Tuesday, July 08, 2008

ဦးလူရှုပ်ရဲ့သတင်းအင်တာနက်


ဦးလူရှုပ်ရဲ့ သတင်းအင်တာနက်
ကံချွန်

“မြန်မာဟာ မြန်မာလိုကောင်းအောင်လုပ်ပြနိုင်စွမ်းရှိရမယ်ကွ။ ကိုယ်ညံ့တာကို ပေါက်တတ်ကရ စကားလုံးသုံး၊၊ ဆင်ခြေပေးပြီး တော်တဲ့လုပ်ရပ်ကိုလည်း လက်မခံနိုင်ဘူးဆိုရင် အဲဒီလောကဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး။ နိုင်ငံတော်က ဘယ်လောက်ပဲ ပံ့ပိုးပံ့ပိုး အင်ဂျင်မကောင်းမှတော့ တွန်းသလောက်ပဲပြေးတဲ့ကားလို ဖြစ်နေမှာပဲ”။

“ဦးလေးရှုပ်”

“မင်းဆီကို ဖောင်းနေတဲ့ဝမ်းထဲက လေတွေ လျှော့ဖို့လာတာ။ ငါပြောစရာရှိတာတွေ ပြောဦးမယ်ကွာ။ ဒီမယ်၊ ခုနောက်ပိုင်း ကိုရီးယားရုပ်ရှင်အကြောင်းက အရေးလုပ်ပြီးပြောစရာ ဖြစ်လာလို့ ကိုရီးယားရုပ်ရှင်နဲ့ ပတ်သက်တာတွေ ငါမှတ်ထားတာ။ အာရှတိုက်သားအနေနဲ့ ဟောလီဝုဒ်ကို စိန်ခေါ်နိုင်တဲ့ ကိုရီးယားရုပ်ရှင် အတွက် ဂုဏ်ယူရမှာပေါ့။ ဒီမယ် ဒါငါ့ရဲ့ အင်တာနက်ပဲ။ လိုချင်တဲ့ သတင်းအချက်အလက် လိုချင်တဲ့ အချိန်ရအောင် မှတ်ထားတာတွေ ဖတ်ကြည့်”။

တစ်ချိန်က ကိုရီးယားတို့သည် အိုင်ဒီယာအတွက် အမေရိကန်တို့ကို အားကိုးခဲ့ရသည်။ သို့သော် ယခုမူ ထိုအခြေအနေသည် ပြောင်းပြန်သဘောမျိုး ဖြစ်လာနေပေပြီ။ ဟောလီဝုဒ်သည် ကိုရီးယားရုပ်ရှင်ကား ဒါဇင်နှင့်ချီ၍ ပြန်လည်ရိုက်ကူးရန် ခွင့်ပြုချက်များ ရယူနေသည်ကို တွေ့မြင်ကြရသည်။
(အင်တာဗျူးဂျာနယ်၊ ၁၂ ရက် မေလ ၂၀၀၄)

ကိုရီးယားရုပ်ရှင်ရာဇ၀င်
၁၉၀၃ ခုနှစ်တွင် ဟောလီဝုဒ် ကမ္ဘာ့ရုပ်ရှင် စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်စတင်သည်။ ၁၉၂၃ ခုနှစ်တွင် ကိုရီးယားရုပ်ရှင် စတင်သည်။
(၁၉၅၅-၁၉၆၉) ကိုရီးယားရုပ်ရှင်။ ထိုနှစ်များကို (ရွှေရုပ်ရှင်ခေတ်)ဟု ခေါ်ကြသည်။ ၁၉၅၄ တွင် ရုပ်ရှင် (၈) ကားမှ ၁၉၅၉ တွင် ရုပ်ရှင်ကား (၁၀၀)ကားအထိ တိုးတက်လာသည်။
၁၉၂၆ ခုနှစ်ကာလ ကိုရီးယားသမ္မတ ပတ်ချုံဟီးခေတ်၌ ရုပ်ရှင်တိုးတက်ရန် ရုပ်ရှင်ဥပဒေသတ်မှတ်ခဲ့သည်။ ရုပ်ရှင်ကုမ္ပဏီတိုင်း တစ်နှစ် (၁၅)ကား ရိုက်ရမည်ဟု ဆိုသည်။
၁၉၈၀ ကျမှ ကိုရီးယားရုပ်ရှင်စတင်တိုးတက်လာသည်။
ယနေ့ဟောလီဝုဒ်ကပါ ကိုရီးယားရုပ်ရှင်ကို ငွေစိုက်ထုတ်ရန် (၂)ကား ငွေထုတ်ပေးခဲ့သည်။ (Kang Je Gay) ရိုက်သော (TAEGUKGI) ကားအတွက် ဒေါ်လာသိန်း ၁၅၀။ ဒါရိုက်တာကြီး (Kang Woo Suk) ရိုက်သော (SILMEDO) ကားအတွက် ဒေါ်လာသိန်း ၁၀၀ ဖြစ်သည်။
ထွန်းလှိုင်
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ မေလ ၂၀၀၄)

“တော်ပြီ၊ ဆက်မဖတ်နဲ့တော့။ ငါ ခုပြောချင်တာက တို့မြန်မာရုပ်ရှင်လောကက တစ်ဦးကပြောတယ်။ ကိုရီးယားကားတွေ လူကြိုက်များတာ စကတ်တိုဝတ်တာ၊ အရက်သောက်တာ၊ အင်္ကျီချက်ပေါ်ဝတ်တာ ရိုက်ပြခွင့်ရလို့ဆိုတဲ့ သဘောမျိုး၊ ကြိုက်နေတဲ့ပရိသတ်ထဲက အသံကိုနားထောင်မိဟန် မတူဘူးကွာ။ ဘယ်သူကမှ စကတ်ကလေးဝတ်တာ ကြိုက်လိုက်တာ၊ ကောင်မလေး အရက်သောက်တာ ကြိုက်လိုက်တာလို့ မပြောပါဘူး။ ဇာတ်လမ်းဇာတ်အိမ် တင်ပြပုံ၊ အချိတ်အဆက်၊ သရုပ်ဆောင်အားလုံး အနုပညာမြောက်နေလို့ ကြိုက်တာကွ။ စကတ်ဝတ်လို့ အောင်မြင်မယ်ထင်ရင် မှားမှာပေါ့။ အမေရိကန် ရုပ်ရှင်က စကတ်ပါမ၀တ်ဘဲ ရိုက်ပြနေတာတွေ အများကြီးပါ။ အဲဒီ ဟောလီးဝုဒ်ကို ဘာလို့ ထိုးဖောက်နိုင် သလဲ။ ကိုရီးယားရုပ်ရှင်မှာ အမေရိကန်ရုပ်ရှင်လို အားရပါးရနမ်းပြတာကို စိမ်ပြေနပြေရိုက်ပြတာ မပါပါဘူး။ ဘယ့်နှယ်ကွာ မြန်မာရုပ်ရှင် နိုင်ငံတကာထိုးဖောက်နိုင်အောင် သူတို့လို အချစ်ခန်းရိုက်ပြလို့ ရမှာလားဆိုတာ အလွန်အောက်တန်းကျတဲ့ အတွေးအခေါ်ပဲ”။

“ဦးလေးရှုပ်၊ ပြောတာတော့ပြောနော်၊ ဒေါသတော့ မပါနဲ့။ တစ်ယောက်တည်း ရန်ဖြစ်နေတာ ကြည့်မကောင်းလို့ပါ”။

“ဖြစ်သင့်ရန် ဖြစ်ရမှာပဲ ငါ့လူ။ လူဆိုတာ သတ္တိရှိရမယ်။ အနုပညာသမားဆိုတာ သတ္တိပိုရှိရမယ်။ အဲဒီ သတ္တိက အမှန်တရားကို လက်ခံရဲတဲ့သတ္တိပဲ။ ညံ့နေတာကို သိပ်ညံ့တာပဲလို့ ပြောရဲသလို၊ ကောင်းနေတာကိုလည်း သိပ်ကောင်းတာပဲလို့ ပြောရဲရမယ်။ ကိုယ့်ထက်သာရင်လည်း “ကျွန်တော်တို့ထက် အများကြီးသာတယ်” ဆိုပြီး အသိအမှတ်ပြုရဲရမယ်။ ကျွန်တော်တို့က အဲဒီလို လုပ်ခွင့်မရလို့ပါဆိုတဲ့ မရေမရာဆင်ခြေမျိုးတော့ မပေးနဲ့။ မြန်မာက ကိုရီးယားလို လုပ်ပြဖို့ မလိုပါဘူး။ ဂျပန်လို သရုပ်ဆောင်ပြဖို့ မလိုပါဘူး။ မြန်မာက မြန်မာလိုပဲ လုပ်ပြရမှာပေါ့။ အကြောင်းအရာ အပြုအမူတွေကို ပြောတာပါ။ ငါ ခုလိုပြောနေတာ မြန်မာရုပ်ရှင်လောကသားများ ကိုယ့်အားနည်းချက်ကို ပထမရှာပြီးမှ တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစားစေချင်လို့ပါကွား။ နိုင်ငံခြားသရုပ်ဆောင်တွေလို လုပ်ပြလို့ရတာတွေ၊ ရိုက်ပြလို့ရတာတွေ အများကြီးပါပဲ။ တို့ မြန်မာရုပ်ရှင်လောကမှာ မကြီးသင့်တဲ့လောဘကြီးနေကြတာ အများကြီးပဲ။ အားလုံးတော့ မဟုတ်ပါဘူး“။

“ဘာတွေများပါလိမ့်”

“မိတ်ကပ်လောဘကြီးတယ်ကွာ။ အမူအရာလောဘကြီးတယ်ကွာ။ ဇာတ်လမ်းဇာတ်အိမ်ကျတော့ လောဘမရှိဘူးကွာ။ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မခိုင်ခိုင် မင်းသားနဲ့ ကျားကန်ဖို့ ကြိုးစားတာ၊ ဇာတ်ညွှန်းအား ပျော့နေလည်း မင်းသမီးနဲ့ အလေးတင်ချင်တာ၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီနေ့ ရုပ်ရှင်လောကသား အတော်များများက “ဖောက်သည်” ထားပြီး အလုပ်လုပ်နေကြတာကွ။ ဒါရိုက်တာက သူအပ်နေကျ ၀တ္ထုရေးသူ၊ ဇာတ်ညွှန်းရေးသူဆီမှာ အပ်မယ်။ ရိုက်နေကျမင်းသား၊ မင်းသမီးနဲ့ ရိုက်မယ်။ ကြည့်နေကျ ပရိသတ်က ကြည့်လိမ့်မယ်ဆိုတာမျိုး။ ဒီအချိန်မှာ မြန်မာရုပ်ရှင်ဆိုတဲ့ စားသောက်ဆိုင်ဘေး ကိုရီးယားဇာတ်လမ်းတွဲကလည်း ဆိုင်လေးလာဖွင့်ရော။ ဖောက်သည်တွေက စားကောင်းတဲ့ဆီ ပြောင်းကုန်ကြတော့တာကွ”။

“ကဲ မကျေနပ်တာတွေ အသာထား။ မြန်မာရုပ်ရှင် တိုးတက်စေချင်တယ်ဆိုရင် ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါဦး”။

“၀ပ်ရှော့လုပ်ကွာ။ စာတမ်းတွေဖတ်ကွာ။ ကိုရီးယားဇာတ်လမ်းတွဲ ဘာကြောင့် လူကြိုက်များရသလဲ။ မြန်မာရုပ်ရှင်ဇာတ်အိမ်ရွှေရတုခေတ်နဲ့ စိန်ရတုခေတ် နှိုင်းယှဉ်ချက်၊ ဇာတ်ညွှန်းရဲ့ အရေးပါမှု၊ ဇာတ်ကွက်ရဲ့ ခွန်အား၊ ခန်းစဉ်အချိတ်အဆက်ဆိုတာ ရုပ်ရှင်ကားရဲ့ ပန္နက်ဆိုတာမျိုးတွေကွာ။ ခုဟာက တို့မြန်မာရုပ်ရှင်က ကွန်ပျူတာ ဘယ်လိုသုံးရမလဲ စိတ်စောနေတာနဲ့ ကျန်တာတွေ အကုန်ဖြစ်သလို လုပ်နေကြတယ် မှတ်ရတာပဲ။

ဒီနေ့အခန်းစဉ်ဆိုတာ ပီပီပြင်ပြင် အပင်ပန်းခံ မလုပ်ကြတော့ဘူး။ ဒီတော့ ဘယ်လိုလုပ်ပြီး အချိတ်အဆက်၊ ဇာတ်ရှိန်အတက်အကျကို ကြိုပြီး တွက်လို့ရတော့မှာလဲ။ ဇာတ်ညွှန်းဆိုတာ အခန်းစဉ်က ကောင်းနေရင် အလိုလို ကြွတက်လာတာပါကွာ။ အခန်းတိုင်းအတွက် ဇာတ်ကွက်တွေကို အကောင်းဆုံး ထည့်ပေးဖို့ကို ထပ်စဉ်းစား။ ကြိုတင်ပြင်ဆင်တာ အသေးစိတ်မကျသမျှ၊ မပီပြင်သမျှ ရိုက်ကူးထုတ်လုပ်တာဟာ “ဖြစ်သလို”ဆိုတဲ့ ခေါင်းစီးအောက် ရောက်မှာပဲ။ ဒါက မြန်မာရုပ်ရှင်ကို ချစ်တဲ့ သတင်းထောက်အိုရဲ့ အမြင်ပေါ့ကွာ။ သူများကောင်းတာကို ဘာလို့ ကောင်းတယ်ဆိုတာသိမှ ကိုယ်ဘယ်လိုကောင်းအောင် လုပ်ရမလဲ။ ကိုယ့်အားနည်းချက်က ဘာတွေလဲဆိုတာ သိမှာပေါ့”။

“ဦးလေးရှုပ် ဒါရိုက်တာလုပ်ပါလား”

“ဒီမှာ ကံချွန်၊ ကြည့်”

ဦးလေးရှုပ်က ပါးစပ်ဟပြပါတယ်ခင်ဗျာ။ အံတွေက တိုနေပါပြီ။

“ငါ့စေတနာတွေကို မစော်ကားပါနဲ့ကွာ။ တိုးတက်စေချင်တာ သက်သက်ပါ”။
(ရွှေမန္တလေး ဂျာနယ်)

(ဆရာကံချွန် ၏ “သတင်းထောက်ကြီး ဦးလူရှုပ်” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics