Tuesday, June 16, 2009

မရိုးနိုင်တဲ့ မြန်မာဘောလုံးအကြောင်း


ကျွန်တော်က ဘောလုံးကန်တာ၊ ဘောလုံးပွဲကြည့်တာကို အင်မတန်မှကို ၀ါသနာပါတယ်ဗျ။ ငယ်ငယ်ကဆိုရင် ဘောလုံးကန်လွန်းလို့ ခဏခဏရခဲ့တဲ့ အမေ့ရဲ့ လက်ရာတွေက ကျောပြင်နဲ့ ခြေသလုံးမှာ အပြည့်ပေါ့ဗျာ။ ဒါပေမယ့်လည်း မမှတ်ပါဘူး။ အချိန်တန်ရင် ပိုးကထလာပြန်ရော။ ညနေရောက်ပြီဆိုတာနဲ့ ဘောလုံးလေးကိုင် သူငယ်ချင်းတွေနဲ့ လမ်းထဲမှာ ကန်တော့တာပါပဲ။ ကန်ပြီးမှပဲ ပေးသမျှအပြစ်ခံတော့တယ်။ အဲဒီလောက်အထိ ၀ါသနာကြီးတဲ့ကောင်ပါ။ ဒါတွေပြောနေရတာက အကြောင်းရှိပါတယ်။ အခု ကျွန်တော်က မြန်မာဘောလုံး အကြောင်းပြောမလို့ဗျ။ တော်ကြာကျမှ ပေါ်ပင်ထပြီး ပြောတယ်၊ ရေးတယ်ဖြစ်နေမှာစိုးလို့ ကြိုတင်ပြီး ပလ္လင်တွေ၊ ကုတင်တွေ ခံထားရတာ။ မနေနိုင်လွန်းလို့သာ ပြောနေ၊ ရေးနေရတယ် ကျွန်တော့်မှာလည်း ခပ်ကြောက်ကြောက်ရယ်ဗျ။ ၀ိုင်းပြီးတော့ သြဘာပေးမယ့် အပေါင်းအသင်းတွေက များမှများကိုး။ ကဲ ဒီလောက် ပလ္လင်ခံပြီးရင် ပြောလို့ရလောက်ပါပြီပါ။ ပြောတော့မယ်နော်။

အများကြီးမပြောတော့ပါဘူး။ နည်းနည်းပဲပြောမယ်။ နိဒါန်းနည်းနည်းပျိုးလိုက်ဦးမယ်။ စိတ်ရှည်ရှည်ထားပြီး ဖတ်ဗျာ။ မြန်မာဘောလုံးလောကကို အပျော်တမ်းအဆင့်ကနေ ၀ိုင်းကနဲ ဒိုင်းကနဲ ချက်ချင်းလက်ငင်းကို နတ်ရေကန်ထဲပစ်ချပြီး ပရော်ဖက်ရှင်နယ် ပြောင်းလိုက်တယ်။ ကောင်းလိုက်တာဗျာ။ သိပ်ကြိုက်တာပေါ့။ စစချင်း ဖြစ်တဲ့အတွက် အခက်အခဲတွေ၊ လိုအပ်ချက်တွေ ရှိမှာပဲဗျ။ အားလုံးက မြေစမ်းခရမ်းပျိုးပြီး ကောင်းမယ်ထင်တာတွေ စမ်းလိုက်၊ ရမ်းလိုက်၊ ပြင်လိုက်၊ ဆင်လိုက်၊ ပြောင်းလိုက်၊ ကောင်းလိုက်နဲ့ လုံးလည် လိုက်နေကြဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် စနစ်ကြီးတစ်ခုကို မြေလှန်ပြီး လုံးလုံးကြီးပြောင်းလဲပစ်လိုက်တာကတော့ တကယ်ကို အသိအမှတ်ပြုရမယ့်လုပ်ရပ်ပါပဲ။ ပထမဆုံး ဘောလုံးလောကနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ အားလုံးကို ချီးကျူးပါတယ်။

