Wednesday, June 11, 2008

ဖေဖေပေးခဲ့မယ့်အမွေများ-၅


ကောင်းချီးမင်္ဂလာများ

ဖေဖေလူငယ်ကလေးဘ၀တုန်းက တနင်္ဂနွေ ဘာသာရေးသင်တန်းမှာ ဖေဖေရရှိခံစားနေရတဲ့ ကောင်းချီးမင်္ဂလာတွေကို နာမည်တပ်ပြီး တစ်ခုချင်း ရေတွက်ပြဖို့ ခိုင်းစေတာ ခံခဲ့ရဖူးတယ် သားတို့ရေ။ ခုတော့ ဖေဖေအသက် ၄၆ နှစ် ရှိနေပြီ။ ဖေဖေရရှိခံစားခဲ့ရတဲ့ ကောင်းချီးမင်္ဂလာတွေ များလွန်းလို့ ရေတွက်လို့တောင် မရနိုင်တော့ဘူး။ အဲဒီ ကောင်းချီးမင်္ဂလာတွေကို ခံစားနိုင်အောင် အသက်ရှင်နေထိုင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ရုံပဲ ရှိတော့တယ်။
ဖေဖေ့အမေက ဖေဖေ့ကို ပြောခဲ့ဖူးတယ်။ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာ နှစ်ခုကတော့ စားသောက်နိုင်စွမ်းရှိခြင်းနဲ့ အိပ်စက်နိုင်စွမ်းရှိခြင်းပဲ။ မင်းတို့မှာ အဲဒီစွမ်းရည်နှစ်မျိုးစလုံး ရှိတာနဲ့တစ်ပြိုင်နက် မင်းတို့ဟာ ကျန်းကျန်းမာမာနဲ့ သက်တမ်းရှည်စွာနေနိုင်ပြီး လောကီစည်းစိမ်တွေကို ခံစားရမယ်တဲ့။ ဘယ်လောက်မှန်လိုက်သလဲနော်။ လူအတော်များများဟာ အိပ်ဆေး သောက်နေကြရတယ်။ သူတို့ အိပ်မပျော်ကြဘူးလေ။ အစားအစာကောင်းကောင်း မစားနိုင်တဲ့ လူတွေလည်း အများကြီး ရှိတာပေါ့ကွယ်။
၁၉၈၂ ခုနှစ်ထဲတုန်းက လာစ်ဗေးဂတ်စ်မှာ အသက် ၇၀ လောက်ရှိတဲ့ ရည်ရည်မွန်မွန် အဘွားကြီး တစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ သူက ကွယ်လွန်သူ ရယ်ဗလွန် အလှကုန်ပစ္စည်းတွေ စတင်ထုတ်လုပ်ခဲ့သူရဲ့ ဇနီးပေါ့။ သူဟာ ခင်မင်နှစ်လိုချစ်စရာ အကောင်းဆုံးနဲ့ သဘောကောင်း မနောကောင်း အမျိုးသမီးကြီးပဲ။ သူက ဖေဖေနဲ့ တွေ့တွေ့ချင်းပဲ ဖေဖေ့ကို ပွေ့ဖက်နှုတ်ဆက်တယ်။ ပြီးတော့ ဖေဖေနဲ့ ဖေဖေ့မိတ်ဆွေတွေအားလုံး သူ့အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်တယ်။ သူ့အိမ်က မြေအောက်ပေ ၃၀ အနက်လောက်မှာ ဆောက်ထားတယ်။ တည်ဆောက်ခဲ့သူကတော့ ကွယ်လွန်သူ သူ့ခင်ပွန်းပဲပေါ့။
သူ့အိမ်ကိုရောက်အောင် ဖေဖေတို့ ဓာတ်လှေခါးနဲ့ ဆင်းကြရတယ်လေ။ သူ့ခြံထဲ ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဖေဖေတို့ နိဗ္ဗာန်ဘုံကလေးတစ်ခုကို ရောက်သွားသလိုပါပဲ။ ခြံထဲမှာ ဂေါက်သီးရိုက် လေ့ကျင့်ကွင်း အသေးစားလေး တစ်ကွင်းရှိတယ်။ ဒါ့အပြင် ရေတံခွန်တွေလည်း ရှိရဲ့။ သူ့အိမ်ထဲကို လှည့်လည်ကြည့်ရှုပြီးတဲ့အခါ ဖန်သားဖလားခွက်ကြီးထဲမှာ ထည့်ထားတဲ့ အခွံမာမာနဲ့ အသီးကလေးတွေ (အားလုံးပျော့နေပြီ) တွေ့ရတယ်။ ဒါနဲ့ အဲဒီအသီးကလေးတွေက ဘာလုပ်ဖို့လဲလို့ ဖေဖေကမေးကြည့်တယ်။ အမျိုးသမီးကြီး ရှင်းပြတာက သူဟာ ကင်ဆာရောဂါကြောင့် လျှာနဲ့ လည်ချောင်းကို ခွဲစိတ်ကုသထားရတယ်တဲ့။ အဲဒီလို ခွဲစိတ်ကုသခဲ့ရတဲ့အတွက် သူ့လျှာပေါ်က အရသာခံစားတဲ့ အဖုကလေးတွေမရှိတော့ဘူးတဲ့။ ဒါကြောင့် သူဟာ ဘာကိုမှ အရသာခံလို့ မရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီတဲ့ကွယ်။ အဲဒီအခိုက်အတန့်ကလေးမှာ ဖေဖေဟာ ကောင်းကောင်းစားနိုင် သောက်နိုင်၊ အရသာခံနိုင်တဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ စဉ်းစားကြည့်ကြစမ်း။ ဒီအမျိုးသမီးကြီးဟာ ကျိကျိတက်ချမ်းသာကြွယ်ဝတယ်။ ဒါပေမယ့် သူ့ခမျာ စားသောက်တဲ့အခါ ချိုချဉ်ဖန်ခါး အရသာတွေကို ခံစားလို့မရရှာတော့ဘူးလေ။
ဖေဖေတော့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဖြစ်နိုင်ရန် တစ်ရေးတစ်မော အိပ်ပစ်လိုက်တာပဲ။ ဒါဟာ ဖေဖေ့ခန္ဓာကိုယ်က အနားယူဖို့ အမိန့်ပေးတာကို နာခံလိုက်တာပဲ။ မင်းတို့ ဂရုစိုက်ရမှာက နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝအောင် အိပ်ဖြစ်ဖို့ပဲ။ အဲဒီလို အအိပ်ကို ဂရုစိုက်ရင် မင်းတို့ရဲ့ ကျန်းမာရေးနဲ့ နုပျိုလန်းဆန်းမှုကို ထိန်းထားနိုင်လိမ့်မယ်။ ဖေဖေ့မိတ်ဆွေ တချို့ကပြောကြတယ်။ သူတို့တစ်နေ့ကို နှစ်နာရီကနေ လေးနာရီလောက်ပဲ အိပ်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည် နေတာပဲတဲ့။ ဖေဖေကတော့ သူတို့ပြောတာကို လက်မခံဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ မကြာခင်အတွင်း အနာရောဂါတွေကို မခုခံမကာကွယ်နိုင်တော့ဘဲ အရုပ်ကြိုးပြတ်ဖြစ်သွားကြလိမ့်မယ်။ စက်ယန္တရားတွေတောင် အနားပေးဖို့နဲ့ ကြံ့ခိုင်ရေးလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ သတိရပါ။ အဲဒီလိုမှ မလုပ်ရင် အဲဒီစက်ယန္တရားတွေ ပျက်စီးကုန်မှာပေါ့။ ဆေးရုံတက်တယ်ဆိုတာ ငွေကုန်ကြေးကျ များတဲ့ကိစ္စ။ နောက်ပြီး စောစောစီးစီးသေတယ်ဆိုတာ အလွန်အင်မတန် နှမြောစရာကောင်းတဲ့ကိစ္စ။ ဒီတော့ သင့်တင့်လျောက်ပတ်စွာ အိပ်ဖြစ်အောင် ဂရုစိုက်ပါ။ ဖြစ်နိုင်ရင် ညဥ့်နက်သန်းခေါင်ထိ နေတာမျိုးကို ရှောင်ကြဉ်ပါ။
ဒါကြောင့် အစားအသောက်ကို သင့်တင့်မျှတစွာ စားသောက်ပါ။ ပြီးတော့ အိပ်ရေးဝအောင် အိပ်ပါ။

မင်းတို့ရဲ့ ဘ၀နဲ့ မိသားစုသက်တမ်းကို ဆွဲဆန့်နိုင်ဖို့ သင့်တင့်စွာ၊ ငြိမ်းချမ်းစွာ၊ ချမ်းသာသုခ ပြည့်စုံစွာ စားပါ၊ အိပ်ပါ။

No comments:

Post a Comment

 
Web Statistics