ရှေးခေတ် ပုဂံပြည်
ဇော်ဂျီ
ဇော်ဂျီ
မောင်တို့ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျားပုဂံပြေမှာဖြင့်
မြန်မာတစ်တွေမှာ ရတနာ ရွှေငွေအပေါင်းငဲ့ပြင်
မင်းကောင်းနော်ရထာတဲ့
မော်စရာ ဟိုတစ်ခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘ၀င်မှာ အမြင်မှန်းကာပါ့
တမ်းတ၍ကြည်ညိုပါ။
........သြော် ပြေမြန်မာခေတ်ထူး
ရာဇ၀င်မှာ စာတင်လို့ ကျူးခဲ့ကြ
ငထွေရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင်၊ ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲစစ်တပ်ခြံအရံ၊ မြန်မာနယ်တစ်ရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင်ချိုးခဲ့၍
မြို့ရိုးမြင့် ပြေပုံဂံ၊ ရဲစစ်တပ်အပြန်မှာ...
အောင်လံတွေ ရောင်ပြန်မြူးကာပါ့
တပ်ဦးမှာ တချီချီနဲ့
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ။
........ လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့
ပခုံးနဲ့လက်ပြင်၊ ကျောခြင်က သံချောင်း
တစ်နှစ်တွင်းမှာ၊ ချက်ချင်းပဲပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်။
အမယ်မမ
သားလှတွက်တာ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး၊ ပုဂံသွေးမို့
အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့်၊ လက်ရုံးအင်သည်တစ်အားနဲ့
ဘယ်တိုင်းခြားဝံ့မတုန်းငဲ့.....
ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့
ကိုယ့်မျိုးဂုဏ် တစ်မာန်တက်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခေတ်ဟောင်း။
....... စေတီနဲ့ တန်ဆောင်း
သည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံပြည်တစ်ကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်းလို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစ်စိတ်ဝမ်း တစ်လက်ညီ
ပြည်ရေးကို ပြိုင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘ၀ဂ်က ပြန်ပါရော့....
တရားငယ် မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်
ပြည်လုံးညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ၀င်းခဲ့သတဲ့
သည်မင်း သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မညီးနိုင်ဘု
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း။ ။
(မှတ်ချက်။ ဇာတိမာန် စာပေ၊ စာတမ်းများ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment