Sunday, October 06, 2013

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၄)


ရေအိုင်ထဲကခွေး

တစ်နေ့မှာ တွေးခေါ်ရှင်ကြီးကို ၀ိုင်းမေးကြတယ်။
ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်သူက ညွှန်လိုက်ပါသလဲ။
ခွေးပေါ့၊ တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်။ အင်မတန် ရေဆာနေတဲ့ပုံပဲ။ ရေသောက်ဖို့ သူ အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ ရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့ နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရေအိုင်ထဲမှာ နောက်ခွေးတစ်ကောင်ကို သူတွေ့နေလို့။ နောက်ဆုံး ရေသောက်ချင်တဲ့စိတ်ကို လုံးဝ တားမရတော့တဲ့အခါမှာ အကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို သူခုန်ဆင်းလိုက်တယ်။ အဲဒီအခါမှာ ရေထဲက သူ့ရဲ့ရုပ်ပုံလည်း ပျောက်သွားတော့တယ်။ အဲဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင် ဖြစ်နေပါလားဆိုတာကို ခွေး သဘောပေါက်သွားတယ်။
ဒါကိုကြည့်ပြီး ကျွန်တော်တို့အတွက် အခက်အခဲ အတားအဆီးဟာ ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ် ဆိုတဲ့အသိတရားကို ရလိုက်တာပါပဲဗျာ။

[မောင်ကောင်းထိုက်၊ ငရဲတံခါး၊ နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ မှ]

No comments:

Post a Comment

 
Web Statistics