ကျွန်တော်လည်း ပရော်ဖက်ရှင်နယ်အဖြစ် ပထမဆုံး ကျင်းပတဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ Myanmar National League Grand Royal 2009 အကြောင်းကို ရေးဖို့ ခပ်ကွင်းပြင်နေလိုက်တာ အတော်တောင် ကြာသွားပေါ့လေ။ အစကတော့ မြန်မာနေရှင်နယ်လိဂ် ဖြစ်ပေါ်လာပုံ သမိုင်းလေးတွေ၊ အသင်းတွေရဲ့ အကြောင်းတွေ၊ အပြောင်းအရွှေ့ကိစ္စတွေ၊ ကစားသမားတွေရဲ့ အနေအထားတွေ၊ ပြိုင်ပွဲကျင်းပပုံတွေ စတာတွေကို ရေးမလို့ပါ။ ဒါပေမယ့် အဲဒါတွေအားလုံးက အခြားလူတွေရေးထားတာ အတော်လေး ပြည့်စုံနေတာ လိုလေသေးမရှိတာ တွေ့ရတဲ့အတွက် မရေးဖြစ်တော့ပါဘူး။ အခြားအကြောင်းအရာတွေ ကြုံမှပဲ ရေးတော့မယ်လေဆိုပြီး စိတ်ထဲမှာ တို့ထားလိုက်ပါတယ်။

တလောကတော့ ရေးစရာပေါ်ပါလေရော။ ရတနာပုံအသင်းက တောင်ပိုင်းမြန်မာအသင်းကို နိုင်ပြီးတဲ့ ပွဲအပြီးမှာပေါ့ဗျာ။ မကွေးအသင်းနဲ့ ရတနာပုံအသင်းက အမှတ်တူဖြစ်သွားပါတယ်။ ဒါပေမယ့် ရတနာပုံကို အုပ်စုပထမဆိုပြီး ထိပ်ဆုံးမှာ ရေးထားတော့ ကျွန်တော်လည်း အတော်ကို ကြောင်သွားပါတယ်။ အတော်လည်း ကသိကအောက်ဖြစ်သွားပါတယ်။ သြော် အဲဒီဇယားကို ကျွန်တော်သွားကြည့်တာက မြန်မာနေရှင်နယ်လိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ ဒီနေရာမှာပါ။ မကွေးနဲ့ ရတနာပုံဟာ ရတဲ့အမှတ်ချင်း တူရုံတင်မဟုတ်ဘဲ ဂိုးကွာခြားချက်မှာပါ သွားပြီးတူနေပြန်ပါရော။ ဒါပေမယ့်လို့ ဘောလုံးစည်းမျဉ်းအရ ဂိုးကွာခြားချက်တူနေပြီဆိုရင် သွင်းဂိုးပိုများတဲ့အသင်းက အသာစီးရတယ်ဆိုတာကို မြန်မာနေရှင်နယ်လိဂ်အင်တာနက်စာမျက်နှာကို ရေးတဲ့ ပုဂ္ဂိုလ်ကျော်တွေက သိပုံမရဘူးဗျ။ ကျွန်တော်လည်း ရေးရရင်ကောင်းနိုးမကောင်းနိုးနဲ့ စဉ်းစားလိုက်တာ နှစ်ရက်လောက်ကြာတော့ အမှတ်ပေးဇယားပြန်ပြောင်းသွားသဗျ။ အဲဒီအခါကျမှ ကျွန်တော်လည်း သက်ပြင်းချနိုင်တော့တယ်။ သြော်သူတို့ကို မှားနေရင် ပြင်ပေးမယ့်လူရှိနေသေးပါလားဆိုပြီး ကျေနပ်သွားသလို နည်းနည်းလည်း ဘ၀င်ကျသွားပါတယ်။

ဟောအခု လာပြန်ပါပြီဗျာ။ အဲဒီနေရှင်နယ်လိဂ်ဝက်ဘ်ဆိုက်ကပဲ ရေးချလိုက်ပြန်ပါပြီ။ ဒီဆောင်းပါးပါ။ သူတို့ ရေးထားတဲ့ ခေါင်းစဉ်ကို ပထမဆုံးပြောပါမယ်။ ဆောက်သမ်းမြန်မာကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရန် သေချာသွားပြီဖြစ်တဲ့ မကွေးအသင်း တဲ့။ သေရောဗျာ။ ရေးသင့်လား၊ မရေးသင့်လား အရင်စဉ်းစားသင့်ပါတယ်။ မကွေးအသင်းက တောင်ပိုင်းမြန်မာအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ နိုင်သွားတယ်။ အဲဒီအတွက် ပွဲစဉ် (၅) ကန်ပြီးတဲ့ အချိန်မှာ ရမှတ် (၁၃)မှတ်နဲ့ လောလောဆယ်အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အများဆုံး ရေးသင့်တာက ဗိုလ်လုပွဲတက်ရန် သေချာသလောက်ဖြစ်သွားတဲ့ မကွေးအသင်း (သို့မဟုတ်) ဗိုလ်လုပွဲရောက်ဖို့ လက်တစ်ကမ်းသာလိုတော့တဲ့ မကွေးအသင်း (သို့မဟုတ်) အခြားအသင်းတွေမှားတာနဲ့ ဗိုလ်လုပွဲရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မကွေးအသင်း စသည်ဖြင့်ပေါ့ဗျာ။ သြော် ဘာကြောင့်မို့ ကျွန်တော်က အဲဒီအရေးအသားကို လက်မခံရသလဲဆိုတာကို ပြောပြပါ့မယ်။

ပထမဆုံးက မြန်မာနေရှင်နယ်လိဂ်ရဲ့ ပြိုင်ပွဲစည်းမျဉ်းပါ။ အသင်းရှစ်သင်းက ပတ်လည်အမှတ်ပေးကန်ပြီး အမှတ်အများဆုံး နှစ်သင်းကို ဗိုလ်လုပွဲ ကစားစေမှာဖြစ်ပါတယ်။ အသင်းတိုင်းဟာ စုစုပေါင်း ပွဲစဉ် (၇)ပွဲ ကစားရပါမယ်။ မကွေးအသင်းဟာ အခုထိ (၅)ပွဲပဲ ကစားရပါသေးတယ်။ လက်ကျန် (၂)ပွဲ ရှိပါသေးတယ်။ အခုလိုအခြေအနေမှာ ဗိုလ်လုပွဲကို သေချာပေါက်တက်ပြီလို့ ဘာကြောင့်ပြောရသလဲဆိုတာကို ကျွန်တော် တကယ်ကို နားမလည်ပါ။ သက်သက်ညှာညှာပြောရရင် အလယ်တန်းအဆင့် သင်္ချာတတ်ရင်တောင် အခုလို မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာကို အောက်မှာ အကျဉ်းရှင်းပြပါ့မယ်။

အခုလက်ရှိအမှတ်ပေးဇယားအရပြောရမယ်ဆိုရင် ဗိုလ်လုပွဲကို တက်နိုင်တဲ့အသင်း (၄)သင်း ရှိပါတယ်။ မကွေး၊ ရတနာပုံ၊ ရန်ကုန် နဲ့ ကမ္ဘောဇ တို့ပါ။ ကျန်တဲ့အသင်း (၄)သင်းကတော့ ဘယ်လိုနည်းနဲ့မှကို ဗိုလ်လုပွဲတက်စရာ အကြောင်းမရှိတော့ပါ။ ဒါက အသင်းတွေရဲ့ လက်ရှိခြေစွမ်းနဲ့ သူတို့ရဲ့ ပွဲကျန်အခြေအနေကိုကြည့်ပြီး သုံးသပ်တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် သင်္ချာနည်းအရ တွက်မယ်ဆိုရင်တော့ ဗိုလ်လုပွဲ တက်နိုင်တဲ့အသင်းက (၇)သင်း ဖြစ်ပါတယ်။ မဖြစ်နိုင်တော့တဲ့အသင်းကတော့ တောင်ပိုင်းမြန်မာအသင်း ဖြစ်ပါတယ်။ သူကတော့ (၅)ပွဲကစားပြီးတဲ့အချိန်မှာ (၃)မှတ်သာ ရရှိထားတဲ့အတွက် ဖြစ်ပါတယ်။ လက်ကျန် (၂)ပွဲစလုံးကို အနိုင်ကစားနိုင်ရင်တောင်မှ သူ့အတွက် ဗိုလ်လုပွဲအခွင့်အလမ်း မရှိတော့ပါဘူး။ ကျန်တဲ့အသင်းတွေကတော့ ပွဲကျန်အားလုံးကို အနိုင်ကစားနိုင်ပြီး ကျန်တဲ့အသင်းတွေ ခြေချော်လက်ချော် ဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။ ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတာကို စာဖတ်သူအားလုံး သိပြီးဖြစ်မယ်ထင်ပါတယ်။ အဲဒီအတွက် (၁၃)မှတ်ရထားတဲ့ မကွေးအသင်းဟာ ဗိုလ်လုပွဲတက်ဖို့ သေချာသွားပြီဆိုတဲ့ အရေးအသားဟာ ဖြစ်သင့်မဖြစ်သင့်ဆိုတာ စာဖတ်သူတို့ကိုယ်တိုင်သာ စဉ်းစားကြစေလိုပါတယ်။

