Tuesday, May 13, 2008

နာဂစ်မုန်တိုင်း၏ဂယက်


မုန်တိုင်း၏ ဂယက် (သို့မဟုတ်) အသက်ဘေးမှ လွတ်မြောက်လာသူများ၏ အသံများ

ကျွန်တော်က လပွတ္တာမြို့နယ်ထဲမှာ မုန်တိုင်းအပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ ပြင်စလူကျေးရွာကပါ။ မုန်တိုင်းလာပြီး ရေက ပေ ၂၀ နဲ့ အထက် တက်လာပါတယ်။ အိမ်တွေလည်ပြိုပျက်ပြီး ရေထဲပါသွားတယ်။ ကျွန်တော်လည်း သမီးနှစ်ယောက်ကိုချီပြီး ရေကူးခဲ့ရတယ်။ အဲဒီမှာ လှိုင်းကပြင်းတော့ သမီးနှစ်ယောက်မှာ တစ်ယောက်သေသွားတယ်။ အဲဒါနဲ့ အဲဒီတစ်ယောက်ကို ရေထဲမှာပဲ လက်လွှတ်ခဲ့ရတယ်။ နောက်တစ်ယောက်ကို ချီပြီး ရေထဲမှာ အကြာကြီးမျောနေတယ်။ သစ်ပင်တစ်ပင်ကိုတွေ့လို့ လှမ်းပြီး ဆွဲထားလိုက်တယ်။ မုန်တိုင်းငြိမ်လို့ လက်ထဲကျန်တဲ့ ကလေးကိုကြည့်တော့ သေဆုံးနေပြန်တယ်။ မိန်းမနဲ့ မိဘတွေက အစကတည်းက မျောသွားတာ တွေ့လိုက်တယ်။ အခုတော့ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်တော့တယ်။ ကျန်တဲ့လူတွေလည်း ဒီလိုပါပဲ။ ရွာနဲ့အဝေးကြီးကို လွင့်သွားတယ်။ အဲဒီကတစ်ဆင့် လပွတ္တာကို လမ်းလျှောက်လာတာပါ။ လမ်းမှာ စက်လှေကြုံနဲ့ တွေ့ပြီး ဆက်လိုက်လာတာပါ။ ရွာတွေအားလုံးနီးပါး ရေလွှမ်းခံရလို့ သောက်စရာရေ မရှိတော့ပါဘူး။ စားစရာလည်းမရှိဘူး။ အဲဒီအတွက် အုန်းရည်သောက်တယ်။ အုန်းထိပ်ဖူးအနုလေးတွေကိုစားပြီး အားတင်းနေခဲ့ရသေးတယ်။ ကျန်တဲ့သူတွေလည်း အုန်းရည်သောက်ပြီး အသက်ဆက်ခဲ့ရတယ် ဟု လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲမှ မုန်တိုင်းဒဏ်မှ လွတ်မြောက်ခဲ့သူတစ်ဦးက ဆိုသည်။

ကျွန်မက သင်္ဃန်းကြီးကျေးရွာက ကျောင်းဆရာမတစ်ဦးပါ။ ရွာကတော်တော်များများကို သေဆုံးခဲ့ကြရပါတယ်။ အနီးအနားရွာလေးတွေကတော့ ပျောက်ထွက်သွားတယ်။ ကျွန်မတို့လည်း ဘုန်းကြီးကျောင်း ခေါင်မိုးပေါ် တက်နေရတယ်။ ခေါင်းပေါ်ကနေ သွပ်တွေ၊ သစ်သားချောင်းတွေ ကျော်ထွက်နေတယ်။ လေထဲမှာပါလာတဲ့ ၀ါးလုံးတွေလည်း လူကိုလာရိုက်တယ်။ အားတင်းပြီး ကိုင်ထားရတယ်။ လှိုင်းကလည်း လာရိုက်တယ်။ မခံနိုင်တဲ့သူဆို လွတ်ထွက်သွားပြီး မုန်တိုင်းထဲ ပါသွားပြန်တယ်။ တစ်ညလုံး မုန်တိုင်းဒဏ်ကို ခံလိုက်ရတယ်။ ကျွန်မတို့ရွာက ပင်လယ်နဲ့ နီးနီးလေး ပဲလေ။ နောက်နေ့ကျတော့လည်း ရွာမှာသောက်စရာ ရေမရှိ၊ စားစရာလည်းမရှိလို့ အုန်းရည်ပဲ သောက်နေရတယ်။ အဲဒီကနေတစ်ဆင့် ဒီကို ကုန်းကြောင်းလျှောက်လာတာ။ လမ်းမှာဆိုရင် သေဆုံးနေသူတွေ အများကြီးတွေ့ခဲ့ရတယ်။ ကျွန်မတို့ရွာမှာလည်း လေးပုံသုံးပုံလောက် သေမယ်လို့ ခန့်မှန်းရတယ်။ ကျွဲတွေလည်းသေတာ မနည်းဘူး။ ကျွန်မတို့နားက ရွေးရွာဆိုရင် ငါးယောက်လောက်ပဲ အသက်ရှင်တာ တွေ့ရတယ် ဟု လပွတ္တာမြို့နယ် သင်္ဃန်းကြီးကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ကျွန်တော်က ရေဝေရွာကပါ။ မေလ ၂ ရက်နေ့ နေ့လည် ၂ နာရီ မုန်တိုင်းစ၀င်တယ်။ မမှောင်ခင်မှာ ကျွန်တော်တို့ရွာပျောက်သွားတယ်။ အားလုံးရေထဲ မျောပါသွားတယ်။ မိုးရေတွေကလည်း ငန်တယ်။ အသားတွေကို ထိရင် အရေပြားလန်ထွက်တယ်။ ကျွန်တော့်ကျောပြင်တစ်ခုလုံး အရေပြားတွေ လန်နေတယ်။ မိုးဒဏ်ကိုလည်းခံရ၊ လေဒဏ်ကလည်းပြင်း၊ လှိုင်းကလည်း အမြင့်ကြီးတွေလာတယ်။ ရေထဲမှာပဲ မျောနေတယ်။ ရေထဲမှာ သစ်ပင်တွေနဲ့ ဆောင့်မိသေးတယ်။ ကျွန်တော်သတိရတော့ ခြုံကြီးပေါ် တင်နေတာ တွေ့ရတယ်။ မုန်တိုင်းစတုန်းက မိသားစုကို လှေပေါ်တင်ထားတာ လှိုင်းက လှေကို အုပ်သွားတာ တွေ့လိုက်ရတယ်။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်ဗျာ။ တစ်ရွာလုံး၊ တစ်နယ်လုံး ဒီလိုပါပဲ။ မိသားစုလိုက်လွတ်မြောက်တာ မရှိသလောက်ပါပဲ။ ကျွန်တော်လည်း ရေနဲ့မျောသွားတာ ရေဝေရွာကနေ မျောတာ သံကြိုးဝိုင်းရွာရောက်တဲ့အထိပါပဲ။ ကျွန်တော့်အစ်ကိုနှစ်ယောက်ကတော့ ဆုံးပြီ ဟု ရေဝေကျေးရွာမှ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးက ပြောပြခဲ့ပါသည်။

ကျွန်တော်တို့က ပြာမလော့မြစ်ကမ်းဘေးက ကနုကမာရွာကပါ။ လွှစာအုပ်စုထဲမှာ ပါတယ်။ မုန်တိုင်းက ၂ နာရီမှာ စ၀င်တယ်။ မုန်တိုင်းတိုက်ပြီး နှစ်နာရီ၊ သုံးနာရီပဲကြာတယ်။ တစ်ရွာလုံး အိမ်တွေကုန်သွားတယ်။ လှိုင်းက ပေ ၂၀ အထက်မှာ ရှိနေတယ်။ ကြေညာထားတာက ၁၂ ပေပဲ တက်မယ်တဲ့။ သေတဲ့အထဲမှာ ကလေးနဲ့ မိန်းမတွေက အများဆုံးပဲ။ ယောက်ျားတွေပဲ ရှင်တာများတယ်။ တစ်ရွာလုံးအော်နေကြတာ ကမ္ဘာပျက်နေသလိုပဲ။ လမ်းမှာတွေ့ရတယ်။ တစ်ချို့က နှစ်ယောက်တွဲ၊ တစ်ချို့က မိသားစုလိုက် ကြိုးနဲ့ တွဲလျက်သေနေတာ တွေ့ရတယ်ဗျာ ဟု လပွတ္တာမြို့နယ် ကနုကမာရွာမှ မုန်တိုင်းဘေးဒဏ်ခံခဲ့ရသူ တစ်ဦးက ရှင်းပြခဲ့သည်။

ကျွန်တော်က မြို့ခံဆရာဝန်တစ်ဦးပါ။ လူပေါင်း သုံးလေးသောင်းလောက် ဒီလိုပဲ နေ့တိုင်း မစင်စွန့်တာက နောက်ဆက်တွဲရောဂါကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကို သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ လိုပါတယ်။ နောက် ရေထဲမှာ အလောင်းတွေကိုလည်း မရှင်းလင်းရသေးတော့ အဲဒီကတစ်ဆင့် ရောဂါဖြစ်ပွားမှာလည်း အရမ်းစိုးရိမ်ပါတယ် ဟု ဒေသခံ ဆရာဝန်တစ်ဦးက ဆိုသည်။

( ၂၀၀၈ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃)၊ အမှတ် (၃၀) မှ ပြန်လည် ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics