Sunday, September 16, 2007

အာစီယံချန်ပီယံမြန်မာအသင်း


မြန်မာနိုင်ပြီ… တို့မြန်မာနိုင်ပြီ…

ကျွန်တော်တို့ မြန်မာတွေအတွက် ဒီနေ့ကတော့ ဘယ်လိုမှ မေ့လို့မရတော့မယ့် နေ့တစ်နေ့ပါပဲဗျာ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၀၇ ခုနှစ်၊ တတိယအကြိမ် အာစီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာအမျိုးသမီးဘောလုံးအသင်း အနိုင်ရဗိုလ်စွဲခဲ့လို့ပါပဲ။ အိမ်ရှင်မို့၊ ဒိုင်မျက်နှာလိုက်လို့မို့၊ ကံကောင်းလို့မို့ နိုင်ခဲ့တာလို့ လုံးဝကိုပြောလို့မရပါဘူး။ ထိုက်ထိုက်တန်တန်ကို ထိုင်းအမျိုးသမီးအသင်းကို အနိုင်ရခဲ့တာပါ။ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်ကနေ တစ်စက္ကန့်မှ ရွှေ့လို့မရအောင်ကို မြန်မာအသင်းနဲ့ ထိုင်းအသင်းရဲ့ ကစားပွဲက ဖမ်းစားထားခဲ့ပါတယ်။ ကြည့်သမျှ မြန်မာတွေအားလုံး အပြည့်အ၀ပျော်ခဲ့ရတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။

ဘောလုံးပွဲမစမီ

ပွဲကြည့်စင်တွေမှာ အားပေးဖို့ရောက်နေတဲ့ မြန်မာပရိသတ်တွေကို မြင်မိတော့ အတော်ကို အံ့သြသွားပါတယ်။ ဂိုးတိုင်နှစ်ခုရဲ့ နောက်ဖက်က ပွဲကြည့်စင်နှစ်ခုကလွဲရင် ကျန်မျက်နှာစာနှစ်ခုမှာ ပရိသတ်က အပြည့်ပါ။ တလူလူ လွင့်နေတဲ့ မြန်မာနိုင်ငံတော်အလံတွေကိုတွေ့ရတော့ ရင်ထဲမှာ ကြက်သီးဖြန်းဖြန်းထမိပါတယ်။ ကမ္ဘာမကြေ သီချင်းကို သံပြိုင်ဆိုလိုက်၊ အာရှမြန်မာသီချင်းကို ညီညီညာညာဆိုလိုက်၊ မြန်မာနိုင်ပြီသီချင်းကို အားလုံးညီတူ ဆိုလိုက်နဲ့ အားပေးနေတဲ့ ပရိသတ်ကို ဘယ်လိုမှကို မလေးစားဘဲ၊ မချီးကျူးဘဲ၊ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ ဒီနေ့အားပေးတဲ့ ပရိသတ်အရေအတွက်၊ အားပေးပုံဟာ နိုင်ငံတကာအဆင့်နဲ့ ယှဉ်နိုင်ပါတယ်လို့ ကျွန်တော်ကဆိုရင် ကိုယ့်မြန်မာမို့ ကိုယ်ဆိုတယ်ပြောကြပါဦးမယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာမှာ အမျိုးသမီးဘောလုံးကို အားပေးကြတာဟာ အမျိုးသားနဲ့ယှဉ်ရင် များစွာကို ကွာခြားလွန်းလှပါ သေးတယ်။ အထူးပြုပြောချင်တာကတော့ အာစီယံနိုင်ငံတွေထဲမှာ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အခုလို အားပေးတဲ့ နိုင်ငံဟာ ဘယ်နိုင်ငံမှမရှိသေးဘူးလို့ ကျွန်တော်က ရဲရဲဝံ့ဝံ့ဆိုပါတယ်။ အခုလိုအားပေးတဲ့ ပရိသတ်ကိုလည်း လုံးဝကို မှတ်တမ်းတင်ပါတယ်။ ကစားကွင်းတစ်ခုလုံးမှာ မြန်မာသံတွေပျံ့လွင့်၊ မြန်မာအလံတွေ တလွင့်လွင့်နဲ့ ကစားရမယ့်မြန်မာဘောလုံးအသင်းရဲ့ စိတ်ထဲမှာ ဘယ်လောက်များ တက်ကြွပြီး အားတွေရှိနေမလဲ၊ အနိုင်ယူပြချင်စိတ်တွေ ဘယ်လောက်များရှိနေမလဲဆိုတာကို သူတို့ရင်ထဲကို ၀င်ကြည့်စရာ မလိုပါဘူး။ ကိုယ်တိုင်ခံစားလို့ရပါတယ်ဗျာ။ ရာသီဥတုကလည်း တကယ့်ကို ကြည်ကြည်လင်လင်ပါပဲ။ ဘောလုံး ကွင်းကလည်း အချိန်မီပြန်ပြင်ထားတယ်လို့ ယူဆရပါတယ်။ ယခင်နေ့တွေက မိုးရွာထဲမှာကန်ခဲ့တဲ့အတွက် ပျက်စီးနေတဲ့နေရာတွေကို အခုပွဲမှာ မတွေ့ရဘဲ ကွင်းပြင်စိမ်းစိမ်းကိုသာ တွေ့ခဲ့ရပါတယ်။

မြန်မာဘောလုံးအသင်းက အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ခြေအိတ် အ၀ါ ကို ၀တ်ဆင်ကစားပါတယ်။

ထိုင်းအသင်းကတော့ အင်္ကျီအနီ၊ ဘောင်းဘီအနီ၊ ခြေအိတ် အနက်ကို ၀တ်ဆင်ကစားခဲ့ပါတယ်။

ကြိုတင်သုံးသပ်ချက်

အခြားလူတွေက ဘယ်လိုသုံးသပ်တယ်ဆိုတာကို မပြောလိုပါဘူး။ ဒါပေမယ့် အဓိကအကျဆုံးလို့ ကျွန်တော် ယူဆတဲ့ မြန်မာအသင်းနည်းပြဖြစ်သူရဲ့ မှတ်ချက်ကိုတော့ ပြောလိုပါတယ်။ သူက မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာဟာ ထိုက်တန်တဲ့အနိုင်ဖြစ်ကြောင်း အခု ဗိုလ်လုပွဲ မှာ သက်သေပြမယ်လို့ဆိုပါတယ်။ အခုလို ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်လာတာဟာ မြန်မာအသင်း ကစားသမားအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်ကြောင်း၊ သူတို့တွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ အားလုံးကို ကျော်ဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားပါတယ်။ ထိုင်းအသင်းနဲ့ပတ်သက်လို့ ထိုင်းအသင်းဟာ အစစ အရာရာ ကောင်းမွန်သော အသင်းဖြစ်ကြောင်း၊ တစ်ဦးချင်း ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ကစားကွက်ဖော်ဆောင်မှုတို့မှာ မြန်မာအသင်းထက် သာလွန်ကောင်းမွန်ပါကြောင်း၊ သို့သော် အနိုင်ရအောင် ကြိုးစားကစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကျွန်တော့်ရဲ့ အမြင်ကတော့ ထိုင်းအသင်းဟာ မြန်မာအသင်းထက် အစစအရာရာ သာတာမှန်ပါတယ်။ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ ကစားကွက်နည်းဗျူဟာ စတာတွေမှာ မြန်မာအသင်းထက် တကယ်လည်း သာပါတယ်။ အုပ်စုပွဲကစားခဲ့စဉ်က မြန်မာက တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် တစ်ပွဲလုံးကို ဖိကစားခဲ့တာက ထိုင်းအသင်းပါ။ ပြီးတော့ သူတို့ရဲ့ ကစားကွက်ဖော်ဆောင်ကစားမှုဟာ အတော်ပဲ ချီးကျူးဖို့ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာတွေသာ ဖြစ်ပါတယ်။ အဓိကဖြစ်တဲ့ စိတ်ဓာတ်မှာ မြန်မာကို ထိုင်းတို့ ဘယ်လိုမှ မမီပါဘူး။ ဘယ်လို မမီတာလဲလို့ မေးရင် အဖြေရခက်ပါတယ်။ ကစားခဲ့တဲ့ပွဲတွေမှာ ကစားခဲ့တဲ့ပုံစံတွေ၊ ပြုမူမှုတွေ၊ ပြိုင်ပွဲအပေါ် အလေးထားမှုတွေကို သုံးသပ်ပြီးပြောရတာဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာအသင်းရဲ့စိတ်ထဲမှာ ကစားနေတဲ့ပွဲကို နိုင်ရမယ်ဆိုတဲ့စိတ်သာ ရှိပါတယ်။ သူတို့တွေ ဒီချန်ပီယံဆုကို ရကို ရရမယ်ဆိုတဲ့စိတ်ကို မဏ္ဍိုင်ပြုပြီး ပြိုင်ပွဲတစ်ခုလုံးကို ကစားသွားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ ချန်ပီယံဆုဖလား ဖြစ်ပါတယ်။ ကြားထဲမှာ ရှိသမျှအရာတွေကို သူတို့ အစွမ်းကုန်ကျော်ဖြတ်မယ်ဆိုတဲ့စိတ်ဟာ သူတို့ကို ကြည့်ရင် သိသာပါတယ်။ ဒီပွဲမတိုင်မီမှာ ကျွန်တော်တို့အားလုံး သုံးသပ်တာကတော့ မြန်မာအသင်း မလွယ်ဘူးဆိုတာ ပါပဲ။ ဒါဟာ တကယ်ကို ကျွန်တော်တို့ မညာတမ်း သုံးသပ်ကြတာပါ။ ကျွန်တော်တို့ မြန်မာကို နိုင်စေချင်ပေမယ့် သေချာပေါက် နိုင်မယ်လို့ ကျွန်တော်တို့ မပြောရဲပါဘူး။ တို့မြန်မာတော့ မလွယ်ဘူး၊ ထိုင်းက ကောင်းတယ်ဟ ဆိုတာဟာ ကျွန်တော်တို့တွေ ဘောလုံးပွဲမစမီ ခဏခဏ ရွတ်ခဲ့ရတဲ့ စကားတွေပါ။

ပြိုင်ဖက်နှစ်သင်းအကြောင်း တစေ့တစောင်း

မြန်မာအသင်းဟာ အုပ်စုတွင်းမှာ သုံးပွဲကစား သုံးပွဲနိုင် ကိုးမှတ်နဲ့ အုပ်စုပထမ၊ အကြိုဗိုလ်လုပွဲမှာ မလေးရှား အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီးတက်လာခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲအထိ ကစားခဲ့ရာမှာ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိ၊ သွင်းဂိုး ၁၅ ဂိုး နဲ့ ထိုက်ထိုက်တန်တန် တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းဟာ အုပ်စုတွင်းမှာ သုံးပွဲကစား၊ နှစ်ပွဲနိုင် တစ်ပွဲရှုံး (မြန်မာ) ခြောက်မှတ်နဲ့ အုပ်စု ဒုတိယ၊ အကြိုဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး တက်လာခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲအထိ ကစားခဲ့ရာမှာ သွင်းဂိုး ၂၄ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိုင်းအမျိုးသမီးဘောလုံးအသင်းဟာ အဆင့် ၄၂ ဖြစ်ပြီး

မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၄၅ ဖြစ်ပါတယ်။

ပွဲစတင်ပြီ

ပွဲစတာနဲ့ မြန်မာအသင်းက တိုက်စစ်ဆင် ဖိကစားပါတယ်။ မြန်မာ့ဟေ့ မြန်မာ ဆိုတဲ့ အော်သံတွေကလည်း သုဝဏ္ဏကွင်းတစ်ခုလုံးကို ဖုံးလွှမ်းထားပါတယ်။ ထိုင်းအသင်းဟာ ပွဲစစချင်းမှာ မြန်မာအသင်းရဲ့ တရစပ် ထိုးဖောက်မှုကို ခံလိုက်ရတဲ့အတွက် ကစားကွက်တည်မရဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၅ မိနစ်လောက် ကြာတဲ့အချိန်မှာ ထိုင်းကစားသမားတွေက ကစားကွက်စီးမိသွားပါတယ်။ မြန်မာအသင်းဖက်ကို အကြိမ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာကို မြန်မာအသင်း ဂိုးသမားနဲ့ နောက်တန်းလူတွေ ဖျက်ထုတ်နိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ထောင့်ကန်ဘောတွေ အများကြီး ပေးခဲ့ရပါတယ်။ ထိုင်းရှေ့တန်းရဲ့ အပိုင်ကန်သွင်းချက် မြန်မာဂိုးသမား မေခင်ယမင်း ကာကွယ်နိုင်ခဲ့တာတွေ၊ ထိုင်းအလယ်တန်းကစားသမား မြန်မာကွင်းလယ်ကနေ လှမ်းကန်တဲ့ဘောလုံး ဂိုးဘားတန်းကို ထိပြီး ပြန်ထွက်သွားခဲ့တာတွေ၊ ထောင့်ကန်ဘော ကနေတစ်ဆင့် ဂိုးထဲကို ၀င်လာတဲ့ဘောလုံး မြန်မာနောက်တန်းကစားသမား ဂိုးစည်းရှေ့ကနေ ဖျက်ထုတ်နိုင်ခဲ့ တာတွေကြောင့်သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ခံစစ်ကိုပဲ အားပြုကစားနေခဲ့ရပြီး တန်ပြန်တိုက်စစ်အသွင်နဲ့သာ ကစားခဲ့ရပါတယ်။ ရှေ့တန်း တိုက်စစ်မှူးဖြစ်တဲ့ ဇင်မာဝမ်းဟာ ထိုင်းနောက်တန်းရဲ့ လူကျွံဘောထောင်ချောက်မှာ မကြာခဏမိနေတဲ့ အတွက် ဂိုးရမယ့်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာတို့ရဲ့ ဘယ်တောင်ပံက အမျိုးသမီး “ဂစ်” ဖြစ်တဲ့ အေးနန္ဒာလှိုင် ကိုလည်း ထိုင်းအသင်းခေါင်းဆောင် (နံပါတ် ၁၆) က လူကပ်ကစားခဲ့တဲ့အတွက် ဖြတ်တင်ဘော တွေ မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ထိုင်းအသင်းခေါင်းဆောင်ဟာ တစ်ပွဲကို တစ်နေရာဆိုသလို လိုအပ်တဲ့နေရာ တွေမှာ ကစားပေးနိုင်တဲ့ ဂျိုကာ ကစားသမား ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်သလို၊ အရပ်အမောင်းလည်း မြင့်မားပါတယ်။ ဘောလုံးကစားကွက်ကိုလည်း အတော်ကို မြင်ပါတယ်။ အတော်ကို ပါးရည်နပ်ရည်ရှိတဲ့ ကစားသမားဖြစ်ပါတယ်။ မြန်မာနည်းပြဟာ လူကောင်လည်းညှပ်၊ ဒီနေ့မှာ ခြေလည်းမပေါ်တဲ့ ဇင်မာဝမ်း ကို ထုတ်လိုက်ပါတယ်။ အုပ်စုပွဲတုန်းက ထိုင်းအသင်းဖက်ကို လှလှပပ ဂိုးသွင်းခဲ့တဲ့ မာဂရက် မာရီ ကို ထည့်လိုက်ပါတယ်။ မာဂရက် ၀င်လာတဲ့အချိန်မှာ တိုက်စစ်ဟာ သိသိသာသာပဲ ထက်မြက်လာတာကို တွေ့ရပါတယ်။ မိုင်နီလာထွေးနဲ့ မာဂရက် အတွဲဟာ ထိုင်းနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး ၁၀ မိနစ်ကိုတော့ မြန်မာတွေက အပိုင်ယူလိုက်ပါတယ်။ ထိုင်းအသင်းဟာ မြန်မာအသင်းရဲ့ တိုက်စစ်ကို အလူးအလဲ ခံခဲ့ရပါတယ်။ မြန်မာအသင်း ကစားသမားတွေ ဂိုးရလိုစိတ်ကြီးနေမှုကြောင့်သာ ထိုင်းတို့ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ မြန်မာအသင်းဟာ ပထမပိုင်းတုန်းက ကစားခဲ့တဲ့ မြန်မာအသင်းမှ ဟုတ်ပါလေစလို့ မေးရလောက်အောင်ကို ထူးခြားကောင်းမွန်ခဲ့ပါတယ်။ မန်ယူအသင်းသားတွေ မြန်မာဝတ်စုံဝတ်ပြီး ၀င်ကန်နေသလားလို့ ထင်မှတ်ရလောက်အောင်ကို ကစားကွက်ရော၊ တိုက်စစ်ဆင်ပုံပါ ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယပိုင်း တစ်ခုလုံးနီးပါးကို ထိုင်းအသင်းဖက်ခြမ်း တစ်ခုတည်းမှာပဲ ကစားခဲ့ပါတယ်။ ပွဲဟာ ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။ ထိုင်းအသင်းဟာ ခံစစ်ဖြစ်သွားပြီး မြန်မာအသင်းရဲ့ တိုက်စစ်ကို တောက်လျောက် ဟန့်တား ပိတ်ဆို့ ကစားခဲ့ရပါတယ်။ တစ်ခါတစ်ခါမှသာ တန်ပြန်တိုက်စစ်နဲ့ မြန်မာဖက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ မြန်မာနည်းပြရဲ့ ကစားကွက်နည်းဗျူဟာ ပြောင်းလဲမှုဟာ မှန်ကန်ခဲ့ပါတယ်။ ထိုင်းတို့အနေနဲ့ မြန်မာအသင်းကို ဘယ်လိုမှကို မယှဉ်နိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ တစ်ချက်ထိ အပေးအယူကစားကွက်တွေ၊ အစွမ်းပြ လှည့်စား မှုတွေကို အလူးအလဲ ခံခဲ့ရပါတယ်။ ထိုင်းနောက်တန်းကစားသမား နှစ်ယောက် ကောင်းလွန်းလို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပြီးခါနီးမှာ သေချာပေါက် ဂိုးရမယ့်အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတာ ကတော့ မြန်မာအသင်းအတွက် အလွန်ပဲ နစ်နာလှပါတယ်။ ဘာပဲပြောပြော ဒုတိယပိုင်း မြန်မာအသင်း ကစားခဲ့ပုံဟာ ပြိုင်ပွဲတစ်လျောက် ကစားခဲ့ရာမှာ အကောင်းဆုံး ပုံစံ ဖြစ်ခဲ့ပါတယ်။ ရှေ့၊ လယ်၊ နောက်၊ ဂိုးသမား ဘာမှ ပြောစရာမရှိအောင်ကို ကောင်းမွန်ခဲ့ပါတယ်။ အတော်ကို ကြည့်လို့ကောင်းပါတယ်။

အချိန်ပိုပထမပိုင်းကစားတော့ မြန်မာအသင်းကပဲ တောက်လျောက် ဖိကစားထားပါတယ်။ လူကပ်ကစားခံနေရတဲ့ အေးနန္ဒာလှိုင် ဟာ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ အဲဒီရတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်ပဲ အသုံးချခဲ့ပါတယ်။ ဘယ်တောင်ပံကနေ အေးနန္ဒာလှိုင် အနေတော် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ ထိုင်းနောက်ခံလူနှစ်ဦးကို ကျော်ပြီး မြန်မာရှေ့တန်းလူရဲ့ ရှေ့အပေါ်နားကို တိတိကျကျကို ကျပါတယ်။ ရှေ့တန်းကစားသမားကလည်း အသေအချာကို ခေါင်းတိုက်သွင်းရာမှာ ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ကို ၀င်ပြီး ဂိုးစတင် ရရှိခဲ့ပါတယ်။ ပရိသတ် တွေရဲ့ “ဂိုး” ဆိုတဲ့အသံဟာ သိကြားမင်းရဲ့ နန်းဆောင်အထိတောင် ရောက်လောက်အောင်ကို ကျယ်လွန်းလှပါတယ်။ ၀မ်းသာအားရ အော်ဟစ်အောင်ပွဲခံနေကြတဲ့ မြန်မာပရိသတ်ဟာ ဘယ်လိုမှကို ထိန်းလို့ မနိုင်တော့ပါဘူး။ မြန်မာဟေ့ ဆိုတဲ့ အသံတွေ တစ်ကွင်းလုံး လွှမ်းသွားတာပါပဲ။

ဒီအချိန်မှာ နည်းပြဟာ အမှားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တရစပ် ဖိကစားပြီး တိုက်စစ်ဆင်နေတဲ့ မြန်မာအသင်းကို ခံစစ်ဦးစားပေးကစားပြီး ရတဲ့ တစ်ဂိုးကို ထိန်းကစားစေခြင်းပါပဲ။ ကစားကွက်ဟာ ချက်ချင်းကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ထိုင်းအသင်းဟာ သူ့နောက်တန်းကို ခြိမ်းခြောက်မယ့် ပြဿနာ မရှိတော့တဲ့အတွက် ရှေ့တန်းကို အတင်းကို တက်ဖိပါတယ်။ ဘောလုံးတွေ ဖြတ်တင်ပါတယ်။ ဂိုးပေါက်ကို ကန်သွင်းပါတယ်။ မြန်မာအသင်းဟာ တန်ပြန်တိုက်စစ်တောင် မကစားနိုင်တော့ဘဲ ခံစစ်အသွင်လုံးလုံး ကစားခဲ့ရပါတယ်။ အဲဒီအတွက် ရလဒ်ကတော့ အနည်းငယ် အဖိုးများလှပါတယ်။ ချေပဂိုးတစ်ဂိုး ပြန်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ နောက်တန်းလူတွေ ဖျက်ထုတ်တာ မသေချာတဲ့အတွက် ပြန်ကျလာတဲ့ဘောလုံးကို ထိုင်းကစားသမားက အပိုင်ကန်သွင်းသွားတာ ဖြစ်ပါတယ်။ အဲဒီဂိုးဝင်ပြီးလို့ ကွင်းလယ်မှာ တည်တဲ့အချိန်မှာပဲ ပထမပိုင်း ၁၅ မိနစ် ပြီးဆုံးသွားပါတယ်။ အချိန်ပို ဒုတိယပိုင်းကိုတော့ နှစ်ဖက်စလုံးက ထိန်းပြီး ကစားသွားခဲ့ပါတယ်။ အဲဒီအတွက် မြန်မာအသင်းနဲ့ ထိုင်း အသင်းတို့ တစ်ဂိုးစီ သရေပွဲ ဖြစ်ခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာဖြစ်ပါတယ်။

ထိုင်းအသင်းက စတင်ကာကွယ်ရမှာဖြစ်ပြီး မြန်မာတို့က စတင်ကန်သွင်းရမှာဖြစ်ပါတယ်။ မြန်မာနောက်တန်းက ဘယ်သန်ကြီး မိုးမိုးဝါ အဖွင့်ကန်မှာ ဖြစ်ပါတယ်။ ဘောလုံးကို စိတ်ကြိုက်သေချာတည်ပါတယ်။ ပြီးနောက် ဂိုးသမားရဲ့ ညာဖက်ထောင့်ကို အသာအယာပဲ ကန်သွင်းလိုက်ပါတယ်။ ဂိုး ပါတယ်ခင်ဗျာ…။

ထိုင်းအသင်းက တိုက်စစ်မှူးတစ်ဦး ဘောလုံးကိုတည်ပါတယ်။ မြန်မာဂိုးသမားရဲ့ ညာဖက်ထောင့်ကို အသာ အယာပဲ ကန်သွင်းပါတယ်။ ဂိုး ပါတယ် ခင်ဗျာ။

မြန်မာအသင်းမှ ခင်မာလာထွန်း ကန်သွင်းပါတယ်။ ထိုင်းဂိုးသမားရဲ့ ညာဖက်ထောင့်ကိုပဲ ကန်သွင်းပါတယ်။ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဂိုးပါတယ်။

ထိုင်းအသင်းမှ နံပါတ် ၁၄ ကန်ပါတယ်။ အတော်ကို အံ့သြဖို့ကောင်းပါတယ်။ ယုံနိုင်လောက်စရာ လုံးဝကို မရှိပါ။ အဆိုပါ ဘောလုံးသမားသည် ဘောလုံးကို မြေလှိမ့်ဘော အားပျော့ပျော့ဖြင့် ဂိုးသမားဆီသို့ တည့်တည့်မတ်မတ် ကန်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာဂိုးသမား မေခင်ယမင်း အသာအယာပဲ အမိဖမ်းသွားနိုင်ခဲ့ပါသည်။ ( ဟေး …. ဟူသော သြဘာသံကြီးသည် လက်ခုပ်သံများနှင့်အတူ တစ်ကွင်းလုံး ဆူညံသွားပါတော့သည် )

မြန်မာအသင်းမှ ပွဲစဉ်တစ်လျောက်လုံး အစွမ်းပြခဲ့သော ကွင်းလယ်ဗိုလ်ချုပ် သန်းသန်းထွေး ကန်ရပါသည်။ ဘောလုံးကို စိတ်ကြိုက်တည်ပါသည်။ ထို့နောက် ဂိုးသမား၏ ညာဖက်ထောင့်သို့ပဲ အမှားအယွင်းမရှိ ကန်သွင်းပါသည်။ ထိုင်းဂိုးသမား မည်သို့မျှ မတတ်နိုင်ပါ။

ထိုင်းအသင်းမှ အသင်းခေါင်းဆောင် ကန်သွင်းရမည့်အလှည့်ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ဂိုးဟုသာ သတ်မှတ်ထားကြပါသည်။ ထိုင်းအသင်း၏ အားအထားရဆုံး ကစားသမားဖြစ်သောကြောင့်တစ်ကြောင်း၊ သူမ ကစားပုံကို မျက်မြင် တွေ့မြင်ခဲ့ကြ၍လည်းကောင်း ဖြစ်ပါသည်။ သူမသည် ဘောလုံးကို အသေအချာ တည်ပါသည်။ သို့သော် အမှတ်မထင် တွေ့လိုက်ရသည်က ဂိုးမ၀င်မည်ကို စိုးရွံ့နေသော သူမ၏ စိုးရိမ်စိတ်ကို မျက်နှာတွင် အသေအချာမြင်ရခြင်းဖြစ်ပါသည်။ အဆိုပါ ဖိအားများနှင့် ကန်သွင်းပါသည်။ မြန်မာဂိုးသမား၏ ဘယ်ဖက်အပေါ်ထောင့်သို့ ထောင်တက်သွားပါသည်။ ပရိသတ်အားလုံး အပျော်နှင့်အတူ ဟေးခနဲ ထခုန်ကြပါသည်။

မြန်မာအသင်းက စတုတ္ထမြောက် ပင်နယ်တီကို ကန်သွင်းရမည့်အလှည့်ဖြစ်ပါသည်။ အကယ်၍ မြန်မာအသင်းက ၀င်အောင် ကန်သွင်းနိုင်ခဲ့ပါက ထိုင်းအသင်းအနေဖြင့် ဆက်လက်ကန်သွင်းစရာ မလိုတော့ဘဲ မြန်မာအသင်းက အနိုင်ရ ဗိုလ်စွဲမှာ ဖြစ်ပါသည်။ မြန်မာအသင်းမှ ကန်သွင်းမည့်သူမှာ စန်းစန်းသိန်း ဖြစ်ပါသည်။ သူမအပေါ်တွင် အခြေအနေအားလုံး တည်မှီနေကြောင်းကို သူမသိပါသည်။ သူမသွင်းမည့်တစ်ဂိုးသည် ချန်ပီယံဆု၏ နောက်ဆုံး အဓိက ခြေလှမ်းဖြစ်ပါသည်။ သူမ၏ ရင်ထဲတွင် မည်သို့ ခံစားနေရမည်ကို တွေးကြည့်နိုင်ပါသည်။ ကျွန်တော်တို့ မှာ ကြည့်ရင်းနှင့် အတော်ပင် ရင်ခုန်ရပါသည်။ ရင်ထိတ်ရပါသည်။ တစ်ခါတည်း ဂိုးဝင်ပြီး ပြီးသွားစေချင်ပါသည်။ သူမသည် ဘောလုံးကို အသေအချာ တည်ပါသည်။ မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ သူမမျက်နှာတွင် မတွေ့ရပါ။ အတော်ကို ချီးကျူးမိပါသည်။ ထို့နောက် ရှေ့ကကန်သွင်းခဲ့သော မြန်မာကစားသမားအားလုံး၏ ထုံးစံအတိုင်း ထိုင်းဂိုးသမား၏ ညာဖက်ထောင့် ဆယ်ပြားစေ့ထောင့်ကျဉ်းထဲသို့ ဘောလုံးကို အမှားအယွင်းမရှိ သေသပ်လှပစွာ ကန်သွင်းယူပါသည်။ ဂိုးပါသည် ခင်ဗျာ။ မြန်မာ ချန်ပီယံအသင်း ဖြစ်သွားပြီ ဖြစ်ပါသည်။

ချန်ပီယံမြန်မာ

သုဝဏ္ဏကွင်းအတွင်းတွင် အဆင်သင့်ပြင်ဆင်ထားသော မြန်မာနိုင်ပြီသီချင်းကို ဓာတ်စက်ဖြင့် ဖွင့်လှစ် ပေးပါသည်။ တစ်ကွင်းလုံး မြန်မာနိုင်ငံအလံများဖြင့် ရဲရဲနီသွားပါသည်။ မြန်မာနိုင်ပြီ ဆိုသော စာတမ်းများ၊ Champion အစဉ်အလာ ဒို့မြန်မာ ဟူသော ဆိုင်းဘုတ်များ၊ အာစီယံဖလားပုံစံ နှင့် ချန်ပီယံဆိုသော လက်ကိုင် စာရွက်များ၊ မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ ဆိုသော စာတမ်းများ တစ်ကွင်းလုံးအနှံ့ ဖွေးဖွေးလှုပ်အောင် မြင်တွေ့ရပါသည်။ ကမ္ဘာမကြေသီချင်းကို သံပြိုင်ဝိုင်း၍ သီဆိုလိုက်ချိန်တွင် တစ်ကွင်းလုံး ညီညီညာညာဖြင့် အားကြိုးမာန်တက် သီဆိုကြရာ ကြက်သီးမွေးညင်းများထ၍ ၀မ်းသာမျက်ရည်များပင် ၀ဲမိပါသည်။ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်ပွဲငတ်နေသော မြန်မာပရိသတ်များ၏ အလိုဆန္ဒ ပြည့်ဝသွားခဲ့ရပါသည်။ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး၊ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ အားပေးချင်နေသော မြန်မာတို့အတွက် ဘာနဲ့မှ လဲလို့မရသော အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့ပါသည်။ မြန်မာအမျိုးသမီးဘောလုံးသမားများ တာဝန်ကျေပွန်ခဲ့ပါသည်။

အောင်ပွဲရ မြန်မာအသင်းသည် နိုင်ငံတော်အလံများ ကိုင်ဆောင်ဝှေ့ယမ်း၍ ဘောလုံးကွင်းကို တစ်ပတ်ပြီး တစ်ပတ် လှည့်လည်ပြေးလွှားကာ အောင်ပွဲခံကြပါသည်။ ပရိသတ်များကို ဦးညွတ် ဂုဏ်ပြုကြပါသည်။ မှန်ပါသည်။ ယနေ့ပွဲတွင် မြန်မာအသင်းက ၁၂ ယောက်ဖြင့် ကစားခဲ့ရပါသည်။ ကစားသမား ၁၁ ယောက်နှင့် အတူ အရာအားလုံးကိုဖြစ်စေသော ပရိသတ် ကစားသမား တစ်ယောက်ပါ အပိုရခဲ့ပါသည်။ တစ်ပွဲလုံးကို အစမှ အဆုံးတိုင် မနားမနေ အော်ဟစ်အားပေးခဲ့ကြသော မြန်မာပရိသတ်များသည် ကစားသမားများအတွက် အားဆေးများ၊ ဗီတာမင်များ၊ လန်းဆန်းများ၊ တွန်းအားများ ဖြစ်ခဲ့ရပါသည်။ သူတို့တွေအားပေးမှုဖြင့် မြန်မာအသင်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ စင်ပေါ်မှ ပရိသတ်က ကစားသမားများကို နှုတ်ဆက် အားပေး၊ ကွင်းအတွင်းမှ ဘောလုံးသမားများကို ပရိသတ်ကို ဦးညွတ်နှုတ်ဆက်ဖြင့် အပေးအယူမျှမျှတတ ညီညွတ်နေကြသည်ကို မြင်ရသည်မှာ များစွာပင် ဂုဏ်ယူစရာ၊ ၀မ်းမြောက်စရာ၊ ကြည်နူးစရာ မြင်ကွင်းပင် ဖြစ်ပါသည်။ ကစားသမားများရော၊ ပရိသတ်များတွင်ပါ ဖြစ်ပေါ်နေသော အပျော်မှာ ရုပ်မြင်သံကြားမှတဆင့် တစ်ပြည်လုံးတွင် ကြည့်ရှုနေသော ပရိသတ်အားလုံးသို့ ကူးစက်ခံစားမိစေပါသည်။

ကျောက်ထုသမားသည် ကျောက်တုံးအကြီးကြီးကို တူတစ်လက်ဖြင့် ထုခွဲနေပါသည်။ တစ်ချက်မှသည် နှစ်ချက်၊ နှစ်ချက်မှသည် အချက်တစ်ရာ။ အချက်တစ်ရာမှသည် အချက် တစ်ထောင်၊ ထိုမှသည် အချက်ပေါင်း မြောက်မြားစွာ မရေမတွက်နိုင်အောင် ထုရပါသည်။ နောက်ဆုံးတွင် ကြီးမားလှပါသည်ဆိုသော ကျောက်တုံးကြီးသည် ကျောက်ထုသမား၏ လက်ချက်ဖြင့် ကွဲကြေရပါတော့သည်။ ထိုသို့ကွဲကြေစေသည့် နောက်ဆုံးအချက်သည် အဓိကမဟုတ်ပါ။ ထိုနောက်ဆုံးတစ်ချက်ကြောင့် ကျောက်တုံးကြီး ကွဲကြေခဲ့ခြင်း မဟုတ်ပါ။ ရှေ့တွင် အားထုတ်ကြိုးပမ်းခဲ့သည့် အချက်ပေါင်းမရေမတွက်နိုင်သည့် အရာများက ကွဲကြေရန်အတွက် အရင်းအနှီးများ ဖြစ်ပါသည်။

မြန်မာအသင်း ဗိုလ်စွဲခဲ့ပြီ ဖြစ်ပါသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို အနိုင်ရရှိခဲ့ရုံတစ်ခုတည်းဖြင့် ချန်ပီယံ ဖြစ်ခဲ့ခြင်း မဟုတ်ပါ။ ရှေ့တွင် အားစိုက်ခဲ့ရသော ထုချက်များစွာ ရှိနေခဲ့ပါသည်။ ထုချက်တိုင်းကို မခိုမကပ်ဘဲ ၀ါယမစိုက်ကာ အားထုတ်ကြိုးပမ်းခဲ့သောကြောင့်သာ နောက်ဆုံးတွင် လိုချင်သော ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုရလဒ်သည် မြန်မာအသင်းနှင့် ထိုက်တန်သော ရလဒ်ဖြစ်ပါသည်။ မြန်မာအသင်းအတွက် ထိုက်တန်သည့် တစ်ခုတည်းသော ရလဒ်ဖြစ်ပါသည်။ ပြိုင်ပွဲတိုင်းကို နိုင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ ကစားခဲ့သော၊ မြန်မာ့စိတ်ဓာတ်ဖြင့် အနိုင်မခံ၊ အရှုံးမပေး ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအမျိုးသမီးအသင်း၏ ကစားပုံများကို ကျွန်တော်တို့ အမှတ်ထင်ထင် ရှိနေဦးမည်မှာ သေချာလှပါသည်။

သင်သည် မြန်မာတစ်ဦးဖြစ်သည် မဟုတ်ပါလော…

ရဲရဲဝံ့ဝံ့ အော်ဟစ်လိုက်စမ်းပါ….

သို့မဟုတ် နှုတ်ဝယ်တိုးတိုး ရွတ်ဆိုကြည့်လိုက်စမ်းပါ….

မြန်မာနိုင်ပြီ….

တို့မြန်မာနိုင်ပြီ…. ဟု

မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် လှည့်ပတ်နေသော သင်၏သွေးများတွင် ကြက်သီးမွေးညင်းများ ထလာပါလိမ့်မည်။ မြန်မာကွဟူသော စိတ်ဖြင့် အသည်းထဲအထိ ဂုဏ်ယူစိတ်များ စိမ့်ဝင်လာပါလိမ့်မည်။ ကဲ … ကျွန်တော်ကတော့ ကြွေးကြော်လိုက်ပါသည်….

မြန်မာနိုင်ပြီ…

တို့မြန်မာ နိုင်ပြီ……

တို့မြန်မာ နိုင်ပြီ……..

(AFF Women’s Championship 2007 ချန်ပီယံ မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဤစာဖြင့် ဂုဏ်ပြုအပ်ပါသည်)

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ မြန်မာ-ထိုင်း ဗိုလ်လုပွဲအပြီးတွင် ရေးဖွဲ့ပါသည်။

2 comments:

  1. အစ်ကို သူများတွေတော့ မသိဘူးဗျာ... ကျွန်တော်တော့ တကယ်ကို မျက်ရည်ဝဲမိပါတယ်။ အရေးအသားကောင်းလို့ လား မသိဘူး။ ဘောလုံကွင်းကြီးကို မြင်နေရတယ်။ တကယ် ၀မ်းသာပီတိဖြစ်မိတယ်။ မြန်မာဆိုတာ ဒါပဲပေါ့ဗျာ...

    ReplyDelete
  2. အစ်ကို ...တကယ်ပဲ ၀မ်းသာမိတယ်ဗျာ... သူများတွေ တော့ မသိဘူး။ ကျွန်တော်တော့ တကယ်မျက်ရည်ဝဲ မိပါတယ်။ အစ်ကို့စာဖတ်ရင်းနဲ့ ဘောလုံးကွင်းကြီါ်ကို မြင်နေရတယ်။ ကစားနေတဲ့ ပုံရိပ်တွေကို မြင်နေရတယ်။ မ်ြန်မာဆိုတာ ဒီလိုပါလားဆိုတာ သက်သေပြနိုင်ခဲ့တာပေါ့။

    ReplyDelete

 
Web Statistics