အပေါ်ကဟာတွေက အရေးအသားမှားမှုအပေါ်မှာ ကျွန်တော်ဝေဖန်ထောက်ပြခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဝေဖန်ရသလဲဆိုတာကို ကျွန်တော်ပြောပါ့မယ်။ ဒီလို မှားတဲ့အရေးအသားတွေဟာ ဂျာနယ်တွေမှာဆိုရင်၊ အခြားသော မြန်မာဘောလုံးအင်တာနက်စာမျက်နှာတွေမှာဆိုရင် ကျွန်တော်မပြောဘဲ အသာလေးနေမိမှာ အမှန်ပဲဖြစ်ပါတယ်။ အခုဟာက မြန်မာအမျိုးသားလိဂ် တရားဝင်ဝက်ဘ်ဆိုက် မှာ ရေးထားတဲ့အတွက် ပြောရခြင်းဖြစ်ပါတယ်။ တစ်ခုရှိတာက အဲဒီစာမျက်နှာကို ရေးတဲ့လူတွေဟာ ဘောလုံး စည်းမျဉ်းစည်းကမ်းတွေကိုရော သိရဲ့လားဆိုတဲ့ ကျွန်တော့်ရဲ့ သံသယစိတ်ပါပဲ။ အခြားအသင်းတွေကိုတော့ ဘာစည်းကမ်းတွေသိအောင်လုပ်ထား၊ ဘာတွေမသိလို့မရဘူး စသည်ဖြင့် ပြောနေတဲ့ မြန်မာနေရှင်နယ်လိဂ်က တာဝန်ရှိသူတွေက ကိုယ့်အဖွဲ့ရဲ့ တရားဝင်အင်တာနက်စာမျက်နှာကျတော့မှ သောက်တလွဲတွေရေးနေတာ သင့်တော်လား မသင့်တော်လားဆိုတာကို စဉ်းစားကြစေလိုပါတယ်။

ဥပမာတစ်ခုပေးလိုပါတယ်။ ကျွန်တော်တို့ အင်မတန်ကြိုက်တဲ့ အင်္ဂလန်ပရီးမီးယာလိဂ်အတွက် တရားဝင် ၀က်ဘ်ဆိုက်ဟာ www.premierleague.com ဖြစ်ပါတယ်။ ဘာတွေဘယ်လိုကောင်းတယ်၊ ဘယ်အချက်တွေက ဘယ်လိုရှိတယ်ဆိုတာ မပြောလိုတော့ပါဘူး။ အဲဒီဝက်ဘ်ဆိုက်ကို ကြည့်ဖူးသူတိုင်း သိကြပါတယ်။ သေချာတာကတော့ အဲဒီစာမျက်နှာပေါ်မှာ အခြားဘောလုံးစာမျက်နှာတွေကတင်တဲ့ သတင်းတိုင်းကို မတင်ပါဘူး။ သူတို့ ပရီးမီယားလိဂ်နဲ့ သက်ဆိုင်တဲ့ သတင်းသီးသန့်ကိုသာ တင်ပါတယ်။ အဓိက,ကတော့ သူတို့ တင်တဲ့သတင်းတိုင်းဟာ တိကျပါတယ်။ မသေချာတဲ့ ကောလာဟလတွေ၊ အတင်းအဖျင်းတွေကို မတင်ပါဘူး။ ဆိုချင်တာကတော့ သူတို့ဟာ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အခြားသော ဘောလုံးဝက်ဘ်ဆိုက်များလို သတင်းဖြစ်ပြီးရော၊ လူစိတ်ဝင်စားပြီးရော မလုပ်ဘဲ ကိုယ်ရေးတဲ့သတင်းအတွက် ကိုယ်တာဝန်ယူရဲတဲ့အရာ၊ သေချာတဲ့အကြောင်းအရာကိုသာ ရေးပြီးတင်ပြတယ်ဆိုတာပါပဲ။

မြန်မာအမျိုးသားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကြီးအနေနဲ့ ကိုယ်ရေးမယ့်အကြောင်းအရာကို တင်တော့မယ် ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ၊ အကြံပေးတွေနဲ့ အရင်ဆုံးဆွေးနွေးပါလို့ အကြံပေးချင်ပါတယ်။ တင်တဲ့လူကိုယ်တိုင်က ဘောလုံးအကြောင်းကို ထုံးလိုချေ၊ ရေလိုနှောက်ထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ကိုယ့်လှေကိုယ်ထိုး ကြိုက်သလိုသာထိုးပါလို့ပဲ ပြောချင်ပါတယ်။ အခြားသော ဘောလုံးဝက်ဘ်ဆိုက်တွေမှာ အငြင်းပွားစရာတစ်ခုခုဖြစ်ရင်တောင် လာပြီးမှီငြမ်းပြုရတဲ့၊ ကိုးကားရတဲ့၊ အားထားရတဲ့ အင်တာနက် စာမျက်နှာ တစ်ခုဖြစ်အောင် ကြိုးပမ်းသွားသင့်တယ်လို့ ထင်မြင်မိပါကြောင်း ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ မြို့မေတ္တာကို ခံယူလိုက်ပါတယ်ဗျာ။

သူငယ်ချင်းတစ်ယောက်ကပြောတယ်။ မင်းကလည်းကွာတဲ့ အခုမှအစဆိုတော့ ဒီလိုပဲ လိုအပ်ချက်တွေ ရှိမှာပေါ့တဲ့။ ပရီးမီးယာလိဂ်ဝက်ဘ်ဆိုက်လိုဟာနဲ့တော့ သွားမယှဉ်နဲ့လေကွာတဲ့။ ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်။ အပျော်တမ်းအဆင့်ကနေတောင် ပရော်ဖက်ရှင်နယ်အဆင့်ကို ချက်ချင်းကြီး အောင်မြင်တယ်လို့ပြောနိုင်အောင် ကူးပြောင်းနိုင်သေးတာ၊ ဒီလိုအင်တာနက်စာမျက်နှာ ကိစ္စမျိုးဆိုတာ ထမင်းစားရေသောက်အဆင့်ပါလို့။ ကျွန်တော်တို့ မြန်မာပြည်မှာ အိုင်တီနဲ့ပတ်သက်လို့၊ ၀က်ဘ်ဆိုက်နဲ့ပတ်သက်လို့ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ပညာရှင်တွေမှ ရိုက်သတ်ရင်တောင် မကုန်ပါဘူးကွာ လို့ဆိုတော့ သူကပြုံးပြီးဘာမှ ပြန်မပြောပါဘူး။ တစ်ခုပဲ ပြန်မေးပါတယ်။ မင်းကဘာဖြစ်လို့ အသားလွတ်ကြီး နေမသိထိုင်မသာဖြစ်နေရတာလဲတဲ့။ ပြန်ဖြေရတာပေါ့။ ဟ ငါက မြန်မာဘောလုံးနဲ့ သက်ဆိုင်တာမှန်သမျှ အားလုံး တိုးတက်တာ၊ အောင်မြင်တာကို မြင်ချင်တာကိုး။ အခုဟာက သူတို့တွေ ပေါ့ပေါ့တန်တန်နဲ့ အဖြစ်လုပ်ထားတာကို မကျေနပ်လို့ကွလို့ ဒေါသသံလေးတစ်ဝက်နဲ့ ပြန်အော်လိုက်တာပေါ့ဗျာ။

မြန်မာဘောလုံးလောက အမြန်ဆုံးတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ။
မြန်မာ့ဘောလုံး ရွှေရောင်လွှမ်းသောခေတ်သို့ ပြန်လည်ရောက်ရှိအောင် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသား အားလုံး ၀ိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...............။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ရေးသားသည်။
ည ၉ နာရီ ၃၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics