Thursday, June 26, 2008

မသိဘူးလားဆိုရင်တော့သိတာပေါ့


မသိဘူးလားဆိုရင်တော့ သိတာပေါ့
ကံချွန်

“လောကကြီးမှာ အသိဉာဏ်အရှိဆုံးသတ္တ၀ါဟာ ဘာလဲ”
“လူပေါ့ဗျာ ”
“အေး… အဲဒါ ငါတွေးနေတာပဲ။ အသိဉာဏ်ဆိုတာ ရှိနေတာနဲ့ ပြီးသွားပြီလား။ လူမှာရှိနေတဲ့ အသိဉာဏ်နဲ့ အကောင်းအဆိုးခွဲပြီး ရှောင်သင့်တာရှောင်၊ နားသင့်တာနား၊ စားသင့်တာစား၊ လုပ်သင့်တာလုပ်ဖို့ဆိုတဲ့ လိုက်နာမှု မရှိသင့်ဘူးလားကွာ။ အဲသလို လိုက်နာမှုမရှိရင်ကော လူမှာ ရှိပါတယ်ဆိုတဲ့ အသိဉာဏ်က ဘယ်မှာလာပြီး တန်ဖိုးရှိပါဦးမလဲ။ မင်းလည်း တွေးကြည့်စမ်းပါ။ တို့ဟာ ကိုယ့်မှာရှိတဲ့ အသိဉာဏ်ကို သုံးဖြစ်ရဲ့လားလို့။ ငါနိုင်ငံခြားဟာသတိုလေးတစ်ခုကို အမှတ်ရမိတယ်။ ဦးနှောက်တွေကို ရောင်းတဲ့ဆီမှာ ပညာရှင်ဒေါက်တာတွေက ၀ယ်ဖို့လာသတဲ့။ ဈေးအတော်လေးသက်သာတဲ့ ဦးနှောက်ကိုကြည့်ပြီး ဘာလို့ သက်သာတာလဲ။ ဘယ်သူ့ဦးနှောက်လဲဆိုတော့ ရောင်းတဲ့လူက ပြောသတဲ့။ တွေးခေါ်ပညာရှင်ကြီးရဲ့ ဦးနှောက်ပါ။ သူက သူ့ဦးနှောက်ကို နောက်ဆုံးအချိန်ထိ အသုံးပြုသွားတာလေ။ မိုင်ပေါင်းသိန်းချီပြီး မောင်းထားတဲ့ကားများလိုပေါ့။ အတော့်ကို ကျေနေပါပြီ။ ဒါကြောင့် ဈေးပေါတာပါလို့ ဖြေသတဲ့လေ။ ဈေးအတော်ကြီးတဲ့ ဦးနှောက်ကို ဘာလို့ ဈေးကြီးတာလဲ။ ဘယ်သူ့ ဦးနှောက်လဲလို့ မေးတော့ ဒီလူက ဘာမှ စဉ်းစားတာ၊ တွေးတောတာ မရှိဘူး။ သူများခိုင်းသလောက်ပဲ လုပ်တတ်တာ။ သူ့ဦးနှောက်က လုံးဝ အသစ်အတိုင်းပဲ။ ဒါကြောင့် တန်ဖိုးကြီးနေတာလို့ ဖြေသတဲ့။ မင်းတို့ ငါတို့ရော တို့ဦးနှောက်ကို ပက်ကင် မပျက် အသစ်အတိုင်းပဲ ထားကြမလား။ စဉ်းစားကွ”
“ဘယ်က ဘယ်လို ဒီအတွေးစု ခေါင်းထဲရောက်လာရတာလဲ ဦးလေးရှုပ်ရ”
“လူတွေသိပြီး မလိုက်နာတာတွေ များလွန်းလို့ပါကွာ။ သိပ်ကို အံ့သြဖို့ကောင်းတယ်။ အထူးသဖြင့် တို့အမျိုးသားများပေါ့။ ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါသည် ဆိုတဲ့ သတိပေးစာတန်းထိုးထားတဲ့ ဆေးလိပ်ကို ၀ယ်သောက်တယ်ကွာ။ အရက်ကို အလွန်အကျွံ သောက်သုံးပါက အသက်တိုပါမည်။ ကင်ဆာဖြစ်ပါမည်။ အသည်းခြောက်ပါမည်။ ပြောချင်တာတွေပြော။ ချီးယားစ်ဆို အော်ပြီး ဆော်ပလော်တီးနေကြတာ အံ့သြစရာ မကောင်းဘူးလားကွာ။ ဆေးလိပ်ဆိုရင် ဆိုးကျိုးပေးပုံက HIV ပိုးထက်တောင် ကြောက်စရာကောင်းသေးတယ်။ HIV ပိုးက ကိုယ်ဘာမှမလုပ်ရင် ရှောင်ကြဉ်ရင်၊ စောင့်ထိန်းရင် ဘာမှ မဖြစ်နိုင်ဘူး။ ဆေးလိပ်က ကိုယ့်ဘေးလာသောက်တာနဲ့ ကိုယ်ပါ ရောဂါ ဖြစ်ရတာ။ သောက်တဲ့လူနဲ့ အတူတူပဲ။ ပူးတွဲတရားခံပဲ။ ကျန်းမာရေးဒုစရိုက်မှုကို မကျူးလွန်ရဘဲ တရားခံဖြစ်ရတာ။ ရောဂါကို လက်ခံရတော့မှာ။ လူအများစုဝေးမိတဲ့ နေရာတွေမှာ သွားလာလှုပ်ရှား နေရတဲ့ လူတွေအတွက် စဉ်းစားသင့်ပြီပေါ့ကွာ။ ဆေးလိပ်သောက်ရမယ့်နေရာ သတ်မှတ်တာမျိုး၊ ဆေးလိပ် မသောက်ရ ဧရိယာ ချဲ့ထွင်တာမျိုး၊ မင်း ဒေါက်တာ အောင်မြင့် ရေးသွားတဲ့ နမူနာကောင်းပြပါ ဆိုတဲ့ ဆောင်းပါးကို မှတ်မိသလား”
“မှတ်မိပါတယ်”
“ငါက အဲဒီ စကားလုံးကို ဆွဲဆန့်ချင်တာ ကံချွန်ရ။ ပထမဆုံး နမူနာကောင်းပြတဲ့အနေနဲ့ ကျန်းမာရေး ၀န်ထမ်းအားလုံး ဆေးလိပ်ဖြတ်ပြဖို့ပဲ။ ပြီးတော့ ပညာရေးဝန်ထမ်းများ ဆေးလိပ်ဖြတ်ပြဖို့ပဲ။ ရုပ်ရှင်မင်းသား ဆေးလိပ်ဖြတ်တာကို လူသိရှင်ကြားကြေညာပြီး လူငယ်တွေအတွက် ပညာပေး စည်းရုံးတာလိုပဲ ကိုယ့်လက်တစ်ကမ်းက ကိုယ်ယုံကြည်အားထားနေရတဲ့ ပုဂ္ဂိုလ်များလည်း ဆေးလိပ်ဖြတ်ပြဖို့ လိုတယ်ကွ။ တက္ကသိုလ်ကျောင်းတော်သားကြီးများလည်း ဆေးလိပ်ဖြတ်ပြမယ်ဆိုရင် (သောက်နေသူတွေ ဆိုလိုတာပါ) သူ့လက်တစ်ကမ်းက အားကျနေတဲ့ အလယ်တန်း၊ အထက်တန်း ကလေးတွေအတွက် နမူနာကောင်းဖြစ်မှာပါပဲ။ ဆရာလည်းဖြတ်၊ ပညာရေးမှူးလည်းဖြတ်၊ ဆေးကျောင်းသားလည်းဖြတ်၊ ဆရာဝန်လည်းဖြတ်၊ ကွန်ပေါင်ဒါလည်းဖြတ် လုပ်မပြသင့်ဘူးလား။ အိမ်တစ်အိမ်မှာဆိုရင် သေချာပေါက် အိမ်ထောင်ဦးစီးနဲ့ အစ်ကိုကြီး၊ ဦးလေးကြီးများက ဆေးလိပ်သောက်နေရင် ဖြတ်သင့်ပါတယ်။ ငါဟောပြောပွဲတစ်ခုကို သွားနားထောင်တော့ ဆေးလိပ် မီးခိုးမွှန်လို့ ကသိကအောင့်ဖြစ်တာနဲ့ လှည့်ကြည့်လိုက်တော့ အသက် (၇၀)နား နီးနေတဲ့ အဘိုးကြီး တစ်ယောက် သောက်နေတာ ဖြစ်နေတယ်။ ငါကတော့ အဲဒီအိမ်က ကလေးတွေ အတွက်ပဲ ရင်လေးတာပါ။ သူသောက်သလောက် ဘေးကလူတွေ၊ မိသားစုတွေပါ လိုက်သောက်နေသလို ဖြစ်နေတာကို မသိတာလား။ သိလျက်နဲ့ သတိမထားမိတာလားဆိုတာ စဉ်းစားစရာပဲကွ”
“ပြီးတော့ ပြောချင်တာ ရှိသေးတယ်။ ဆေးလိပ်မသောက်ရ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် ရှိသင့်တယ်ကွ။ သီးသန့်နေရာဖြစ်ဖြစ် သတ်မှတ်ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ခွဲခြားထားတာမျိုး ဖြစ်ဖြစ်ပေါ့။ ရှေ့စားပွဲတွေမှာ ဒါမှမဟုတ် နောက်စားပွဲတွေမှာ ဆေးလိပ်မသောက်ရလုပ်ထားရင် သောက်ချင်သူများ ကိုယ့်အချင်းချင်းပဲ ရောဂါဖလှယ်ကြပေါ့။ မသောက်သူများကတော့ မီးခိုးလွတ်ရာ သွားထိုင်လို့ ရတာပေါ့။ စဉ်းစားကြည့်ကွာ။ စားသောက်ဆိုင်မှာ စားသောက်ကုန်ကို ဘယ်လောက်သန့်ရှင်းအောင်လုပ်လုပ် ဆေးလိပ်မီးခိုးတွေကြား ထိုင်စားနေကြရတော့ ကျန်းမာရေးက ကောင်းပါဦးတော့မလား”
“ဖြစ်နိုင်ရင်တော့ ကားမှတ်တိုင်၊ ဈေး၊ ဘူတာရုံ၊ မီးရထားပေါ်၊ သင်္ဘောပေါ်၊ ကားပေါ် ဆေးလိပ်မသောက်ရ လုပ်ထားရင် အများအတွက် အဆင်ပြေမယ်ကွာ။ သောက်နေသူများလည်း မသောက်ရ ကန့်သတ်ဧရိယာကျယ်လာရင် သောက်တဲ့စံချိန် လျော့သွားမယ်ကွာ။ ဒါက မြင်မြင်ထင်ထင် အများနဲ့ ပတ်သက်တာ၊ အားလုံးနဲ့ဆိုင်တာ၊ အားလုံးနီးပါး သိထားကြပြီး မလုပ်ကြ၊ မလိုက်နာကြတဲ့ ကိစ္စတစ်ခု။ ဒါမျိုးတွေ အများကြီးပဲကွ။ ကိုယ့် ကိုယ်ရေးကိုယ်တာအတွက် မလုပ်သင့်မှန်းသိထားပြီး လုပ်နေတာမျိုးတွေဆိုတာ လူတိုင်းနီးပါးမှာ အများကြီးပါပဲကွာ။ ကိုယ့်ကိစ္စဆိုတော့ သူများမသိလို့သာပေါ့။ ဒီတော့ ငါက အသိဉာဏ်ကို လက်တွေ့ အသုံးချကြစေချင်တယ်ကွာ။ ကိုယ့်ဦးနှောက်ကို လုံးဝမသုံးဘဲ သေမှ ဈေးကောင်းရလေမလားဆို ပက်ကင်မဖွင့်ကြရင်တော့ ရင်လည်းလေးတယ်။ သနားလည်း သနားတယ်..”
“သိပြီး မလုပ်တာတွေ နည်းပါးပပျောက်စေချင်လို့…”
ရွှေမန္တလေးဂျာနယ်
၂၃-၈-၂၀၀၄

( ဆရာ ကံချွန် ၏ “သတင်းထောက်ကြီး ဦးလူရှုပ်” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics