Saturday, July 14, 2007

မဂ္ဂဇင်းမှ ဟာသများ


ဒီဟာသလေးတွေကို ၂၀၀၇ ခုနှစ် မေလထုတ် လိုက်ဖ်စတိုင်လ် မဂ္ဂဇင်းထဲမှာ ဖတ်မိတာပါ။ ဆရာကံချွန် ရဲ့ ဟာသလေးတွေပါ။ စာရေးဆရာရဲ့ မူရင်းရည်ရွယ်ချက်က သူများတွေပျော်သလို ပျော်ပျော်နေလို့မရနိုင်တဲ့ဘ၀တွေပါကွာလို့ ပြောတတ်တဲ့ သူများ အတွက်ပါတဲ့။ ဆရာကံချွန်က နေရာတိုင်းမှာ ဟာသတွေရှိနေပါတယ်။ နောက်ဆုံး ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်တဲ့ တရားရုံး၊ ဆေးရုံ၊ ရဲစခန်း၊ သုဿာန် စတဲ့ နေရာတွေ မှာတောင် ဟာသတွေ ရှိနေပါတယ်လို့ အခုလို တင်ပြထားပါကြောင်း။

ဦးထုပ်သက်သေ

တစ်ခါက မြို့တစ်မြို့တွင် လူသတ်မှု တစ်ခု ဖြစ်လေသည်။ သေသူ၏ အလောင်းဘေးမှာ ဦးထုပ်တစ်လုံး ကျကျန်ရစ်သည်။ ထိုဦးထုပ်ကို ရဲတို့က သက်သေခံပစ္စည်းအဖြစ် သိမ်းလိုက်သည်။ သီးခြားထူးခြားသော မည်သည့်သက်သေခံပစ္စည်းမှ မရှိ။ ထို့ကြောင့် ဦးထုပ်သည် အဓိက ဖြစ်နေသည်။ ရဲတို့က ထိုဦးထုပ်မျိုး စွဲစွဲမြဲမြဲ ဆောင်းလေ့ရှိသော ကိုသံလုံး ကို ဖမ်းလိုက်သည်။

ရုံးသို့ တင်သောအခါ ဦးထုပ်ကလည်း အဓိကသက်သေခံပစ္စည်းအဖြစ် ရုံးတော်သို့ ပါသွားတော့သည်။ ကိုသံလုံး၏ ရှေ့နေကမူ အမှုစစ်မည့်နေ့တွင် ထိုဦးထုပ်မျိုး ဆယ်လုံး ကို တင်ပြပြီး

``တရားသူကြီးမင်းခင်ဗျား၊ သက်သေခံအဖြစ် တင်ပြထားတဲ့ ဦးထုပ်မျိုးဟာ အဲဒီ တစ်လုံးတည်း ရှိတာမဟုတ်ပါဘူး။ များစွာရှိပါတယ်။ အမြို့မြို့ဆိုင်တိုင်းမှာ ၀ယ်လို့ ရပါတယ်။ ဒီမှာ ယှဉ်ကြည့်ပါ။ ဒါကြောင့် ဒီမြို့မှာ အဲဒီဦးထုပ်မျိုးကို ကျွန်တော်ရဲ့ အမှုသည် ဆောင်းလေ့ရှိသလို တခြားမြို့တွေမှာလည်း လူပေါင်းများစွာဟာ ဒီဦးထုပ်မျိုးတွေ ဆောင်းနေကြမှာပါပဲ။ ဒီတော့ တခြားမြို့က ဒီဦးထုပ်မျိုးဆောင်းလေ့ ရှိတဲ့ လူဟာ ဒီမြို့ကို ရောက်တုန်း လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးရာက ကျကျန်ရစ်တာရော မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ဒီသက်သေခံပစ္စည်းဟာ ခိုင်လုံတဲ့ သက်သေခံပစ္စည်းမဟုတ်ပါ။ ဖြစ်နိုင်ချေသံသယ၀င်စရာ များစွာရှိနေပါတယ်။ သံသယ အကျိုးကို တရားခံမှာ ခံစားပိုင်ခွင့်ရှိတဲ့အတွက် တိကျခိုင်လုံတဲ့ သက်သေခံပစ္စည်း တင်ပြနိုင်ခြင်းမရှိတဲ့ ယခုအမှုမှ လွှတ်ပေးဖို့ လျှောက်ထားအပ်ပါတယ် ခင်ဗျား´´

အဲသလို လျှောက်ထားတော့ တရားသူကြီးက စဉ်းစားပြီး ``ဟုတ်တယ်။ ဒီ ဦးထုပ်ဟာ တခြားမြို့က ဆောင်းလာတဲ့လူ ကျွတ်ကျကျန်ရစ်တာလည်း ဖြစ်နိုင်တယ်´´ ဟု တွေးမိ သဖြင့် လွှတ်ပေးလိုက်သည်။ ကိုသံလုံးက တော်တော်နှင့် ထွက်မသွား။ တရားသူကြီးက

``ဘာများ ပြောချင်သေးလို့လဲ´´

``အမှုပြီးသွားပြီဆိုရင် သက်သေခံတင်ထားတဲ့ ကျွန်တော့်ဦးထုပ်ကလေး ပြန်ရမလား မေးချင်လို့´

ခိုင်းပုံက

ရဲသားတစ်ယောက်က တရားခံတစ်ဦးကို အချုပ်ထဲထည့်လိုက်တယ်။ တရားခံက အချုပ်ခန်းထဲ ၀င်ပြီးတာနဲ့ ရဲသားဘက်လှည့်ပြီး

``ခိုင်းတယ်လည်း မအောက်မေ့ပါနဲ့ဗျာ။ အဲဒီ တံခါးလေး ပိတ်သွားစမ်းပါ´´

ခုမကြောက်ပါဘူး

နေ၀င်အံ့ ညနေချိန်တွင် လူတစ်ယောက်က သင်္ချိုင်းမြေကို ဖြတ်ရသည်။ ထိုစဉ် သူ့နောက်နားမှ အမျိုးသမီးတစ်ဦးကလည်း လိုက်လာသည်။ ယောက်ျားကထင်သည်။ အမျိုးသမီးလည်း ကြောက်သောကြောင့် အဖော်ရှိစဉ် လိုက်ဖြတ်တာပဲဟု။ သို့ဖြင့် သင်္ချိုင်းမြေလွန်စပြုသောအခါ အမျိုးသားက

``မင်းကရော တစ္ဆေကြောက်တတ်တာပဲလား´´

``ကျွန်မလား´´

``အင်း´´

``ရှင်နေတုန်းကတော့ ကြောက်တာပေါ့´´

``ဟင်´´

ကဲ မိတ်ဆွေလည်း နေရာတိုင်းမှာ ရှိနေတဲ့ဟာသလေးတွေကို မြင်အောင်ကြည့်ပြီး ဘ၀ကို ကျေနပ်ပျော်ရွှင်စွာ နေပါဗျာ။ လောကကြီးက နေတတ်ရင် ကျေနပ်စရာချည်းပဲ လို့ တစ်ယောက်က ကျွန်တော့်ကို ပြောဖူးတာကိုလည်း အမှတ်ရမိပါရဲ့ဗျာ။ ရယ်မော ပျော်ရွှင်နိုင်ကြပါစေဟု….

No comments:

Post a Comment

 
Web Statistics