Sunday, June 08, 2008

နာဂစ်သို့အိတ်ဖွင့်ပေးစာ


နာဂစ်သို့ အိတ်ဖွင့်ပေးစာ
အောင်မင်း (ဒလ)

အချစ်ကြမ်းကြမ်းနဲ့ ပွေ့ဖက်လာတဲ့မင်းကြောင့်
သိမ်မွေ့နူးညံ့မှုကင်းတဲ့ မင်းရဲ့ ရင်ခွင်ရောက်ခဲ့တဲ့ တို့တစ်တွေဟာ
ဘယ်လောက်ဒုက္ခရောက်သွားတယ်ဆိုတာ ပြောပြမယ်…. နားထောင်။
အညောင်းအညာပြေဖို့ဆိုပြီး
သစ်ပင်ကြီးရဲ့ အောက်မှာ ထားလို့ထား…..။
အိမ်ခေါင်မှာတပ်ထားတဲ့ တီဗီအင်တန်နာနဲ့ ဂြိုဟ်တုစလောင်းတွေကိုလည်း
မြေအောက်ကြိုး ဖြစ်လို့ဖြစ်…..။
သူ့ဟာသူ ရပ်နေတဲ့ကုန်ဈေးနှုန်းကိုလည်း
Jumping ခုန်ခိုင်းလို့ခိုင်း…….။
မင်းရဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ကြောင့်
စားဖို့ရာ ဆန်ကလည်းမရှိ
နေဖို့အိမ်ကလည်း နတ္ထိ
သွားဖို့ခရီးစရိတ်ကလည်း မိုးထိ
ဝိသမလောဘသားတွေကတော့
ဘဲဥတစ်လုံး (၁၅၀)ကနေ (၃၀၀)ဖြစ်လို့ဖြစ်
ငါးဆယ်တန်ဖယောင်းတိုင်ကလည်း နှစ်ရာဖိုးသုံးတိုင်
အရင် တစ်ရာကျပ်တန်ခရီးလမ်းက ခုတော့ ငါးရာတဲ့
ငါးထောင်ကျပ်တန် သွပ်တစ်ချပ်ကလည်း တစ်သောင်းခွဲနှစ်သောင်း
တစ်ပိဿာသုံးထောင်ကျော်တန်ဆီကလည်း ခြောက်ထောင်
ဆန်တစ်အိတ်တစ်သောင်းကျော်ကနေ နှစ်သောင်းကျော်ပေးနေခဲ့ရ…။
ဖြစ်ချင်တိုင်းဖြစ်အောင်လုပ်ခဲ့ မင်းကြောင့်
ဒို့ဘ၀တွေ အသစ်ဖြစ်အောင် ဘယ်လောက်ကြိုးစားရမယ်ဆိုတာ
မင်းနားလည်မယ်မထင်ဘူး
ငါသာပါဝါရှိရင် မင်းကို ဒို့နိုင်ငံဝင်ခွင့်မပေးဘူး….။
ဒီဘ၀ မတတ်နိုင်ရင်တောင်…
နောက်ဘ၀အထိ ပိတ်ဆို့ရုံသာမက
ဘလာချီရစ်ခဲ့တဲ့နာဂစ်ကို
မကြည့်ချင်လောက်အောင် မုန်းနေမယ်ဆိုတာယုံ…။

(၂၀၀၈ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ် (၈၃)မှ
ပြန်လည်ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

 
Web Statistics