Wednesday, July 02, 2008

ဖေဖေပေးခဲ့မယ့်အမွေများ-၁၆


ပျော်မွေ့စွာ အလုပ်လုပ်ခြင်း

ဒီကမ္ဘာလောကကြီးမှာ နှစ်သက်ပျော်မွေ့စွာ အလုပ်လုပ်ခြင်းထက် ပိုကောင်းတာ ဘာမှ မရှိဘူး။ တို့တစ်တွေ အနေနဲ့ အလုပ်လုပ်ခြင်းကို လှပတဲ့ အတွေ့အကြုံတစ်ခုအဖြစ် ဖန်တီးလို့ရတယ်။
လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာတုန်းက စင်ကာပူရေကူးကလပ်မှာ အမှုထမ်းနေတဲ့ စားပွဲထိုးမယ်တစ်ဦးဟာ ဘာဖြစ်လို့များ ငိုမဲ့မဲ့ မျက်နှာကြီးနဲ့ ဖြစ်နေပါလိမ့်လို့ ဖေဖေ အံ့သြတကြီးဖြစ်လေ့ရှိခဲ့တယ်။ ဒီသူငယ်မ ပြုံးတာရယ်တာကို ဖေဖေတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အဲဒီနောက် မကြာခင်မှာပဲ စိတ်လှုပ်ရှားစရာ ကောင်းလောက်တဲ့ ပြောင်းလဲမှုတစ်ရပ် ဖြစ်လာတယ်။ သူဟာ အချိုသာဆုံး အပြုံးလေးနဲ့ တည်ခင်း ဧည့်ခံလာတယ်။ အဲဒီလို ကောင်းမွန်ပြီး အပြုသဘောပါတဲ့ ပြောင်းလဲမှုမျိုးဖြစ်လာအောင် တစ်ခုခုတော့ ဖြစ်ပျက်ခဲ့ရမယ်လေ။ နောက်မှ သိရတာက သူဟာ ယဉ်ကျေးဖွယ်ရာ နေထိုင်ဆက်ဆံရေး သင်တန်းတက်ခဲ့ပြီး လာရောက်စားသုံးသူတွေကို ဘယ်လို နှစ်သက်ပျော်မွေ့စွာ ဆက်ဆံဧည့်ခံရမယ် အကြောင်း လေ့လာသင်ယူခဲ့တယ်ဆိုပဲ။ သူပြုံးလိုက်တဲ့အခါ လူတွေကို ပျော်ရွင်ချမ်းမြေ့မှုပေးနိုင်တယ် ဆိုတာကို သူမသိခဲ့ဘူးလေ။ ခုတော့ သူတည်ခင်းဧည့်ခံတဲ့ အစားအစာက ပိုပြီးတော့တောင် အရသာ ရှိလာသဗျာ့။ သူဟာ သူ့အလုပ်ကို တကယ်ပဲ နှစ်သက်ပျော်မွေ့စွာလုပ်လာတယ်။ ပြီးတော့ အလုပ် လုပ်နေရတဲ့ အချိန်တိုင်းကိုလည်း နှစ်သက်မြတ်နိုးလာတယ်။ ဒီတော့ သူ့ကို ကြီးကြပ်ရေးမှူးအဖြစ် နေ့ချင်း ညချင်း ရာထူးတက်ပေးလိုက်တာကို ဘယ်သူမှ အံ့သြတကြီး ဖြစ်မနေတော့ဘူးပေါ့ကွယ်။

အတွေးအတွက် အာဟာရ
တို့များရဲ့ အလုပ်ခွင်ကို လှလှပပပြင်ဆင်လိုက်ရင် ပျော်မွေ့စရာကောင်းတဲ့ နေရာဌာနတစ်ခု ဖြစ်လာနိုင်မလား။ ဆေးရောင်လှလှကလေး သုတ်ထားမလား။ ပန်းမန်တွေနဲ့ မွမ်းမံမလား။

တို့တစ်တွေဟာ ပင်ကိုသဘာဝကိုက သပ်သပ်ရပ်ရပ်နေတတ်သူတွေလား။ ကိုယ်ပိုင်စာကြည့်ခန်းတို့၊ ရုံးခန်းတို့မှာရှိတဲ့ စားပွဲပေါ်မှာ သန့်ရှင်းနေရမယ်။ မလိုအပ်တဲ့ စာရွက်စာတမ်းတွေ မရှိရဘူး။

တို့များရဲ့ လက်ရေးလက်သားကကော။ တို့များရဲ့ လက်ရေးကို လူတွေ အဖတ်ရခက်နေသလား။ အဲဒီလို ဖြစ်နေတယ်ဆိုရင် သေသေသပ်သပ်ရေးဖို့ အားထုတ်ကြိုးပမ်းရတော့မယ်။ မင်းတို့ရဲ့ လက်ရေးလက်သားကို လူတွေ စိတ်ချမ်းချမ်းသာသာနဲ့ ဖတ်ပါစေ။ ခုဆို ဖေဖေလည်း ကိုယ့်လက်ရေးကိုယ် ကောင်းသထက်ကောင်းအောင် ကြိုးစားပြုပြင်နေတယ်။

မင်းတို့ရဲ့ အလုပ်ပတ်ဝန်းကျင်ကော။ မင်းတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ အသက်ဝင်စိုပြည်နေအောင် မင်းတို့က ရှေ့ဆောင်ရှေ့ရွက် ပြုကြရမယ်။ မနက်ပိုင်းဆိုရင် လူတိုင်းကို စတင်နှုတ်ဆက်သူဟာ မင်းတို့ ဖြစ်ပါစေ။ မင်းတို့ရဲ့အသံဟာ ကြင်နာမှုနဲ့ နွေးထွေးနေပါစေ။ ရုံးခန်းထဲမှာ အလင်းရောင်ဖြာဝေအောင် စတင်ထွန်းညှိပေးမယ့် မီးပွားကလေး ဖြစ်နေပါစေ။ တကယ်လို့ အလုပ်တွေပြီးပြတ်အောင် အချိန်ပို လုပ်ရမယ်ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင်လုပ်ပါ။ အဲဒီအတွက် ဆုလာဘ်ကို ခံစားကြရမှာပါ။ အဲဒီ ဆုလာဘ်ကတော့ ပျော်ရွှင်မှုရယ်၊ အများနဲ့ အဆင်ပြေမှုရယ်ပဲပေါ့။ မင်းတို့မှာ မိတ်ဆွေကောင်းတွေနဲ့ ပျော်ရွှင်မှုတွေ အများကြီး ရလာလိမ့်မယ်။

ဘာပဲလုပ်လုပ်၊ ပထမတစ်ခါလုပ်ခဲ့တာထက် ပိုကောင်းအောင် ကြိုးစားလုပ်ပါ။ တို့တစ်တွေအတွက် စိန်ခေါ်မှုတွေ လိုအပ်တယ်လေ။ တို့တစ်တွေရဲ့ အတ္တစိတ်ကို မြှင့်တင်ပေးဖို့လိုအပ်တယ်။ ကိုယ်လက်လှမ်း မီနိုင်တဲ့ မြင့်မြင့်မားမားရည်မှန်းချက်တွေ ချမှတ်ပါ။ မင်းတို့ဟာ ထာဝစဉ်အောင်နိုင်သူတွေ ဖြစ်နေဖို့ လူဖြစ်လာကြတာ။ ရိုကျိုးနှိမ့်ချစွာ နေထိုင်ကျင့်ကြံပြီး ဖြည်းဖြည်းမှန်မှန် ရလာတဲ့ အောင်မြင်ထမြောက်မှု တွေထဲမှာ အံ့မခန်းစရာ ပျော်ရွှင်မှုတွေရှိနေတယ် သားတို့ရေ။

မင်းတို့ရဲ့ အလုပ်ကို နှစ်သက်ပျော်မွေ့စွာလုပ်ပါ။ အရာရာတိုင်း…
မင်းတို့ရဲ့ အတွေးတွေ၊ မင်းတို့ရဲ့ အသံ၊ မင်းတို့ရဲ့ ရုံးခန်း၊ မင်းတို့ရဲ့ မော်တော်ကား၊ မင်းတို့ရဲ့ လက်ရေး၊ မင်းတို့ရဲ့ ပေါင်းသင်းဆက်ဆံရေး…. ကို အလှဆင်ပါ။ ပြီးတော့ အဲဒီလို ပြုမူကျင့်ကြံဖို့ တို့မှာ အချိန်အကန့်အသတ် ရှိနေတယ်ဆိုတာ သိနားလည်ထားပါ။

No comments:

Post a Comment

 
Web Statistics