Sunday, July 08, 2007

ကျင့်ဝတ်များ


မြန်မာ့ကိုယ်ကျင့်လမ်းညွှန်
ကျွန်တော်တို့ မြန်မာလူမျိုးများမှာ ငယ်စဉ်တောင်ကျေးကလေးဘ၀မှစပြီး မိဘဆွေမျိုးများ၊ အဘိုးအဘွားများ၊ ဦးလေးအဒေါ်များ၊ အစ်ကိုအစ်မများ၏ ဆုံးမမှုများနဲ့အတူ ကြီးပြင်းကြရပါတယ်။ လူမှန်းသိတတ်ပြီ ဆိုကတည်းက အိမ်မှာဆိုရင် ဘယ်လိုနေရမယ်၊ လူအများနဲ့ဆက်ဆံရင် ဘယ်လိုပြောဆိုဆက်ဆံရမယ်၊ လူကြီးသူမများနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှာ ဘယ်လိုနေသင့်တယ်၊ ဘယ်လိုပြောသင့်တယ်၊ မြန်မာ့ယဉ်ကျေးမှုအရ ဘာတွေကို ရှောင်ရ မယ်၊ ဘယ်ဟာတွေကိုဖြင့် ပြုလုပ်ရမယ် စသည်ဖြင့် ပြောဆိုဆုံးမ သွန်သင်ကြပါတယ်။ ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ ငယ်စဉ်ကတည်းက လိမ္မာယဉ်ကျေးဖို့၊ ဘာသာတရားကိုင်းရှိုင်းဖို့၊ သူတစ်ပါးကို ကူညီဖို့ စသည်ဖြင့် လူ့လောကမှာ လူရယ်လို့ လူပီပီသသ နေထိုင်နိုင်အောင် ကြီးစဉ်ငယ်လိုက် သင်ကြားဆုံးမခဲ့ကြတာ အားလုံးအသိ ပဲဖြစ်ပါတယ်။ ခေတ်ကာလအခြေအနေအရ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့ စကားလုံးကို တစ်ယူသန်စွဲကိုင်ပြီး ရောနှောလာတဲ့ ယဉ်ကျေးမှုတွေအရ အချို့မြန်မာမှုလေးတွေဟာ ပျောက်ပျက်ချင်သလို ဖြစ်လာနေတာဟာ မြန်မာတွေ အားလုံးအတွက် ထိတ်လန့်ဖွယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ကျွန်တော်တို့တွေ လက်ထက်ကျမှ အပျောက်ပျက် ခံရတော့မှာလား၊ ဒီအတိုင်းပဲ မသိကျိုးကျွံပြုပြီး နေရတော့မှာလားဆိုတာတော့ စဉ်းစားစရာကောင်းလှပါတယ်။ ခေတ်အခြေအနေအရ နည်းပညာပေါက်ကွဲမှုခေတ်ထဲမှာ ယဉ်ကျေးမှုတွေ ဟိုဒီကူးလူးတာဟာ နားလည်လို့ ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့နဂိုကရှိနှင့်ပြီးသား ယဉ်ကျေးမှုကို သူများကို မဖျက်ဆီးရပါဘဲ ကိုယ်တိုင်ကပဲ မသိကျိုးကျွံပြုပြီး မထီမဲ့မြင်လုပ်၊ ကိုယ်တိုင် မသိနားမလည်ဖြစ်လာတယ်ဆိုရင်တော့ နောက်လာမယ့် မျိုးဆက်တွေကျရင် မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာဆိုတာတောင် ဘာမှန်းမသိ၊ ဘာပြောရမှန်းမသိ ဖြစ်သွားတော့မယ် ထင်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာလူမျိုးပါ။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိပါတယ်။ ဘယ်သူ့ရဲ့သြဇာခံမှ မဟုတ်ပါဘူး။ မြန်မာဆိုတာ ဘယ်လို လူမျိုးဆိုတာကို သမိုင်းနဲ့ချီပြီး ပြောဝံ့တဲ့လူမျိုးတွေပါ။ မြန်မာဖြစ်ရတာကို ဂုဏ်ယူရမယ့်အစား ငါမြန်မာပဲဆိုပြီး ရှက်နေမယ်ဆိုရင်တော့ မိတ်ဆွေဟာ မြန်မာ မစစ်လို့ပဲလို့ ကျွန်တော်ကဆိုမှာပါပဲ။ ကောင်းတာဆိုရင် ငါ့လူမျိုး မကောင်းတာဆိုရင် သူများကို တူတာဆိုတာဟာ မြန်မာ့ဓလေ့မဟုတ်ပါဘူး။ ကောင်းမွေဆိုးမွေဆိုတာ ရဲရဲဝံ့ဝံ့ ခံယူရပါတယ်။
အောက်မှာတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ မြန်မာ့ကိုယ်ကျင့်လမ်းညွှန်ဆိုတဲ့ စာအုပ်ထဲက အချို့ဟာ လေးတွေကို ရေးသားဖော်ပြထားပါတယ်။ စာရေးဆရာက မောင်ကျေးဇူးဖြစ်ပါတယ်။ နည်းနည်းချင်းဖြစ်ဖြစ် ဖတ်စေချင်ပါတယ်။ ဖတ်ပြီးတော့ စဉ်းစားစေချင်ပါတယ်။ တစိမ့်စိမ့်ပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ ဘယ်လောက်ယဉ်ကျေးသိမ်မွေ့ကြတယ်၊ ဘယ်လောက်များ လေးစားချီးကျူးဖွယ်ကောင်းတယ် ဆိုတာကို ဘယ်သူမှ ပြောစရာမလိုပါဘူး။ မိတ်ဆွေကိုယ်တိုင်ပဲ သိလာပါလိမ့်မယ်ဗျာ။

၁။ သားသမီးကျင့်ဝတ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့ထာ။

၂။ မိဘကျင့်ဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

၃။ တပည့်ကျင့်ဝတ်
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

၎။ ဆရာကျင့်ဝတ်
အတတ်လည်းသင်၊ ပဲ့ပြင်နိစ္စ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

၅။ လင့်ကျင့်ဝတ်
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

၆။ မယားကျင့်ဝတ်
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

၇။ မိတ်ဆွေကျင့်ဝတ်
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

၈။ အရှင်သခင်ကျင့်ဝတ်
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ ဟောရွတ်ပုံပမာ။

၉။ ကျွန်ကျင့်ဝတ်
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

၁၀။ ဒါယကာ ကျင့်ဝတ်
မေတ္တာဓာတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင် ဖိတ်သား၊ တတ်အားလှူစေ၊ ငါးခုနေ၊ ပြုလေ ဒါယကာ။

၁၁။ ရဟန်းကျင့်ဝတ်
မကောင်းမြစ်တာ၊ ကောင်းရာကိုလှစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

( ဒီပို့စ်မှာ အရမ်းရှည်သွားတဲ့အတွက် ကျန်တာတွေကို အခြားပို့စ်တွေမှာ ထပ်ရေးပေးထားပါတယ်)

No comments:

Post a Comment

 
Web Statistics