Wednesday, July 18, 2007

မြန်မာဟူသည်


မြန်မာဟူသည်

ညွန့်ဟံ (ကြူတော)

- တိုင်းရင်းသားလူမျိုးများ ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းနေထိုင်သော မြန်မာနိုင်ငံ အတွင်းဝယ် စုခြုံပေါင်းစည်း ခေါ်ဝေါ်သမုတ်အပ်သော မြန်မာ ဟူသော အမည်က ၀ိသေသ ထူး၏။ ဂုဏ်ယူစရာဖြစ်၏။ ``မြန်မာဖြစ်ရ ဂုဏ်ရှိစွ´´ဟု ဆိုရလောက်၏။ မြန်မာမှန်သမျှ မြန်မာလူမျိုး၏ သမိုင်းကြောင်း နောက်ခံရင်းမြစ်ကို သိသင့်၏။ လူမျိုးအကြောင်းသိမှ လူမျိုးကို ချစ်မြတ်နိုးသောစိတ်ဓာတ် ပို၍ခိုင်မာလာမည်။ အထူးသဖြင့် သမိုင်းကြောင်းရှိသော မြန်မာအစကို သိသင့်သည်။

- အတိတ်မဲ့ ရာဇ၀င်မဲ့မဟုတ်သော မြန်မာတို့သည် လူ့သမိုင်းတွင် ထည်ထည်ဝါ၀ါ ရှိခဲ့၏။ လူရည်လူသွေးလည်း မြင့်မား၏။ ``ခေတ်´´ဟူသည့် လူမျိုးတို့၏ ကာလပိုင်း၊ ရာဇ၀င်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းတို့သည် အဓိပ္ပါယ်ရှိရှိ ရပ်တည်နေနိုင်ခဲ့သည်။ သိမြင်ခြင်း ပြောဆိုနေထိုင်ကျင့်ကြံခြင်း ကိစ္စများတွင် လူမျိုးနွယ်ဗေဒနှင့် ဆက်နွှယ်နေပေသည်။ လူ့ဘောင်အဖွဲ့အစည်းတွင် မြန်မာ့အနှစ်သာရသည် အခြေခံကောင်းလျက်ရှိသည်။ စဉ်ဆက်မပြတ် တိုးတက်ပေသည်။ ဤသို့ဆိုလျှင် လူမျိုးအကြောင်း မြန်မာဟူသည့် သမိုင်းအစကို သိမြင်ဖို့ လုံ့လပြုကြခြင်းမှာ လက်တွေ့ ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်၏။ မြန်မာပညာရှင်ကြီးများ၏ အားထုတ်ကြိုးပမ်း သုတေသနပြုမှုများစွာ ရှိနေပါသည်။

- ``မိမိနေထိုင်သည့် တိုင်းပြည်တွင် မွေးဖွားသူကို တိုင်းရင်းသား၊ ဘာသာစကား ရိုးရာဓလေ့အနွယ်စသည့် အတူအညီ ခံယူဆင်းသက်လာသော လူစုကို လူမျိုး၊ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်ခင်မင်ရန်ကိစ္စကို ချစ်ကြည်ရေး´´ ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုချက်များ ရှိပြီး ဖြစ်ပါသည်။

- မြန်မာနိုင်ငံသည် အရှေ့အနောက် မိုင်ပေါင်း ခုနစ်ရာကျော်၊ တောင်နှင့်မြောက် မိုင်ပေါင်း ၁၇၀၀ ကျော်၊ စတုရန်းမိုင်ပေါင်း နှစ်သိန်း ခြောက်သောင်းကျော် တစ်နံတစ်လျား ရှိသော ဒေသကြီးဖြစ်၏။ ဤနိုင်ငံအတွင်းဝယ် ပြည်နယ်၊ တိုင်း ၁၄ ခု ဖြင့် ပိုင်းခြားကာ နိုင်ငံရေးရာ အဖြာဖြာကို စီမံဆောင်ရွက်လျက် ရှိသည်။

- ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းဝယ် လူမျိုးစု ၁၃၅ စု နေထိုင်လျက် ရှိကြသည်။ ကချင်အစုတွင် ၁၂၊ ကယားအစုတွင် ၉၊ ကရင်အစုတွင် ၁၁၊ ချင်းအစုတွင် ၅၊ ဗမာအစု ၉၊ မွန်အစု ၁၊ ရခိုင်အစု ၇၊ ရှမ်းအစု ၃၃ ဟူ၍ တိုင်းရင်းသား မျိုးနွယ်စုများရှိကြသည်။ မျိုးနွယ်စုအချို့ကို ဖော်ပြရပါက ကချင်အစုတွင် ဂျင်းဖော၊ မဒူ၊ လရှီး၊ အဇီး၊ ရ၀မ်၊ ရှမ်းဗမာ၊ ရှမ်းတရုတ်၊ ထရုန်း၊ ရှမ်းအစုတွင် ကိုးကန့်၊ ၀၊ လားဟူ၊ အခါ၊ ပအိုဝ်း၊ အင်းသား၊ လီဆူး၊ ပလောင် စသည်တို့ ဖြစ်၏။

- မြန်မာဟူသော အမျိုးအနွယ်အတွင်း ညီရင်းအစ်ကိုများသာ ဖြစ်၏။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကား မတူညီသော်လည်း အေးအတူ ပူအမျှ ဒုက္ခသုခ အတူတကွ ခံစားကြရသူများ ဖြစ်လေသည်။ ``မြန်မာစစ်လျှင် ရှမ်း၊ ရှမ်းစစ်လျှင် မြန်မာ၊ ယောနှင့် ရခိုင် နှိုင်းပြိုင်ထားဝယ်၊ ဗရယ်တောင်သူ၊ ပြောပျူကမ်းယံ၊ ခုနစ်တန် မြန်မာ´´ ဟူသော လင်္ကာ ``သက်နှင့် ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ သတ္တ မြန်မာမျိုး´´ ဟူသော ဆွေမျိုးစပ်လင်္ကာ တို့က မြန်မာလူမျိုးအတွင်း ချစ်ကြည်ရင်းနှီးကြောင်း ညွှန်ပြလျှက် ရှိသည်။

- တကယ့်ဇာစ်မြစ်အားဖြင့် အခြေခံ အတူတူပင် ဖြစ်လေသည်။ များပြားလှစွာသော သွေးချင်း၊ သားချင်းတို့၏ အကြောင်းကား လေ့လာ၍ မကုန်ခန်းနိုင်အောင် ရှိနေသည်။ သို့အတွက် သမိုင်းပညာ ရှုထောင့်မှ လည်းကောင်း၊ မနုဿဗေဒ ရှုဒေါင့်မှလည်းကောင်း သုတေသနပြု၍ မဆုံးအောင် ရှိနေရသည်။

- တိဗက် မြန်မာ အနွယ်တွင် ပျူ၊ သက်၊ နာဂ၊ ချင်း၊ ကရင်၊ ဗမာ၊ ကချင် စသော လူမျိုးစုများ ပါဝင်ကြကာ မြန်မာစကား အသုံးအနှုံး အနွယ်အုပ်စုတွင် မရူ၊ လရှီး၊ အဇီး၊ မိုင်းသား၊ မွန်၊ ဓနု၊ ယော၊ ရခိုင်၊ ထားဝယ်၊ မြိတ်၊ တောင်ရိုး၊ အင်းသားများ ပါဝင်သည်´´ ဟူသော ဟောပြောချက်လည်း ရှိသည်။

- မြန်မာအစနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ကွဲပြားကြသည်။ ပညာရှင် သုတေသီများ အမျိုးမျိုး ကြိုးပမ်းကြ၊ လေ့လာကြ၊ ဖော်ထုတ်ကြ၊ တင်ပြကြသည်။ အယူအဆ အမျိုးမျိုးတွင် ရှုထောင့်အထွေထွေမှ တင်ပြချက်များ ရှိကြသည်။ အမျိုးသားရေးကိစ္စလည်း ဖြစ်သည်။ နိုင်ငံရပ်ခြားသုတေသီ ဒေါက်တာ လုစ် က ``မြန်မာအစ ကျောက်ဆည်က´´ဟူသော အယူအဆတင်ပြင်ဖော်ထုတ်ခဲ့သည်။ ``မြန်မာအစ တကောင်းက´´ဟူသော မျိုးရိုးစဉ်ဆက် အယူအဆလည်း ရှိနေသည်။

- မြန်မာပညာရှင်ကြီးများကလည်း မြန်မာ့အစဉ်အလာများကို ယဉ်ကျေးမှုစာစောင်၊ စာတမ်းများ ပြုစုထုတ်ဝေလျက် ဖော်ထုတ်နိုင်ခဲ့သည်။ အထူးသဖြင့် မြန်မာပညာရှိ ဆရာကြီး ဦးဖိုးလတ် က ``ရှေးဟောင်းမြန်မာရာဇ၀င် နှင့် သုတေသန´´ စာအုပ်တွင် ``မြန်မာအစ´´ အယူအဆကို အကျယ်ဖွင့်ခဲ့သည်။ သုတေသန စာအုပ်နိဒါန်းကို ကြည့်လျှင် အတန်အသင့် ရိပ်စားမိနိုင်ပါသည်။

``ခိုင်လုံသော မှတ်တမ်းများ မရှိမီခေတ်နှင့် စပ်ဆိုင်သည့် မြန်မာရှေးဟောင်းရာဇ၀င်နှင့် ယဉ်ကျေးမှုအကြောင်းအရာများကို မြန်မာတို့၏ အစဉ်အလာ ရာဇ၀င်သမိုင်း စသည်တို့ တွင် တွေ့ရသည်မှာ သဘာဝမကျ ဒဏ္ဍာရီဆန်လှသဖြင့် လည်းကောင်း၊ ခေတ်သုတေသီ တို့၏ ဟောပြောရေးသားချက်များကို ဖတ်ရှုကြည့်ပြန်သောအခါ တစ်ဖက်သတ်ကျ၍ စိတ်ကူးယဉ်ဆန်လှသဖြင့် လည်းကောင်း စာပေလေ့လာပညာရှာမှီး သူတို့၏ နယ်တွင် မည်သူမျှ ကျေနပ်မှုကို မရဘဲ ရှိနေသည်မှာ ကြာမြင့်ချေပြီ။ မကျေမနပ် ဖြစ်နေသူတို့အထဲတွင် ကျွန်ုပ်တို့လည်း ပါဝင်သည်´´

``လူမျိုးခြားနှင့် နိုင်ငံခြားမှတ်တမ်း မှတ်စာသမိုင်း ရာဇ၀င်တို့တွင် ဖော်ပြခြင်း မရှိက မြန်မာနိုင်ငံတော်အတွင်း နောက်ကြောင်းရာဇ၀င်နှင့် စပ်လျဉ်း၍ မြန်မာတို့၏ သမိုင်း ရာဇ၀င်ကို မည်သို့မျှ အတိအကျ မယူဆနိုင်ဟူသော စိတ်နေစိတ်ထားမှာ လွန်စွာ ဖောက်ပြန်၍ တစ်ဖက်သတ် ကျလွန်းချေသည်´´

``မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံတော် မြောက်ပိုင်း၌ ထိုအခါက ကြီးစိုးလျက်ရှိသော ကတူးလူမျိုးတို့၏ ရန်ကြောင့် ဧရာဝတီမြစ် ရှမ်းမြေပြန့်လွင်ပြင်သို့ မဆင်းသက်နိုင် သေးဘဲ တောင်ဘက်သို့ ဆက်လက်သွားရောက်ပြီးလျှင် နတ်ထပ်တောင်ကျမှသာလျှင် ထိုအခါက မွန်တို့ သိမ်းပိုက်လျက်ရှိသော ကျောက်ဆည်နယ်အတွင်းသို့ သက်ဆင်းခဲ့ကြ သည်ဟူသော ခေတ်သုတေသီတို့၏ အယူမှာ က၀ိဆန်သူတို့၏ စိတ်ကူးယဉ်၊ လုံလောက်သော သက်သေ၊ အထောက်အထားကင်းမဲ့သော ကြံဆချက်မျှသာ ဖြစ်ချေသည်´´

စသည်ဖြင့် ချေပချက်ပြုကာ ရာဇ၀င်၊ သမိုင်းသုတေသန သာဓကများနှင့်အတူ ပြတ်ပြတ်သားသားရေးသားတင်ပြလိုက်သည်။ သို့အတွက် မြန်မာမှုကို မြတ်နိုးသော မြန်မာအကြောင်း စိတ်ဝင်စားသူတို့အတွက် တအားတက်စရာ ဖြစ်လာတော့သည်။

- မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ပညာပြန့်ပွားလှုံ့ဆော်ရေး စာစဉ်က ထုတ်ဝေသော ဦးဘသန်း၏ မြန်မာရာဇ၀င် စာအုပ်ပါ ``မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ´´ ကဏ္ဍမှ မြန်မာလူမျိုးအစပထမ အကြောင်းကို တင်ပြလိုပါသည်။

- မြန်မာတိုင်းရင်းသားလူမျိုးတို့အနက် ထင်ရှားသော လူမျိုးများကား မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း လူမျိုးတို့ ဖြစ်ကြသည်။ မြန်မာပညာရှိတို့က မြန်မာ၊ ယော၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူဟု မြန်မာခုနစ်မျိုးကို ရေတွက်သည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်းလူမျိုးတို့ကို ရှမ်းမျိုးသုံးဆယ်တွင် ထည့်သွင်း ရေတွက်ကြသည်။

- မြန်မာ၊ မွန်စသော တိုင်းရင်းသာလူမျိုးအားလုံးပင် မြောက်ဘက်ရှိ တရုတ်ပြည် အနောက်ပိုင်း၌ ရှေးပဝေသဏီက နေထိုင်ခဲ့ကြသော မောင်ဂိုလ်(မောင်ဂွ) အနွယ်လူမျိုး များ ဖြစ်ကြ၍ မိမိနေရင်းဒေသ၌ အစာ၊ ဆန်ရေ ရှားပါးကြသည်နှင့် တောင်ဘက်သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြပြီးလျှင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကျရာ ဒေသတို့ ၌ မြို့ပြပြည်ရွာ တည်ထောင်နေထိုင်ကြဟန် တူသည်။

- မြန်မာနိုင်ငံသို့ လာရောက်နေထိုင်ကြသော အဆိုပါလူမျိုးတို့အနက် ရှေးအကျဆုံး ဖြစ်ဟန်တူသော လူမျိုးမှာ ``မွန်လူမျိုး´´ဖြစ်သည်။ မွန်လူမျိုးတို့ကား မွန်ခမာ အနွယ် ဖြစ်၍ တရုတ်ပြည်အနောက်ပိုင်း ကုန်ပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ၊ မဲနန်မြစ်ဝ၊ မဲခေါင်မြစ်ဝ အရပ်ဒေသ တို့၌ မြို့ရွာ တည်ထောင် နေထိုင်ကြသည်။

- မြန်မာနိုင်ငံသို့ ဒုတိယ လာရောက်ကြသော လူမျိုးများမှာ တိဗက်တို ဘားမင်းလူမျိုး များ ဖြစ်ဟန်တူသည်။ ၄င်းတိဗက်တိုဘားမင်းလူမျိုးတို့သည် တိဗက်နိုင်ငံအရှေ့ပိုင်း ဗြဟ္မပုတြမြစ်ကြောင်းကို လျှောက်၍ ဆင်းလာပြီးလျှင် အာသံနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတွင်း အရပ်ဒေသများ၌ မြို့ပြတည်ထောင်၍ နေထိုင်ကြသည်။ ပျူ၊ ကမ်းယံ၊ သက် တို့မှာ ၄င်းတိဗက်တိုဘားမင်းလူမျိုးတို့မှ ဆင်းသက် ပေါက်ဖွားလာဟန် ရှိသည်။

- ပျူလူမျိုးတို့ကား မြန်မာလူမျိုးတို့၏ မူလအနွယ်ရင်းဖြစ်၍ မြန်မာရာဇ၀င်တွင် ထင်ရှားသော လူမျိုးများ ဖြစ်ကြသည်။ မြန်မာဟူသော အမည်ကို ရာဇ၀င်၌ သရေခေတ္တရာအပျက်တွင်မှ တွေ့ရသည်။ ပျူလူမျိုးတို့ အချက်အချာကား ပြည်မြို့၊ ရွှေဘိုနယ်၊ ဟန်လင်း၊ မုံရွာရှိ ဖိုးဝန်းတောင်၊ ရမည်းသင်းရှိ ညောင်လွန်း၊ မကွေးနယ်၊ ဗိဿနိုးအရပ်များ ဖြစ်၏။ ပျူလူမျိုးတို့ကား စာပေအက္ခရာရှိသော အထက်တန်းစား လူမျိုးများ ဖြစ်သည်။

- ကမ်းယံဟူသည်ကား သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်၌ နေထိုင်သောသူတို့ကို ဆိုသည်။ ရခိုင်လူမျိုးတို့၏ ရှေးဟောင်းအနွယ်ဖြစ်သည်။ သက်လူမျိုးတို့ဒေသဖြစ်သော မစ္ဆဂီရိမှာ ရခိုင်ပြည်၏ အနောက်မြောက်ယွန်း ကစ္ဆပနဒီမြစ်ညာတွင်ရှိကြောင်း သက်လူမျိုး၊ ကျပင်းလူမျိုးဆိုသည်မှာ ဧရာဝတီအနောက်ဘက် ချင်း၊ ယော စသော ခပ်ရိုးရိုးလူမျိုးများကို ဆိုရိပ်ရှိကြောင်း သိရသည်။

- တိဗက်တို ဘားမင်းလူမျိုးတို့နောက် တိုင်ခေါ် ရှမ်းလူမျိုးတို့ လာရောက်ကြသည်။ ကရင်လူမျိုးတို့သည်လည်း အာရှတိုက်အလယ်ပိုင်းမှ လာရောက်ကြလျက် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ မဲနန်မြစ်အကြားရှိ တောင်ကုန်းများတွင် နေထိုင်စပြုသည်။ နောင်မှ မြစ်ဝ ကျွန်းပေါ်သို့ ပျံ့နှံ့သွားသည်။

- ကချင်လူမျိုးတို့ကား ဗန်းမော်မြို့အနီးသို့ လာရောက်ကြသည်။ ထိုမှ အာသံနယ်သို့ ပျံ့နှံ့သွားသည်။ ကချင်လူမျိုးတို့သည် တိဗက်တိုဘားမင်းလူမျိုးတို့နှင့် အနွယ်တူသည် ဟု ဆို၏။

- မြန်မာတိုင်းရင်းသား လူမျိုးတို့သည် တိဗက်တိုဘားမင်းလူမျိုးအနွယ် ဖြစ်ဟန်ရှိကြောင်းဆိုရာတွင် ၄င်းအနွယ်လူမျိုးများနှင့် မျက်နှာပေါက်တူခြင်း၊ မြား၊ နား၊ မီး၊ လမ်း စသည့် အတန်များသော မြန်မာဝေါဟာရတို့နှင့် တိဗက်ဝေါဟာရတို့ တူခြင်း တို့ကြောင့် ဖြစ်သည်ဟုဆိုပါသည်။ တူးဖော်ရရှိသည့် အထောက်အထားများနှင့်လည်း တင်ပြရန်ရှိသည်။ ``မြန်မာအစ တကောင်းက´´ဟူသော ဆိုရိုးစကားရှိသည်။ တကောင်းမှတစ်ဆင့် သရေခေတ္တရာ၊ ယင်းမှ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ စသည်ဖြင့် ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုပေသည်။

- မြန်မာအစနှင့်ပတ်သက်၍ သုတေသီတို့က အယူအဆအမျိုးမျိုးမှ တင်ပြခြင်းသာ ဖြစ်ပါသည်။ ``မြန်မာ´´ ဟူသည်မှာ ပုဂံသား၊ တကောင်းသား၊ စစ်ကိုင်းသား၊ အင်းဝသား စသူတို့ ပေါင်းစုလျက် ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ ကရင် စသည့် လူမျိုးနွယ်စုများ အဓိပ္ပါယ်ရှိရှိ ခေါ်ဝေါ်သမုတ်ခြင်းသာဖြစ်၏။ မည်သို့ပင် ဖြစ်စေ ဆရာဇော်ဂျီ ၏ ``တို့ပြည်ထောင်စု´´ ကဗျာတွင် ဖော်ပြထားသကဲ့သို့ စိတ်ဝမ်းလက်ညီ ဖြင့် မြန်မာနိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် အဓွန့်ရှည်ရေးတို့ကို ရွက်ဆောင်ကြ ဖို့သာ ဖြစ်၏။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းနှင့် ကချင်နှင့်၊ ချင်းနှင့် ကယားနှင့်

ရှမ်းနှင့် ရခိုင်နှင့်၊ မွန်နှင့် ကရင်နှင့်

သင့်သင့်မြတ်မြတ်၊ အနေတတ်လျှင်

နတ်ပြည်နှိုင်းတု၊ ပြည်ထောင်စုဟု

သူ့စေတနာထား၊ သူ့စကားကို

မိန့်ကြားလိုက်သော၊ ထိုအခါ

မောရှမ်းထိုထို၊ ရှေ့တခိုမှ

တောင်ပြိုနောက်မှာ၊ နယ်စပ်ရာတည့်

ခါကာဘိုရာဇီ၊ မြောက်ဖျားဆီမှ

အောက်ပြည်ကော့သောင်၊ သို့တိုင်အောင်တည့်

တောတောင်ကြံ့ခံ၊ ကမ်းယံဆီးတား

တိုင်းခြားရန်စွယ်၊ အန္တရာယ်မှ

ကာကွယ်မည်တို့၊ ကြို၏သို့

ဆီ ပဲ ထန်းလျက်၊ လက်ဖက် မက်မန်း

ဝါဂွမ်း ရေနံ၊ ဆန် ဆား ငါးပိ

သီးမှည့်စုံစွာ၊ လိုရာရာတို့

အညာအကြေ၊ မြေပြန့်တောင်တန်း

ကူးသန်းရောယှက်၊ စီးပွားဆက်အောင်

တက်သက်မည်သို့ ကြို၏သို့။

No comments:

Post a Comment

 
Web Statistics