Wednesday, July 02, 2008

မောင်ကောင်းထိုက်၏ဟာသများ


အပြန်အလှန် ချီးကျူးခြင်း - မောင်ကောင်းထိုက်
ချာလီချာပလင်ရိုက်ကူးသော The gold rush ရုပ်ရှင်ကားကို အိုင်းစတိုင်း အလွန်သဘောကျသည်။ အဓိက ဇာတ်ကောင်၏စရိုက်ကို ပီပီပြင်ပြင်ဖော်ပြနိုင်သည့်အတွက် ဒါရိုက်တာကို အထူးချီးကျူးသည်။ သို့နှင့် ချာလီချာပလင်ထံ စာရေးသည်။
“မိတ်ဆွေရဲ့ The gold rush ဇာတ်ကားကို တစ်ကမ္ဘာလုံး နားလည်သဘောပေါက်ကြတယ်။ မိတ်ဆွေကြီး ထင်ရှားကျော်ကြားမှာ ဧကန်မလွဲဖြစ်ပါတယ်” ဟူ၍ ဖြစ်သည်။
ချာလီချာပလင် စာပြန်ရေးသည်။
“ဆရာကြီးကို ကျွန်တော်ပိုပြီး ချီးကျူးချင်ပါတယ်။ ဆရာကြီးရဲ့ “ရီလေတစ်ဗီတီသီအိုရီ” ကို ဘယ်သူမှ နားမလည်ကြဘူး။ ဒီကြားထဲက ဆရာကြီး ထင်ရှားကျော်ကြားလို့ပဲ ဖြစ်ပါတယ်” ဟူသတည်း။

အခက်ဆုံးအချိန် - မောင်ကောင်းထိုက်
သိပ္ပံကွန်ဖရင့်တစ်ခုတွင် “အိုင်းစတိုင်း” စာတမ်းဖတ်ကြားသည်။ ပြီးသောအခါ ၎င်းကိုဝိုင်းမေးကြသည်။
“ဒီနေ့ပွဲမှာ ဘယ်နေရာ၊ ဘယ်အခိုက်အတန့်မှာဖြင့် အခက်ဆုံးပဲလို့ ဆရာကြီးအနေနဲ့ ခံစားမိပါသလဲ”
“အိုင်းစတိုင်း” အတည်ပေါက်နှင့် ပြန်ဖြေသည်။
“အခမ်းအနားမှူးက ကျုပ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးပြီးတဲ့နောက် အိပ်ပျော်နေတဲ့ ပရိသတ်ကို ပြန်နှိုးရတာ အခက်ဆုံးပဲ”။

အစားရှောင်တဲ့ မတ်တွိမ်း - မောင်ကောင်းထိုက်
တစ်နေ့ မတ်တွိမ်း နေမကောင်းဖြစ်သည်။ ဆရာဝန်က အစားအသောက်ရှောင်ရမည်၊ တစ်နေ့ကို နွားနို့ တစ်ခွက်နှင့် မုန့်ခြောက် နှစ်ခုထက် ပိုမစားရဟု ပြောသည်။
မတ်တွိမ်းက အံ့သြသံဖြင့် ပြန်မေးသည်။
“နည်းလှချည်လား ဒေါက်တာ”
“ခင်ဗျားရောဂါက ဒီထက်ပိုစားရင် အန္တရာယ်ရှိတယ်ဗျ”
“အင်းလေ၊ ဒီလိုဆိုတော့လဲ မတတ်နိုင်ပါဘူး။ ကျွန်တော့်ကို တံဆိပ်ခေါင်း တစ်လုံးသာပေးပါ”
“ဘာလုပ်ဖို့လဲ”
“ညကျရင် စာနည်းနည်းဖတ်မလို့“

တီထွင်သူ့တံခါး - မောင်ကောင်းထိုက်
လျှပ်စစ်မီးအပါအ၀င် တီထွင်မှုပေါင်း တစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့သူ အမေရိကန်ပညာရှင် “အက်ဒီဆင်” ၏ ခြံတံခါးကို အမြဲတမ်း ခက်ခက်ခဲခဲ ဖွင့်ရသဖြင့် မိတ်ဆွေများက ၀ိုင်းပြောကြသည်။
“အမျိုးမျိုး တီထွင်တတ်သူလို့လည်း ပြောသေးတယ်၊ ကိုယ့်ခြံတံခါးကို အလွယ်တကူ ဖွင့်နိုင်အောင် ဘာဖြစ်လို့ မလုပ်တာလဲ”
“အက်ဒီဆင်” ပြန်ပြောသည်။
“ခြံတံခါးကို ကျွန်တော် အကောင်းဆုံးတီထွင်ပြီး လုပ်ထားတာပါဗျ”
“ဘာလဲ… ခင်ဗျား… ကျုပ်တို့ကို နောက်တာလား”
“မနောက်ပါဘူး၊ တံခါးကို အိမ်ကရေစုပ်စက်နဲ့ ဆက်ထားတာဗျ၊ ခင်ဗျားတို့ တံခါးကို တွန်းဖွင့်လိုက်တိုင်း ခေါင်မိုးပေါ်တင်ထားတဲ့ ရေတိုင်ကီဆီကို ရေလီတာသုံးဆယ် တင်ပြီးသား ဖြစ်သွားတယ်လေ”

ဒီအတိုင်းပဲ နေပါရစေ - မောင်ကောင်းထိုက်
ကိုယ့်ဘုရင်အကြောင်း စာအုပ်ရေးပါလားဟု “ဗော်လ်တိုင်းယား” အား ၀ိုင်းဝန်းတိုက်တွန်းကြရာ ၎င်းက ခပ်ဆတ်ဆတ်ပြန်ဖြေသည်။
“ဘယ်တော့မှ မရေးဘူး။ ဘုရင်ပေးတဲ့ ထောက်ပံ့ကြေးကို လက်လွတ်မခံနိုင်ဘူးဗျ”

( မောင်ကောင်းထိုက်-နှီးပဒေါ ၏ “သူတို့လည်း ရယ်စရာပြောတတ်သည်” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics