Saturday, July 07, 2007

ဟာသအဆိုအမိန့်များ


ဖတ်ရင်းနဲ့ ပြုံးရပါတယ်။ စဉ်းစားမိတော့ ပြုံးရုံတင်မကဘူး၊ အဓိပ္ပါယ်ကို သဘောပေါက်သွားတော့ ရယ်လိုက်ရတာဗျာ။ အချို့စကားလေးတွေမှာ ဖီလော်ဆော်ဖီတွေ အများကြီးပါတယ်ဗျ။ တွေးလည်းတွေးတတ်၊ ပြောလည်းပြေတတ်ပါပေ့လို့ စိတ်ထဲမှာ အမှတ်ထင်ထင်ဖြစ်ရပါတယ်။ ခဏခဏပြန်ဖတ်ရင် ခဏခဏ တွေးရတယ်။ အချို့ဟာတွေများဆိုရင် ကိုယ်တစ်ခါမှ မတွေးဖူးဘူး၊ ဘယ်တော့မှလည်း တွေးမိမှာ မဟုတ်ဘူး။ သူတို့ကတော့ တွေးမိတယ်ဗျ။ ဒါကြောင့်လည်း ပြောခဲ့ကြတယ်။ အဲဒီလို ပြောခဲ့တာတွေကို စာရေးဆရာက ဘာသာပြန်ပေးထားတယ်။ ကျွန်တော်တို့က အဆင်သင့်ဖတ်ရုံပါပဲ။ မိတ်ဆွေလည်း ကြိုက်မှာပါ။ ဖတ်ကြည့်ပါဦး။ မိတ်ဆွေရဲ့ အတွေးအခေါ်တွေ၊ အသိအမြင်တွေ တိုးတက်ဖို့အရေးမှာ အထောက်အကူပြုမယ် လို့ စာရေးဆရာက အခိုင်အမာဆိုထားပါရောလား။

(မှတ်ချက်။ မောင်ကောင်းထိုက် (နှီးပဒေါ) ၏ ``ထွေလီကာလီ´´ စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။)



``မနက်ဖြန်မှာ သူ ဘာလုပ်ဖို့ စိတ်ကူးထားတယ်လို့ လူတစ်ယောက်က ပြောရင် မနေ့က သူ ဘာလုပ်ခဲ့သလဲဆိုတာ မေးလိုက်ပါ´´

``ဘာကောင်မှ မဟုတ်ခဲ့တဲ့လူ ဘာကောင်မဆို ဖြစ်လာနိုင်တယ်´´

``အနုမြူဗုံးကို တီထွင်လိုက်ကြသတဲ့။ ကမ္ဘာပေါ်မှာ ကြွက်ထောင်ချောက်ကို တီထွင်ဖို့ ဘယ်ကြွက်မှ မစဉ်းစားကြပါဘူး´´ (ဂျာမန်စာရေးဆရာ ဗယ်နာမိခ်ျ)

``ကျွန်တော်တို့သိတာ များသလောက် နားလည်တာ နည်းလိုက်တာ´´ (အိုင်းစတိုင်း)

``သူ့ခေါင်းထဲမှာ ဗဟုသုတတွေ ဘယ်လောက်များနေသလဲဆိုရင် ကိုယ်ပိုင်အတွေးအတွက်တောင် နေရာ မရှိတော့ဘူး´´ (စတန်နီစလပ်လက်စ်)

``ညံ့တဲ့ကျောင်းသား ကျူရှင်ယူတယ်။ လိမ္မာတဲ့ကျောင်းသား စာစစ်တဲ့လူကို ပိုက်ဆံပေးတယ်´´ (မယ်လီဟန်)

``ကျွန်တော့်အလုပ်ဟာ လျှို့ဝှက်တဲ့သဘောကို ဘယ်လောက်ဆောင်သလဲဆိုရင် ကျွန်တော် ဘာကို လုပ်နေတာလဲဆိုတာတောင် ကျွန်တော် သိခွင့်မရှိဘူး´´

``အထက်အရာရှိရဲ့ ဟာသကို နောက်ဆုံးကျမှ ရယ်တဲ့သူဟာ အင်အားလျှော့မယ့်လူတွေစာရင်းမှာ ထိပ်ဆုံးက ပါနေတတ်တယ်´´

``အထက်လူကြီးရဲ့ဟာသကို အားရပါးရ မရယ်တတ်သေးသမျှ ကာလပတ်လုံး လူကို ကွန်ပျူတာက အစားထိုးနိုင်သေးမည် မဟုတ်ပါ´´

``ဘယ်လိုဖြစ်သင့်သလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် ခင်ဗျားလုပ်နေတာ မမှန်ဘူးဆိုတာတော့ သေချာတယ်´´

``ပွင့်လင်းစမ်းပါ။ အထက်လူကြီးနဲ့ သဘောထားချင်းတိုက်ဆိုင်ကြောင်း ဗြောင် ကြေငြာစမ်းပါ´´

``ကိုယ် ကိုယ်တိုင်လုပ်နိုင်တာကို တခြားလူ မခိုင်းနဲ့တဲ့။ ကျွန်တော့်ခံယူချက်က တစ်မျိုး။ တခြားလူတွေ ကိုယ့်ထက် မညံ့အောင် လုပ်နိုင်ရင် ကိုယ်ကိုယ်တိုင် မလုပ်ဘူး။ ဒါပဲ´´

``မနက်ဖြန်မှ လုပ်ရမယ့်ကိစ္စကို မနေ့ကတည်းက လုပ်တဲ့လူတွေကို ရှောင်ပါ´´

``ခင်ဗျားပြောတာကို အားလုံးက သဘောတူတယ်ဆိုရင် ခင်ဗျား အင်မတန်တော်လို့ ဖြစ်ရမယ်။ ဒါမှမဟုတ် အထက်လူကြီး ဖြစ်လို့ဖြစ်ရမယ်´´

``အချိန်ဟာငွေပါပဲ။ ဒါပေမယ့် ငွေက ပိုကောင်းပါတယ်´´

``ပိုက်ဆံဟာ ဆဌမအာရုံပဲ။ သူမရှိရင် ကျန်တဲ့ အာရုံငါးပါး ဘာအဓိပ္ပါယ်မှ မရှိဘူး´´ (မော်မ်)

``ပျော်ရွှင်မှုဟာ ငွေအပေါ် မတည်ဘူးလို့ ပြောကြတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ သိရအောင် ကိုယ်တိုင် ခံစားကြည့်ချင်လိုက်တာနော်´´

``ငွေနဲ့ကျန်းမာရေး ဘယ်ဟာက ပိုအရေးကြီးသလဲလို့ မေးတယ်နော်။ ခင်ဗျား ဘာကို ဆုံးရှုံးသွားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်´´

``မချမ်းသာလာမချင်း ခင်ဗျားဆီမှာ ဆင်းရဲတဲ့ဆွေမျိုး ဘယ်လောက်ရှိသလဲဆိုတာ မသိရဘူး´´

``ဆင်းရဲသားကို ဘုရားသခင်ချစ်တယ်။ ဒါပေမယ့် လူချမ်းသာတွေကို အကူအညီပေးတယ်´´ (အမည်မသိ)

``ကိုယ် ဆင်းရဲတာကို သည်းခံလို့ရတယ်။ တခြားလူ ချမ်းသာတာကို သည်းခံရခက်တယ်´´

``စီးပွားရေးပညာရှင် ဟူသည်မှာ ပိုက်ဆံရှိတဲ့လူတွေထက် ပိုက်ဆံအကြောင်းကို ပိုသိတဲ့လူ´´

``ယောက်ျားဟာ သူလိုတဲ့ တစ်ဒေါ်လာတန် ပစ္စည်းကို နှစ်ဒေါ်လာပေးပြီး ၀ယ်တယ်။ မိန်းမဟာ သူမ မလိုတဲ့ နှစ်ဒေါ်လာတန်ပစ္စည်းကို တစ်ဒေါ်လာပေးပြီး ၀ယ်တယ်´´ (၀ီလျံ ဘင်ဂျာ)

``ကြော်ငြာဆိုတာ ဥပဒေက ခွင့်ပြုထားတဲ့ လိမ်ညာမှုပါပဲ´´

``စီးပွားရေးကို ကြော်ငြာမပါဘဲလုပ်တယ်ဆိုတာဟာ အမှောင်ခန်းထဲမှာ မိန်းကလေးတွေကို မျက်စပစ်နေတာနဲ့ အတူတူပဲ´´ (စတူးဝပ် ဘရစ်)

``သေသာ သေပေးပါ။ ကျန်တာအားလုံး ကျွန်တော်တို့ လုပ်ပါ့မယ်´´ (အမေရိကန်က သုဘရာဇာ လုပ်ငန်း ကြော်ငြာ)

``အခုခေတ်မှာ အကြွေးမရှိဘူးဆိုရင် ဥပဒေနဲ့ ဆန့်ကျင်တာ တစ်ခုခုကို ခင်ဗျားလုပ်နေလို့ ဖြစ်ရမယ်´´ (အမည်မသိ)

``ခင်ဗျား အကြွေးတစ်ထောင် ပေးစရာရှိနေရင် အဲဒါ ခင်ဗျားပူပင်ရမယ့်ကိစ္စ။ အဲ...ဆယ်သိန်း ပေးစရာရှိနေ ရင်တော့ အဲဒါ ကြွေးရှင် ပူပင်ရမယ့် ကိစ္စဖြစ်သွားပြီ´´

``ဘုရင်မနဲ့ စကားများ ရန်ဖြစ်တော့ ညအချိန်မှာ ပြည်သူအကြောင်းကိုပဲ စဉ်းစားရတော့တယ်´´

``ဥပဒေကို မသိခြင်းကြောင်း လာဘ်ပေးခြင်းမှ ကင်းလွတ်ခွင့် မရှိပါ´´ (မားလ်ကင်)

``မမျှော်လင့်တဲ့အတွေး ရုတ်တရက်ရောက်လာတော့ သူ့ကို ဘာနဲ့ဧည့်ခံရမှန်းတောင် မသိဘူး´´

``လိုတဲ့အချိန်နဲ့ လိုတဲ့နေရာမှာ မလိုတဲ့လူတွေ ရောက်နေတတ်တယ်´´

``ရတဲ့လစာက ရယ်စရာကောင်းလွန်းတော့ ငိုတောင် ငိုချင်တယ်´´

``ငွေရှိနေတဲ့အခါမှာ ဘ၀မှာ ငွေထက် အရေးကြီးတာတွေ အများကြီးပါလားဆိုတာ သိလာတယ်´´

``ပိုက်ဆံက ခင်ဗျားကို ပျော်ရွှင်မှု မပေးနိုင်ဘူးဆိုရင် ခင်ဗျားပိုက်ဆံ မဟုတ်လို့ပဲ ဖြစ်ရမယ်´´

``နယူတန်ရဲ့ ခေါင်းပေါ်ကျလာတာ မဟုတ်ဘူးဆိုရင် ကောက်စားပစ်လိုက်´´

``လူတွေကို ရယ်အောင်လုပ်တဲ့ ကျွန်တော့်နည်းက အမှန်ကိုပြောခြင်းပဲ။ ကမ္ဘာပေါ်မှာ ဒီထက်ရယ်စရာ ကောင်းတာ မရှိဘူး´´

``သူငယ်ချင်း တစ်ရာရဖို့အတွက် ငွေတစ်ရာကတော့ ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး´´

``သူငယ်ချင်းဆိုတာ သူ့ကြောင်း ခင်ဗျားဒုက္ခရောက်ရတဲ့အခါတိုင်း ခင်ဗျားအနားမှာ ရှိတဲ့လူ´´

``မနက်ဖြန်ဖြစ်မယ့်ဟာကို မနေ့က သတင်းတွေအရ ဒီနေ့ကို သိနေနိုင်ပြီ´´

``ဒီလို မနေသင့်ဘူးဆိုတာ သိတယ်။ ဒါပေမယ့် တခြားလို မနေတတ်တာ ခက်တယ်´´ (ကရုတီယဲ)

No comments:

Post a Comment

 
Web Statistics