို့ တစ္ဆေခြောက်ခံရသလို ကြောက်နေရသလဲလို့ မေးမယ့်လူတွေကို ဖြေပါ့မယ်။ လက်ရှိနိုင်ငံရေး အခြေအနေအရ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ အကြပ်အတည်းတွေဟာ မတွေးဝံ့လောက်အောင်မို့ပါလို့ ဖြေပါ့မယ်။ အစိုးရိမ်လွန်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ နှိုင်းယှဉ်ဆင်ခြင် သုံးသပ်ကြည့်မယ်ဆိုရင် ရေးရေးဖြစ်စေ မြင်သာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သာမန်ဥပဒေ တစ်ခုကိုတောင် ဟိုးလေးတကြော်၊ အုတ်အော်သောင်းနင်း၊ ပြန်လှန်စွပ်စွဲ၊ စေ့စပ်မရ၊ ညှိနှိုင်းမရ၊ လက်ခံမရ ဖြစ်နေကြသေးတာ။ အခြေခံဥပဒေကိုသာ ဒီမိုကရေစီနည်းကျ ရေးဆွဲလို့ကတော့ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ရေးဆွဲရလိမ့်မယ်လို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။ နှစ်ပေါင်း ၅၀ ဆိုတာ တင်စားပြောဆိုတာလို့ ဆိုကောင်းဆိုနိုင်ပေမယ့် တကယ်လို့များ နှစ်အနည်းငယ်အတွင်း ရေးဆွဲအတည်ပြုနိုင်ခဲ့မယ် ဆိုရင်တောင် အလိုဆန္ဒ မပြည့်သူတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ရမှာ အသေအချာပါ။ ကျွန်တော်ကိုဉာဏ် ဆိုတဲ့လူကလည်း အစိုးရိမ် ပိုတတ်သူမို့ ပြင်ဆင်ရေး... ပြင်ဆင်ရေး တို့၊ ရေးဆွဲရေး... ရေးဆွဲရေး တို့ ဆိုတဲ့အသံတွေကို မူရင်းအတိုင်း မကြားရဘဲ ဒို့အရေး... ဒို့အရေး.... ဆိုပြီး လက်သီးလက်မောင်း တန်းနေတာ တွေကိုသာ မြင်နေကြားနေမိပါတယ်။

ဆရာအောင်ထွဋ် အသေစောတယ်
အရင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မပြောနဲ့၊ ပြင်ဆင်ရေးကိုတောင် ရဲရဲမပြောရဲတဲ့ လူတွေက အခုကျမှ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ရစရာမရှိအောင် ပြောနေတာကတော့ အနည်းငယ် ထူးဆန်းလို့ နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားရဲတာ ဆရာအောင်ထွဋ် တစ်ယောက်ကိုပဲ ကျွန်တော်မြင်ခဲ့မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြီးပြည့်စုံမှုမရှိကြောင်း၊ အားနည်းချက်တွေရှိကြောင်း ဆရာအောင်ထွဋ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အခုမှ ထအော်တဲ့လူတွေကို သနားမိပါသေးတယ်။ ဒါပေမယ့် ဆရာအောင်ထွဋ်ရဲ့ ပညာရှင်သုံးသပ်မှုက ဒီလောက်နဲ့ ရပ်မသွားပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သက်တမ်းနုနုလေးမှာ ဟိုပြင်ဒီပြင်၊ ဟိုဖြုတ်ဒီဖြုတ်၊ ဟိုရေးဒီရေး မလုပ်ကြဖို့လည်း စိုးရိမ်ကြီးစွာ သတိပေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတော့ ဆရာအောင်ထွဋ် ဘာဖြစ်လို့ အစိုးရိမ်ကြီးသလဲဆိုတာ ကျွန်တော် အပြည့်အ၀ နားမလည်ခဲ့တာ အမှန်ပါ။ အခုတော့ လက်ငင်းကြုံနေရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကြားမှာ ဆရာအောင်ထွဋ် ဘာကိုစိုးရိမ်ခဲ့သလဲဆိုတာ ခပ်ရေးရေး မြင်လာပါပြီ။ မပီဝိုးတ၀ါး ဖြစ်ပေမယ့် အလေးအနက် စိုးရိမ်မိတာကတော့ ပြောစရာမရှိပါ။ ဆရာအောင်ထွဋ် ရှိတုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ စိတ်ဝင်တစား မရှိကြတဲ့လူတွေ အခုမှ အသံကောင်းဟစ်နေတာ၊ ခါတော်မီလုပ်နေတာကို မြင်ရကြားရတော့ ဆရာအောင်ထွဋ်ရယ် အသေစောလိုက်တာလို့ပဲ တမ်းတမိပါတယ်။

ဝင်း-၀င်း-၀င်း-၀င်း-၀င်း
တပ်ထားတဲ့ခေါင်းစဉ်ဟာ ကြောင်တောင်တောင်နိုင်ပါတယ်။ ဟုတ်ပါတယ်.... ၀င်း-၀င်း သီအိုရီကို စာဖတ်သူတို့ အားလုံး နောကြေနေအောင် သိထားကြပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ၀င်း-၀င်း နဲ့တင် မပြီးနိုင်ဘူးဆိုတာပါပဲ။ လက်ရှိအချိန်မှာ ကျွန်တော်တို့နိုင်ငံရေးကို ဘယ်သူတွေက ထိန်းကျောင်းနေသလဲဆိုတာ ဖြေဆိုဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။ ကျွန်တော့်ရဲ့ ပညာဉာဏ် နည်းပါးမှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူများနိုင်ငံတွေမှာ အစိုးရနဲ့ အတိုက်အခံဟာ အဓိက အုပ်စုတွေပါ။ ကျွန်တော်တို့ဆီမှာကတော့ ဘယ်သူက အစိုးရလဲ၊ ဘယ်သူက အတိုက်အခံလဲ ဆိုတာကိုတောင် ကွဲကွဲပြားပြား မရှိလှပါဘူး။ အစိုးရအတွင်းမှာလည်း အချင်းချင်း အတိုက်အခံတွေဖြစ်၊ အတိုက်အခံလို့ အမည်တပ်ကြသူတွေထဲမှာလည်း အကွဲကွဲအပြားပြားဖြစ်၊ အခြားသော အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေဆိုတာကလည်း သူ့ရပ်တည်မှုနဲ့သူ အင်ကြီးအားကြီး၊ ဘယ်သူ့လက်ထဲမှာ ဘာပါဝါရှိနေသလဲ ဆိုတာကိုတောင် ကျွန်တော်ကိုဉာဏ်ဖြင့် ဝေခွဲမရ၊ စိတ်ဖြာမရ၊ ခွဲခြားမရပါဗျာ။ အဲဒီတော့ ဒီနိုင်ငံမှာ ဘာပဲလုပ်လုပ် ၀င်း-၀င်း လောက်နဲ့ မရပါဘူး။ အနည်းဆုံးတော့ ၀င်း-၀င်း-၀င်း-၀င်း-၀င်း-၀င်း ဖြစ်မှရမှာပါ။ လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ကျင်လည်လှုပ်ရှား မောင်းနှင်နေကြသူတွေအားလုံး သတိကြီးစွာ ထားကြစေလိုကြောင်းနှင့် တစ်ခုခု လုပ်မယ်ကြံတိုင်း မြန်မာပြည်သူများ၏ မျက်နှာကို မြင်ကြပါမည့်အကြောင်း တောင်းပန်လိုက်ရပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့
ညနေ ၆ နာရီ ၄၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics